Monday, September 24, 2007

မိုး ရွာ နေ သည် ...

ကနဦးအစက ... မိုးသည် ... တစ်ပေါက် နှစ်ပေါက် ...

ထို့ နောက် ... တဖျောက်ဖျောက် ...

ထို့ နောက် ... ရွာလိုက်သည်မှာ ... မစဲတော့ ...

ရေမှုန်ရေမွှား ... အစအနလေးများမှသည်...

ရေစက်ရေပေါက်ကြီးများ အဖြစ် အသွင်ကူးပြောင်း ...

ထီးလှလှလေးများ ... မိုးစက်ကြမ်းများကို အံမတုနိုင်တော့ ...

မိုးစက်များ၌ ရေပါ၏ ...

ရေပါတော့ ရေကြီး၏ ...

လမ်းပေါ်က ရေကန်ကြီးထဲတွင် ... ပျက်နေသောကားများ ...

ရုန်းထွက်ရန်ကြိုးစားနေသော ကားများ .....

လမ်းလျှောက်နေသောလူများ ...

ရေခံနေသူများ ...

ဟိုမှ ဒီသို့  မျောပါနေသော ... ရာဘာဖိနပ် ၊ သားရေဖိနပ် ၊ ဒေါက်ဖိနပ်များ ...

ဆော့ကစားနေသော ကလေးငယ်များ ...

သူတို့ အားလုံး မိုးမိနေကြသည် ...

ဟိုဘက်နားက ကလေးတစ်အုပ် ... ကဗျာရွတ်နေကြသည် ...

ဟော ... ဟော ... နားထောင် ကြည့် လိုက် စမ်း...

“ မိုး...မိုး....ဘာလို့ရွာ ...

ဖား ... အော်လို့...ရွာ ...။

ဖား ... ဖား ... ဘာလို့အော် ...

မြွေ ... ကိုက်လို့ ... အော် ...။

မြွေ ... မြွေ ... ဘာလို့ ကိုက် ...

ငါ့ ၀မ်းပူဆာ မနေသာလို့ ... ကိုက် ...။ ”

2 comments:

Sunday, September 23, 2007

သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း ( ဇာတ်သိမ်း)...

“... ကျွန်မ မရွေးချယ် တတ်တော့ဘူး ...၊ ရှင်တို့အားလုံး ပြန်ကြတာပဲ ကောင်းပါတယ်....”

“...ညီမလေး မဆုံးဖြတ်တတ်ရင် အစ်ကို ဆုံးဖြတ်ပါမယ် ... ကောကျင့် ...၊ ယွင်ဖေးရန် ...၊ မင်းတို့လဲ သိုင်းလောကသားတွေပဲ ....၊ ရှည်ရှည်ဝေးဝေး ပြောစရာမလိုဘူး ...၊ ငါတို့ သိုင်းလောကမှာ ... ပြသာနာ တစ်ခု ဖြစ်ရင် ဖြေရှင်းနေကြ အတိုင်း ... ”
အစ်ကိုကျန်က ပြောရင်းဆိုရင်း ဓါးအိမ်ကဓါးကို ... ဆွဲထုတ်လိုက်တယ် ... ။ နေရောင်တွင် လက်ခနဲ ဖြစ်သွားသော ဓါးသွားကို ကြည့်ရင်း ... သူမ ... တားဖို့ ကြိုးစားလိုက်သည် ... ။ သို့သော် ဖေးလေးက သူ့ ရဲ့ ပိုးသိုင်းကို ပြဖို့ ... အသင့်ဖြစ်နေသလို ၊ ကောကျင့်ကလည်း သူတတ်သမျှ သိုင်းပညာဖြင့် ... စတင် ယှဉ်ပြိုင် တော့သည် ... ။
ပြိုင်ပွဲမှာ တဖြည်းဖြည်း ကြမ်းလာ၏ ... ။ ကျန်ကျောင်းက မြေပေါ်မှခွာ၍ အထက်မှ တိုက်ခိုက်သလို ... ယွင်ဖေးရန်ကလည်း... သူ၏ မြင့်မားထွားကျိုင်းသော ခန္ဓာကိုယ်ကို လှပစွာ လှုပ်ရှားကစား၍ ယှဉ်ပြိုင် သည် ... ။ ကောကျင့်မှာလည်း အရှောင်အတိမ်း အသတ်အပုတ်များနှင့် အစွမ်းကုန် ယှဉ်ပြိုင်ထိုးသတ် နေ၏... ။
ပြိုင်ပွဲမှာ ပို၍ ပြင်းထန်လာပြီး ... သုံးယောက်စလုံး ... ဒဏ်ရာကိုယ်စီ ရလာကြ၏ ... ။ သူမ ဘာလုပ် ရမည်နည်း ... ။ သူသေကိုယ်သေ အပြိုင်နွဲနေကြသော ထိုသုံးယောက်ကိုလည်း တား၍မရ ... မည်သူ့ ကိုမှ လဲ အဆုံးမခံနိုင် .....။ ကျွန်မသာ မရှိရင် သူတို့ ဒီလို တိုက်ကြမှာ မဟုတ်ဘူး ... ။
“ ပွင့် ... လာ.....ပြေးကြ....စို့ ....ကျွန်တော်က သူတို့လို ချတဲ့ သိုင်းတော့ မတတ်ဘူး ....၊ ပြေးတဲ့ သိုင်းတော့ တတ်တယ် ....”
ဟုဆိုကာ သူမ၏လက်ကို ... လူတစ်ယောက်က ဆွဲ၍ ပြေးလေသည် ... ။ သူမလည်း ဘာမှ စဉ်းစားမနေ ဘဲ သူ့ နောက်ကို လိုက်ခဲ့မိသည် ... ။ သူမ ဆက်မပြေး နိုင်တော့၍ ...ရပ်လိုက်မိသည် ... လက်ကို ရုန်း၍ ထိုသူကို သေချာကြည့်လိုက်သည် ... ။
“ ဟောတော့် ... ကို မင်းမင်း....”
သူက သူမ ဘယ်လိုငြင်းငြင်း ဇွဲမလျှော့တမ်း အသည်းအသန် လိုက်နေသည့် တက္ကသိုလ်ကျောင်းသားလေး ကိုမင်းမင်း ...။ ထိုသူက သူမကို ခပ်ပြုံးပြုံးကြည့်ပြီး ...
“ ကျွန်တော့်ကို ရွေးချယ်လိုက်ပြီပေါ့နော် ... ” ဟုပြောလေသည် ...။
“...သွား.............မရွေးဘူး....”
သူမ၏ စိတ်တိုစွာ အော်လိုက်သံက ဟိန်းထွက်လာသည်....။ သူမ သတိထားမိတာ ကတော့ ပတ်ဝန်းကျင် ပြောင်းလို့နေသည် ... ။ ဇာခြင်ထောင် ပန်းရောင်နှင့် စောင်အနီလေး .....။
“ ဒါတွေ ဘယ်ကရောက်လာတာလဲ ....” ဟုရေရွတ်၍ ထထိုင်မိသည် ...။ သူမသည်လှပသော အကျီင်္ဖြူလေးနှင့် မဟုတ်ဘဲ ည၀တ်အကျီင်္ မိုးပြာရောင်လေးနှင့် ဖြစ်သည် ... ။ သူမသည် လွင်ထီးခေါင်ပြင် တွင် ရောက်ရှိနေခြင်း မဟုတ်ဘဲ နွေးထွေးသော ... သူမ၏ အိပ်ရာလေးထဲတွင် သာ... ရှိနေခဲ့ သည် ... ။
“....ဟား....ဟား.....ဟား.....” သူမ လွတ်လပ်ပေါ့ပါးစွာ အော်ရယ်လိုက်ပါသည် ... ။ သူငယ်ချင်းများနှင့် ပြောခဲ့သော တရုတ်ကားများကို စိတ်စွဲ၍ သူမ အိပ်မက် မက်ခဲ့သည် ... ။ ရယ်စရာကောင်းလေစွ ...။ တရုတ်မင်းသား သုံးယောက်စလုံးက ... သူမအား ၀ိုင်းကြိုက် ... နေလိုက်ကြ သေးသည် ... ။ သူမအား ... ကျောင်းတွင် အသည်းအသန် လိုက်နေသော ကိုမင်းမင်းပင် ပါလိုက်သေး၍ သူမ၏ အိပ်မက်လေးသည် ပို၍ ဟာသမြောက် သွားပေသည် ... ။
သူမသည် ရှုပ်ပွနေသော ဆံပင်များကို သပ်တင်ရင်း ... ကျေနပ်စွာပြုံးကာ တိုးတိုးလေး ... ရေရွတ်လိုက် ပါသည် ...။
“ ....ဒီအိပ်မက်ကို မိသွယ်တို့ကို ပြန်ပြောရင် .... ငါ့ကို ....မနာလိုဖြစ်ကြမှာ....အတိအကျပဲ....” .....။ ။
----------------------------------------------------
ကျန်ကျောင်း ( ပြည်သူ့ တရားရှင် )
ကောကျင့် ( သိုင်းလောက ဒဏ္ဍာရီ )
ယွင်ဖေးရန် ( ပိုးမင်းသားရဲ့ သိုင်းဝိညဉ်)
ဇာတ်ကားနာမည်များ သေချာ မမှတ်မိတော့ပါ ...။ ဆယ်ကျော်သက်က ဇာတ်လိုက်များလို့  နာမည်ပေးသင့် တယ် ထင်တယ်နော် ... ။ အဲဒီတုန်းကတော့ သိပ်ကြိုက်တာပဲ .... ခုတော့ ... “လီယောင်ဂျေး....ဒါရိုက်တာရင် ... ဂျွန်စော ... ထယ်စောက် ....so many....so many...” တို့နဲ့ အစားထိုးရေးရမယ် ထင်တယ် ... ။ အရီးပန်ရေ ... အကုန်လွှတ်လိုက်ရမှာလား ... ။

4 comments:

Saturday, September 22, 2007

သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း ...(ပ)

လေးမ ရဲ့ ... အပိုင်းအစ (၃) ထဲက ... နောက်ထပ် အတိုအစလေး တစ်ခုကို ... ဆွဲထုတ်လိုက်ပါတယ် ...။ ၂၁.၈.၉၇ ဆိုတဲ့ ရက်စွဲလေးနဲ့ ... out of date ဖြစ်နေတဲ့ post လေးကို ... blog မှာ ... အမှတ်တရ နေရာပေး လိုက်ပါ တယ်... ။
“သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း ...”
သူမသည် လွန်စွာလှပသော ၀တ်စုံဖြူကို ၀တ်ဆင်ထား၏ ... ။ ဆံပင်များကို ကျစ်ဆံမြီးသေးသေး လေးများ ကျစ်ထားပြီး ... အဖြူရောင် ဦးထုပ်ကို ဆောင်းထား၏ ... ။ သို့သော် လှပလွန်းသော သူမနဲ့ မထိုက်တန် လောက်အောင်ပင် ... သူမရောက်ရှိနေသော နေရာက လွင်ထီးခေါင်ပြင် တစ်ခု ... ဖြစ်လို့ နေသည် ... ။
“ မိုး... မိုး....မိုးပွင့်...” ဟု သူမအား ထစ်ငေါ့စွာ ခေါ်လိုက်သည့် အသံသည် သူမ နားယဉ်ပြီး ... အသံဖြစ်၏ ။ အသံရှင်မှာလည်း သူမ မျက်မှန်းတန်းမိသူ တစ်ယောက် ဖြစ်သည် ... ။ သို့သော် မည်သူမှန်းမသိ ... ။ “ငါ....” .... ထိုသူက နှုတ်ခမ်းကို အနည်းငယ်စူ၍ ... စိတ်ကောက် သယောင်ပြုကာ ... ခပ်စောင်းစောင်း အနေအထားဖြင့် မကျေနပ်ဟန်ပြ၏ ... ။ သူ့ ကျော၌ လေးနှင့် မြှားကို လွယ်ထား၏ ... ။ အို... ဒီအသံ ... ဒီဟန် တွေကို သူမ စွဲလန်းခဲ့ရသည်ပဲ .... သူ့ ကို သူမ ကောင်းကောင်း သိတာပေါ့ ... ကောင်းကင်မှာ ပျံနေတဲ့ ငှက်ကို ... ထိအောင် ပစ်နိုင်တဲ့ မြှားဝိဇ္ဇာ တစ်ယောက်လေ ...။
“ ကျင့်ကိုကို ... မဟုတ်လားဟင် ...”
ထိုသူသည် ကလေးတစ်ယောက်လို မြူးပျော်သွားပြီး ... “ မင်း ငါ့ကို ဘာလို့ မေ့နေရတာလဲ ... ” ဟု အပြစ်တင်၏ ... ။ သူမကိုယ်တိုင်လဲ သူမ၏ မှတ်ဥာဏ်ကို ကျိန်ဆဲ လိုက်မိ သည် ... ။
“ ကျင့်ကိုကို ... ဘာလာ လုပ်တာလဲ ...”
“ မင်းကို လာခေါ်တာပေါ့ ... ”
“ မိုးပွင့်ကို ....... ၊ ဘယ်ဖြစ်မလဲ ....၊ ရှင်က မွန်ဂိုဘုရင်ရဲ့ ရွှေဓါးသမက်ပဲ ... ”
“ အာ...... ငါမှ မင်းသမီးကို မချစ်ဘဲ ... ”
“ ဒါဆို ...ရှင်ဘယ်တရားမလဲ ...၊ သူ့ မှာတော့ ရှင့်ကို ချစ်လိုက်ရတာ ....ကျွန်မ မျက်မြင်ပဲ....”
“ မိုးပွင့် ... မင်း...ငါ့ ကိုမုန်းသလား ...”
“မမုန်းပါဘူး ... ရှင့်ကို ဘယ်တော့မှ မုန်းမှာမဟုတ်ဘူး .... ဒါပေမယ့် ...”
“ မမုန်းရင် ဆက်မပြောနဲ့ ....၊ ငါနဲ့ လိုက်ခဲ့ ...” ပြောပြောဆိုဆို သူမလက်ကို ဆွဲ၍ ခေါ်၏ ... ။
“ဟိတ်ကောင် ... ကောကျင့် ... မင်းဘာလုပ်တာလဲ ... ငါအသက်ရှင်နေသရွေ့ ညီမလေးကို မင်းမပိုင်ရဘူး...”
အသံနဲ့ အတူ လျင်မြန်စွာ ရောက်လာတဲ့ အနီရောင် ၀တ်စုံနဲ့ လူကို သူမ သေချာကြည့် လိုက်မိသည် ... ။ ဖြောင့်စင်းသော ဆံပင်ရှည်ရှည်များနှင့် ထိုသူက ... နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့၍ ... သူမတို့အား မျက်မှောင် ကျုံ့ ကာ ကြည့်နေသည် ... ။ တစ်ဖက်လူကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသော ... ရဲရင့်သော...သတ္တိရှိသော ... ထိုသူရဲကောင်းကို သူမ မမှတ်မိဘဲ ... နေပါ့မလား...။
“ အစ်ကို ....”
သူမသည် ပထမလူ၏ လက်ထဲမှ ရုန်းထွက်ရန် ... ကြိုးစား လိုက်သည် ... ။ သို့သော် သူက မလွှတ်... တင်းကျပ်စွာ ဆုပ်ကိုင်ထား၏ ... ။
“ ကျန်ကျောင်း ... မင်း ... ၀င်မရှုပ်နဲ့ ... ”
“ ကောင်းပြီလေ ... ညီမလေး...ဆုံးဖြတ်ပါ ... ”
သူမ မည်သို့ ဆုံးဖြတ်ရမည်နည်း ... ။ မည်သူ့ ကို သူမရွေးချယ် ရမည်နည်း ... ။ တစ်ဖက်မှာကလည်း သူမ အဖြေကို စိုးရိမ်တကြီး နားစွင့်နေတဲ့ သနားစဖွယ် မင်းမှုထမ်း ကျန်ကျောင်း ...၊ တစ်ဖက်ကလည်း ... “.. မင်းက ငါနဲ့ အရင်ဆုံးတွေ့ ခဲ့တာပါ ...” ဆိုတဲ့ လူရိုးကလေး ကောကျင့် ... ။ သူမ မည်သူ့ ကိုရွေးထိုက်ပါ သနည်း ..။
ထိုအချိန်၌ ...
“ မမိုးရယ် ... မင်းရွေးချယ်မယ် ဆိုရင်တော့ ကျွန်တော့်ကိုလည်း... စဉ်းစားသင့်ပါတယ် ... ၊ ကျွန်တော်လည်း ခင်ဗျားရင်ထဲမှာ တစ်နေရာစာ ရခဲ့တာပဲ မဟုတ်လားဗျာ ...”
ဘုရားရေ ... ဖေးလေး ရောက်လာပြန်ပြီ ... ။ ဒီလိုဆိုတော့လဲ ... မသေမသပ် စည်းထားတဲ့ ဆံပင်တွေက ကပိုကရို ၀ဲကျနေတဲ့ အနှိမ်ခံ သိုင်းသမားလေးကို သူမ ဥပေက္ခာမပြုနိုင်ပါ ... ။ သူ့ ခမျာ ၀ူတန် တောင်ပေါ် မှာ ... အားလုံးရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရသည် ... ။ သိုင်းပညာကို သင်ချင်လွန်း၍ အများတကာ အိပ်မောကျ ချိန်မှ သင်ခဲ့ရသည် ... ။ မွေးကတည်းက အမေကိုလည်းမမြင်ဘူး ... အဖေကိုလည်း ခေါ်ခွင့်မရခဲ့သည့် သူ့ ဘ၀ကို သူမ အလွန် သနားမိသည် ... ။
အစ်ကို ကျန် နှင့် ကောကျင့်ကြား ဆုံးဖြတ်ရခက်နေချိန်မှာ ကရုဏာသက်ဖွယ် ထိုလူငယ်လေးက ပါဝင် လာပြန်သည် ... ။ သူမ မဆုံးဖြတ်တတ်တော့ပါ ... ။ တကယ်တော့ သူမ ထို သုံးယောက်လုံးကို ... မပစ် နိုင်ပါ ...။
“ ကျွန်မ မရွေးချယ်တတ်တော့ဘူး ...၊ ရှင်တို့အားလုံး ပြန်ကြတာပဲ ကောင်းပါတယ်....”

လက်ညောင်းသွားပြီ... နောက်နေ့ မှ ဆက်တော့မည် .....။

2 comments:

Friday, September 21, 2007

လမ်းပေါ်က … ကချေသည်…

ကောင်းကင်က…ငို
မိုးတွေက…စို
တကိုယ်လုံးမှာ… ရေတွေရွှဲ
မျက်ရည် … တွဲလဲ …။

အချမ်းရယ် … ပို
လမ်းမှာ … ငို
ပန်းသလို
နွမ်းသလိုနဲ့ …
လှိုက်ဖို ရွှေရင်အသည်း…
မယိုင်လဲအောင်
ထိုင်လှဲ ချင်တယ် …။

အော် … ကျွန်မ
ကချေသည်…
ကချေသည်…
အပူလုံး … ကြွ
ယူကျုံး…မရ
သို့သော်…
လူလုံးလှအောင် …
က ရ ပေ ဦး မယ် …။ ။

4 comments:

Thursday, September 20, 2007

ကျွန်တော် နှင့် စူးစမ်းခြင်း ...

ကျွန်တော်နေရတဲ့ နေရာလေးက ရှုပ်ပွနေတာပဲ ... ။ ဒါပေမယ့် နွေးထွေးလုံခြုံမှုရှိတယ် ... ။ ကျွန်တော်တို့ အမျိုးတွေထက် ကျွန်တော်တို့က ပိုပြီး သားသားနားနား ... နေရတယ် ... ။ အဖေ နဲ့ အမေ ကြိုးစားပမ်းစား ဆောက်ထားတဲ့ အိမ်လေးထဲမှာ ... ကျွန်တော်တို့ ညီအစ်ကို ၃ ယောက် ..မကြောင့်မကြ နေနိုင်ကြတယ် ... ။ အချိန်တန်ရင် အဖေ နဲ့ အမေ ကျွေးတာ စားရုံပဲ ... ။ ညရောက်ရင် အမေ့ရင်ခွင်ထဲမှာ အိပ်ရုံပဲ ... ။ တစ်ခုတော့ရှိတယ်ဗျာ ... ကျွန်တော်တို့ အိမ်လေးနားကို ကောင်မလေး တစ်ယောက် ... မကြာခဏ လာလာ ချောင်းနေတယ် ... ။ သူ့ မှာ ဘာအကြံ ရှိလဲလို့ တွေးပူနေရတယ် ... ။
ကျွန်တော် ... လောကကြီးအကြောင်း သိပ်သိချင်တာပဲ ... ။ အထူးသဖြင့် ... အဖေ နဲ့အမေ ဘယ်ကိုသွားပြီး ဘာတွေလုပ်နေကြလဲ ၊ ကျွန်တော်ရော ဘယ်လိုပုံစံမျိုး နဲ့ ... စွန့် စားနိုင်မလဲဆိုတာ သိပ်သိချင်တယ် ... ။ အစ်ကိုကြီး နဲ့ ညီလေးလဲ ကျွန်တော့်လိုပဲ ... သိချင်ကြတယ်ဗျ ...။ ဒါပေမယ့် သူတို့က ကြောက်တတ် တယ် ... ။ ကျွန်တော်ကတော့ မကြောက်ပါဘူး ... နောက်လဲ ဒီလောကကြီးထဲမှာ ကျင်လည်ရမှာပဲ ... ။ တစ်ခုပဲ ... ကျွန်တော် အရွယ်မရောက်သေးဘူး ... ။
ဒီနေ့ ... အဖေ နဲ့ အမေ အစောကြီးထွက်သွားတယ် ... ။ကျွန်တော် အိမ်အကာ ပေါ်ကို ... ကြိုးစားတက်လိုက် တယ် ... ။ အကာနှုတ်ခမ်းသားပေါ်ကနေ လောကကြီးကို အားပါးတရကြည့်လိုက်တယ် ... ။ ကျွန်တော့် ပတ်ဝန်းကျင်ကို ပထမဆုံး မြင်ရတဲ့ နေ့ပဲ ... ရေတွေ ... ပိုက်လုံးကြီးတွေ ... အဖြူရောင် အခဲ ... အ၀ါရောင်အခဲ တွေ ... တွေ့ ရတယ်ဗျ ...။ နောက်ပြီးတော့ ... “အား.....အမေရေ....” ... ကျွန်တော် အရှိန်လွန်ပြီး ဟိုးအောက်ကို ပြုတ်ကျသွားတာဗျ ... ၊ လေထဲမှာဗျာ ... အေးခနဲပဲ ...။ ကျွန်တော် ရေတွေစိုနေတယ် ... ။ ကျွန်တော် အော်ပြီး အကူအညီတောင်းကြည့်တယ် ... ဘယ်သူမှရောက်မလာဘူး ...။ ခဏကြာတော့ အဖေပြန်လာတယ် ...။ ကျွန်တော့်ကို မမြင်ဘူးဗျာ ... အိမ်ထဲတန်းဝင်သွားတယ် ... ။ အစ်ကိုကြီး နဲ့ ညီလေးတော့ ကောင်းကောင်းစားနေရပြီပေါ့ ... ။ ကျွန်တော်ကတော့ ခေါင်းကိုမော့ပြီး ... အသားကုန် အော် နေရတယ် ... ။ မိန်းမကြီး တစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်သံကို ... ကြားလိုက် ရတယ် ...။ ကျွန်တော့်ကို ရုတ်တရက် တွေ့ လိုက်ရလို့ ... လန့်သွားတာလေ ... ။ သိပ်မကြာခင်မှာပဲ လူကြီးတစ်ယောက် ရောက်လာ တယ်... သိပ်ကြင်နာတဲ့ လူကြီးဗျ ... ။ ကျွန်တော့်ကို အိမ်ပြန်ပို့ ပေးတယ် ... ။
အခုဆိုရင် ... ကျွန်တော် ... နွေးထွေးတဲ့ အမေ့အိမ်လေးထဲမှာ အေးအေးလူလူ ... ပြန်နေနေရပြီ ... ။
ကျွန်တော့် နာမည် လည်း ... မှတ်ထားကြပေါ့ ....။ နာမည်ဆိုပေမယ့်လဲ ... ကျွန်တော့်မှာ ကိုယ်ပိုင်နာမည် ရယ်လို့  သတ်သတ်မှတ်မှတ် မရှိပါဘူး ... ။ အားလုံးက ကျွန်တော်တို့  အမျိုးအနွယ်ကို ... ကိုယ်စားပြုတဲ့ နာမည်တစ်ခုပဲ ပေးထားတယ် ...။ အဲဒီ နာမည်ဟာ ခင်ဗျားတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ ...။ ကျွန်တော့် နာမည်က “စာကလေး” တဲ့ ... ။ ။
နောက်ဆက်တွဲ ။ ။
လေးမ စာအုပ်သေတ္တာရှင်းရင်း အပိုင်းအစ (၃) လို့ နာမည်တပ်ထားတဲ့ ငယ်ငယ်က မှတ်စုစာအုပ်လေးကို တွေ့ တယ် ...။ ငယ်ငယ်က အရူးထပြီး ရေးထားတဲ့ ( ခုလဲ အရူးထပြီး ရေးနေတုန်းပါပဲ ) စာအတိုအစလေးကို အမှတ်တရအဖြစ် ပြန်ကူးလိုက်တာပါ ...။ အဲဒီတုန်းက ဘယ်သူမှ မသိအောင် ဟိုနားဖွက် ဒီနားဖွက်နဲ့ ရေးခဲ့တဲ့ အတိုအစလေးတွေကို ခုတော့ သတ္တိကောင်းစွာနဲ့  online မှာတင်ပါတယ် ...။ ဒီအတိုအစလေးရဲ့ အဆုံးက လေးမရဲ့ လက်မှတ်လေးအောက်မှာ ၉၅ လို့ တွေ့ ပါတယ် ...။ လေးမ ၁၅ နှစ်သမီးတုန်း က ရေးထား တာ ပေါ့ ...။ အဲဒီတုန်းက လေးမတို့ အိမ်..ရေချိုးခန်းထဲမှာ စာမလေးတစ်ကောင်အသိုက် ဆောက် ... စာကလေးတွေပေါက် ... အပျံသင်.. ပျံတတ်သွားတဲ့အထိ အိမ်မှာနေသွားကြတယ် ...။ စာပေါက်စလေးတွေက ခဏခဏပြုတ်ကျလို့  အသိုက်ထဲပြန်တင်ပေးရတာလဲ ခဏခဏပဲ ...။ သူတို့ကို သွားချောင်းရတာလဲ အမော...။ နောက်တော့ သူတို့ မရှိတော့ဘူး ။ သူတို့ကို ...သတိရလို့ ...ဒီပို့ စ်လေးကို ရေးဖြစ်ခဲ့တာ ပါ ...။

8 comments:

Tuesday, September 18, 2007

လှိုင် (သို့ မဟုတ်) စာဆိုရှင် ...

လှိုင်ဟာ အမှောင်ထဲက လာတာပါ ... မောင် ... လရောင် မရှိမှာ ... နေမထွက် မှာကို ...လှိုင် မကြောက်ပါ ဘူး ... ။ လှိုင်ဟာ ငယ်စဉ်ကတည်းက ... မျက်ရည်နဲ့  ကြီးပြင်းခဲ့ရ တာပါ ... မောင် ... ငိုရှိုက်ရမှာ လှိုင် မမောပါဘူး ...။ လှိုင် ဟာ ၁၂ နှစ်သမီးအရွယ် ... “မယ်မယ်” ကွပ်မျက်ခံရ ပြီးကတည်းက ... မျက်စိသူငယ် နားသူငယ်နဲ့  ကျန်ရစ် ခဲ့ရသူမို့  ... အထီးကျန်မှုနဲ့  အားငယ်မှုဆိုတာ ... လှိုင် ရုံထားတဲ့ ခြုံပုဝါ ပါပဲ ... ။ မောင် မချစ်အားလို့  ပစ်ထားရင်လဲ ... အထီးကျန်မှုခြုံပုဝါမှာ အဆင်တန်ဆာပြုလို့ လှိုင် ... ရတုတွေရေးနေမှာပါ ... မောင်...။ မောင့် အပေါ် ငြိုငြင်လို့ ... မဟုတ်ရပါဘူး... ။ “မောင့်” အပေါ် ... ဇနီးမယားကို ပစ်ထားသူကြီး ရယ်လို့  ... နှောင်းလူတွေ အမြင်လွဲစေ တော့လို့လဲ ... ကြံစည်ချက် မထားမိပါဘူး ... ။ ခံစားချက်ကို ပြောမပြ ရက် တဲ့ ... ဇနီးမယားဘ၀မှာ ရတု ... ရကန် ... ပတ်ပျိုး တွေသာ ... လှိုင့်ရဲ့ စိတ်ဖြေရာ ပါ....။ “စိန်ခြူးကြာညောင်...” လို့ အစပျိုးပြီး ... စည်တော် ၃ ချက်ထိုး အထိ ... “မောင့်” ကို မျှော်ခဲ့မိတယ်လို့ ... ရေးခဲ့မိတာ အပြစ်လို့ မထင်ပါနဲ့ မောင်ရယ်...။
လှိုင့်ရဲ့ “မယ်မယ်” အနောက်နန်းမတော် မမြလေးဟာ ... ခမည်းတော် အမျက်သင့်လို့  ကွပ်မျက်ခံ ခဲ့ရတာမို့... ခင်ပွန်းကဇနီးကို သတ်မိန့် ပေးတာ ... လှိုင့်အတွက် မဆန်းလှပါဘူး ... ။ မောင်မျက်လို့  သတ်မယ်ဆိုလဲ ... လှိုင်သေရဲပါတယ် ... မောင်... ။ မောင်က “သတ်စေ” လို့  အမိန့် ပေးမှာကို ... လှိုင်ခံယူနိုင်ပေမယ့် မောင် ကိုယ်တိုင် ... လက်သုံးတော်ဓါးကို ကိုင်မြောက်လို့  “တယ်... ငါးပိုင်း ပိုင်းလိုက်ရ...” လို့ ကြိမ်းမောင်းလိုက်တာ ကိုတော့ ... အသဲကို ဓါးနဲ့ မွန်းသလို ... ဖျတ်ဖျတ်လူးအောင် ကြေကွဲရပါတယ် မောင်... ။ လှိုင် အလွန်ဝမ်း နည်း ရပါတယ် မောင် ... ။ ဘာမဟုတ်တဲ့ ခေါင်းလိမ်းတဲ့ ဆီကို ... အကြောင်းပြုလို့  “မောင့် သမီး” (လှိုင့်သမီး မဟုတ်) က ... ငိုယို တိုင်တန်းတာကို ... မောင်က အမျက်ပွားတဲ့ အတွက်လဲ ... ထိခိုက်ကြေကွဲ ရပါတယ် ...။ သုန်မှုန်နေတဲ့ “မောင့်” နဘေးမှာ ... ပွဲတော်စာ လိုက်နေရတာ ... နာကျင်ဝမ်းနည်း ရလွန်းလို့ ... ရပ်တည် နိုင်စွမ်း မရှိတော့လို့ ... ရိုသေစွာ ကန်တော့ပြီး ... အနားက ခွာခဲ့မိတာပါ ... ။ လှိုင် မှားသွားပါတယ် မောင် ရယ် ... ပွဲတော်တည် လို့မပြီးခင် ... အနားကခွာဖို့ ပြင် မိတာ ... လှိုင် မှားတာပါ...မောင်ရယ် ... လှိုင်မှား ပါတယ် ... ။ ဒါပေမယ့် ... လက်သုံးတော်ဓါးနဲ့  ရွယ်ရလောက်အောင် ... လှိုင့်အပြစ်က ကြီးသလား မောင် ရယ် ... ။
ခေါင်းကနေခြေဖျားအထိ ... အစိမ်းရောင်တွေနဲ့  တန်ဆာဆင်လို့ ... သားလေးကို လက်ဆွဲပြီး နန်းတော်ကိုဝင် လို့  ... မင်းတုန်းမင်း တရားကြီးရဲ့ ရှေ့တော်မှောက်မှာ ... “ ကနောင်မင်းသားကြီးနဲ့  မပေါင်းနိုင်တော့ပါဘူး ဘုရား ... ” လို့ လျှောက်ခဲ့တဲ့ “လှိုင့်”ကို ... လှိုင့်ထက် ၁၃ နှစ်ကြီးတဲ့ “မောင်” က ... ကလေးဆန်လှချည့်ရဲ့လို့  ရေရွတ်ရုံပဲ ... အသိအမှတ်ပြုခဲ့ရော့ သလား ...။ တစ်နှစ်လောက်ကြာမှ ... မောင်မောင်ဘ ... စပ်ပေးတဲ့ “လက်သုံးတော်ဓါးကိုမှ ယောင်မှားကာကိုင်.... သေစေလိုလို့  မဟုတ်ပါဘဲ...” ဆိုတဲ့ ဘောလယ်တစ်ပုဒ်နဲ့  လှိုင့်ကိုချော့လို့  လှိုင်တို့ ... ပြန်ပေါင်း ဖြစ်ခဲ့တာ...။
“မောင်” ဟာ လူရှုပ်လူလေ တစ်ယောက် မဟုတ်တာ ... လှိုင် သိပါတယ် ...။ နိုင်ငံ့အရေး အတွက်နဲ့  အလွန် တာဝန်များတဲ့ သူတစ်ယောက် ဖြစ်တယ်ဆိုတာကိုလဲ ... လှိုင် နားလည်ပါတယ် ... ။ တိုင်းပြည်က “မောင့်”ကို လိုအပ် တယ်ဆိုတာ ... သဘောပေါက်လို့လဲ ... မောင့်အချိန်တွေကို ... လှိုင် ... မတောင်းဆိုတော့ပါဘူး ...။ မောင့် ကို ပါရမီ ဖြည့်ရင်းနဲ့ပဲ ... လှိုင်ကဗျာတွေ ရေးနေခဲ့ ပါတယ်... ။
“မောင်”ကလေ ... တိုင်းပြည်ကို သိပ်တိုးတက်စေချင်တာပဲ ... “အနောက်နိုင်ငံတွေနဲ့  ရင်ဘောင်တန်း နိုင်ရ မယ်” တဲ့ ... “ဒို့ ပြည်မှာ လူတော်တွေ မွေးရမယ် ” တဲ့ ... “ပညာတော်သင်တွေလွှတ်ရမယ် ” တဲ့ ... ။ မောင် က အမျိုးကို သိပ်ချစ်တာပဲ ... ဒါပေမယ့် အမျိုးက မောင့်ကို မချစ်ဘူး .... မောင်....။ မောင့်ကို မုန်းကြတယ် ... တော်တဲ့သူကို မတော်တဲ့သူတွေက မုန်းတယ် ... အရည်အချင်းရှိသူကို အရည်အချင်းမဲ့သူတွေက ရန်ငြိုးဖွဲ့  ကြတယ် ... ။ အဲဒီနေ့က ... “လွှတ်တော်ကိုမသွားပါနဲ့ ... ဆင်ပေါ်အတက်မှာ ခေါင်းရိပ်မမြင်လို့  နိမိတ် မကောင်းလို့ မသွားပါနဲ့ ...” လို့ ... အတန်တန် တောင်းပန်နေတဲ့ကြားက ... ကိုယ့်ကိုယ်ကို ယုံကြည်လွန်းတဲ့ “မောင်” က “လုပ်ကြံနိုင်တဲ့သူ မမွေးသေးဘူး ...” လို့ ရယ်မော ပြောဆိုပြီး ထွက်သွားလိုက်တာ ... လှိုင်တို့ သားအမိဆီ ... မောင် ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး ... ။ အမျိုးကိုချစ်တဲ့ “မောင့်”ကို ... အမျိုးက သတ် လိုက်တာလေ ... ။ ရင်နာလိုက်တာ “မောင်”ရယ် ... “မောင့်” ကို သတ်လိုက်တာ ... မောင် တို့ပြောပြော နေတဲ့ မျက်နှာဖြူတွေ ... တပြည်သားတွေ မဟုတ်ဘူး .... မောင်ချစ်တဲ့ ... မောင် တိုးတက်စေချင်တဲ့ ...မောင် စေတနာ ထားတဲ့ ... မောင့်အမျိုး ... လှိုင့်အမျိုး ... တမြေတည်းနေ တရေတည်းသောက်တဲ့ သွေးချင်းတွေက လုပ်ကြံလိုက် ကြတာ....။ လှိုင် ဘယ်လို နားလည်ရမလဲ ... လှိုင် ဘယ်လိုဖြေရမလဲ ... လှိုင် ဘာများ တတ်နိုင် မလဲ ...။
မောင်ရေ....
“ .....
....
.....
ကြောင်းမခိုင်
မပေါင်းပိုင် အခြေစိုက်တာကြောင့်
နှစ်လောင်းပြိုင်သေကာလိုက်ချင်ရဲ့
သောင်းထိုက်ညာဖွား...”
လှေလှော်ရင်းတက်ကျိုးရတဲ့ ... မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ အတူ ... လှိုင်ထိပ်ခေါင်တင်ရဲ့ ဘ၀ဟာ မှောင်မိုက်ခဲ့ ရပြန်ပါပြီ ... သားတော် ထန်းတပင် မင်းသားလေးဟာ သီပေါနန်းတက်တဲ့ အချိန်မှာ မင်းညီမင်းသားတွေကို ကွပ်မျက်တဲ့ အထဲ ... ပါသွားတယ် ဆိုတာကို ... လှိုင်တစ်ယောက်သိခွင့်ရခဲ့ရင်ဖြင့် .... ။ ။

13 comments:

Saturday, September 15, 2007

မွေးရပ်မြေ ...

အစ်မ ခွန်မြလှိုင် က ရေးဖို့  Tag ထားတာ ကြာလှပြီ ... ။ အစ်မရေးစေချင်တဲ့ပုံစံက မွေးရပ်မြေ (သို့မဟုတ်) နေခဲ့ဖူးတဲ့နေရာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို... ဒေသလမ်းညွှန်အနေနဲ့ ... ရေးစေချင်တာ ...။ အစ်မရေ ... လေးမ သိသလောက် ... ရေးတတ်သလောက်လေး ... ရေးလိုက်တယ်နော် ...။

ရှေးရှေးတုန်းက မွေးရပ်မြေ ...
“လေးမ” ရဲ့ ... ဇာတိချက်ကြွေ မွေးရပ်မြေကို ...တချိန်က “မဟာရန်ကုန်” ...၊ “ရန်ကုန်ရွှေမြို့ တော်ကြီး” ... ဟုခေါ်ပါတယ်...။ ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ... မြန်မာနိုင်ငံ၏ မြို့ တော်ဟု... သတ်မှတ်ခံ ခဲ့ရသော မြို့ ဖြစ်ပါတယ်...။ ရန်ကုန်မြို့ ဟာ ... မြန်မာနိုင်ငံတောင်ပိုင်း...၊ မြစ်ဝကျွန်းပေါ်ဒေသမှာ တည်ရှိတဲ့အတွက် ... အထက်ပိုင်းမှာရှိတဲ့ မြို့ များထက် ရာသီဥတု မျှတ ပါတယ်...။ တတိယမြန်မာနိုင်ငံကို တည်ထောင်တဲ့ ... ဦးအောင်ဇေယျက “ရန်အပေါင်း ကုန်စင်ပြီ” ဆိုတဲ့ အတိတ်နမိတ်နဲ့  ... “ဒဂုံ” ကို “ရန်ကုန်” လို့ အမည်ပြောင်းခဲ့ပါသတဲ့....။ “လေးမ” က ... “ငွေကုန်” လို့ ... အမည်ထပ် ပြောင်းပေးလိုက်ချင်တယ်... ။ ရန်ကုန်မြို့ ကို ... အလောင်းဘုရားလက်ထက်ကစပြီး ... အောက်မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးအချက်အချာ ဗဟို ဌာန အဖြစ် ... သတ်မှတ်ခဲ့ကြတယ်...တဲ့....။ ၁၈၈၅ မှာ မြန်မာနိုင်ငံကို ... ဗြိတိသျှတို့ သိမ်းပိုက်ပြီးတော့ လည်း ...ဒီလိုပဲဆက် သတ်မှတ်ခဲ့ကြတယ် ...။ ရန်ကုန်မြို့ ရဲ့ အတိတ်မှာ ကိုလိုနီစနစ်ရဲ့ ဆိုးမွေတွေ ...၊ ဂျပန် ခေတ်ရဲ့ နာကျည်းဖွယ်ရာတွေ ထင်ဟပ်နေသလို ... လွတ်လပ်ရေးရ အောင် ကြိုးပမ်းပေးခဲ့တဲ့ ... အာဇာနည် တွေရဲ့ အရိပ်တွေကလည်း ... မမေ့နိုင်အောင် လွှမ်းခြုံထားပါတယ်...။ “....ငါတို့ စစ်မြေပြင်ကို ထွက်ရမယ်... ဆင်းရဲမယ်... ငတ်မယ်... အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်....” ဆိုတဲ့ ... ဗိုလ်ချုပ်ရဲ့ အမှာစကားကို ... ဖေဖေက “တော်လှန်ရေးပန်းခြံ” ရှေ့မှာ ... “လေးမ”ကို ... ရွတ်ဆိုပြ ခဲ့တယ် ... ။ ရွှေတိဂုံဘုရားခြေရင်းက “အာဇာနည်ဗိမာန်” ကိုညွှန်ပြပြီး ... အာဇာနည်တွေ လုပ်ကြံခံခဲ့ရတဲ့ ...သွေးစွန်းခဲ့သော ၁၉ ဇူလိုင် အကြောင်း ... ပြောပြခဲ့တယ်...။ ၁၉၀၁ ဒီဇင်ဘာမှာ ဆောက်လုပ်ခဲ့တဲ့ ... တိရစ္ဆာန်ဥယျာဉ် ကြီးထဲမှာ ... တိရစ္ဆာန်လေးတွေကို ... ချစ်တတ်အောင် သင်ယူခဲ့ရတယ် ... ။ “လေးမ” ငယ်ငယ်ကတော့ အကောင်တွေ အစုံပဲ... အများကြီးပဲ ... ။ မှတ်မှတ်ရရ... လူဝံကြီးက ငုံထားတဲ့ရေတွေနဲ့  လှမ်းထွေးလို့  ... လန့် ဖျား ဖျားသွား သေးတယ်...။ ငါးပြတိုက် မှာလဲ ... ငါးလေးတွေ ... လိပ်လေးတွေနဲ့  စကားပြောခဲ့ဖူးတယ်...။ ရွှေတိဂုံဘုရားနဲ့  ပြည်သူလွှတ်တော် ကြားမှာ ...ရှိနေတဲ့... ကျယ်ပြန့် တဲ့ ... ပြည့်သူရင်ပြင်ကြီး အတွက် စီမံကိန်းဆွဲခဲ့တဲ့ သူတွေကို ... ကျေးဇူးတင်စရာ ကောင်းတယ်... ။ အမြင်ပိတ်ဆို့ မှု မရှိတော့ဘူး ...။ ရင်ပြင်သာ မရှိ ခဲ့ရင် ...အဆောက်အဦ အမြင့်ကြီး တွေ ... ရောက်လာပြီး ... အမြင် ရသကို ... ဖျက်ဆီးဦးတော့မှာ....။ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီး ကတော့ ... shopping mall တွေ ... ဘယ်လောက်များများ ... ပန်းပန်လျက်ပါတဲ့ ...။ ကမ္ဘာလှည့်ခရီးသည်တွေကလည်း မြန်မာပြည်ရောက်ရင် ... ဗိုလ်ချုပ်ဈေးကိုတော့ ... ရောက်အောင်ဝင်ကြ တယ် ... ။ စက်လှေကားတွေ ... ဓါတ်လှေကားတွေ ... တပ်ဆင် ထားတဲ့ ... သူတို့ဆီက ... အဆင့်မြင့် ကုန်တိုက်ကြီးတွေနဲ့ မတူဘဲ ... မြေပြင်ညီမှာ ရုံတွေခွဲပြီး ဆောက်လုပ် ထားတဲ့ ... ဗိုလ်ချုပ်ဈေးထဲမှာ ... လှည့်ပတ် ဈေးဝယ်ရတာ ... အရသာ အသစ် ... ဖြစ်တယ် ထင်ပါရဲ့ ...။ ရန်ကုန်မှာ ...တန်ခိုးကြီးစေတီပုထိုး တွေကတော့ အများကြီးပဲ ... ။ “လေးမ” ... မြန်မာပြည်က မခွာနိုင်ရတဲ့ အကြောင်းတွေ ထဲမှာ ... “ရွှေတိဂုံ” ဘုရားကို ... ရင်ပြင်တော်ပေါ်က ထိုင်ပြီးဖူးရတဲ့ ပီတိကို ... အဆုံးရှုံးမခံနိုင် တာလည်း ... တစ်ခုအပါအ၀င် ပါပဲ ... ။ ရန်ကုန်မြို့ မှာ လေ့လာစရာ ... လည်ပတ်စရာတွေ ...အများကြီးကျန်သေးပေမယ့် ... “လေးမ” ... ဒီလောက်ပဲ ရေးပါရစေ ...။

ဇာတိမြို့ ကလေးနဲ့ ပတ်သက်လို့ ... မှတ်သားထားတာလေးတွေကတော့...

၁၉၀၁ ဒီဇင်ဘာတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် စဆောက် ... ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Hotel ဖွင့် ...၊၁၉၀၃ တွင် ရွှေတိဂုံ ဘုရားပေါ် ကျားတက် ...၊၁၉၀၅ ဒီဇင်ဘာ တွင် Rangoon ( Yangon) Electric Tramway and Supply Co. အိမ်မီးထွန်းရန်နှင့် ဓါတ်ရထားအတွက် လျှပ်စစ်ဓါတ်အား စပေး ...၊ ရန်ကုန်သို့  မော်တော်ကားများ စတင်ရောက်ရှိ...၊ ရန်ကုန် တရားလွှတ်တော်ရုံးချုပ် စဆောက် ... ၊ ၁၉၀၇ ဒီဇင်ဘာ ၁၉ တွင် ရန်ကုန်မြို့ လမ်းများ၌ ရေနံဆီမီးတိုင်များအစား လျှပ်စစ်မီးများစထွန်း... ဒီလမှာပဲ ရန်ကုန်မြို့  မြေအောက် တယ်လီဖုန်းကြိုးများစတင်တပ်ဆင်...၊

ဖော်ပြပါအချက်အလက်များကို ရွက်နုဝေမဂ္ဂဇင်းတွင် ဦးမြဟန်ရေးသားသော “မြန်မာပြည်ဒိုင်ယာရီ” မှကူးယူထားပါသည် ....။

၂၀၀ရ ခုနှစ် ... မွေးရပ်မြေ ...
????????
??????????
???????????????
နောင်နှစ်ပေါင်း ( ??? ) ကြာလေသောအခါ ...မွေးရပ်မြေ ...
????????
??????????
???????????????
မွေးရပ်မြေအကြောင်း မျှဝေစေချင်တဲ့သူတွေကတော့...

13 comments:

Friday, September 14, 2007

Wooden Architecture Forum- Japan-Myanmar

29 September 2007 ( Saturday)
2:00 pm
Myanmar Engineering Society (MES) building , Hlaing Campus , Yangon .

Papers

  • Wooden Architecture in Myanmar ( Sun Oo - Senior Registered Architect , AMA)
  • Conservation of Timber Buildings in Myanmar ( Khin Maung Maung - CEC , MES)
  • Comparative Structural Analysis of Traditional & Modern Timber Roofs ( Saw Htwe Zaw - Structure Engineer , MES )
  • Role of Timber in Recent Building Projects ( Chaw Kalayar - Architect , AMA )

Organized by Myanmar Engineering Society (MES) & Association of Myanmar Architects ( AMA )

CPD points will be given to the participating registered architects.

0 comments:

Wednesday, September 12, 2007

ဆောင်းအိပ်မက် ...

ပျောက်နေတဲ့ ... ပေါက်ပေါက်ဆုပ် ကလေးက ... ဒီလို လေး Tag ထားကြောင်း ..လာအော်သွားတော့ ဆောင်းကို ခြေရာခံလိုက်မိတယ်...။ နှင်းပွင့်လေးတွေမရှိလို့  ... နေခြည်တန်းလေးတွေနောက်ကို ... နောက်ယောင် ခံလိုက် တော့ ... သူတို့ လာဖို့  ... နေရာဖယ်ပေးလိုက်ရတဲ့ “ဆောင်း” ကိုတွေ့ လိုက်ရတယ်...။ “ဆောင်း” က ပြောတယ်...သူသိပ်ချမ်းနေတယ်တဲ့ ... ။

နှင်းတွေဝေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ နှင်းပွင့်လေးတွေလို မဖွေးတဲ့ ... “လေးမ”ဆိုတဲ့ မိန်းကလေး...လူ့ လောကကြီးထဲကို ရောက်ခဲ့တယ်...။ ဆောင်းအိပ်မက်တွေ ( ဂယောက် ဂယက် အိပ်မက်တွေ ) ... မက်ဖို့  လောကကြီး ထဲကို သတ္တိရှိရှိနဲ့ တိုးဝင်လာခဲ့တယ်...။

ဒီဇင်ဘာအိပ်မက်...
ရန်ကုန်ဆောင်းကို အနွေးထည်ပါးပါးနဲ့  ရင်ဆိုင်ခဲ့လို့  မန္တလေးဆောင်းကို အနွေးထည်ထူမပါပဲ တိုက်ပွဲဝင်လိုက်ရတယ်... အမေ (သို့ မဟုတ်) “ငွေ” အမြန်လာပါ...လို့  သံချောင်းခေါက် လိုက်ရတယ်...။ မေမေ ၀ယ်ပေးတဲ့ ပြင်ဦးလွင်က ဆွယ်တာရောင်စုံ သိုးမွှေးဦးထုပ်နဲ့  ရှိုးပေးချင်ပေမယ့် အသားပတ်တော့ ခေါင်းငုံ့ ထားရတယ်...။ “ဆောင်း”တွင်းမှာ စောင်ထဲကမထွက်ချင်တဲ့ ရောဂါက အတော်ဆိုးတယ် ...။ အတန်းလဲ မတက်ချင်ဘူး ... စောင်ထဲမှာပဲနေချင်တယ်....။ အားတင်းပြီးအပြင်ထွက် လိုက်တော့လဲ .. နွေးသွား တာပဲ...။ နေက ပြင်း လှသည်လေ ...။
မှတ်မှတ်ရရ ၁၉၉၉ ဒီဇင်ဘာ ၂၅ ရက်က... သိပ်အေးတဲ့ ဆောင်းပဲ ... ပိတ်ရက်ဆိုတော့ ... ရတနာပုံ မှာ တိုက်ကား သွားမောင်းဖို့  ... သူငယ်ချင်း ၃ ယောက် ... ဆိုင်ကယ်တစ်စီးနဲ့ ထွက်ခဲ့တယ်... ။ ထွက်ကတည်း က “မိ” နဲ့  ကတောက်ကဆ ဖြစ်ပြီး ... စိတ်က သိပ်မကြည်ဘူး ... ။ ပုသိမ်ကြီး အကျော်လောက် ရောက်တော့ ဆိုင်ကယ် ၂ စီးဘေးက လိုက်လာပြီ....။ ဆိုင်ကယ်တစ်စီးကို ကောင်မလေး ၃ ယောက်စီးတော့ အစ ခံရပြီပေါ့... ။ စရင်းစရင်း ခေါင်းစည်းအပြာလေး ... စီးထားတဲ့ “လေးမ” ကို “အလယ်ကအဒေါ်ကြီးက ဘယ်တုန်းက ခေါင်းပေါက် တာတုန်း...” လို့ လဲ ဆိုရော ... လက်ထဲက ... စားလက်စ “ဆမူဆာ” နဲ့  လှမ်းပေါက် လိုက်တယ် ... ။ အဲဒါအကြီးအကျယ်မှားတာပဲ ... ဘော်ဒါတွေဖြစ်သွားကြရော ... ဘယ်လို ဖြစ်သွားတာလဲ...သိချင်လား... ပြောပြဘူး ....။ ဒီလိုနဲ့  အစ်ကိုသူငယ်ချင်း ၄ ယောက်ရခဲ့တယ်...။ မန်းလေးမှာ ကျောင်းတက် ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ... ယောက်ျားလေးသူငယ်ချင်းဆိုလို့ .... ဒီ ၄ ယောက်ပဲ .... ဒါအကုန်ပဲ ....။ “တာရာပွကြီး” ဖတ်ပြီး “တခွိခွိ”ရယ်တတ်တဲ့အရွယ်မှာ . “နှလုံးသား အာဟာရ ” နဲ့ “ကုတ်အကျီင်္(ဘာသာပြန်)” ကို သူတို့က ... လက်ဆောင်ပေးခဲ့တယ်... ။ သူတို့ ပြောပြတဲ့ အကြောင်းအရာတွေထဲမှာ ... “နေတိုးအဖွဲ့ ” ဆိုတာလဲပါတယ် ... ။ သူတို့က ပြောတယ်.... “ ညည်းတို့ က.... ဒို့ ညီလေးတွေ လိုပဲ ” တဲ့ ....။ နောက်တစ်နှစ် ဆောင်းရောက်တော့ ... “ ညည်းတို့  အဆောင်ရှေ့ ဂစ်တာလာ တီးမယ်...” ဆိုပြီး ... ညဘက်ကြီး ... ဆိုင်ကယ် တတီတီ နဲ့ ရောက်လာတယ် ... “ ၀ို့ ...ဒီဇင်ဘာ....” ဆိုတဲ့ သီချင်းနဲ့  ဆောင်းညကိုကြိုဆိုခဲ့ကြတယ်....။ “လေးမ” တို့ ၃ ယောက်ကတော့ ... ၀ရန်တာမှာ မီးပိတ်ပြီး ... ဖျာလေးခင်း စောင်လေးခြုံလို့  ... ငုတ်တုတ်လေးထိုင်ပြီး အားပေးခဲ့ကြတယ် ... မိုးလုံးမှိုင်း. .. ရွှေတောင် ပံ. ... ဟန်နီ...စတဲ့ သီချင်းကောင်းလေး တွေကို ... ဂစ်တာသံ သန့် သန့် နဲ့  ... သံပြိုင်အော်သွားကြတာ ..ဒီနေ့ အထိ မှတ်မိ နေတုန်းပဲ ...။ ဒါက မက်ခဲ့ဖူးတဲ့ ဆောင်းတွင်း အိပ်မက်တစ်ခုပဲ ....။

တန်ဆောင်တိုင်အိပ်မက်
အဲဒီနေ့ က လပြည့်နေ့ မရောက်ခင်တစ်ရက်အလို ...။ မီးရှူးမီးပန်းတွေ အမျိုးမျိုးကို တပွေ့ တပိုက်ကြီးပိုက်ပြီး “သူ” ရောက်လာတယ်.... မီပန်းတွေအတူတူလွှတ်ကြတယ် ... မီးကျည်တွေက ရင်ထဲမှာလဲ ... အပြင်က မီးပန်းတွေနဲ့  ... အပြိုင်အဆိုင်ပဲ ...။ မီးပုံးပျံလေးကို မီးတိုက်ကြတယ်... မှိုင်းဝအောင်စောင့်ရင်း မီးပုံးပျံကို ... ကိုင်ထားတဲ့ လက်ဖျားတွေက ... တဆတ်ဆတ်တုန် နေခဲ့တယ် ...။ တအိအိတက်သွားတဲ့ ... မီးပုံးပျံလေးနဲ့ အတူတူ... လူကလဲ မိုးပေါ်မှာ မြှောက်နေသလိုပဲ ... ။ စိတ်နဲ့ လူနဲ့ မကပ်ပေမယ့် ... ခဏခဏပြုံးပြမိတယ် ... မကြာမကြာဆုံတဲ့ မျက်လုံးတစ်စုံကို ရှောင်လွဲရင်းနဲ့  ခိုးကြည့်မိတယ်....။ အဲဒီလို သိပ်ကို သိမ်မွေ့ ကဗျာဆန် နေတဲ့ အချိန်မှာ ... ရင်ခုန်စရာ မကောင်းလိုက်ပုံက... အဖျက်သမား “မိ” က ... ပြောင်စပ်စပ်မျက်နှာနဲ့  ... ဘေးမှာ ရှိနေတယ်....။ အဲဒီလိုညမျိုးတွေသာ ... ပြန်ရခဲ့မယ်ဆိုရင် ...“မိ”ရေ... ငါ့အိပ်မက်ထဲမှာ နင်လဲပါလို့ရ ပါသေးတယ်...။

ဆောင်းတွင်းအိပ်မက်တွေကနေ ... လန့် နိုးလာတော့ ... ဆောင်းကုန်သွားပြီ ...။ နောက်နှစ် ဆောင်းတွေ ရောက်တိုင်း ... ဆောင်းအိပ်မက်တွေ ကတော့ မက်နေရဦးမှာပဲ ... ။ ။

ဆောင်းကိုဆက်ချမ်းသင့်တဲ့ သူများကတော့ ...
၁။ ကိုရန်အောင်
၂။ ကိုဘုရင့်နောင်
၃။ ကိုမျှားပြာ
အားတဲ့အချိန် ... ရေးချင်စိတ်ရှိတဲ့အချိန် ...ရေးပေးပါရှင် ...။

14 comments:

Sunday, September 09, 2007

လေလွင့်ခရီးသည်ရဲ့ အပြာရောင်ကျောပိုးအိတ် …

ကျွန်တော်ဟာ ... အပြာရောင်… ဂျင်း ကျောပိုးအိတ်တစ်လုံးပါ… ။
အဲဒီတုန်းကပေါ့ဗျာ… ကျောပိုးအိတ်တွေ ... ဒီဇိုင်းအမျိုးမျိုှး ... အမျိုးအစားအမျိုးမျိုး ရှိတဲ့ဆိုင်မှာ ... ကောင်လေးက ... ကျွန်တော့်ကို ... ရွေးချယ်လိုက်တယ် ... ။ ကောင်လေးက ခရီးထွက်မလို့ တဲ့ဗျ ...။ သူ့ လိုပဲ အကြမ်းခံတဲ့ ကျွန်တော့်ကို ... ရွေးချယ်လိုက်တယ် …။




အဝေးကလမ်းဟောင်းလေးကို ငါဟာနှုတ်ဆက် … အမေ့ရဲ့မျက်ရည်စက်တွေ ငါဟာနှုတ်ဆက်….
အဲဒီနေ့ ကပေါ့ဗျာ… အပေအတေကောင်လေးက ... အပေအတေခံတဲ့ ဂျင်းပန်ကို ... ၀တ်ထားတယ် ... ။
“ဖေ နဲ့  မေ” ကို ကန်တော့ပြီး ... ကျွန်တော့်ကို ပုခုံးပေါ်လွယ်လိုက်တယ် ...။ သူ့ အမေရဲ့ ရင်ခွင်ထဲကို ခေါင်းတ ချက် ဝှေ့လိုက်ပြီး ... “ကျန်းမာရေးဂရုစိုက်နော် အမေ” လို့  ... တိုးတိုးလေး ရေရွတ်လိုက်တယ် ... ။သူ့ အမေရဲ့ မျက်ရည်စက်တွေကို တစ်ချက်ငေးပြီး ... ကောင်လေး ... တွေခနဲ ... ဖြစ်သွားတယ် ... ။ ဒါပေမယ့် “ငါ သွားရ မယ် ... သွားမှဖြစ်မယ် ... ငါမသိသေးတာတွေကို ရှာဖွေဖို့ အတွက် ... ငါ...သွားကို သွားရမယ်... ” လို့  ကိုယ့်ကိုယ်ကို ... အားတင်းပြီး ... အမေ့ရဲ့ မျက်ရည်တွေကို ..နှုတ်ဆက်လိုက်တယ် ..ကျောခိုင်းလိုက်တယ် ...။ ခပ်လှမ်းလှမ်းရောက် တဲ့အခါ .... ကောင်လေးက ... သူလျှောက်ခဲ့ဖူးတဲ့ ... ပြေးဆော့ခဲ့ဖူးတဲ့ ...ချန်ထားရစ်ခဲ့ တဲ့ ... မြေနီလမ်းလေးကို နှုတ်ဆက်တဲ့အနေနဲ့  ... ပြန်လှည့်ကြည့် လိုက်တယ် ... ။ မျက်ရည်တွေဝေ့နေတဲ့ ... ကောင်လေးရဲ့ မျက်ဝန်းတွေကို ... ကျွန်တော် မြင်လိုက်ရတယ် ...။
သွားရတော့မယ်….
အ၀တ်အစား သုံးလေးစုံ ... ၊ မရှိမဖြစ် အသုံးအဆောင်လေး တချို့ နဲ့ ... မိသားစုဓါတ်ပုံလေးတစ်ပုံ... ရည်းစား မဟောင်း တဟောင်း လေးရဲ့ ... ဓါတ်ပုံလေးညှပ်ထားတဲ့ ... ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကို ... သယ်ပိုး ပေး ထားတဲ့ ကျွန်တော့်ရဲ့လက်ကို ... တင်းတင်းဆုပ်ကိုင်ပြီး ... ခြေလှမ်းကျဲကြီးတွေနဲ့ ... ကောင်လေး ခရီးဆက်ခဲ့ ပါတယ် ..။

အဆုံးမဲ့မိုးသားထဲကို ..... ငါပျံသန်းခဲ့….
ကောင်လေးမှာ ... ခရီးစဉ်မရှိဘူး... ခရီးဆုံးမရှိဘူး ... လမ်းညွှန်မရှိဘူး ... အဆုံးမရှိတဲ့ ကောင်းကင်ကြီးထဲမှာ ပျံသန်းနေတဲ့ ငှက်တစ်ကောင် လိုပဲ ... ကောင်လေးလဲ ပျံသန်းနေတယ် ...။ လောကကြီးအကြောင်းကို သိဖို့  ...နေရာစုံကို... ရွက်လွှင့်ခဲ့တယ် ... ထောင့်ပေါင်းစုံက လေ့လာခဲ့တယ် ... ။ ကောင်လေးရဲ့ သိလိုမှုတွေ က အဆုံးမသတ် နိုင်ဘူး ...။ စူးစမ်းမှုတွေက အားရတယ် မရှိဘူး ...။ ကျွန်တော်လဲ ကောင်လေးနဲ့ အတူ သင်ယူခဲ့တယ် ...။
ဘယ်ကိုသွားရဦးမှာလဲ .... ဘယ်မှာ အဆုံးသတ်မှာလဲ...
တနေရာကထွက်ခဲ့ရင် ... ကောင်လေးဘယ်ကို ခရီးဆက်ဦးမလဲ... ဘယ်လောက်ကြာမလဲ ... ဘယ်လို အဆုံး သတ်မလဲ .... ကျွန်တော် တိတ်တိတ်လေး စောင့်ကြည့်ရင်း ... ရင်မောနေခဲ့ရတယ် ...။

ရက်စက်တဲ့ လမ်းများ အဝေးမှာ ... ခေါ်သံတွေကြား …. ပြေးထွက်ခဲ့ ငြင်းမရပါလား ...
ကောင်လေးလျှောက်ခဲ့တဲ့... လမ်းတိုင်းက မချောမွေ့ ဘူး ... ။ လမ်းကြမ်းတွေပေါတယ် ... ချိုင့်တွေ ပေါတယ် ... စိန်ခေါ်မှုတွေပေါတယ် ... ရက်စက်မှုတွေစောင့်နေတယ် ... ။ ရှောင်သွားလို့ မရဘူး ... ထွက်ပြေးလို့ မရဘူး ... ငြင်းဆန်ခွင့် မရှိဘူး ... ။ ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့  ရင်ဆိုင်ခဲ့ရတယ် ... ။ အကြိမ်ကြိမ် ပြိုလဲတော့မလိုဖြစ်ခဲ့တယ် ... ။ ဒါပေမယ့် ခုချိန်ထိ ကောင်လေး လဲမကျသေးဘူး ...။

အဖြူရောင် မင်းရဲ့ဘ၀လေး .....
နေခဲ့တော့......
တခါက ... ကောင်လေးရဲ့ ဒိုင်ယာရီ စာအုပ်လေးကို ... ကျွန်တော်မေးကြည့်တယ် ... ။ ကောင်လေးက ချစ်သူလေးကို ဘာလို့ ထားခဲ့တာလဲ ... လို့  … ကောင်လေးကပြောတယ်တဲ့ ... ချစ်သူလေးရဲ့ အဖြူရောင်ဘ၀လေးကို ... သူ့ ကြောင့် မညစ်နွမ်းစေချင်ဘူး ... မရေရာတဲ့ ဘ၀ထဲကို ... ဝေေ၀၀ါးဝါးနဲ့ ဆွဲမခေါ်ချင်ဘူး ... လန်းဆန်း နေတဲ့ အပြုံးလေးတွေကို ..သောကတွေနဲ့ မနွမ်းသွားစေချင်ဘူး တဲ့ ...။ ဒါကြောင့်.. “နေခဲ့တော့” တဲ့ ။

ငါ့အတွက်မေတ္တာတရားတွေရှိဦးမလား....
တခါတလေ ရင်ဆိုင်ရတာတွေက ခါးသီးလွန်းလို့ .... “ငါ့အတွက် ချွေးသိပ်စရာနေရာမှ ရှိသေးရဲ့လား ... ငါ့အတွက် မေတ္တာတရားဆိုတာရနိုင်ပါ့မလား ... ” လို့ ကောင်လေးက ... ညည်းတွားတတ်သေးတယ် ...။

ဒါဟာအဆုံးသတ်ခြင်းတစ်ခုလား .... ဒါဟာအစပြုခြင်းတစ်ခုလား...
ကောင်လေးရဲ့ ကျောပိုးအိတ်လေး ကျွန်တော်ကတော့ ... အခုကောင်လေးရပ်နေတဲ့နေရာဟာ ..ကောင်လေးရဲ့ ခရီးဆုံးသွားတာလား ... နောက်တစ်ခုကို စဖို့ အားယူနေတာလား ... ဘယ်တော့မှ မခန့်မှန်းနိုင်ခဲ့ ဘူး ။ ကောင်လေး ကိုယ်တိုင်လဲ သေချာမသိဘူး ... ။

လေလွင့်ခြင်းလမ်းမများ ….. လေလွင့်ခြင်းလမ်းမများ…..လေလွင့်ခြင်းလမ်းမများ
ဘာပဲဖြစ်ဖြစ် လေလွင့်နေတဲ့ ကောင်လေးရဲ့ .... အရောင်လွင့်နေတဲ့ ကျောပိုးအိတ်တစ်လုံးအဖြစ် .. လေလွင့် နေရတာ ... ကျွန်တော်သိပ်ကျေနပ်ပါတယ် ... ။ ။

5 comments:

Saturday, September 08, 2007

အထူးသတင်း

Virtual world မှ “လေးမ” သည် ယနေ့  မြန်မာစံတော်ချိန် ညအချိန်တွင် ရေးပြီးခဲ့သော...ပဋ္ဋိက္ခရား၏ကျိန်စာ“အပယ်ရတနာ” ၏ ဖွင့်ဟ ၀န်ခံချက်…ကျန်စစ်မင်း၏ မေတ္တာ နှင့် ပတ်သက်၍ “ရှင်းလင်းပွဲ ” ပြုလုပ်မည်ဖြစ်ကြောင်း ... ၊ ပြည်တွင်းပြည်ပမှ bloggers များနှင့် စိတ်ဝင်စားသူများ တက်ရောက်မေးမြန်း ဆွေးနွေးသတင်းယူနိုင်ပါကြောင်း အသိပေးအပ်ပါသည် ... ( အရင်တစ်ခေါက်က တိတ်တိတ်လေး လုပ်သွားလို့ တဲ့..... MBS ရဲ့ တောက်တိုမယ်ရ မန်နေဂျာကြီး က အော်သွားလို့  )....။ ၀ါးတီးမက်သော သူများ ...( ဂျယ်ရီ နှင့် ကို သန့်  .... ) စားချင်တာမှန်သမျှ ..........ကိုယ့်ဟာကိုယ် ယူခဲ့ပါ ...။ မတက်ရောက်နိုင်သူများလဲ comment တွင်မေးချင်တာမေးသွားနိုင်ပါသည် ... ဖြေချင်တာဖြေပါမည် ( အဟီး .... ???????... ) ။ ။
--------------------------------------------------------------------------------
ရှင်းလင်းပွဲ စပြီ….
( ဘယ်က ဘယ်လို ဘာကို ... ရှင်းရမှန်းတောင် မသိဘူး…အဟမ်း…ဟမ်း….နိုင်ငံရှော် စုံထောက်ကြီးကလဲ ချောင်း နေတယ် ဆိုတော့ … အပြောအဆို ဆင်ခြင်မှ …)

ရှင်းလင်းပွဲကို ... စိတ်ဝင်တစား တက်ရောက်လာကြသူများကို ကျေးဇူးတင်ပါသည် …။ ဒီကနေ့ .ရှင်းလင်းပွဲကို “ သမိုင်းဆိုင်ရာ ရှင်းလင်းပွဲ ” လို့ လဲ အမည်တပ်နိုင်ပါတယ်…။ ရေးဖြစ်ခဲ့တဲ့ ပုဂံဇာတ်လမ်းနဲ့  ပတ်သက်ပြီး .. ရှင်းချင်တာပါ …။ ဒီဇာတ်လမ်းကို ရုပ်ပြ …၊ ၀တ္ထု ၊ သမိုင်း မှတ်တမ်းများမှာ ... အတော်များများ ရင်းနှီးပြီးသား ဖြစ်ပါတယ်…။ ဒီဇာတ်လမ်းမှာ ရုပ်ရှင်စကားနဲ့  ပြောရရင် ... အဓိက မင်းသားနဲ့ မင်းသမီး ( ကာယကံရှင် တွေလို့ ပြောချင်တာပါ ) က ... “စောယွန်း” နဲ့  “ရွှေအိမ်သည်” ပါ …။ “လေးမ” ရေးထားတဲ့ ကျန်စစ်မင်း … အပယ်ရတနာ နဲ့  … ပဋိက္ခရား … တို့ ဟာ...ဇာတ်ပို့ နေရာက လူတွေပါ …။ ရုပ်ရှင်မှာ ဇာတ်လမ်းပီပြင်ဖို့  ... ပို့ ပေးရတဲ့ ဇာတ်ရုပ်တွေကလဲ ... အရေးကြီးပါတယ်….။ ရာဇ၀င်မှာ ... မင်း...တွေအများကြီးရှိသလို ... သားတော်သမီးတော်တွေလဲ ... အများကြီးရှိခဲ့ပါတယ် ... ။ မင်းတွေ ... မိဖုရားတွေက ... အကြောင်း အမျိုးမျိုးနဲ့ ... ရာဇ၀င်မှာ နာမည်ထင်ခဲ့ကြပေမယ့် ... သမီးတော်တွေထဲက သမိုင်းမှာ မှတ်မှတ်သားသား ကျန်ရစ်ခဲ့တာ ... ရှားပါတယ် … ။ “ရွှေအိမ်သည်”မင်းသမီးမှာလဲ ... ပဋိက္ခရားမရှိခဲ့ရင် ... ကျန်စစ်မင်းနဲ့  အပယ်ရတနာလို ... ဘ၀အရေးကို ကိုင်တွယ်ဖြေရှင်းသွားတဲ့ ... မိဘတွေသာ မရှိခဲ့ရင် ... ရာဇ၀င်မှာ “ပုဂံနှင်းဆီ” လို့  ... ထင်ရှားကျန်ရစ်ခဲ့ဖို့ ဆိုတာ ... ခက်ပါတယ် ….။ ဒါကြောင့်...ဇာတ်ပို့ တွေ နေရာကနေ “လေးမ” တွေးကြည့် ... ရေးကြည့်တာဖြစ်...ပါတယ် ။ အသေအချာ ထပ်ပြောရရင် ... “လေးမ” ရေးတာ သမိုင်းမဟုတ်ပါဘူးရှင် ... ။ သမိုင်းက ပေးတဲ့အတွေး ... ရာဇ၀င်ထဲမှာ မထားရစ်ခဲ့နိုင်တဲ့ ... အတွေးတွေပါ ။ အဲဒီအတွေးတွေက အဖြူရောင်သက်သက်ပါ ...။ သမိုင်းကို တွန်းလှန်ဖို့  ... သင်ရိုးညွှန်းတန်းတွေကို ဆန့် ကျင်ဖို့ ... လုံးဝမရည်ရွယ်ပါဘူး ။ “လေးမ” တို့ သင်ခဲ့ရတဲ့ ... ကျန်စစ်မင်းကြီးက ... အလွန်တော်…အလွန်မြင့်မြတ် ပါတယ် …တကယ်လဲ တိုင်းပြည်အပေါ်ကျေးဇူးကြီးပြီး ... လေးစားထိုက်ပါတယ် …. လေးလဲ လေးစားပါတယ် ..။ ဒါပေမယ့် ... ကျန်စစ်မင်းကြီး ... ဒီလို လေးစားခံရဖို့  စတေးခဲ့ရတဲ့ ... ဇနီး နဲ့သမီး ကို တွေးကြည့်မိတယ် ... သူတို့ ပျော်ရဲ့လားလို့  …။ ဒါကြောင့် “အပယ်ရတနာ”ကို ... ရေးမိတယ် … ။ ပဋိက္ခရားကရော ... သူလဲ ချစ်တတ်တဲ့ အသည်းနှလုံးနဲ့ လူပဲလေ ... အချစ်မှာမျက်စိမှ မရှိဘဲ ...ချစ်မိသွားတာတော့ ဘယ်တတ်နိုင်ပါ့မလဲ ... ။ ဒီတော့ ...သူ...ဘယ်လိုများနေမလဲလို့ ... တွေးမိတယ် …ရေးချမိတယ် …။ ကျိန်စာကိုထည့်လိုက်တာကတော့ ... စိတ်မကောင်းလို့  ...။ ဘာကိုစိတ်မကောင်းလဲ ဆိုတော့ ... shopping center တွေကိုသွားရင် ... နိုင်ငံခြားသားတွေနဲ့  လက်ချင်းချိတ်ပြီး ... ရုပ်ပျက်ဆင်းပျက် ကဲပြနေတဲ့ ... မြန်မာမတချို့ ကို ... ခဏခဏတွေ့ နေရလို့ ပါ ...။ တစ်နေ့ ကလဲ feel မှာဆုံတယ် ...။ နိုင်ငံခြားသားကမုန့် စားနေတယ် … ဗမာမက ဂါဝန်နဲ့ …ဒါလင်..ဘာညာနဲ့ ရှေ့မှာ ကိုးယိုး ကားယား လာလုပ်နေတယ် ...။ မျက်နှာလွဲလိုက်ပေမယ့် ... မနေနိုင်တဲ့မျက်လုံးက ... ထောင့်ကပ်ပြီး ခိုးကြည့်လိုက်တော့ ... ပိုက်ဆံတစ်ထပ်တောင်းပြီး ... city mart ဘက် ... ထွက်သွားတာတွေ့ ရတယ် ….။ ရင်နာတယ် ... စိတ်ပျက်တယ် ... ကဲ့ရဲ့တာမဟုတ်ဘူး ... ။ ချစ်လို့ ယူထားကြရင်လဲ ... ဗမာပြည်မှာ ... ဗမာတွေရဲ့ မျက်စိရှေ့မှာ ... အမြင်မရိုင်းအောင်တော့ ... နေသင့်တယ်ထင်တယ် … ။ ဒါမျိုးတွေ တွေ့ ရဖန် များလာတော့ ... ပဋိက္ခရား များ ... ကျိန်စာတိုက်သွားလေသလားလို့  ... သံသယ၀င်မိတယ် ... ။ မျိုးချစ်စိတ်နဲ့ ... ဆိုင်တာမဆိုင်တာတွေ ... လုံးဝ ထည့်မပြောဘူး ... အမြင်မတော်တာကို ပြောတာ ….။ “ကျန်စစ်မင်းရဲ့မေတ္တာ” ကတော့ “လေးမ” ကြီး ... မှ သိတဲ့ အသိ...။ ဆရာမကြီးဒေါက်တာမတင်ဝင်း ရေးတဲ့ “ မင်း၁၀ပါးရာဇ၀င်” ကိုဖတ်ပြီးမှ သိတဲ့အသိကို ဆက်ပွားလိုက်တာ ... ။ ငယ်ငယ်က ကျက်ခဲ့ရတာက တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲအောင် ... သမီးတော်ကို စောယွန်းနဲ့  ... လက်ဆက်စေသည် ... ဆိုတာ လောက်ပဲ သိတယ် … စောယွန်းက ဘာလဲ ... စောယွန်းနဲ့လက်ဆက်ရင် ... ဘာလို့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲတာလဲဆိုတာ ... မသိခဲ့ဘူး ... အခုကြီးမှ....သိတယ် ... ။ဒါကြောင့် “လေးမ” လိုပဲ သမိုင်းကို စိတ်ဝင်စားတဲ့သူ ... မသိသေးတဲ့သူတွေရှိရင် ... သိရအောင်လို့  ... ရေးချလိုက်တယ် … သေချာ တွေးကြည့် လိုက်တယ် ...။ ပြောချင်တာကတော့ ဒီလောက်ပါပဲရှင် ...။
ဒီပုဂံဇာတ်လမ်း ဒီမှာ အဆုံးသတ်ပါပြီလို့ ပြောရင်းနိဂုံးချုပ်ပါတယ်…။
သိလိုသည်များမေးမြန်းရာ
မေး - ပဋိက္ခရား က ဒီလို တကယ်ကျိန်ခဲ့တယ်လို့ ထင်ပါသလား...
ဖြေ - မသိပါဘူး …
မေး - ပဋိက္ခရားနဲ့ ရွှေအိမ်သည် ဘယ်မှာချိန်းတွေ့ ကြပါသလဲ...
ဖြေ - မသိပါဘူး...
မေး - ပဋိက္ခရားနဲ့  ရွှေအိမ်သည် ဘယ်လို ဘာသာစကားနဲ့  ပြောဆိုဆက်ဆံကြပါသလဲ...
ဖြေ -မျက်လုံးချင်းသာ စကားပြောခဲ့တယ်လို့  “မင်းကျန်စစ် ကို ချစ်တဲ့သူများ” ထဲမှာရေးထားပါတယ် ... စကားပြန် မုတ္တမသား အဖိုးအိုကတဆင့် လက်ဆောင်ဆက်တယ်လို့ ရေးထားပါတယ်...
မေး - ကျန်စစ်မင်းမှာ သမီးတစ်ယောက်ထဲရှိတာလား...
ဖြေ - သမီးတစ်ယောက် သားတစ်ယောက်ပဲရှိပါတယ်...
မေး - စောယွန်းဟာ သူ့ အဖေ စောလူးလို ယုတ်မာပါသလား...
ဖြေ - စောယွန်းသည် စာပေသမားတစ်ယောက်ဖြစ်ပြီး သိမ်မွေ့ ပါသည်...
မေး-မျက်မှောက်ခေတ်တွင် မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများနှင့် လက်ထပ်ခြင်းကို ကန့် ကွက်ပါသလား...
ဖြေ - မကန့် ကွက်ပါ...
မေး -ထိုသို့  လက်ထပ်ခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ...
ဖြေ - ဘယ်လိုမှ မမြင်ပါ...
မေး- ကျန်စစ်မင်းကို ဘယ်လိုမြင်ပါသလဲ...
ဖြေ - အရည်အချင်းရှိသော မင်းကောင်းမင်းမြတ်ဟုမြင်ပါသည်...
မေး - အပယ်ရတနာကို ဘယ်လိုမြင်ပါသလဲ...
ဖြေ - ဇနီးကောင်းတစ်ယောက်ပါ...
မေး - ရွှေအိမ်သည်ကို ဘယ်လိုမြင်ပါသလဲ ...
ဖြေ - ကြံ့ခိုင်သော မိန်းမသားတစ်ယောက်...
မေး -နောက်ဆုံးမေးခွန်းပါ … ဒီဇာတ်လမ်းတစ်ခုလုံးကို ခြုံငုံသုံးသပ်မိသော မလေးမရဲ့ အမြင်ကို တိုတိုနဲ့ လိုရင်းဖြေပါ ...
ဖြေ -အတိုဆုံး အရှင်းဆုံး အမြင်ကိုပြောရရင်...
“ သမိုင်းမှာ ရွှေအိမ်သည် နာမည်ကောင်းကျန်ရစ်တာ... အပြစ်တင်မခံရတာ ... ကျန်စစ်မင်းနဲ့  အပယ်ရတနာ ကြောင့်ပါ .... ”

ဖတ်ရှုသွားကြသော... ပြည်တွင်းပြည်ပမှ ... bloggers များနှင့် စိတ်ဝင်စားသူများအားလုံးကို ...ကျေးဇူးတင် ပါတယ်ရှင် … ။ ။

10 comments:

Friday, September 07, 2007

ကျန်စစ်မင်း၏ မေတ္တာ …

ပုဂံမှ ဇာတ်လမ်းများ (သို့ ) မှတ်တမ်းများ (၃) ။ ။
ရတနာရေ … နန်းသုံးစကားတွေကို ... ခဏဘေးမှာထားပြီး … ရိုးရိုးရှင်းရှင်းပဲ... ပြောပါ့မယ် ... ။ နှစ်သိမ့်တာ မဟုတ်ဘူး ... ဆင်ခြေပေးတာ မဟုတ်ဘူး ... အယူခံဝင်တာမဟုတ်ဘူး ... ကျုပ်လုပ်ရပ် ( သမီးတော်ကို စောယွန်းနဲ့  လက်ဆက်ပေးမှု ) နဲ့  ပတ်သက်ပြီး ... မိခင်တစ်ယောက်အနေနဲ့  ... ရတနာ စိတ်နာမယ်ဆို နာသင့်ပါတယ် ... ။ မိဘဆိုတာ ... ကိုယ့်သားသမီး ကောင်းစားတာကို ... မြင်ချင်ကြတာချည်းပဲလေ ... ။ သားသမီး ဒုက္ခရောက်အောင် ... ဘယ်သူမှမလုပ်ကြဘူး …. မိဘအရင်းမှန်ရင်ပေါ့ ... ကမ္ဘာမီးလောင်ရင် သားကိုချနင်းတယ်ဆိုတာ ... မီးလောင်တော့ ... သွေးရူးသွေးတန်းနဲ့ ... လူစိတ်ပျောက် အသိစိတ်ကင်းမဲ့ပြီး .. မလုပ်သင့်မလုပ်ထိုက်တာတွေ လုပ်မိတဲ့ ... တချို့ သော လူနည်းစု မိဘတွေကို ... ဆိုလိုတာပါ ... ။ လူစိတ်ရှိတဲ့ မိဘကတော့ ... သားသမီးကို အသက်နဲ့ လဲပြီး ... ကာကွယ်သွားကြတာပါ ... ။ အဲဒီတော့ ကျုပ်ပြောချင်တာက ... မိဘဆိုတာ သားသမီးကို အကောင်းဆုံးဖြစ်အောင် ... မလုပ်ပေးနိုင်ရင်သာရှိမယ် ... တတ်နိုင်သမျှ ဘေးကင်းအောင် ... ဒုက္ခမရောက်အောင်တော့ ... အားထုတ်တတ်ကြတယ် ... ။ ကျုပ်လဲ အဲဒီမိဘတွေထဲက ... မိဘ တစ်ယောက်ဖြစ်လေတော့ ... ဒီသဘောအတိုင်းပါပဲ ... ။ ဒါပေမယ့် ကျုပ်ရဲ့ ရင်သွေးက “ရွှေအိမ်သည်” တစ်ယောက်ထဲ မဟုတ်ဘူး ... ဟောဒီ...ပုဂံပြည်သူပြည်သား အားလုံးဟာ...ကျုပ်ရဲ့ သားသမီးတွေပဲ ... ။ နိုင်ငံသားအားလုံးကို ...အုပ်ချုပ်သူ မင်းတစ်ပါးအနေနဲ့  ... ကျုပ်ရဲ့ ရင်မှဖြစ်သော သားသမီးများ ... လို့  ကျုပ် သတ်မှတ်ထားတယ် ... ။ ဒီသဘောကို ရွှေစည်းခုံဘုရားမှာ ... ကျုပ်မှတ်တမ်းတင် ထားတယ် ... ။ ကျုပ်ပုဂံထီးနန်းကို အုပ်စိုးခဲ့တာ ... အစဉ်အလာကြောင့်မဟုတ်ဘူး ... အာဏာကြောင့် မဟုတ်ဘူး ... ကျုပ်ဟာ ... အကြိမ်ကြိမ် နယ်နှင်ခံခဲ့ရပေမယ့်လည်း ... စိတ်မနာနိုင်ခဲ့ဘူး ... ။ ပုဂံပြည်မှာ အရေးကြုံ ပြီဆိုတာနဲ့  ...ကျုပ်ရောက်အောင် လာခဲ့တယ် ... ။ ပုဂံပြည်ကို ကျုပ်ချစ်တယ် ... ပုဂံသားတွေကို ကျုပ်စောင့်ရှောက်မယ် ... ကျုပ်ကာကွယ်မယ် ... ။
ရတနာရေ ... လူဆိုတာအမျိုးမျိုးရှိတယ် ... ။ နန်းတွင်းမှာဆို ပိုဆိုးသေး ... ။ ကျုပ်“မင်း”လုပ်တာကို အလိုတူ တဲ့သူ ရှိသလို ... မကြည်ဖြူတဲ့သူ လဲရှိတယ် ... ။ အစဉ်အလာသမားတခိျု့ က ... အနော်ရထာမင်းရဲ့ မိျုးဆက် ကို မှ ... ပုဂံပြည့်ရှင် ဖြစ်စေချင်တယ် ... အဖေရဲ့ထီးနန်းဟာ သားအတွက်ပဲ ဖြစ်ရမယ်လို့ ... ယုံကြည် ထားကြတယ် ... ။ တချို့ ကတော့ တိုင်းပြည်အုပ်ချုပ်တာ ... အုပ်ချုပ်နိုင်တဲ့ အရည်အချင်းပြည့်ဝဖို့ ပဲလိုတယ် လို့ ...ယူဆတယ်...။ ဒီတော့ အမြင်မတူတဲ့ အုပ်စုနှစ်စု ရန်ဆောင်ကြပြီပေါ့ ...။ နန်းတွင်းမှာတင်မကဘဲ ...သူတို့ နဲ့  နီးစပ် ပတ်သက်ရာ တွေက တဆင့် ... အရပ်သူအရပ်သား တွေထဲကို ... ဒီပဋိပက္ခ က ... စိမ့်ဝင်ပြီး သဘောထားတွေ ကွဲလွဲနေကြတယ် ... ။ ဒီအခြေအနေတွေကို ... တိုင်းပြည်ဥသျှောင်ဖြစ်တဲ့ ကျုပ်လို ဘုရင်က မျက်နှာလွဲနေလို့ ရမတဲ့လား ... ။ အနော်ရထာရဲ့ ထီးနန်းကို ဆက်ခံဖို့  သားစောလူးမရှိတော့ ပေမယ့် ... စောလူးရဲ့သားအရင်း ... အနော်ရထာရဲ့ မြေး ... “စောယွန်း” ... ရှိနေသေးတယ်လေ ... ။ ကျုပ်..စောယွန်းကို လက်စတုံးပစ်လို့ ရတယ် ... အကျဉ်းစံ အိမ်နိမ့်စံ ထားလို့ ရတယ် ... ဒါပေမယ့် ကျုပ်က အဲလို မညစ်ပတ်ဘူး ... ကျုပ်တစ်နပ်စားမကြံဘူး ... ကျုပ်တို့ ဟာ ကိုယ့်သမိုင်းကိုယ်ရေးကြရတာ ... ကျုပ်သမိုင်း ကို ... ကျုပ်မဖျက်ဘူး ... ။
ကျုပ်ကိုလိုလားတဲ့ အုပ်စုက ... ကျုပ်သွေးသားကိုဘဲ နောင်ပုဂံမင်းအဖြစ် ... လက်ခံ ချင်တယ် ...။ ဒီတော့ နှစ်ဘက်လုံးကျေနပ်အောင် ကျုပ်စီမံရတော့မယ် ... ။ပြည့်ရှင်မင်းတစ်ပါးအနေနဲ့ ကျုပ်ကို မလိုလားတဲ့သူတွေကို ... ကျုပ်နှိပ်ကွပ်လို့ ရတာပဲ ... ဒါပေမယ့် ကျုပ်မလုပ်ဘူး .. ဒီလိုလုပ်လိုက်ရင် သားကောင်းတွေရှားကုန်လိမ့်မယ် ... ။ “စောယွန်း”ကို ... မသိချင်ယောင်ဆောင်ပြီး ... ကျုပ်သွေးသားကို ထီးနန်းပေးလိုက်ရင်လဲ ရတာပဲ ... ။ ဒီလိုဆို ပြည်သူတွေ နှစ်ခြမ်းကွဲကုန်ကြမယ် ... ။ အိမ်ကြက်ချင်း ခွပ်ရင်..အိမ်နာတယ် ... ။ ကျုပ်ကြောင့်တော့ ဒီလို အဖြစ်မခံနိုင်ဘူး ... ။ ဒီတော့ ကျုပ်သမီး“ရွှေအိမ်သည်” နဲ့  အနော်ရထာမြေး “စောယွန်း”ကို လက်ဆက်ပေးပြီး ... သူတို့ ရဲ့ရင်သွေး ( နောင်အခါ အလောင်းစည်သူဖြစ် လာသည်) ကို ... ထီးနန်းအပ်လိုက်တာဟာ ... အုပ်စုနှစ်စုလုံး လက်ခံကျေနပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ ... ။ ပြည်သူတွေကျေနပ်မှ... စည်းလုံးမယ် ... စည်းလုံးမှညီညွတ်မယ် ... ညီညွတ်မှ သွေးညှီနံ့ ကင်းမယ် ... သွေးညှီနံ့ ကင်းမှ ပြည်သာမယ် ... ပြည်သာမှ ညီညာမယ် ... အရာအားလုံးဟာ အပြန်အလှန် ဆက်စပ်နေတယ် ...။
တိုင်းသူပြည်သားတွေကို ... စည်းလုံးညီညွတ်စေချင်တာ ....၊ သွေးချောင်းမစီးစေချင်တာ ...၊ ပြည်သူတွေ ကြားက အမုန်းမီးတွေကို ငြိမ်းသတ်နေရလို့  ... တိုင်းပြည် တိုးတက်မှု နှောင့်နှေးမှာကို စိုးရိမ်တာ….ဒါတွေဟာ တိုင်းသူပြည်သားတွေ အပေါ်ထားတဲ့ ကျုပ်“ကျန်စစ်မင်း”ရဲ့ မေတ္တာပါပဲ ....။ ။

5 comments:

Tuesday, September 04, 2007

မန်းမှတ်တမ်း …

ဒိုင်ယာရီ စာမျက်နှာ (၁၁) ။ ။

ဒီလမ်း…
(ဘေးမှာ တမာပင်တွေရှိတယ်... ခွန်အားအပြည့်ပေးတဲ့ တောင်ကြီးကို လှမ်းမြင်နေရတယ်...အိမ်ကိုလွမ်းရင် တောင်တွေကိုကြည့်ပြီး အားယူရတယ်...တချို့ ကတော့ ... “တောင်” ကြည့်ပြီး ငိုသတဲ့)

*MTU main road *

ဒီ လမ်းမကြီးပေါ်မှာ ... “လေးမ” ခြေရာတွေ ... ထင်ကျန်ရစ်ပါတယ်...( အခုတော့ ပျက်ကုန်ရောပေါ့ )…..။
ဒီလမ်းမကြီးပေါ်မှာ ... စက်ဘီးကလေးနဲ့  “လေးမ”…. လမ်းဖြတ်ကူးတဲ့ မြွေတွေကို ..ခဏခဏ ရပ်စောင့် ခဲ့ရတယ်…..။
ဒီလမ်းမကြီးပေါ်မှာ... “လေးမ” …ကျောက်စိမ်းရောင် စူပါကပ်လေး ...ဟိုယိုင်ဒီယိုင် ဖြစ်အောင် စီးခဲ့တယ် …။
ဒီလမ်းမကြီးပေါ်မှာ ... dream ဆိုင်ကယ်ထက်…. “မိ” ခါးကို တင်းတင်းဖက်ပြီး ….. ကျောင်းတက် ခဲ့တယ်….။ ဆိုင်ကယ် အိပ်ဇော လောင်ထားတဲ့ အမာရွတ်ကလဲ ... ဒီလမ်းပေါ်မှာပဲ ရခဲ့တာ…..။
ဒီလမ်းမကြီးပေါ်မှာ ... နှင်းတွေဝေတဲ့ မလင်းတလင်း ... ဆောင်းမနက်ခင်းတစ်ခုမှာ ... “လေးမ”….. မှောက်ရက် လဲ ခဲ့တယ် …..။ ဇာတ်လမ်းတွေထဲကလို ဆွဲထူမယ့်သူ ... မရှိခဲ့ပါဘူး….။ အိပ်ပုတ်မ “မိ” ကလဲ အိပ်နေတုန်းပါ….။ “လေးမ” မငိုခဲ့ပါဘူး …. ဒူးမှာ သွေးစက်လက်နဲ့ ... မုန့် တီသုတ် ၂ ပွဲစားခဲ့ပါတယ်…..။ ( အကြောင်းရင်း …. မုန့် တီသုတ်မှာ အလွန်စားကောင်းသောကြောင့် ….. သူများတွေထက်ဦးအောင် ပန်းကန် အသစ်ဖြင့်စားချင်သောကြောင့်…. အပြေးအလွှား ပြေးထွက်လာရာမှ အရှိန်မထိန်းနိုင်ဘဲ ကတ္တရာလမ်းပေါ် ဟတ်ထိုးလဲကျ ဒူးပြဲရခြင်းဖြစ်၏…..)
ဒီလမ်းမကြီးဘေးက ... တမာပင်တွေ ကြားထဲမှာ…..အတွဲတွေ….(သူများတွေ) ….. လမ်းလျှောက် နေတာကို ပြောင်ခဲ့ ဖူးတယ်…… ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ်…မောင်ရယ်…လို့ ….) ။
ဒီလမ်းမကြီးပေါ်မှာ … ည ၆ နာရီ … အဆောင်ပိတ်ချိန်ကျရင် …. မခွဲနိုင်မခွာရက် လည်တလှည့်လှည့်နဲ့  အဆောင်ထဲဝင်သွားတဲ့ အဆောင်သူလေးတွေနဲ့ …. လမ်းမပေါ်ကနေ လက်တပြပြ ကဲပြနေတဲ့ ကိုကိုတွေကို … ၀ရန်တာကနေငေးကြည့် …အာလူးကြော်ဝါး … ဟားတိုက်ဝေဖန်ရင်း … ညနေခင်းတွေကို ကုန်ဆုံးစေ ခဲ့တယ်…..။

*workshop ရှေ့က လမ်းပါ…..။*

ဒီလမ်းပေါ်ကနေ ... ညာဘက်ကိုကွေ့ ပြီး ရှေ့နဲနဲဆက်သွားလိုက်ရင် “လေးမ” တို့ ရဲ့ ... ပညာရေနို့  သောက်စို့ ရာ ... ဗိသုကာဌာနလေးကို ရောက်ပါမယ်… ။ ဗိသုကာဌာနက သီးသန့်  ဌာနလေး …။ လွတ်လွတ် လပ်လပ် ….. အေးအေးဆေးဆေး……. သောင်းကျန်းချင်တိုင်း သောင်းကျန်း လို့  ရတယ် ……။

ဒီဇိုင်းစတီရီယို room လို့ ခေါ်တဲ့ ... အခန်းထဲမှာ ... ပုံတွေဆွဲခဲ့ကြတယ် … ။ အခန်းထဲမှာ တစ်ယောက်က သီချင်းတစ်ပုဒ် စအော်လိုက်ရင် ... ကျန်တဲ့သူတွေက နောက်ကဆက်အော်ပြီး ... ပုံတွေဆွဲ ကြတယ်……။ ပုံဆွဲရင်းခေါင်းရှုပ်လာရင် ... အလယ်က courtyard ထဲက ... မြက်ခင်းဘေးမှာ သွားထိုင်ပြီး ... အကြံထုတ်လို့ ရတယ် ... “မိ” နဲ့ ရန်ဖြစ်ရင်လဲ ထွက်ထိုင်ပြီး စိတ်ကောက်လို့ ရတယ် ... ။
ရှားရှားပါးပါး exhibition တစ်ကြိမ်လုပ်ခွင့်ရခဲ့တယ် … ။ အဆောင်မှူးရဲ့ ခွင့်ပြုချက်နဲ့  ဌာနမှာ ပွဲအတွက် ညဘက်ကြီး ပြင်ကြဆင်ကြ ရတာ ပျော်စရာကြီး……။ Exhibition ကိုလာကြည့်တဲ့ ကျောင်းသူကျောင်းသား တွေကို သိသလိုလို တတ်သလိုလိုနဲ့  လျှောက်ရှင်းပြရတာ အရသာရှိလိုက်တာ ….(အမှန်ကဘာမှ သိပ်မသိ သေးတဲ့ ဒုတိယနှစ်ပဲ ရှိသေးတယ် )။

ဒီ Building

* Main Building*

ဒီအဆောင်ကြီးက main building လို့ ခေါ်တဲ့ အဆောက်အဦကြီး….။ ဒီအဆောက်အဦကြီးရဲ့ အောက်ထပ်မှာ ဆရာကန်တော့ပွဲ….. မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ ... လုပ်ခဲ့တယ်…. ။

ဒီ building ရဲ့အပေါ်ထပ်က ... စာသင်ခန်းတွေမှာ မြို့ ပြဌာနကသင်တဲ့ အတန်းတွေမှာ အိပ်ငိုက်ခဲ့ဖူးတယ်…။ ဆရာစာရေးနေတဲ့ ... အချိန်မှာ လိုက်မကူးနိုင်ဘဲ ... လုံချည်မှာကပ်နေတဲ့ Paper tape တွေကို အသာအယာ ခွာနေတဲ့ ( ပုံဆွဲနေရာကနေ ထလာတာကိုး) အာခီကျောင်းသူကို ... ကောင်လေးတွေက “မြင်မြင်သမျှ စိတ်ပျက်အောင် လှပါတဲ့... အိုဗျ... မအာခီ...” လို့ များ...ကွယ်ရာမှာ ပြောလေမလား ...။ တကယ်ပြောတာပါ ... မျက်တွင်းဟောက်ပက်နဲ့ ... အိပ်ရေးပျက်လွန်းတဲ့ “အာခီပျက်” ပါ....။
ဒီ အပေါ်ထပ်က .... ပါချုပ်ရုံးခန်း ကိုလဲ... ခဏခဏရောက်ခဲ့ပါတယ်... (ဒီလိုပဲ...ပါပါကြီးနဲ့  စကားစမြည် ပြောရတာပေါ့)... ။ အဲဒီအပေါ်ထပ် စာသင်ခန်းရှေ့မှာ “လေးမ” နဲ့ “မိ” …. ကောင်လေးတစ်အုပ်နဲ့ ... ရန်ဖြစ်ခဲ့ဖူးတယ်…. အကြောင်းရင်းက “လေးမ” ... ခလုတ်တိုက်တာကို လှောင်လို့ …. “မင်းကဘာကောင်မို့ လို့  ငါ့ကိုလှောင်ရတာလဲ …. မင်းငါ့ကို ဘာမှတ်နေလဲ… ပါချုပ်နဲ့ တိုင်မယ် ” ဆိုပြီး ရှက်ရမ်းရမ်းပြီး ... သွားချဲခဲ့တာ….။ တိုင်ရတာလွယ်လွန်းလို့  ... ခြိမ်းခြောက်မိတာပါ....။ “မိ” တောင် ဘောလုံးပွဲမှာ “သေစေနိုင်လောက်တဲ့ အကြည့်ဖြင့်ကြည့်ခြင်း ...” ဆိုတဲ့ ပြစ်မှုနဲ့  အတိုင်ခံရသေးတယ် ... အဲဒီလောက်...ဆတ်ဆတ်ထိမခံ အတိုင်အတောထူတဲ့ ... MTU ကျောင်းသားတွေပါ ....။
ဒီအဆောက်အဦမှာပဲ ... ၀တ်ရုံဖားဖားကြီးတွေ ၀တ်ပြီး ... ဒီကျောင်း...ဒီလမ်း...ဒီအဆောင်...ဒီသူငယ်ချင်း တွေကို နောက်ဆုံးနှုတ်ဆက်ခဲ့ရတယ်....။ ( မျက်ရည်တွေပါတွေဝဲလို့ .... မင်းဟာ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပါပဲ ..................လို့ ဘယ်သူ့ ကိုမှ မပြောဖြစ်ခဲ့ဘူး...) ။ ။
ဓါတ်ပုံတွေကို ဒီက “မ” လာပါတယ်..။

12 comments:

ခြေလှမ်း...

ကိုနေဘုန်းလတ်နှင့် မြန်မာ Blogger များမှ seminar တစ်ခုကို လှလှပပလွတ်ကျနိုင်ခဲ့ခြင်းကို ...ဂုဏ်ပြု သောအားဖြင့် ....နှစ်ဆယ်ကျော် သုံးနှစ် ပတ်လည်က... သော့ခတ်ထားခဲ့တဲ့ ....ကဗျာတစ်ပုဒ်ကို ...လွတ်မြောက် ခွင့် ပြုလိုက်သည်…..။ ( ဘာမှတော့ မဆိုင်ဘူး...)
အမိန့် အရ
လေးမ
“ခြေလှမ်း”

“ တိုးဆိတ်
ညင်သက်…
နှင်ရခက်သည်….၊

သခင့်ခြေလှမ်း
ဖွဖွမြန်းလို့ 
စမ်းလို့ ဝင်ရောက်
“ငါ” ကြောက်ခဲ့လဲ…....။ ။”

2 comments:

Monday, September 03, 2007

August လမှာ အကြိုက်ဆုံး…

ရေးပြီးတဲ့ထဲက ... အကြိုက်ဆုံး ၅ ပုဒ်ကို ... ပြောပါလို့  ...ကိုဘုရင့်နောင်က ... ဒီလို Tag လို့  ... ဟောဒီလို လေး ... ရေးခဲ့ပြီးပါပြီ … ။ ဒါပေမယ့် ... အမြော်အမြင်ကြီးမားတဲ့ “လေးမ” က ... မေ၊ ဇွန် ၊ဇူလိုင် ၃ လစာထဲက ရွေးပါတယ် …Aug ထဲကနောက်တစ်ခေါက် ရွေးပါမယ်လို့  ... ရေးခဲ့ပါတယ် … ( အမှန်တော့ အမြော်အမြင်ကြီးတာ မဟုတ်ပါဘူး ... နောက် ၃ လလောက်နေရင် ... ဘယ်သူမှ မရေးခိုင်းလဲ ကိုယ့်ဟာ ကိုယ် ရေးမလို့ ။ ) အခုတော့ ခင်မင်ရသော….မလေးက ဒီလို tag သောကြောင့် Aug လမှာရေးခဲ့သမျှထဲက အကြိုက်ဆုံး ၅ ပုဒ် ကိုရွေးပါမယ်…။
(လေးမရဲ့ Blog လေးဖြစ်တည်မှုကို label ၁၂ ခု ၊ post ၄၈ ပုဒ် ပြည့်တဲ့ နေ့ က မှတ်တမ်းတင်ခဲ့တာပါ...)
၂။
သနပ်ခါးပန်းပြောတဲ့ “ သနပ်ခါးပန်း”
( လောကမှာ “သနပ်ခါးပန်း” နဲ့ တူတဲ့ အမျိုးသမီးတွေရှိနေတဲ့အကြောင်းလေးပါ...)
၃။ အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၁) နှင့် (၂)
( အရူးသုတေသန စာတမ်းပါ...)
၎။
အလင်း
( ကိုမိုးညိုရဲ့ မှတ်ချက်က စကားကိုပြန်သုံးရမယ်ဆိုရင်... ၁၃ ကွာတဲ့ အလင်းပါ ... နောင် အသက် ၄၅ ကျော်ရင် အလင်းကပြောင်းနိုင်ပါသေးတယ် ...)
( သီချင်းက အကြားအာရုံကတဆင့် ... နှလုံးသားကို ရိုက်ခတ်လာတဲ့အခါ ... ထွက်ပေါ်လာတဲ့ ပဲ့တင်သံကို ... ဝေမျှထားပါတယ်...)

အရင်တစ်ခေါက်က လူ ၁၂ ယောက်လောက်ကို ဒုက္ခပေးပြီးပြီဖြစ်လို့ ... ဒီတစ်ခေါက်တော့ တစ်ယောက်ကိုပဲ အလုပ်ပေးပါတော့မယ်….။
“တေလေသီတဲ့သက်ငြိမ်တေးသွားမှာ......ငါတို့တွေ .....ပွား များ သက် ၀င် နေဦးမယ် ...” လို့  ကိုငှက်ကို လွမ်းပြတဲ့ ကဗျာဆရာ ၊ “သားကြီးလာရင် ဘာလုပ်မလဲ” လို့ မေးပြီး … သီရိမင်္ဂလာဈေးထဲကို ဆွဲခေါ်သွားတဲ့ ရာသီဥတုအုပ်စုထဲက ရဲရဲဖြူတဲ့ Blogger ကို Tag ပါတယ်….အားရင်ရေးပေးပါရှင် ….။

3 comments:

Sunday, September 02, 2007

Why Do We Blog ???

၁၁ နာရီစမယ်မှန်း သိပေမယ့် ...ဘာတွေရှုပ်မှန်းမသိအောင် ရှုပ်နေလို့ ...၁နာရီထိုးမှ ရောက်သွားပါတယ် ။ ရောက်တဲ့အချိန်မှာ ၀ါးတီးအစီအစဉ်က ပြီးသွားပြီ… ကော်ကော်လဲ မသောက်လိုက်ရတော့ဘူး … ။ သူများတွေ လက်ထဲမှာ ကိုင်ထားတဲ့ ... စာအုပ်ဝါ၀ါလေးလဲ မရတော့ဘူး… ။ ယောင်လည် ယောင်လည် ... ဟိုကြည့် ဒီကြည့်နဲ့ ... ၀င်သွားတော့ ...Plastic sheet အဖြူကြီးနားမှာ ...လူတွေတပြုံကြီး တွေ့ တယ်…။ စာအုပ်ထဲမှာ ကူးရေးတဲ့ သူတွေကကူးရေး …၊ ဓါတ်ပုံရိုက်တဲ့သူတွေက ရိုက်ဆိုတော့… ဘာတွေများရေးထားလဲ အနားတိုးကြည့်လိုက်တော့ …Oh….my god !! Blogger တွေရဲ့ အော်တိုတွေပါလား… စာသားတွေပါတယ်… လိပ်စာတွေ ပါတယ် … လက်မှတ်တွေ ပါတယ် …။ ဘယ်ရမလဲ … “လေးမ” လဲ လူရှင်းအောင်စောင့်ပြီး ...ကမန်းကတန်းလေး ကောက်ခြစ်ပြီး ... ခြေရာလက်ရာ ချန်ခဲ့တာပေါ့ …။ ဒုတိယပိုင်းစပြီတဲ့…..
ခပ်မှောင်မှောင် ပါးပါး အရိပ်တစ်ခု... တိုက်ပုံတလွှားလွှားနဲ့  ... စင်ပေါ်တက်လာတယ်….။ ကိုစေတန်ဂေါ့ဒ် ပါ …။ သူပြောတာတွေ နားထောင်ရင်းနဲ့  ... ရေငတ်လာတယ်… စာမေးပွဲတဖက်နဲ့  အတော်အားထည့် ထားပုံပဲ … သူက ပြောသင့်တာတွေ ပြောပြီး ပြန်ဆင်းသွားတယ်…။
တက်ရောက်လာတဲ့သူတွေ အလှည့်ရောက်ပြီတဲ့ … မေးတော့မယ်တဲ့ …။ မိုက်ကြီးနဲ့  လူကြီးတစ်ယောက် ...ရယ်လို့ မောလို့  … ။ သေချာအောင် နောက်နားက... blogger ညီမလေးကိုမေးကြည့်တော့... ကိုစိုးဇေယျ တဲ့ … လိပ်စာလေးတောင်ပြောပြလိုက်သေး … ။
“Blog ရှိလား… အော်... မရှိဘူးလား … ဒီပွဲအကြောင်း ဘယ်လိုသိပြီး ရောက်လာ တာလဲ … သူငယ်ချင်းက ဘယ်သူလဲ … Blog လိပ်စာလေး ပြောပေးပါဦး … ကျောင်းသားလား… ဘာလုပ်လဲ …”
ဒီလို…ဒီလိုတွေ …တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ…. ဘုရား….ဘုရား…အနားရောက်လာပြီ… “လေးမ”ကို... အာရုံမကျပါစေနဲ့ … လက်ဖျားတွေတောင် အေးလာတယ်… မေးလာရင် Blogလိပ်စာ ပြောရတော့မယ် … ပြောလိုက်ရင် ...လူကြားသူကြားထဲ ....“လေမန်း”လို့ ခေါ်လိုက်ရင် အရှက်ကွဲတော့မယ်…ထပြန်ရင် ကောင်းမလား … ခေါင်းငုံ့ ပြီး ...အသက်ပြင်းပြင်းရှူလိုက်တာ... အဲဒီသတင်းထောက်ကြီး ဟိုဘက်လွှင့်သွားရော ….။ တော်ပါသေးရဲ့ … ။
မမယ်လိုဒီမောင်ကတော့ ... ကြော့ကြော့မော့မော့လေး...အရွှန်းဖောက်လို့  ...အကျိုးအပြစ်တွေ သုံးသပ်ပြသွားပါတယ် … ။ Blog လိပ်စာထည့်ရိုက်ထားတဲ့ ...လိပ်စာကဒ်လေးကိုလဲ ကြွားသွားသေးတယ်…။

မမောင်ရဲ့ သံစဉ်တွေပြီးတော့ ... ဖြူဖြူ ပါးပါး ရှည်ရှည် အရိပ်တစ်ခု ...တက်လာပါတယ် … ကိုမျက်လုံးပါတဲ့ … သူကတော့ ဖြည်းဖြည်း မှန်မှန်နဲ့  ... စကားတွေ အများကြီး ပြောသွားပါတယ်… ။ Blog လေးတစ်ခုလဲ လက်တွေ့ ဖန်တီးပြသွားပါတယ်…။

သိလိုသည်များကိုပြန်ဖြေတဲ့ အစီအစဉ်မှာတော့ ... နာမည်ကြီး blogger တွေ တစ်ယောက်ပြီး တစ်ယောက် အာခြောက်အောင် ဖြေသွားကြပါတယ် … ။ ကပ်သီးကပ်သပ် အမှန်အကန်မေးထားတဲ့ မေးခွန်းတွေကို တာဝန်ကျေကျေ ဖြေသွားကြတာ ချီးကျူးစရာပါ …..။

Cameramen တွေကလဲ ...ရိုက်သလား ... မမေးနဲ့  … ရှေ့က ရိုက်လိုက်…နောက်က ရိုက်လိုက် …ဘေးက ရိုက်လိုက်… ခုံပေါ်တက် ရိုက်လိုက်နဲ့ ….။ နောက်မှပဲ သူတို့ ဆီမှာ ... ပုံတွေသွားကြည့်ရဦးမယ် …။ ကိုသန့် ဇော်မင်း ကလဲ လက်ထဲက ကင်မရာလေး တဖျပ်ဖျပ်နဲ့ ... လက်စွမ်းပြနေတယ် … ဘက်ထရီ အားပြည့် မပြည့်တော့ ... ကာယကံရှင်ပဲ သိမှာပေါ့လေ …။ ဓါတ်ပုံလေးရိုက်ရင်း ဘေးက ဖြူဖြူသေးသေး ညီမလေး ၂ ယောက်နဲ့ လဲ ... စကားလက်ဆုံကျ နေလိုက်သေးတယ် … သူတို့ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အခုတလော လူကြည့်အများဆုံး Blog တစ်ခုနဲ့ ပတ်သက်ပါတယ် … ကိုသန့်ကတော့ တစ်ခေါက်ပဲသွားပြီး …. နောက်မသွားတော့ဘူးဆိုလား…. သိပ်တော့မကြားလိုက်ပါဘူး ….။ သူတို့ အုပ်စုထဲမှာ ... အနှင်းလို့ ခေါ်တဲ့ မနှင်းမိုးဝေလဲ ရှိတယ် ထင်ပါရဲ့...။

၃ နာရီခွဲကျော် သွားပြီ … ကိုစေတန်ဂေါ့ဒ် က မေးခွန်းတွေကို ဖြေနေရတုန်း …။ ဗိုက်က အတော်ဆာလာပြီ… “လေးမ”တစ်ယောက်ထဲ ဆာတာမဟုတ်ဘူး… ဘေးက blogger ညီမလေးဆီကလဲ ….ဂြီ..ဂြီ... တဲ့ အသံၾကား ရတယ် … “လေးမ” လဲ အသံမထွက်လာခင် အမြန်ပြန်မှ ... ဆိုပြီး ကံစမ်းမဲ အစီအစဉ်ကို မစောင့်တော့ဘဲ ထပြန်လာခဲ့ပါတယ် ….။
အကြံပြုချက် ။ ။
၁။ Blog စာအုပ်ထုတ်ဝေခြင်းဖြင့်ရရှိသော အကျိုးအမြတ်များကို လှူဒန်းသောအခါ ... တစ်နေ့ လျှင် နာရီ ၂၀ blog ရေး၍ ၄ နာရီသာအိပ်သော ကိုညီလင်းဆက်ကို အက်ပီတွန်ဝိတ်ဂိမ်း နှင့် ကိုစေတန်ဂေါ့ဒ်ကို ကယ်လီစပွန်လှူဒါန်းသင့်....။
၂။ ညီမလေး ဘာညာမှလွဲ၍ ... အခြားသော blogger များ ... လေထန်သော ကွင်းပြင်တွင်... တစ်ယောက်ထဲ မနေသင့် ...။
…………………………………………………….
Myanmar Bloggers Society ဆိုတဲ့ အသိုက်အမြုံလေး ... ခုလိုပဲ စည်းစည်းလုံးလုံးနဲ့  အဓွန့်ရှည်ပါစေ….။
လူငယ် များရဲ့ အတွေးအခေါ်တွေ … ပညာတွေ … မျှဝေပေးလိုမှုတွေ ... လွတ်လပ်စွာ အတောင်ဖြန့်လို့  ပေါ့ပါးစွာပျံသန်းနိုင်ကြပါစေ ….လို့ လှိုက်လှိုက်လှဲလှဲဆုတောင်းရင်း ... စက်တင်ဘာ ၁ရက်နေ့  မှာ ကျင်းပခဲ့တဲ့ Why Do We Blog ? ဆိုတဲ့ ပွဲလေးကို မှတ်တမ်းတင်လိုက်ပါတယ်ရှင် ….။ ။
Blogger မောင်နှမများအားလုံးကို ခင်မင်လေးစားလျက်…
လေးမ
P.s. သက်ဆိုင်သူများစိတ်မဆိုးကြေး..... စိတ်ဆိုးတဲ့သူ မုန့် ဝယ်ကျွေး....ပုံတွေကို ဒီမှာ နဲ့ ဟောဒီမှာ...ပဲသွားကြည့်တော့နော်..။

10 comments: