Friday, August 31, 2007

Blog ကဗျာ...

Blog ကဗျာ
Blog Day တဲ့
မလေးက ဒီလိုလေးရေးခိုင်းတယ်…
Blog Day ဆိုမှ
Blog ဆိုတာဘာလဲ
Blog မှာဘာတွေရေးနေကြလဲ
“ငါ” ဖွဖွလေးတွေးကြည့်တယ် ....၊


Blog ဆိုတာဟာ....
IT နည်းပညာတွေ မျှဝေပေးနေတဲ့
ITဖတ်စာအုပ်တစ်အုပ်.....ဖြစ်ချင်ဖြစ်မယ်......
သိတဲ့လူတွေပြောတဲ့အတိုင်း
မသိတဲ့လူတွေက ...
HTML တွေကို edit လုပ်နေကြမယ်.......၊

Blog ဆိုတာဟာ....
စာရေးဆရာ ကဗျာဆရာတွေအတွက်
လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်ချင်ဖြစ်မယ်.....
ကဗျာတွေသီ စာတွေဆီလို့ ...
လှလှပပလေး ရေးဖွဲ့ နေကြမယ် ......၊
Blog ဆိုတာဟာ...
စားကောင်းသောက်ဖွယ်တွေချက်ပြုတ်.....
မီးဖိုချောင်တစ်ခု.....ဖြစ်ချင်ဖြစ်မယ်....
ချက်ပြုတ်နည်းတွေ ဝေငှ
ဟင်းချက်နည်းစာအုပ်တွေတောင်လက်မှိုင်ချရမယ်.....၊

Blog ဆိုတာဟာ....
ခရီးသွားမှတ်တမ်းလေးတစ်ခု .... ဖြစ်ချင်ဖြစ်မယ်....
ဓါတ်ပုံပြခန်းလေးတစ်ခု .....ဖြစ်ချင်ဖြစ်မယ်.....
မိသားစုကမ္ဘာလေးတစ်ခု ......ဖြစ်ချင်ဖြစ်မယ်.....
Blog ဆိုတာ ......ဖြစ်ချင်ရာဖြစ်မယ် .....
ရောချင်ရာတွေရောထားတဲ့
သုတ်စုံဗန်းလေးတစ်ဗန်းဖြစ်နေလိမ့်မယ်.....၊


ငါ့အတွက်တော့
လေးမ အတွက်တော့
Blog ဆိုတာဟာ....
( ဗိသုကာဆန်ဆန်ပြောရရင်)
အပေါက်လေးတစ်ပေါက်ပါပဲ.....၊

ငါ ၀င်ချင်ဝင်မယ်....
ထွက်ချင် ထားခဲ့မယ်....
တစ်ခုပဲ ငါစိုးရိမ်တယ်....
ဝင်လာတုန်းက ပေါ့ပေါ့လေးပဲ
ပြန်အထွက်မှာ သံယောဇဉ်တွေနဲ့  လေးနေမှာစိုးတယ်......၊

Blog အပေါက်လေးကနေ
သူတို့ အတွေးတွေ ၀င်လာတယ်....
ငါ့အတွေးတွေထွက်သွားကြတယ် ...
တစ်ခုဘဲ ငါစိုးရိမ်တယ်....
သူတို့ အတွေးတွေနဲ့  ငါနွေးထွေးခဲ့ပါတယ်....
ငါ့အရေးတွေနဲ့  သူတို့ အေးခဲသွားမှာစိုးတယ်.....၊

Blog ဆိုတာဟာ...
ငါစိုက်ပျိုးခဲ့တဲ့ သစ်ပင်တစ်ပင်လဲဖြစ်ခဲ့ပါတယ်.....
နှစ်ရှည်လား.....နှစ်တိုလား....
ဘယ်လိုသစ်ပင်လဲ.....ငါမသိပါဘူး....
ဒါပေမယ့် ....သစ်ပင်တော့သစ်ပင်ပါပဲ.....

ဒီလိုနဲ့ 
ဒီလိုနဲ့ 
....

August ဆိုတဲ့....လတစ်လကို
Blog သစ်ပင် နဲ့ စလို့ 
Blog ကဗျာနဲ့  နုတ်ဆက်လိုက်ပါတယ်.....

Blogsphere ကြီး အဓွန့် ရှည်လို့ ....
August 31 တွေ မှန်မှန်လည်ပတ်နေပါစေ.......။ ။
ကိုဘုရင့်နောင်Blog day အမှတ်တရ တစ်ခုခု ရေးပေးပါရှင်....။

6 comments:

Wednesday, August 29, 2007

တစ်ကျော့ နှစ်ကျော့ … တေးကိုသီ …


“မောင်လေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ … ညီမလေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ …”
မောင်လေးရေ … ထတော့လေ … ထပါတော့ … အိပ်ပျော်မနေပါနဲ့ တော့ … ၊ ညီမလေးရေ … ထပါတော့ … အိပ်ပျော်ချင်ယောင် ဆောင်မနေပါနဲ့ တော့ … ၊ ရောင်နီလာနေပြီ … အချိန်ကျနေပြီ … မောင်လေးတို့  … ညီမလေးတို့  ထသင့်ပြီ …၊ ရောင်နီလာလို့  ထရမှာလား… မောင်လေးတို့  ညီမလေးတို့ နိုးထလို့ … ရောင်နီလာမှာလား …ဘယ်လိုပဲဖြစ်ဖြစ် ... ရောင်နီနဲ့  ...မင်းတို့ နိုးထချင်း …ဒွန်တွဲနေသင့်တယ် မဟုတ်လားဟင်...။

“တစ်ကျော့ နှစ်ကျော့ … တေးကိုသီ … ငှက်ကျားနှုတ်ပလီ …”

ကြက်ဖတွန်လို့  ...ငှက်ကလေးတွေ တေးသီလို့ ... ကျီကျီကျာကျာနဲ့ ... မင်းတို့ ကို နှိုးနေကြပြီလေ …၊ အိပ်ပျော်နေကြတုန်းလား …၊ ငှက်ကျားလေး တေးပလီနေရတာ တစ်ခေါက်မကတော့ဘူးလေ… အခါခါကျော့ နေရရှာတယ်… ။

“ ကျွန်မတို့ ငယ်ငယ် … မိရယ်ဖရယ် … ဘ၀၀ယ် ... စုံစုံညီညီ …”

တို့ တွေငယ်ငယ်တုန်းက တို့ တွေအိမ်မှာ အဖေရယ်အမေရယ် တို့ မောင်နှမတွေရယ် … ပျော်ပျော်ရွှင်ရွှင် စုံစုံညီညီနဲ့ ဝိုင်းဖွဲ့ စားခဲ့တဲ့ ထမင်းဝိုင်းလေးကို တမ်းတမိတယ်… အဝေးရောက်နေတဲ့ … မောင်လေး…ညီမလေးတွေရယ် …၊ စည်းစည်းလုံးလုံးနဲ့ … ပြသနာတွေကို အတူဖြေရှင်း … တမိုးတည်းအောက်မှာ တရေတည်းသောက်ခဲ့ကြတာကို မှတ်မိသေးရဲ့လား … ၊ တို့ အိမ်ကို ရန်စလာတဲ့သူတွေကို အဖေကဓါးဆွဲလို့  … မောင်လေးကတုတ်ကိုင်ပြီး ရင်ဆိုင်ခဲ့ကြတော့ အမေနဲ့  တို့ ညီမတွေက နောက်ကနေခါးထောက်လို့  အားပေးခဲ့ကြတော့ သူတို့ ထွက်ပြေးကုန်ကြတယ်လေ …၊ အခုတော့ တို့ မောင်နှမတွေ တမြေဆီဝေး မင်းတို့ တွေက အဝေးကြီးမှာဆိုတော့ အဖေတို့ အမေတို့ရဲ့အမွေ ...တို့ အိမ်လေးယိုင်နဲ့  အိုဟောင်းလို့  ရောင်းစားခံရတော့မယ် ….၊ အမြန်ပြန်လာပါတော့ … မောင်လေး … ညီမလေးတို့ ရယ် … ။

“ ကျွန်တော်တို့ … ကျွန်မတို့ လေ… ကျွန်တော်တို့ … ကျွန်မတို့ လေ …ချစ်လေသူကို ချစ်လေသူကို …ကိုယ်ကတဖန် ပြန်လည်ချစ်တတ်ကြပါစေသည်…ဘ၀တေးဆိုရင် ခဏလေး...မဆိုချင်…ကျော့ကျော့လွင်မှ အသွင်လှပါလေမည် … ”

မောင်လေး… ညီမလေးတို့ ရေ … ရန်ကိုရန်ချင်းမတုံ့ နှင်းကြရဘူးနော် … ၊ ကိုယ့်ကိုချစ်တဲ့သူတွေကို ကိုယ်ကပြန်ပေးဆပ်နိုင်ရမယ် … ၊ ရန်သူကိုလဲ မိတ်ဆွေဖွဲ့ နိုင်ရမယ်နော် … ဒါမှ မင်းတို့ ဘ၀ … အားလုံးဘ၀ …သာယာအေးချမ်းလိမ့်မယ်…၊လူ့ဘ၀ဆိုတာ ခဏလေးပေမယ့် တို့တွေသီကြွေးရတဲ့ သီချင်းတွေက အများကြီးပါ….၊ ပျော်စရာ …ငိုစရာတွေနဲ့ …သံစဉ်တွေ အခါခါကျော့နေရမယ့် လောကကြီးမှာ တနပ်စားတော့ တွေးလို့ မဖြစ်ဘူးနော် …၊ လှပတဲ့သီချင်းလေးတွေ အခါခါကျော့နိုင်ဖို့  အတူတူရေးစပ်ကြပါစို့ နော် …။

“ မုန်းတေးတစ်ခါကျော့လျှင် … ချစ်တေး…တစ်ခါ…နှစ်ခါ…သုံးခါ…လေးခါ …အခါခါကျော့စေချင်ပါသည် … …အခါခါကျော့စေချင်ပါသည် …”


မောင်လေး…ညီမလေးတို့ ရေ ….တစ်ခါမုန်းဖူးရင် အခါခါပြန်ချစ်နိုင်ဖို့ ကြိုးစားပါ … ၊ တစ်ခါယူဖူးရင် အခါခါပြန်ပေးနိုင်ဖို့  စဉ်းစားပါ …၊ တစ်ခါမှားဖူးရင် အခါခါ အမှန်သိနိုင်ဖို့  အားထုတ်ပါ …. ။

“မောင်လေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ … ညီမလေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ …”
……….
……….
“တစ်ကျော့ …. နှစ်ကျော့ …ကျော့ကျော့…. တေး….ကိုသီ … ”

9 comments:

Monday, August 27, 2007

“အပယ်ရတနာ” ၏ ဖွင့်ဟ ၀န်ခံချက်…

ပုဂံမှဇာတ်လမ်းများ(သို့ ) မှတ်တမ်းများ (၂) ။ ။

ဘုရား… ဘုရား…. ရက်စက်လှချည်လား…. မောင်ဘုရားရယ်… ၊
မောင်တော်ဘုရားဟာ … ရွှေအိမ်သည်ရဲ့ ဖခင်အရင်းပါ … ၊ ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရိုးထုံးစံ မရှိသလို ... မင်းတို့ ရဲ့ စကားဟာလဲ .... ပြင်ရိုးထုံးစံ မရှိဘူးဆိုတာ…. နှမတော်…. နားလည်ပါတယ်….မောင်တော်ရယ်….. ၊ ဒါပေမယ့် ဒီစကားကိုတော့ ပြင်လိုက်ပါ … မောင်တော်ရယ်… ၊ ပြင်ပေးပါ…. မောင်တော်မင်းမြတ်ရယ်…. ၊ ရွှေအိမ်သည်ရဲ့ ဖခင်တစ်ယောက်အနေနဲ့ …. အပယ်ရတနာရဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့  …. ဇနီး နဲ့  သမီးကို ငဲ့ညှာသနားတဲ့အနေနဲ့ .... ပြင်ပေးတော်မူလှည့်ပါဘုရား ....၊ ဒီအမိန့် တော်ကိုဖြင့် နှမတော် မကြားခဲ့ဘူးလို့ …မှတ်ယူလိုက်ပါရစေ……မောင်တော်ရယ်…..။ မောင်တော်မင်းမြတ်ကို နှမတော် အမြဲ ပါရမီဖြည့်ခဲ့တာ .... မောင်တော်သိပါတယ် ... ။
ပသီမင်းသား ပဋိက္ခရား နဲ့  သမီးတော်..... မေတ္တာမျှစဉ်အခါက .... မောင်တော်စေခိုင်းစရာမလိုဘဲ ...ကျန်စစ်မင်းကြီးရဲ့ မိဖုရားခေါင်ကြီး အနေနဲ့ .....၁၈ နှစ်အရွယ် ရွှေအိမ်သည် ကို ....မိန်းမသားချင်းကိုယ်ချင်းစာစိတ်ကို ..... ဘေးချိတ်ပြီး ....နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့တာကို .... မောင်တော်အသိပါ ....။ မစားနိုင်မသောက်နိုင် ... တမှိုင်မှိုင်တတွေတွေနဲ့  ... သလွန်ပေါ်ခွေနေရာက ...လန်းဆန်းစပြုကာစ သမီးငယ်လေးကို ....“စောယွန်း”နဲ့  လက်ဆက်စေမယ်ဆိုတာကတော့ ....နှိပ်စက်ရာမကျပေဘူးလား ... ဘုရာ့ .....။ “စောယွန်း” ဆိုတာ ခြေတစ်ဖက် မသန်ဘူးလေ.....ဘုရာ့ ... ၊ နှမတော်မှာ သူတစ်ပါးရဲ့ အားနည်းချက်ကို ....ကဲ့ရဲ့ နှိမ့်ချလိုတဲ့ စိတ်မရှိပါဘူး ...ဒါပေမယ့် ... တပင်တိုင်မြနန်းမှာ ... ယင်ဖိုတောင်မသန်းစေဘဲ စံစားစေခဲ့တဲ့ .... ၊ ဖခင်ရဲ့ထက်မြက်မှု ... မိခင်ရဲ့ သိမ်မွေ့ မှုတွေ နဲ့  .... ရွှေအဆင်းလို တင့်တယ်လှတဲ့ .... သမီးတော်လေးကို... လက်ရုံးရည် ....နှလုံးရည် ပြည့်ဝတဲ့ ... သူရဲကောင်းနဲ့  လက်ဆက်ပေးချင်တာကတော့ ... မိခင်တစ်ယောက်ရဲ့ အတ္တပါ ... မောင်တော်ရယ် ....။ နောက်ထပ်စဉ်းစားစရာက.... “မျိုးစေ့မမှန် ပင်မသန်” တဲ့ .... ။ “စောယွန်း” ရဲ့ ဖခင်က “စောလူးမင်း” လေ... ဘုရာ့ .....၊ အရည်အချင်း တစ်စက်မှ မရှိတဲ့မင်း .... မောင်တော့်အပေါ် အမြဲ မကောင်းကြံခဲ့တဲ့မင်း ..... ရန်သူ့ လက်တွင်းက ကယ်ထုတ်လာတာတောင် .... မယုံမကြည်နဲ့ .... “ ကျန်စစ်သား ငါ့ကိုခိုးပါတယ် ” လို့ ..... အော်ခဲ့လို့  မောင်တော်တောင် အသက်လုပြီး ပြန်ပြေးခဲ့ရတယ် မဟုတ်လား .....။ ဒီလိုဆိုတော့ “စောယွန်း” ဟာ အနော်ရထာမင်းမြတ်ရဲ့ မြေးမို့ .... အင်မတန်ကောင်းတဲ့ မျိုးစေ့ပါလို့ ..... မောင်တော်က နှမကို ဖြောင်းဖျပေဦးမယ် ... ။ အဖေနဲ့  အဖိုး ဘယ်သူ့ သွေးကပိုနီးမလဲ လို့ သာ .... နှမတော် မေးပါရစေတော့ ...။ မိန်းမဆိုတာ ယောက်ျားတွေကို .....ပံ့ပိုးပေးဖို့  လူဖြစ်လာရတာမဟုတ်ပေမယ့်... ဇနီးဆိုတာကတော့ သူ့ ဘ၀ကို .... ခင်ပွန်းအတွက်လို့  .... မှတ်ယူထားကြသူများ ဖြစ်လေတော့ .... ရတနာတို့  သားအမိမှာ .... မောင်တော် စီမံတာ နာခံကြရမှာပါ .... ။ ပြည့်ရှင်မင်းရဲ့ အမိန့် ကို .... ကလန်ကဆန် မလုပ ၀ံ့သလို ... အမြော်အမြင်ကြီးတဲ့ .... ခင်ပွန်းရဲ့ အစီအမံကို ... ဇနီးကောင်းပီသစွာနဲ့  .... ခေါင်းညိတ်လက်ခံပါ့မယ် ... ဘုရာ့ .....။ တစ်ခုတော့ ဖွင့်ဟလိုက်ပါရစေ .... ကျန်စစ်မင်းရဲ့ မိဖုရားခေါင်ကြီး အနေနဲ့  .... မောင်တော်ရဲ့ အမြော်အမြင်ကြီးမားမှုကို .... ထောက်ခံ အားပေး ....ဂုဏ်ယူ ကျေနပ်နိုင်ပေမယ့် ..... ရွှေအိမ်သည်ရဲ့ မိခင် “အပယ်ရတနာ” အနေနဲ့ .... မောင်ကြီးကျန်စစ်ရဲ့ ဇနီးတစ်ယောက်အနေနဲ့ တော့ .... မောင်ဘုရားရဲ့ စီမံမှုကို .... လုံးဝ .... မကျေနပ်ပါဘူး ...ဘုရာ့ ....။ ။

မှတ်ချက် ။ ။ အဖြူရောင်အတွေး ....မိန်းမသားအတွေးသက်သက်သာ ...။

6 comments:

Sunday, August 26, 2007

“လေးမ” … ရှင်းလင်းပွဲ (ဒု)

၃။ Blog တွင်သုံးထားသော အရောင်များနှင့် စပ်လျဉ်း၍ …………………………………..
“လေးမ” တွင် အရောင်စွဲမရှိပါ … အကြိုက်ဆုံးအရောင် … အမုန်းဆုံးအရောင် ဟူ၍ မရှိပါ …။ “လေးမ” အရောင်အားလုံးကို ….. ချစ်သည် … စိတ်ဝင်စားသည် … ။ အရောင်တိုင်းတွင် သူ့ တန်ဖိုးနှင့်သူရှိသည် … အစွမ်းကိုယ်စီရှိကြသည် … ထို့ ကြောင့် အရောင်အားလုံးကို …. တန်ဖိုးထားသည် … ။ သို့ သော် …. “လေးမ” ၏ အသုံးအဆောင်အများစုသည် ….. နည်းမျိုးစုံဖြင့် ပြာနေကြသည် … ။ “လေးမ” ကျောင်းသူဘ၀က ….. စာမေးပွဲဖြေလျှင် ….. jury ၀င်လျှင် ….. အပြာရောင် ၀တ်စုံဖြင့် …. ၀င်လေ့ရှိသည် …။ အပြာရောင်သည် “လေးမ” ကို ကံကောင်းစေသည်ဟု …. မသိစိတ်တွင် မှတ်သားထားခဲ့သည် ။ ထိုမသိစိတ်က လွှမ်းမိုးဦးဆောင် နေသော အချိန်များတွင် …. “လေးမ”၏ အသုံးအဆောင်များ …. ပြာသွားကြသည် … ။ ထို့ ကြောင့် “လေးမ”၏ Blog တွင် ပြာသောအရောင်များ …. ပါဝင်လာကြသည် … ။ မြန်မာပြည် ဗိသုကာဘွဲ့  ၀တ်စုံ၏ လိုင်းကြိုးသည် …. ခဲရောင် ဟုခေါ်သော ….. မီးခိုးရောင်ဖြစ်သည် … ။ ထို့ ကြောင့် ခဲရောင်သည် …. ဗိသုကာတို့  ပိုင်ဆိုင်သော အရောင်ဟု….. သတ်မှတ်ကာ ကျောင်းသူဘ၀ကတည်းက ….. ခဲရောင်ကို မိမိနှင့် သက်ဆိုင်သော အရောင်ဟု ….. စွဲလန်းနေခဲ့သည် …။ ထိုမီးခိုးရောင်သည် …. ဗိသုကာ “လေးမ” ၏ Blog တွင် …. နေရာတနေရာ ရခဲ့သည် … ။ ဤသို့ ဖြင့်…. အဖြူ ၊ အပြာ ၊ မီးခိုးရောင်များဖြင့် ….. အခြေခံဖွဲ့ စည်းထားသော …. အခွံတစ်ခုဖြစ်လာခဲ့သည် … ။

၎။ Blog ရေးသူတိုင်း လုပ်လေ့ရှိသည့်အတိုင်း “လေးမ” ၏ post များကို ကဏ္ဍများခွဲ၍ Label များတပ်ထားခဲ့သည် … ။
2 in 1 style - ကဗျာ တလှည့် စာတလှည့် ရေးသားထားသော စာများ......၊
Analysis - လေ့လာဆန်းစစ်မှုဆိုင်ရာ စာများ ......၊

Architecture - ဗိသုကာ ပညာရပ်နှင့် ဆက်နွယ်နေသော စာများ......၊

Cartoons - ကလေးများကြိုက်သော .... လေးမ ကြိုက်သော စာရုပ်စုံများ .....၊
Flower - ပန်းစကား (သို့ ) ပန်းများနှင့် စကားပြောကြည့်ခြင်း ......၊

Link to the past - အတိတ်သို့  ချိတ်ဆက်ခြင်း ....(သို့ ) တမ်းတခြင်း ......၊

News - သတင်း .....၊

Poem - ကဗျာ......၊
Preface - အမှာစကား .....၊
Seasonal Post - ရာသီစာ .....၊
Tag - ခင်မင်မှုဖြင့် သူတို့ တက် သမျှ.....၊
That's what I wanna say - ပြောချင်သော စကားများ .....၊
Thinking from History - ရာဇ၀င်ထဲမှ အတွေးစများ (သို့ ) သမိုင်းကပေးသောအတွေးများ.....၊
Thinkings from novels - ၀တ္ထုဖတ်ပြီး ကျန်ရစ်ခဲ့သော အတွေးစများ .....၊
Thinkings from story - အတွေးပေးသော ပုံပြင်များ .....၊

Wondering - ဟိုတွေး .....ဒီတွေး ....ယောင်ချာချာ ဖြစ်နေသောအခါ ရေးမိသော စာများ ....၊

ဖော်ပြပါအတိုင်း ကဏ္ဍများခွဲ၍ ရေးသားခဲ့သည် .....။ .....balar....balar...balar....။

ရှင်းလင်းပွဲကို သန်းခေါင်ကျော်အချိန်တွင် လက်ခုပ်တီး၍ နိဂုံးချုပ်ပြီးသကာလ ကြွရောက်လာကြသော ပြည်တွင်းပြည်ပမှ blogger များသည် “လေးမ” ခင်းကျင်းပြသထားသော ဓါတ်ပုံများနှင့် မှတ်တမ်းများကို ၀တ်ကျေတန်းကျေ ကြည့်ရှု၍ ပြန်သွားကြပါသည် .....။ ။

သတင်းထောက် “လေးမ”

P.s . နောက်တခါအပြောင်းအလဲ လုပ်ဖြစ်ခဲ့လျှင်လဲ ယခုကဲ့သို့  ရှင်းလင်းပွဲ လုပ်ချင်လုပ်မယ် .... မလုပ်ချင် မလုပ်ဘူး ဟု .... “လေးမ” မှ တိကျစွာပြောကြားသွားပါသည် ....။

5 comments:

Saturday, August 25, 2007

“လေးမ” … ရှင်းလင်းပွဲ(ပ)

Virtual World မှ “လေးမ” မှ သူမ၏ Blog နှင့်ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မည် ဖြစ်ကြောင်း “လေးမ”၏ ပြောရေးဆိုခွင့်ရှိသူ “လေးမ” မှ သတင်းပေးလာသောကြောင့် သတင်းထောက် “လေးမ” မှ သွားရောက် စပ်စုခဲ့သည်များအား အများသိစေရန် ဖော်ပြအပ်ပါသည် …။

နေရာ - www.layma-layma.blogspot.com …၊
အချိန် - ညအချိန် …၊
ရှင်းလင်းသူ - အမည်မဖော်လိုသူ “လေးမ” …၊
တက်ရောက်သူများ - ပြည်တွင်းပြည်ပမှ ဘလောက်ဂါကြီးများ ၊ ဘလောဂီကြီးများ နှင့် သတင်းထောက် “လေးမ” … ၊

အကျွေးအမွေး - အတွေးများဆူပွက်လာလျှင် ခပ်သောက်နိုင်ရန် လက်ဖက်ခြောက်ပုလင်း အဆင်သင့်ထားပေးမည် …. ၊
ရှင်းလင်းပွဲကျင်းပရသည့် ရည်ရွယ်ချက် - “လေးမ” အသစ်လဲလိုက်သော အခွံနှင့်ပတ်သက်၍ လူအများ ရှင်းရှင်းလင်းလင်း သိစေရန် ၊ post များအတွက် ပေးထားသော label များနှင့်ပတ်သက်၍ “လေးမ” ၏ သဘောထားအမှန်ကို လာလည်သူများ သဘောပေါက်နိုင်စေရန်… ၊

အထူးသတိပေးချက် - တက်ရောက်လာသူများအနေဖြင့် သိလိုသည်များကို comment တွင် လွတ်လပ်စွာမေးမြန်းနိုင်သည် …၊ သို့ သော် “လေးမ” အကြပ်ရိုက်စေမည့် မေးခွန်းမျိုး လုံးဝမေးမြန်းခွင့်မပြု … မေးမြန်းခဲ့လျှင် “ မဟုတ်ပါဘူး ” ဟူသော စကား လေးလုံးမှလွဲ၍ အပိုဖြေကြားခြင်းပြုမည်မဟုတ် … ၊

ရှင်းလင်းချက်များ
၁။ “လေးမ” အရင်တုန်းက အသင့်ရှိပြီးသား banner ကိုသုံးပါသည်… ။ ယခုအခါ သူငယ်ချင်းတစ်ဦး၏ မြှောက်ပေးမှုကြောင့် မညလေးထံမှ ဖတ်ရှုရသော banner တွင် ပုံထည့်သည့်နည်းအတိုင်း ပုံတစ်ပုံ ကောက်ထည့်လိုက်သောကြောင့် ကိုယ်ပိုင် banner လေးနှင့်ဖြစ်သွားပါသည်…။


၂။ ဆက်လက် ၍ ရွေးထည့်ထားသော ပုံနှင့်ပတ်သက်၍ အကျယ်တ၀င့် အကျဉ်းချုံးရှင်းလင်းသွားပါမည် …။ ရောင်စုံခဲတံများနှင့် ရေးခြစ်ပြီးသား အဖြူရောင် စာရွက်ကို
တွေ့ အောင်ရှာပါသည် … တွေ့ ပါသည် … ကူးထည့်လိုက်ပါသည် … ။ အဖြူရောင်စာရွက်မှာ “လေးမ”၏ ခံယူချက်ကို ကိုယ်စားပြုပါသည် … တနည်းအားဖြင့် “လေးမ” ၏ စာမျက်နှာသည် ဓါတ်ပြယ်နေသော အဖြူရောင် စာမျက်နှာဟု ဆိုလိုသည် ….။ ရောင်စုံခဲတံများသည် အတွေးရောင်စုံကို ရည်ညွှန်းပါသည် … အကြောင်းအရာ တစ်မျိုးတည်း … ရည်ရွယ်ချက် တစ်မျိုးထဲ မတွေးပါ ….မရေးပါ … အရောင်တွေ စုံချင်ပါသည် ….။ ရေးခြစ်ပြီးသားကို ရှာ ထားရခြင်းမှာ ... ရေးပြီးသွားခဲ့ပြီ … အရောင်စုံ ခြယ်ပြီးသွားပြီဟု ဆိုလိုသည် …. ရေးဆွဲထားသည့် ရောင်စုံလိုင်းများမှာ ဒီဇိုင်းတစ်ခု အနေဖြင့် ပီပီပြင်ပြင်မရှိ …. တနည်းအားဖြင့် အဆုံးမရှိသော မျဉ်းကွေးများ ….၊ ဆက်ဆွဲနေဦးမည့် မျဉ်းကွေးများ…ဖြစ်သည် ….။ မျဉ်းဖြောင့်မဟုတ်သော မျဉ်းကွေးများသည် rigid မဟုတ်သည့် flexible အသွင်ကို ဆောင်သည် ….။
ဆက်လက်ဖော်ပြပါမည်

2 comments:

Thursday, August 23, 2007

ညစ် ရင် … လေ ရင် … ဓါတ်ကျရင် …

သူငယ်ချင်းက ပြောတယ်
ကျွန်တော့်စိတ်တွေ “လေ” နေလို့ 
ခဏလောက်
လမ်းလျှောက် ထွက်လိုက်ဦးမယ်တဲ့...
ငါလဲမင်းလိုပဲ
စိတ်တွေ “လေ” တဲ့အခါ
ဂျင်းဂျာကင်လေး ထပ်လို့ 
လမ်းမပေါ် ပြေးထွက်ချင်လိုက်တာ... ။

စိတ်ညစ်ရင် လမ်းလျှောက်ထွက်လိုက်ရတာ အကောင်းဆုံးပဲ... လမ်းပေါ်မှာ ကားမပါဘဲ လျှောက်သွားရင်း လေကောင်းလေသန့် တွေ တ၀ကြီးရှူသွင်းရင်း စိတ်ညစ်စရာတွေကို တ၀ကြီးပြန်မှုတ်ထုတ်လိုက်ရရင် ပေါ့သွားမှာပဲ.....။ လူးလာလှုပ်ရှား ရုန်းကန်နေကြရတဲ့ လမ်းပေါ်က ဘ၀တွေကိုတွေ့ ရင် ကိုယ့်ဒုက္ခက သေးသေးလေး ဖြစ်သွားကောင်း ဖြစ်သွားနိုင်တယ် ... ပျော်စရာမြင်ကွင်းတွေကို တွေ့ ရင်လဲ အပျော်တွေ ကူးစက်သွားနိုင်တယ် ... သတိထားကြည့်တတ်ရင် ရယ်မောစရာ အဖြစ်အပျက်လေးတွေကိုလဲ တွေ့ ရမယ်... သေချာတာ တစ်ခုကတော့ လမ်းများများလျှောက်ပြီး အိမ်ပြန်ရောက်လာတဲ့အခါ မောမောနဲ့  အိပ်ပျော်သွားနိုင်တယ် ... ။ အတွေးတွေ နှိပ်စက်ခွင့် မရတော့ဘူး ...။ ( လမ်းလျှောက်ထွက်မယ်ဆိုရင် အနွေးအကျီင်္လေး ဆောင်သွားဖို့ တော့ မမေ့နဲ့ နော် .... )

သူငယ်ချင်းက ပြောတယ်
စိတ်ညစ်ရင် ဖတ်ပစ်တယ်
ကာတွန်းတွေ တဲ့ ...
ငါလဲ မင်းလိုပဲ
ညစ်နေတဲ့ အခါ
အသစ်တွေ လိုက်ရှာလို့ 
ဖတ်ပစ်ချင်လိုက်တာ ...။

စာဖတ်ခြင်းသည် ကောင်းသောအလေ့အကျင့်ဖြစ်လို့  ဒီနည်းနဲ့  စိတ်ညစ်တာသက်သာအောင် လုပ်တာလဲ ကောင်းတာပဲ.....။ စိတ်ပြေလက်ပျောက် ကာတွန်းဖတ်ပြီး ရယ်မောလိုက်ရတော့ စိတ်ထဲမှာ ပေါ့သွားနိုင်တယ်.... ခက်တာက ကာတွန်းတိုင်းသည် ဟာသမဟုတ်.....ရယ်စရာမကောင်း....။ Online ရရင် Blog တွေလိုက်ဖတ်နေရတာ ပျော်စရာကောင်းတယ်....။ အပြင်မှာ နာမည်ရနေတဲ့ စာရေးဆရာတွေရဲ့ အရေးတွေ.... အတွေးတွေနဲ့ ပတ်သက်လို့  ချက်ချင်းကောက်ချက်ဆွဲ..... ဆွေးနွေးလို့  မဲပေးလို့  မရဘူး.....ရခဲ့ရင်တောင် သူတို့ စာတွေကို
ဝေဖန်သုံးသပ်ဖို့  တော်ရုံလူမ၀ံ့ရဲပါဘူး....။ သူတို့  ဘယ်လိုပြန်ဆွေးနွေးမလဲ ကိုယ်သိဖို့ ခက်တယ်.....။ Blog မှာ ဒီအခွင့်အရေးတွေ အကုန်ရတယ်.....။ ကိုယ်ကြိုက်ရာကိုယ်ရေး..... ထင်သလို ၀င်ဆွေးနွေးသွားလို့ ရတယ်..... အတွေးတွေ ဖလှယ်လို့ ရတယ်....။ Blogger ကျင့်
ဝတ်ဆိုတာကြီး လူတွင်ကျယ် မဖြစ်လာသေးခင်အထိတော့ အတွေးတွေ.... အရေးတွေ လွတ်လပ်နေဦးမှာပဲ.....။ အဲဒီဟာကြီး လူရာမ၀င်ပါစေနဲ့ ဦးလို့  စိတ်ပုတ်စွာ ဆုတောင်းရမှာလား.....။ စိတ်ဝင်စားရင် cbox တွေလိုက်ဖတ်ကြည့်လိုက်ဦး.....။ မမြင်ဖူး.... မတွေ့ ဖူးကြပါပဲ ချစ်ခင်ရင်းနှီးပျော်ရွှင်စွာ နောက်ပြောင်နှုတ်ဆက်နေကြတဲ့ မောင်နှမတွေနဲ့  ဆဲဆိုရန်စ အငြင်းပွားနေကြတဲ့ လူတစ်စုကိုလဲ တွေ့ ရမယ်.....။ ကိုယ်က ပွဲကြည့်ပရိတ်သတ်......၊ လိုက်ဖတ်ပြီး.....ထိုင်ရယ်နေရုံပဲ.....။

သူငယ်ချင်းက ပြောတယ်
စိတ်ဓါတ်တွေ အောက်ပြုတ်ကျတဲ့အခါ
သီချင်းတွေဖွင့်
music တွေနဲ့ နေကြည့်လိုက်တယ်တဲ့.....
ငါလဲမင်းလိုပဲ
သံစဉ်တွေနဲ့  စာသားတွေထဲ
စီးမျောပျော်ဝင်....
အော်ဟစ်ပေါက်ကွဲ ချင်လိုက်တာ....။

စိတ်ညစ်တဲ့အခါ သီချင်းတွေ နားထောင်မလား..... ဆိုမလား....ကြိုက်တာသာလုပ်.....။ သီချင်းဆိုတာ အပေါက်တစ်ပေါက်ပဲ.... ၀င်ပေါက်ဖြစ်ချင်ဖြစ်မယ်..... ထွက်ပေါက်ဖြစ်ချင်ဖြစ်မယ်.....။ သီချင်းတွေထဲမှာ ကိုယ်နဲ့ တိုက်ဆိုင်တဲ့ ကိုယ်ပြောချင်တဲ့ စာသားတွေ အများကြီးရှိနေနိုင်တယ်.....။ ကိုယ့်စိတ်နဲ့  ထိတဲ့သီချင်းတွေ လိုက်အော်လိုက်ရတာ သိပ်အရသာရှိတယ်.....။ နားထောင်ပါ..... ဆိုပါ..... စိတ်နဲ့  ရင်ဘတ်ကို အကျယ်ကြီးဖွင့်ထားလိုက်ပါ.....။ song source ကိုတော့တိုးတိုးဖွင့်နော်.... ဘေးလူတွေ အနှောင့်အယှက်ဖြစ်ကုန်မယ်....။

သူငယ်ချင်းကပြောတယ်
မင်းစိတ်ညစ်ရင်
စိတ်ဓါတ်ကျရင်
မင်းဘယ်လိုရှင်း သလဲ....
ပို့ စ်တစ်ပုဒ်ရေးလို့ 
ငါ့ကိုတွေးပြစမ်းပါ တဲ့....။

“လေးမ” စိတ်ညစ်ရင်လား......အင်း..... သန့် ရှင်းရေးလုပ်လိုက်တယ်.....။ အခန်းထဲမှာ ပွနေတာတွေ ရှင်းတယ်..... ဖုန်သုတ်တယ်.... ကြမ်းတိုက်တယ်..... ရေချိုးခန်းဆေးတယ်..... အားသွန်ခွန်စိုက် အသားကုန်ရှင်းလိုက်တယ်.....။ သိပ်ငိုချင်လာရင် အ၀တ်တွေ တပုံကြီးလျှော်ရင်း ငိုချလိုက်တယ်.....။ ရေချိုးခန်းကြွေပြားတွေ ပြောင်လက်နေအောင်..... လက်တွေပွန်းအောင် တိုက်ရင်း သီချင်းတွေအော်ဆိုလိုက်တယ်.....။ အ၀တ်ဗီရိုရှင်းရင်း ညစ်နေတာတွေ ရှင်းထုတ်လိုက်တယ်.... သနပ်ခါးကျောက်ပြင်ကို သနပ်ခါးစတွေ ပြောင်စင်သွားအောင်တိုက်ချွတ်တယ်.....။ ခေါင်းဖီးတွေဆေး.... ခေါင်းစည်းတွေလျှော်..... လုပ်စရာတွေ ကုန်လို့ မှ စိတ်မပြေသေးရင် ခေါင်းလျှော်ရေချိုးပြီး စာအုပ်တစ်အုပ်နဲ့  အိပ်ရာပေါ်တက်.... စောင်ခြုံပြီး အိပ်နေလိုက်တယ်.....။

သူငယ်ချင်းရေ
ငါပြောမယ် နားထောင်နော်....
နောက်ဆိုရင်လေ....
မင်းစိတ်ညစ်ရင်
စိတ်ဓါတ်ကျရင်
စိတ်လေလာရင်...
ကဗျာတွေရေး...
စာတွေရေးလို့ 
ခံစားချက်တွေ သွန်မှောက်
သောကတွေ
ထွက်ပေါက်ပေးလိုက်စမ်းပါ...။

စိတ်ညစ်ရင် ကဗျာရေး.... စာရေး.... အတွေးတွေ မျှဝေပေးလို့ ရတယ်.....။ အရေးတွေ ကောင်းစရာမလိုဘူး.... အတွေးတွေလှစရာမလိုဘူး..... အေးအေးဆေးဆေး ဒိုင်ယာရီရေးသလို ရေးချင်တာတွေသာရေး.... ဘာမှတွေးမနေနဲ့ .... စိတ်ရှိသလိုသာရေး..... မကျေနပ်လို့  အော်သွားတဲ့သူရှိရင်လဲ ငြိမ်ခံနေလိုက်.......။ မငြိမ်ချင်ရင် ပြန်အော်လိုက်....။ blog မှာ ပျော်စရာကြီး..... သိလား..... Blog မရှိသေးရင် လုပ်လိုက်တော့....သူငယ်ချင်း ....။ ။

8 comments:

Wednesday, August 22, 2007

ဘက်မလိုက် အရောင် (Neutral color )

“အရောင်များ” ဆိုပြီး…အရောင်တွေ အကြောင်းရေးတုန်းက…ဘက်မလိုက် အရောင်လေးတွေ အကြောင်း…ထည့်မရေးဖြစ်ခဲ့ဘူး…..။ အဲဒီအရောင်လေးတွေရဲ့ ဖြစ်တည်ပုံ နဲ့ … သူတို့ ရဲ့ သဘောတရားလေးတွေကို သဘောကျလို့  … သူတို့  အကြောင်းကို…သက်သက်ရေးမယ်လို့  စိတ်ကူးထားခဲ့ပြီး … အခုမှပဲ ရေးဖြစ်တော့တယ်….။
neutral color ၃ ရောင်ရှိပါတယ်….။ ဓါတ်ပြယ်နေတဲ့ အရောင် (သို့ ) ဘက်မလိုက် အရောင်လို့ ပဲ ခေါ်ကြပါစို့ ….။ White , Black , Gray ပါ….။ ဘာလို့  neutral ဖြစ်တာလဲ ဆိုတော့…. အရောင်တွေ ဆတူဖြစ်နေလို့ …. အရောင်အားတွေမျှနေလို့ …. ဘယ်အရောင်ကိုမှ ကိုယ်စားမပြု … အားမပေးတဲ့ … ကြားနေအရောင် ဖြစ်နေလို့ ပါ….။
ဘယ်လိုရလာလဲ…
ဆန့် ကျင်ဘက် အရောင်၂ ခု ( အရောင်စက်ဝိုင်းမှာ မျက်နှာချင်းဆိုင်ရှိနေတဲ့ အရောင်တွေ……) ကို ဆတူရောလိုက်ရင် Gray color ရပါတယ်….. စမ်းသပ်ကြည့်ချင်ရင် ရေဆေး အနီ နဲ့  အစိမ်းကို ဆတူရောပြီး မွှေလိုက်ပါ…. မီးခိုးရောင်….ခဲရောင် ဆိုတဲ့ အနီဘက်ကိုလဲ အားမသာ အစိမ်းလို့ လဲ ပြောလို့ မရတဲ့ ကြားနေအရောင်လေး ရလာပါလိမ့်မယ်….။ အရောင်တွေ ဖြစ်တည်မှုရဲ့ အခြေခံအရောင်တွေ ဖြစ်တဲ့…. မူလ အရောင်လို့ လဲ ခေါ်တဲ့… red , yellow နဲ့  blue တို့ ကို ဆတူ ရောလိုက်ရင်တော့ ဓါတ်ပြယ်နေတဲ့… ဓါတ်မျှနေတဲ့… အနက်ရောင် ကိုရပါတယ်…..။ ဒီသဘောအတိုင်းပဲ……… ရောင်စဉ် ၇ ခု အညီအမျှပါဝင်နေတဲ့ … အဖြူရောင်ဟာလဲ … ဘက်မလိုက် … ကြားနေ အရောင် … ဖြစ်လာခဲ့ပါတယ်…..။
ဒီဇိုင်းမှာ အရောင်ရှိတဲ့ အရောင်တွေက အရေးပါသလို…. အရောင်မရှိတဲ့ ဘက်မလိုက်အရောင်တွေကလဲ elements တွေကို ပေါ်လွင်ထင်ရှားအောင် ပံ့ပိုးပေးတဲ့ အရောင်တွေအဖြစ် အလွန်အရေးပါ ပါတယ်…..။ ။

Ref: Architecture: Drafting and Design ; Donald E.Hepler, Paul R. Wallach , Dana J. Hepler


5 comments:

Tuesday, August 21, 2007

အဆုံးမသတ်တတ်တဲ့ ကဗျာ

အဆုံးမသတ်တဲ့ “ည”

အဲဒီည…
ဟိုည…
ထိုည…
ဒီည….
မှောင်မဲနေတဲ့ည
ကြေကွဲနေတဲ့ည…
ဘယ်မှာလဲ “လ”…
ငါ့ကို ဖျားယောင်းလှည့်စမ်းပါ….။

ဘယ်မှာလဲ….
ကြယ်တွေ….
ဘယ်မှာလဲ…???

တပွင့်မှလဲ မရှိပါလား…
ငိုလို့  ရွဲနေတဲ့
ငါ့ အလှကို …
မကြည့်ရက် …
မှေးစက်လို့  အိပ်ကုန်ကြပြီလား….။

ငါ့နံဘေးမှာ
ကွန်ပြူတာစက်သံနဲ့ 
ကီးဘုတ်သံ တချက်ချက်ကလွဲလို့ 
ဘာသံမှမရှိ တိတ်ဆိတ်ခြင်းအတိနဲ့ 
သီချင်းသံလေးတောင်မရှိပါလား….၊

သီချင်းလား….
ငါ မဖွင့်ရဲပါဘူး…
“ကြေကွဲသွားတဲ့ နေ့ညတွေ
တစ်ယောက်ထဲ မင်းထားခဲ့ချိန်တွေ” လို့ 
သူတို့ က ဆိုကြဦးမယ်လေ….။

၁၂ နာရီကျော်လို့ .
ဟိုဘက်ကို ၂ နာရီကူးသွားခဲ့ပြီ….
ကြောင်စီစီမျက်လုံးတစ်စုံနဲ့ 
notebook ဘေးက ဓါတ်ပုံလေးကို
ကြောင်တောင်တောင်ကြည့်ရင်း
ငါ မိုးလင်းသွားတော့မှာလား…..။

ဒီလို ညတွေကြောင့်သာ
ငါ ရူးသွားရမယ်ဆိုရင်…..
ရူးသွားရမယ်ဆိုရင်…..
ရူးသွားရမယ်ဆိုရင်…..
……
……
……


6 comments:

Monday, August 20, 2007

စာဖတ်သူ၏ အမြင်

ဆရာမ “ဂျူး”က “လေးမ” အကြိုက်ဆုံး ၊ အဖတ်ဖြစ်ဆုံး စာရေးဆရာများထဲမှ တစ်ဦးပါ…..။ ဆရာမ ရေးတာဆိုရင် လုံးချင်း ၊ ၀တ္ထုတို ၊ရှည် ၊ ဆောင်းပါး လက်လှမ်းမီသလောက် … အဆင်ပြေသလောက် … ဖတ်ဖြစ်တယ်….။ “ အမှတ်တရ ” က စဖတ်ဖြစ်တာ…..။ ဆရာမရေးတဲ့ ပုံစံကို… သိပ်ကြိုက်တာ…..။ ဗဟုသုတ စုံတာကိုလဲ သဘောကျတယ်……။ အကြောင်းအရာ တစ်ခုကို သေချာရေးပြနိုင်တာကိုလဲ ကြိုက်တယ်…..ဖတ်ရသမျှ ရသ အပြင် ဒေသန္တရဗဟုသုတ ၊ ပညာရပ်ဆိုင်ရာ ဗဟုသုတတွေကိုလဲ အပိုဆု ပေးသေးတယ်…….။ ဆရာမရဲ့ အရေးအသားတွေကို စွဲစွဲလန်းလန်းဖတ်တတ်တဲ့ … စာဖတ်သူ တစ်ယောက် အနေနဲ့ … ထူးထူးခြားခြား သတိထားမိတဲ့ ၊ ခံစားမိတဲ့ … အချက်လေးတွေ ရှိတယ်…….။ ဆရာမပေးတဲ့ ဇာတ်ကောင်စရိုက်တွေမှာ……. တာဝန်မယူတတ်သော ယောက်ျားများ နဲ့  ကြံ့ခိုင်သော မိန်းမများ ( အားကျ စံနမူနာ ထားလောက်သော မိန်းမများ ဟု မဆိုလိုပါ )…..ကို မကြာခဏတွေ့ ရတတ်ပါတယ်…….။

“ကြယ်ကြွေတို့ ရဲ့ အတောင်ပံ” မှ

“နှစ်ဦးလုံးမှားတဲ့ကိစ ။ အပြစ်ဒဏ်ရရင် ညီတူညီမျှ ရရမှာပေါ့ ။ အခုတော့ ကာယကံရှင်တစ်ယောက်က အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲဘဲ ပုဝပ်နေရချိန်မှာ အဓိက ကာယကံရှင်ကြီးက ဘုရားသွားကျောင်းတက် မျက်နှာထားတစက်မှမပျက်။ အပြစ်လွတ်နေရောလား ။” (မနှင်းမှုန်)
ဧည့်ပရိတ်သတ်အလယ်မှာထိုင်လျက် လက်ရှိနေထိုင်သောရပ်လိပ်စာ ၊ အလုပ်အကိုင် လူမှုရေး စသည်တို့ ကို ဒိုင်ခံဖြေပေးနေသော လူငယ်သည် အမေဖြစ်သူ တချိန်က ရင်ဆိုင်ခဲ့ရသော အရှက်တို့ ကို တစ်စချင်း တစ်လွှာချင်း ပြန်လည်ဖယ်ရှားပေးနေသလိုပါပဲ ဟု မနှင်းမှုန်တွေးနေမိသည် ။
“……..မိန်းမတစ်ယောက်အနေနဲ့  မနှင်းမှုန်ဆိုတဲ့ မိန်းမဟာ အမှားတွေ အမဲစက်တွေနဲ့ ပါ ။ ဒါပေမယ့် မိခင်တစ်ယောက်အနေနဲ့ တော့ မနှင်းမှုန်ဟာ စံပြပါပဲ ၊ မေမေကြောင့် ကျွန်တော် အခုလို လူရာဝင်တဲ့သား ဖြစ်ခဲ့ရတာပါ ” ( ဒေါက်တာမင်းဥာဏ် )

အိမ်ထောင်ရှိ ယောက်ျားတစ်ဦး၏ မဆင်ခြင်မှုကြောင့်… တာဝန်မယူမှုကြောင့် … ရလာတဲ့ သားတစ်ယောက်ကို … သူမ၏ ချစ်သူကိုလဲ ဒုက္ခမပေးဘဲ … တစ်ယောက်ထဲ အခက်အခဲကြားကနေ … လူလားမြောက်အောင် ပျိုးထောင်နိုင်ခဲ့သော… မနှင်းမှုန် ၊ အမေ၏ စိတ်

ဝေဒနာ ပျောက်ကင်းရေးအတွက် … သနားကြင်နာစွာခြင်းကြီးစွာဖြင့် ဖေးမခဲ့သော သား….. နှင့် ညနေခင်း ခရမ်းခင်းက အပြန် … အဖော်တွေနဲ့  ဝေးကျန်ရစ်ခဲ့တဲ့ မိန်းမငယ်လေးတစ်ဦးကို ကိုယ့်ရွာသားချင်းဆိုတဲ့ … စာနာစိတ်မရှိခဲ့တဲ့ ဦးစံလှ…. တို့ ကို ရေးဖွဲ့ ထားသော ဇာတ်လမ်းဖြစ်ပါသည်….။
…………………………………………………….
“ စောင့်နေမယ်လို့  မပြောလိုက်ဘူး ” မှ

“ ဒီကလေးကို မမမွေးချင်တယ် ။ လက်ထပ်လိုက်ရအောင်ပါ လို့  သူ့ ကို ဒူးထောက်ပြီး တောင်းပန်နေတဲ့ အချိန်တွေတုန်းက သူ့ အာရုံထဲမှာ ရှိနေတာက ကာဒစ်ဖ် တက္ကသိုလ်မှာ

ဘွဲ့ လွန်တက်ဖို့ ပါ….” ( ခက်စိမ်းနွယ် )
“….အမှန်ကို အဲဒီတုန်းကတည်းက မမမြင်သွားခဲ့တာ ။ ဟန်သာဆိုတာ တစ်ကိုယ်ကောင်းသမား ။ ကိုယ့်ကြောင့် ကိုယ့်သွေးကနေဖြစ်တဲ့ ရင်သွေးလေးကို အလွယ်တကူ သတ်မိန့် ပေးခဲ့တဲ့လူ ။ အပေါ်ယံက ရွှေမှုန်ကြဲပြီး အထဲမှာ နောက်ချေးတွေနဲ့ ရွံစရာကောင်းတဲ့လူ ။ အဲဒါညီမဆရာရဲ့ တကယ့်အဖြစ်မှန်ပဲ ” ( ခက်စိမ်းနွယ် )
ဒီဝတ္ထုမှာ………… ရည်မှန်းချက်ကြီးမားသော … ဒေါက်တာဟန်သာ ဆိုသော ပညာတတ် ယောကျာ်းတစ်ယောက်၏ … တာဝန်မယူမှုကို … ကြံ့ကြံ့ခံပြီး … ဘ၀ကို အရှုံးမပေးဘဲ တိုက်ပွဲ

ဝင်ခဲ့သော … ခက်စိမ်းနွယ် ဟူသော အမျိုးသမီးကို တွေ့ ခဲ့ရပါသည်…..။
…………………………………………………….
“ ကျွန်မ၏ သစ်ပင် ” မှ
“ တစ်ခါတုန်းက မင်းမေးသလို ငါ့ကို မေးလေ ၊ ငါတို့  ဘာကြောင့် ကွဲသွားတာလဲလို့  မေးလေ ၊ ဘာဖြစ်လို့ လဲ သိလား…. အဲဒီနေ့ တုန်းက ငါ သူ့ ကို….၊ သူ့ အိမ် အလည်သွားရင်း သူတောင်းပန်နေတဲ့ကြားက……” ( အုပ်စိုး၏ ဖေဖေ)
ဖေဖေက မိန်းမတစ်ယောက် အပေါ် မှားခဲ့တာနဲ့ ပဲ အဲဒီမိန်းမက ကျွန်တော့်အပေါ် ထပ်မှားဖို့  ကြိုးစားမယ် ဆိုတာတော့ ကျွန်တော် မယုံနိုင်ဘူး ဖေဖေ…။ ( အုပ်စိုး)
“ ….မင်းတွေးတဲ့ ဥယျာဉ်မှူးတွေ ၊ သစ်ပင်တွေ မျိုးတော့ မဟုတ်ဘူး ၊ အတာဟာ ကိုယ့်အတွက် သစ်ပင် တစ်ပင် ဖြစ်ခဲ့တာမှန်တယ် ၊ ဒါပေမဲ့ ကိုယ်စိုက်ပျိုးခဲ့တဲ့ ၊ ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ သစ်ပင်တော့ မဟုတ်ခဲ့ဘူး ။ ကိုယ် အရိပ်ခိုလှုံချင်တဲ့ ၊ ကိုယ်မြတ်နိုးတဲ့ သစ်ပင် တစ်ပင်ပဲ ။ ကိုယ် အဲဒီသစ်ပင်ကို လိုချင်တယ် ၊ ဘယ်တော့မှမရခဲ့ဘူး….” ( ဒေါ်နီနီဇော် )
အဖေလုပ်တဲ့သူရဲ့ တာဝန်မယူမှုကို … အပြစ်မဆိုခဲ့ပေမဲ့ … သားဖြစ်သူနဲ့  ပတ်သက်မိတဲ့ အချိန်မှာ ဒါဟာလက်စားချေတာပါလို့  … အစွပ်စွဲခံခဲ့ရတဲ့ … ၂ ခါရှုံး မိန်းမတစ်ဦး….. ၊ အဖေကို ချစ်သော …. ဂီတကိုချစ်သော…. ထိုမိန်းမကိုလဲ ချစ်သော…. သို့ သော် ပတ်ဝန်းကျင်ကို ရင်ဆိုင်ရန် သတ္တိ မရှိသော....အုပ်စိုးဟူသော အဆိုတော်တစ်ဦး တို့ ကို … ဂီတနှင့် ရောမွှေရေးဖွဲ့ ထားသော ၀တ္ထု ဖြစ်သည်….။
…………………………………………………….
“ အမှတ်တရ ” မှ
“ မောင်က လိုက်ခဲ့ပါဟု ခေါ်တုန်းကလည်း မောင့်ဘေးမှာ ကျွန်မပါသည် ။ မောင်က နေရစ်ခဲ့ဟု ဆိုပြန်တော့လည်း မောင် စိတ်အနှောင့် အယှက်ဖြစ်မည့် စာတစ်စောင် ၊ စကားတစ်ခွန်းမျှ မောင်မကြားရစေဘဲ ကျွန်မ ငြိမ်သက်စွာ နေရစ်ခဲ့တာ အမှန်ပါပဲ ။ အဲ့သည် အထိ ကျွန်မ မောင့်ကို ချစ်မြတ်နိုးခဲ့ပါသည်….” ( ဒေါက်တာ စုစုထွေး )
“…. . နင်ကိုယ်တိုင် ဒီဇာတ်သိမ်းမျိုး ဖန်တီးပေးခဲ့တာ မဟုတ်လား ။ တကယ်ဆို နင် ငါ့ကို ပါးရိုက်ပစ်လိုက်ပါလား ။ နင်နဲ့  ငါနဲ့  အများအမြင်မှာ လင်မယားပဲ ၊ နင့်ဘက်က လုပ်စရာ အများကြီး ….” ( မောင်)
“မောင်” ငှားထားသော နန်းရှေ့က အိမ်ကလေးတွင် မကြာခဏ ဖြူစင်စွာ အတူနေထိုင်
လို့  ဆေးကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ကြတဲ့ ချစ်သူနှစ်ဦးကို ရေးထားပါတယ်….။ ဘယ်လောက်ပဲ ဖြူစင်တယ်ပြောပြော အဲဒီမိန်းမဟာ ပတ်ဝန်းကျင်ရဲ့ အမြင်မှာတော့ မဖြူစင်တော့ပါဘူး……။ ဒီတချက်နဲ့ တင် ဒီမိန်းမကို လက်ထပ်ဖို့ သင့်နေပါပြီ….။ ဒါပေမယ့် သိပ်ချစ်ပါတယ်ဆိုတဲ့ ထိုယောက်ျားက လက်မထပ်ခဲ့ပါဘူး….။ သူ့ ကိုခြေရာချင်း မတိုင်းမဲ့ နူးညံ့သိမ်မွေ့ ပြီး မိန်းမဆန်တဲ့ ရိုးရိုးအအ မိန်းမ တစ်ယောက်ကိုပဲ ရွေးချယ်ခဲ့ပါသတဲ့….။ ကြုံတုန်း သတိပေးချင်တာက … ယောက်ျားအများစုရဲ့ စိတ်ကို သတိထားကြည့်ရင် … မိန်းမ ဦးဆောင်တာ ခံရမှာ … သိပ်ကြောက်ကြတယ်….. ထက်မြက်တဲ့မိန်းမတွေကို မိတ်ဆွေ…၊ သူငယ်ချင်း…၊ လုပ်ဖော်ကိုင်ဖက် အဖြစ်နဲ့  လက်ခံနိုင်ပေမဲ့ … ဇနီးအဖြစ်တော့ မစဉ်းစားရဲကြဘူး….. လူတိုင်းတော့ မဟုတ်ပါဘူး…… တချို့ တွေပေါ့နော်…။

“အမှတ်တရ” ဟာ မြန်မာအသိုင်းအ၀ိုင်းက လက်မခံနိုင်သော ….၊ အလွန်အန္တရာယ်များသော နေထိုင်မှုပုံစံ…..အတွေးအခေါ် … အရေးအသားများကြောင့် … စာပေလောကမှာ အတော်ဂရက်ရိုက်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်…..။ တလောက ပန်းဆိုးတန်းက စာအုပ်အဟောင်းဆိုင်မှာ မေးကြည့်တော့ … ထပ်မံ ထုတ်ဝေခွင့် မရတော့တဲ့ အတွက် မိတ္တူပဲ ရှိပါတယ် ဆိုလို့  … မိတ္တူစာအုပ်ကို ၂၀၀၀ ပေးပြီး ၀ယ်လာခဲ့ရတယ်….. (ထုတ်ဝေခွင့်မရတာလား…. မထုတ်ဝေတော့တာလား လေးမ မသိပါ…စာအုပ်ရောင်းတဲ့ လူကြီးပြောလိုက်တဲ့အတိုင်းရေးထားတာ….) ။
…………………………………………………….
“လေးမ” စာအုပ်စင်မှာရှိနေတဲ့ ဆရာမ “ဂျူး” ရေးတဲ့ စာအုပ်တွေထဲက တချို့ ကို မျှဝေ တာပါ…..။ “လေးမ” တွေ့ ရသလောက် ယောက်ျားတော်တော်များများ ( အထူးသဖြင့် သမီးရှိတဲ့ ဖခင်တွေ ) ကတော့ ဒီဝတ္ထုတွေကို မနှစ်သက်ကြပါဘူး…..။ “လေးမ” ကတော့ ဒီလိုစာတွေဖတ်ရတာ ပညာရတယ်…..။ “လေးမ” ရဲ့ အမြင်သက်သက်ပါပဲ….။ ကောင်းခြင်း…. ဆိုးခြင်း ဆိုတာ ဖတ်တဲ့သူက သတ်မှတ်တာပါ…..။ “ အမှတ်တရ” ကို ဖတ်တော့ “လေးမ” ၁၆ နှစ်ပဲရှိပါသေးတယ်….. ဒါပေမယ့် လေးမ သူတို့ ကို အားကျ အတုခိုးတဲ့ စိတ်မျိုး မဖြစ်ခဲ့ပါဘူး….. စုထွေး ခွင့်လွှတ်နိုင်တဲ့ မောင် ဆိုတဲ့လူကို ဓါးနဲ့ နုတ်နုတ်စင်းပစ်ချင်ခဲ့တယ်…. ယောက်ျားတချို့ ရဲ့ စိတ်ကိုလဲ သိပ်ကြောက်သွားတယ်…။ ဒီစာအုပ်က ပါးပါးလေးဆိုပေမဲ့ အတော်ဆင်ခြင်စရာ များပါတယ်….. ဆက်ရေးရင် သိပ်ရှည်သွားမှာစိုးလို့  ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်…..။ ။

P.s. တာဝန်မယူသော ယောက်ျားများကို ရွေးထုတ်ပြလို့  လည်လည်လာတဲ့ ယောက်ျားသားများ ဒေါသမပွားကြပါနဲ့ ….။ “ဖောက်ပြန်သော မိန်းမများ” ကို ဆက်ရေးဖို့  အစီအစဉ်ရှိပါတယ် …. အမြည်းပေးရရင်တော့ ဆရာဒဂုန်တာရာ မွေးထုတ်လိုက်တဲ့ “မေ” ….။

4 comments:

ပျောက်တယ်….ပြင်တယ်…..ကောင်းသွားတယ်…

ကမ္ဘာအတုမှ ခဏ ပျောက်သွားခြင်း…
ဒီရက်ပိုင်းမှာ……“လေးမ” ပျောက်နေတာကို … တချို့ သူငယ်ချင်းတွေ … သတိပြု မိပါလိမ့်မယ်…။ ခင်မင်တဲ့သူ တချို့ ကလဲ “လေးမ” တစ်ယောက် မပုံရိပ်လို မလုပ်မဖြစ်တာလေးတွေလုပ်ဖို့…မဂျစ်စကားနားထောင်ပြီး…မပန်ကို အတုခိုးပြီး ဗကေးရှင်း ယူသွားတယ်လို့ … တွေးကောင်းတွေးပါလိမ့်မယ်…။ အဲဒီလိုများ…သတိရနေမယ့်သူ တစ်ယောက်လောက် ရှိရင်ဖြင့်….သိပ်ပျော်စရာကောင်းမှာပဲ….လို့ မတွေးတော့ပါဘူး…. မပန်ပြောသလို … မင်္ဂလာတရားတော်နဲ့ အညီ ….Blog မှာ နေထိုင်ရမယ်…။
“လေးမ” ပျောက်နေတာ… အိပ်ရာထဲ ဗုန်းဗုန်းလဲ သွားလို့ ပါ…။ ဟိုနေ့ က…. ဒီဇယ်ဈေး ၂ ဆ တက်သွားတော့ …. အိမ်က ကား ၈ စီးအတွက် ဆီဖိုးကို နင့်ခနဲ ….. တခါတည်းထုတ်ပေးရတဲ့ အချိန်မှာ … အင့် …. ခနဲဖြစ်ပြီး… ပုံရက်သား လဲကျသွားလို့ ပါ ရှင်…။ လမ်းထိပ်မှာ ပဲပြုတ်သွား

ဝယ်ဖို့  BMW လေးတစ်စီး နဲ့ …. မျက်စောင်းထိုးက အိမ်မှာ အတင်းသွားအုပ်ရင် စီးဖို့  …. မာစီးဒီးလေး တစ်စီး လောက် … ၀ယ်ဦးမယ်လို့ …. စဉ်းစားထားတဲ့ စိတ်ကူးလေးကိုတောင် …. ဆိုင်းငံ့ list ထဲ…. ထည့်လိုက်ရတယ်…..။ “လေးမ” နေမကောင်းတာလေ….ထမင်းတောင် မစားနိုင်ဘူး…. ၅၀၀ တန် ပန်းသီး ၁၀ လုံးကို…. မစားချင်စားချင်နဲ့ …. မ၀င်ဝင်အောင် စားရတယ်….။ အိပ်ရာပေါ်ကလဲ မထနိုင်ဘူး…. တနေကုန် အိပ်ရာထဲမှာပဲ လှဲနေရတယ်…။ မြန်မာကား….. တရုတ်ကား…. အင်္ဂလိပ်ကား… ကိုရီးယားကား…..ကုလားကားတွေကို… မြန်မာ စာတမ်းထိုးနဲ့  ဆက်တိုက်လွှင့်ပေးနေတဲ့ 5 movies ကို ကြည့်ရင်း….အိပ်ရာထဲမှာလှဲနေရတယ်…..။ သူများအဆင်သင့် ဘာသာပြန်ပေးထားတဲ့ ရုပ်ရှင်တွေကြည့်ရင်း ကိုယ့်ကိုယ်ကို တုံးလာပြီလား
လို့ … သံသယ၀င်မိပေမယ့် … ဘာသာပြန်စာသားနဲ့  စကားပြော တွဲသင်ပြီးသားဖြစ်တာပေါ့ လို့ လဲ ဆင်ခြေပေးမိပြန်တယ်…..။
“လေးမ” နေမကောင်းတာ ပြင်းထန်လွန်းလို့  connection လေးတောင် ဓါတ်ကူးပြီး နေမကောင်းဖြစ်သွားပါတယ်….။ အရင်လိုပဲ … တနေ့ ကောင်းနိုး ကောင်းနိုးနဲ့ … စောင့်နေရာက … မနေနိုင်တဲ့ အဆုံးမှာ…. ပညာရှင်ကို ပင့်ပြီး…စစ်ခိုင်းလိုက်တော့…. မိုးရွာလို့ … routerထဲက… data တွေ… ပြောင်းကုန်တာဆိုလား….ဘာလား…. တောက်တောက်တက်တက်နဲ့  ပညာရှင်က နှိပ်လိုက်တော့ … ကောင်းသွားရော….။ “လေးမ” လဲ နောက်တခါဖြစ်ရင် … ကိုယ့်ဟာကိုယ် ပြင်လို့ ရအောင် … နားလည်အောင် လိုက်ကြည့်ပေမယ့် … ပညာပါရမီ ဓါတ်ခံက နဲတော့ … ဘာတွေ လုပ်လိုက်မှန်းကို မသိလိုက်ရပါဘူးရှင်….။ စောစောစီးစီး ခေါ်စစ်ခိုင်းမိရင် ၃ ရက်လောက် နေမထိထိုင်မသာ ကြိတ်မှိတ်သည်းခံပြီး အိပ်နေရတဲ့ … ဝေဒနာကို … ကြာကြာခံစားရမှာ မဟုတ်ဘူး….။
ကောင်းသွားပြီ…………………………………
အခုတော့လဲ အားလုံးကောင်းသွားပါပြီ…..။ စက်ကလဲ…. ပြင်လိုက်လို့  ကောင်းသွားတယ်….…. လူကလဲ စိတ်ကိုပြင်လိုက်လို့ ….ကောင်းသွားတယ်….။
ဒါဟာ စိတ်ညစ်စရာမှ မဟုတ်ဘဲ….. ဘယ်တတ်နိုင်ပါ့မလဲ…… ဒီလိုပဲ အချို့ သော
အရာတွေကို လိုချင်လို့ မဟုတ်ဘဲ….ရခဲ့တယ်…..နှစ်သက်လို့  မဟုတ်ဘဲ လက်ခံခဲ့ရတယ်…..ကျေနပ်လို့  မဟုတ်ဘဲ ခေါင်းညိတ်ခဲ့ရတယ်….. မထူးဆန်းပါဘူး….. ဒါဟာ လူ့ ဘ၀ပါပဲ…..။ လူ့ လောကရဲ့ အလေ့အထကို စောဒကတက်နေရင် ကိုယ်ပဲ ဒုက္ခရောက်မယ်လေ…. ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ တွေး…. စိတ်ကိုမျှတအောင်ထား…… သင့်တင့်လျှောက်ပတ်စွာနှလုံးသွင်း……။ ဘ၀ နဲ့  ဆန္ဒထပ်တူကျဖို့ ထက် ဘ၀နဲ့  ဆန္ဒ အပေးအယူမျှဖို့ က ပိုအရေးကြီးတယ်….. မဖြစ်နိုင်ပါဘူးဆိုပြီး … အားလျှော့ဖို့ …. လက်လျှော့ဖို့ တော့ မဟုတ်ဘူး…… မဖြစ်နိုင်တာကြီးကို ခါးသီးရင်း … တန်ဖိုးရှိတဲ့ အချိန်တွေ … အလဟသ ဖြစ်မှာစိုးတာ……။ လုပ်စရာတွေ အများကြီးရှိသေးတယ်……. အများကြီး လုပ်ချင်သေးတယ် ….. အများကြီး လုပ်ရဦးမယ်…..။ ။

3 comments:

Thursday, August 16, 2007

အကြိုက်ဆုံး အဟောင်း ၅ ….

“လေးမ”ကို ကိုဘုရင့်နောင်က Tag ပါတယ်....။ ရေးခဲ့တဲ့ အဟောင်းတွေထဲက အကြိုက်ဆုံး ၅ ခုတဲ့.....။ ၅ခုထဲလား..... နည်းလိုက်တာ.....။ “လေးမ” ရေးခဲ့မိသမျှ အားလုံး ကြိုက်ပါတယ်....။ ကြိုက်တယ်ဆိုတာ စိတ်ကျေနပ်တာကို ပြောတာပါ.... ။ အတွေးတွေ....အရေးတွေ.... ကောင်းချင်မှ ကောင်းပါမယ်..... တွေးချင်တာတွေး...... ရေးချင်တာရေး လိုက်ရတာကို ကျေနပ်နေတာပါ....။ “လေးမ” bloggerမဟုတ်ပါဘူး..... လက်ရေးမလှလို့ ...... စာအုပ်ထဲမှာမရေးဘဲ...... online တက်ရေး နေတာပါ..... ရောဂါ နောက်တဆင့်တက်ပြီး..... သူများတွေရဲ့ ထင်မြင်ချက်တွေ လိုချင်လာလို့  publish လုပ်မိပါတယ်......။

မေ ၊ ဇွန် ၊ဇူလိုင် ၃ လ မှာရေးခဲ့ သမျှ “လေးမ” စိတ်နဲ့  အတွေ့ ဆုံး ၅ ခုကိုရွေးပေးလိုက်ပါတယ်......။ သြဂုတ်လမှာ ရေးထားတဲ့ထဲက နောက်တခေါက်မှ ရွေးတော့မယ်.....။ ကိုရန်ဆီက သင်ထားတဲ့ မာတိကာလေးက ဒီကနေ့  သိပ်အသုံးဝင်သွားပြီ..... ကိုရန်ရေ.....ကျေးဇူး....ကိုဘုရင့်နောင်ရေ....ကျေးဇူး.....။
1. Architect က ဒါတွေ ပေးတယ်.....
(လူသားတို့  မွေးဖွားချိန်မှ သေဆုံးချိန် အထိ ဗိသုကာတို့  ဖန်တီးသော လက်ရာများနှင့် ကင်းကွာ၍ မရဆိုတဲ့ အကြောင်းလေးရေးထားတာပါ....)
2.အမတ်ကြီးနှင့် တိုးတိုးတိတ်တိတ်…..
(နာမည်ကျော် အမတ်ကြီး ဦးပေါ်ဦးနဲ့  စကားပြောကြည့်ထားပါတယ်....)
3. အဝေးတမြေမှ သားကောင်းများ
(အခြေအနေမှန်ကို မြင်တဲ့အတိုင်း.... ခံစားမိတဲ့အတိုင်း မချိတင်ကဲ.... ၀မ်းနည်းစွာရေးချထားတာပါ....)
4. အတုယူကြရအောင်......
(ကိုယ့်ကိုယ်ကို ဆိုဆုံးမ ဖြစ်တဲ့ စကားလေးကို ရေးထားတာပါ....)
5.ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ပ )
ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ဒု )
(ဗိသုကာဘွဲ့ ရဖို့  ဖြတ်သန်းခဲ့တဲ့ ပျော်စရာ.... လွမ်းစရာ....ပုံရိပ်လေးတွေကို မှတ်တမ်းတင်ထားပါတယ်....)
“လေးမ” blog ကိုလာလည်သူတိုင်းကို tag ပါတယ်....။ စိတ်ဝင်စားရင် ရေးပါ.....။ ရေးဖြစ်ရင် အသိပေးပါ..... လေးမ လာဖတ်ချင်လို့ ပါ.....။
By name နဲ့  နားပူနားဆာ လုပ်ချင်တဲ့ ၅ ယောက်ကတော့.....
၁။ အချိန်ရှားတဲ့ မဂျစ်တူး
၂။ အစိမ်းရောင် Pooh ကိုသန့် ဇော်မင်း
၃။ ခရမ်းရောင် Pooh ပုဂံသား
၎။ ခြောက်လွှတ်တဲ့.....နိုင်
၅။ sparrow
Blog မရှိတဲ့ Jerry ကို အထူး နိုးဆော်ပါသည်......ရေးကိုရေးရမယ်...။ အားလုံးပဲ အဆင်ပြေရင်ရေးပြကြပါဦး....။
----------------------------
မနေ့ က ၅ ယောက်ပဲ ပူဆာခဲ့ပါတယ်.....။
ဒုတိယပိုင်းအနေနဲ့  ဒီနေ့  နောက်ထပ် ၅ယောက်ကို Tag ပါတယ်...
၁။ မပန်ဒိုရာ
၂။ ပေါက်ပေါက်ဆုပ်
၃။ မြလွှာ
၎။မရတနာ
၅။ ရွှေပုံ့ 
(ကြာသပတေးနံ နဲ့ စတဲ့ ၃ယောက်.... ဗုဒ္ဓဟူးနံနဲ့  စတဲ့ ၂ ယောက်ကို ဂျောက်ချလိုက်ပါလို့  ဗေဒင်ဆရာက ဟောလိုက်လို့ ပါ.....)
အင်္ဂါနံပါတဲ့လူကို Tag ရင်လဲ ထီပေါက်ကိန်းရှိတယ်ဆိုလို့ ... ကိုဇင်...ကိုလတ် ရေ.... Tag တယ်နော်....။ ။


8 comments:

Wednesday, August 15, 2007

ပဋ္ဋိက္ခရား၏ကျိန်စာ

ပုဂံမှဇာတ်လမ်းများ(သို့ ) မှတ်တမ်းများ (၁) ။ ။

ကျွန်တော့် ချစ်သူလေးက တပင်တိုင် မြနန်းက ပင်တိုင်စံ ရွှေမင်းသမီးလေးပါ..... ။ ပေါက္ကံပြည့်ရှင် ကျန်စစ်မင်း နဲ့  အပယ်ရတနာတို့ ရဲ့.....ရှုမငြီးတဲ့ ချစ်သမီးလေးပါ......။ ပုဂံပြည်ရဲ့ အသည်းနှလုံး... ပုဂံပြည်ရဲ့ ပန်းနှင်းဆီကိုမှ ကျွန်တော့် နှလုံးသားက လက်ညှိုးထိုးခဲ့တာ ကျွန်တော်ကံဆိုးတာလား.....။ မင်းသမီးမို့  ချစ်ခဲ့တာမဟုတ်ပါဘူး..... ပုဂံပြည်ကို သိမ်းပိုက်ဖို့ လဲ မရည်ရွယ်ခဲ့ပါဘူး....။ ပုဂံသားတွေ ကို အမျိုးဖျက်ဖို့  ပုဂံသွေး နဲ့  ကုလားသွေး သွေးရောဖို့ ဆိုတဲ့ အကြံအစည်မျိုးလဲ မထားခဲ့ရပါဘူး.....။ လောကနန္ဒာဆိပ်ကမ်းမှာ သူလေးကို စတွေ့ ကတည်းက အသဲမှာစွဲအောင် ချစ်ခဲ့ရတာပါ.....။ လုပ်ရက်လိုက်တာ အရှင်မင်းကြီးရယ်..... ကျွန်တော်တို့  ချစ်ခြင်းကို “နိုင်ငံအတွက်” ဆိုတဲ့ အကြောင်းပြချက်နဲ့  ခွဲရက်ခဲ့တယ်.....။ ကျွန်တော့် အသဲတွေ ဟက်တက်ကွဲ.... ရင်ကွဲနာကျလို့  ကျွန်တော် သေပွဲဝင်ရပါပြီ......။ မသေခင် ကျွန်တော်.....ကျိန်စာတိုက်ခဲ့မယ်.....။
နောင်တချိန်မှာ ပုဂံပြည်ရဲ့ အသည်းနှလုံးဖြစ်မယ့်သူဟာ တပြည်သားနဲ့ ရပါစေ...... ပုဂံသူတွေဟာလဲ တပြည်တရွာမှာဖြစ်စေ.....ပုဂံပြည်မှာဖြစ်စေ..... တပြည်သားတွေနဲ့  လက်ဆက်လို့ ..... ပုဂံသွေး ၅၀....တပြည်သွေး ၅၀....ပါဝင်တဲ့ ရင်သွေးတွေ မွေးဖွားလို့  .....ကမ္ဘာမှာ “ဒါဟာ ပုဂံသားစစ်စစ်ဟေ့” လို့  လက်ညှိုးထိုးပြလို့ မရအောင် ပုဂံသားတွေ ဆိတ်သုဉ်းပါစေ..... ကျွန်ုပ်ပဋ္ဋိက္ခရား၏ ကျိန်စာသည် ဤရေထု.....၊ မြေထု....၊ လေထု ....၊ တိမ်ထု များတည်ရှိနေသရွေ့  တည်တံ့ပါစေသတည်း.......။ ။

မှတ်ချက် ။ ။ကြိုက်သလိုသာတွေး.... အတွေးတွေ flexible ဖြစ်အောင် တမင်ရေးထားတယ်.... လေးမကတော့ ပေးချင်တဲ့ message လေးတစ်ကြောင်းလောက် ရေးလိုက်ရရုံနဲ့  စိတ်ချမ်းသာနေတယ်...။ လေးမ စိတ်ချမ်းသာတော့ ကမ္ဘာကြီးအေးချမ်းတာပေါ့..... ဘော်ဘော်တို့ လဲ စိတ်ချမ်းသာသလိုသာ တွေးသွား....။ မတွေးဘဲ ဖတ်ရုံဖတ်ပြီးတော့ ပြန်မသွားနဲ့ နော်..... ပါးပါးလေးတွေးသွား......။

21 comments:

Tuesday, August 14, 2007

အလင်း

၉ တန်းတုန်းကထင်သည်…. အင်္ဂလိပ်ဖတ်စာအုပ်ထဲက "The Light" ဆိုတဲ့ ကဗျာလေး သင်ရတော့ မတောက်တခေါက် ဘာသာပြန်ကြည့်ခဲ့ဖူးတယ်….( မူရင်း မမှတ်မိတော့လို့  သိရင်ပြောကြပါ )
အလင်း
“ ကြယ်စင်များစွာ....ညအပါးမှာ...
နေ့ မှာ နေမင်း.....တကိုယ်တည်း...“သာ”...
နေ၀င်ချိန်ရောက်....နေမင်းပျောက်လျှင်...
ကမ္ဘာကြီး အလင်းရောင် မဲ့လိမ့်မည်....။
ကျွန်တော့်ရဲ့ စိတ်မှာ.....အတွေးများစွာ.....
ကျွန်တော့်နှလုံးသားမှာ အချစ်တစ်ခုသာ.....
အချစ်ပျောက်ဆုံး.....ဝေးခဲ့လျှင်.....
ဘ၀သည် ... အဓိပ္ပါယ်မဲ့လိမ့်မည်...။ ”
၁၅နှစ်သမီး “လေးမ” ရေးခဲ့တဲ့ ကဗျာကို ၂၈ နှစ်ပြည့်တော့မယ့် “လေးမ” က modify လိုက်တဲ့အခါ......
အလင်း
“ည” နတ်သမီးရဲ့ အပါးမှာ...
ကယ်စင်တွေ ခစားလို့ ...
(ငါ) ရေကြည့်တော့...
အများကြီး......အများကြီး ပါလား....၊
ကြယ်ရောင်အောက်မှာ...လမ်းလျှောက်တဲ့သူတော့...
ရှိချင်လဲရှိမှာပေါ့......၊
အသေအချာ တွေးကြည့်တော့
ကြယ်တပွင့် ကြွေသွားလို့ ....
လမ်းပျောက်တဲ့သူတော့....
မရှိလောက်ပါဘူး......၊
တပွင့်မှ မရှိရင်လဲ.....ညဟာညပါပဲ.....။

“နေ့ ” မင်းသမီးနံဘေးမှာတော့....
နေမင်းကြီး တစ်ယောက်ထဲ.....
အလင်းရောင်တွေ ကျဲလို့ ပါလား....၊
တစ်ယောက်ထဲလင်းတဲ့ ရှင်နေမင်း....
အလင်းရောင်တွေ ရုပ်သိမ်း....
ချုပ်ငြိမ်းလို့  ရုံးဆင်းတဲ့အခါ.....
ကမ္ဘာလောက.....မှောင်မဲ....
“နေ့ ” ဟာ “ည ” ဖြစ်သွားခဲ့တယ်.....။

“စိတ်” ဆိုတဲ့ ထိုအရာမှာ....
အတွေးတွေ...ပြန့် ကျဲ.....
ကွန်ရက်တွေခွဲလို့ .....
အများကြီး..... အများကြီးပါပဲ....၊
အတွေးတစ်ခု လွတ်ကျလို့ .....
စိတ်ကူးတစ်ခု ပျောက်ရှသွားခဲ့လဲ....
ဘ၀က .... သိပ်တော့ မပြောင်းလဲပါဘူး....။
“နှလုံးသား” ဆိုတဲ့...
ထိုနေရာမှာတော့....
မူယာမာယာ မများနဲ့ ....
“မေတ္တာ” တစ်ခုတည်း....ထားလိုက်ပါ....၊
တစ်ခုတည်း....
တန်ဖိုးမနဲတဲ့....ထိုအရာ...
မရှိခဲ့.....ကင်းမဲ့ခဲ့ကြရင်.....
အလင်းမဲ့တဲ့ ကမ္ဘာမှာ....
စစ်ပွဲတွေ မစဲဘဲ....
ချောက်ထဲမှာ
သွေးတွေ မဲနေလိမ့်မယ်......။ ။
'The Night has a Thousand Eyes'
The night has a thousand eyes,
And the day but one;
Yet the light of the bright world dies
With the dying sun.
The mind has a thousand eyes,
And the heart but one:
Yet the light of a whole life dies
When love is done.--
Francis William Bourdillon
Thank you so much ko kreator for this original poem....

6 comments:

Monday, August 13, 2007

ဒီအကောင် နဲ့  ဒီအရောင်….တဲ့

မပန်ဒိုရာ ဆီက QuizMeme ….. နဲ့  ကိုမျက်လုံး ဆီက Personality Quiz လေးတွေကို “မ” လာပြီး မေးထားတဲ့ မေးခွန်းလေးတွေကို အဆင်သင့် ဖြေပြီးသားအဖြေတွေမှာ “လေးမ” ဖြေချင်တာလေးတွေ ရွေးပေးလိုက်တော့ “လေးမ” က အစိမ်းရောင် သားပိုက်ကောင်လေးတဲ့……။
သူငယ်ချင်းတို့ လဲ “ ငါဘာကောင်လဲ….. ဘာအရောင်လဲ…” ဆိုတာ သိချင်ရင်…………………..

click……click……Quiz……။ ။

Your Score for The 100 Acre Personality Quiz: 51%
1,928,483 people have taken this quiz so far.506,806 are the same charactor as you (Kanga).


Take the 100 Acre Personality Quiz!

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!


Your score was 99/180.2,845,708 people have taken this quiz.And 986,991 got Green like you.

2 comments:

Saturday, August 11, 2007

အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၂)

အရူး (၄)…
ကျွန်မက ယောက်ျားကို သိပ်ချစ်တာ... အဲဒါကြောင့် စိတ်မချဘူး.... ကျွန်မက အိမ်ထောင်ရေးမှာ ရာထူးတက်မှာ သိပ်ကြောက်တာ...။ ကျွန်မကို ယောက်ျားက ပြောတယ်.... “သံသယတွေနဲ့  ပြည့်နေတဲ့ မိန်းမ” တဲ့..... “တနေ့ အဲဒီစိတ်နဲ့  မင်းရူးလိမ့်မယ်” တဲ့......။ အချိန်တန်လို့  သူပြန်မရောက် လာသေးဘူးဆိုရင် သူ့ ဖုန်းကို မရမက လိုက်ဆက်တတ်လို့  တခါတရံ ယောက်ျားက ဖုန်းပိတ်ထားတတ်တယ်..... အဲလိုနေ့ မျိုးဆို ရန်ပွဲ....ငိုပွဲပဲ.....။ ခုလဲ ည ၈ နာရီထိုးနေပြီ..... ထမင်းစားစောင့်နေတာ ပြန်မလာသေးဘူး....။ ဖုန်းဆက်မိမှာစိုးလို့  လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပေမယ့် အချိန်တန်တော့ ဒီနံပါတ်တွေကိုပဲ နှိပ်မိသွားပြန်တယ်..... “လူကြီးမင်းခေါ်ဆိုသော.......” ဟင်....ဘယ်ကမိန်းမလဲ....ယောက်ျားဖုန်းကို ဒီမိန်းမက ဘာလို့ ကိုင်ရတာလဲ.... “ဟိတ်... ညည်းဘယ်သူလဲ...” ဒီအသံ....ကြားဖူးပါတယ်.....အော်...ဒါ ဆက်သွယ်ရေးက သွင်းထားတဲ့ အသံပဲ..... ဟူး....ဖုန်းချလိုက်တယ်.....။ အင်...ဒါနဲ့ နေပါဦး..... “ဧရိယာပြင်ပရောက်ရှိနေပါသဖြင့်......”
လို့ ဖြေသွားတယ် .....။ ဧရိယာပြင်ပဆိုတာ ဘယ်လိုနေရာမျိုးပါလိမ့်..... ဘုရား....ဘုရား....။ သူ့ အတွင်းရေး မှူးမလေးဆီက ဖုန်းလာတိုင်း ....ကျွန်မရဲ့ profession ကိုစွန့် ပြီး အတွင်းရေးမှူးသင်တန်းပဲ ပြေးတက်ရတော့ မလိုလို ....... စာရင်းအင်းတွေပဲ ပြေးသင်ရတော့ မလိုလို.....ကျွန်မ ကယောင်ချောက်ချား ဖြစ်ဖြစ် သွားတတ်ပါတယ်.....။ ကျွန်မ သူ့ အတွင်းရေးမှူးလုပ်မယ်လို့  အရေးဆိုဖူးပါတယ်....သူကဘာပြန်ပြောလဲဆိုတော့ “ မင်းကတော့ စက်ကတ်ကြေးပဲ လုပ်လို့ ရမယ်....” တဲ့.....။ ကျွန်မကို လူတွေက မကြားတကြားပြောကြတယ်..... “ အဲဒီမိန်းမက သူ့ ယောက်ျား ကို ချစ်လွန်းလို့  ရူးနေတာ..... နေရာတကာလိုက်ကြပ်လွန်းလို့  ဘယ်နေ့ ထားခဲ့ခံရမလဲ မသိဘူး.... အဲဒီနေ့ ကတော့ အဲဒီမိန်းမ သွက်သွက်ခါ သွားမယ့်နေ့ ပဲ....” တဲ့.....။ ဟုတ်လား.... ကျွန်မ ရူးနေတာလား....။

အရူး (၅)...
လေးမ...ဆိုတဲ့ မိန်းကလေး blog မှာစာတွေရေးနေတယ်.... မိတ်ဆွေ သူငယ်ချင်းတွေနဲ့  နောက်လို့  ပြောင်လို့ ..... ပျော်လို့ ....ပါးလို့ .....။ အဲဒါကို ကြည့်မရဖြစ်ပြီး မျက်စိစပါးမွှေးစူးနေတဲ့ သူတစ်ယောက်ရှိနေပါတယ်....။ သူဘယ်သူလဲသိလား.... လေးမ ရဲ့ ကိုယ်စောင့်နတ်ကြီးပေါ့....(အချင်းချင်းကပ်ပြီး မနာလိုဖြစ်နေတာလေ )...။ ဒီနေ့ တော့ သူ.... လေးမကို ပေါ်တင်ချဲပါတယ်.....။
“လေးမ..... နင့်ကိုယ်နင် I'm the Queen ဆိုပြီးတော့ လုပ်ချင်တာတွေ လုပ်နေတယ်ပေါ့..... ဘာတွေလျှောက်ရေးမှန်းမသိဘူး..... ပေါကြောင်ကြောင်နဲ့ ..... ကဗျာတွေလဲပါရဲ့.... ရှက်ဖူးလား.... အတိတ်အတိတ်ဆိုပြီး ပြန်ပြန်ရေးနေတာ တရား လက်လွတ်လှချည်လား..... ဟင်....စိတ်ကို present မှာတည့်တည့်ထားရမယ်လို့  ဘုန်းဘုန်းဟောထားတယ်လေ..... ငါတော့ နင့်ကိုစိတ်ကုန်တယ်.... ဟိုတနေ့ကလဲ ... မိန်းမဆိုတာ သနပ်ခါးပန်းနဲ့  တူသတဲ့..... တခါမှ မကြားဖူးဘူး.... မိန်းခလေးတွေကို စပယ်...ခရေ...နှင်းဆီ နဲ့ ပဲ တင်စားလာကြတာ..... နင့်ကျမှ ထူးထူးဆန်းဆန်း..... ။ အဲလိုသာ ပြောကြကြေးဆိုရင်..... ငါသာ ယောက်ျားလေးဆိုရင် မိန်းမတွေဟာ “ဘိန်းပန်း” နဲ့ တူတယ်လို့  ရေးမှာပဲ..... ရေးလေ.... အဲလိုပြန်ရေးစမ်း.... အဲ...ဟုတ်ပေါင်... နင့်ကို စာမရေးအောင် တားနေပါတယ်ဆိုမှ မြှောက်ပေးသလို ဖြစ်သွားပြန်ပြီ.....။ တော်ပြီ......တော်ပြီ.... နင်လုပ်စရာအလုပ်တွေ ပုံနေပြီ..... ဘာမှ လျှောက်ရေးမနေနဲ့ ... သိတာ....တတ်တာလဲ ဟုတ်တိပတ်တိ မရှိဘဲနဲ့  အာချောင် မနေနဲ့ ......။ ကဲ.... ငါအခု သခွတ်ပင်မှာ နတ်သဘင် ညီလာခံတက်ရဦးမယ်..... ညီလာခံမှာ ဒီပြသနာကို သိကြားမင်းကို တင်ပြရမယ်......။ နင်အိမ်မှာ အိပ်နေနော်..... နင်နိုးနေရင် ငါစိတ်လေးလွန်းလို့ ....။” တချိန်လုံး ငြိမ်ခံနေခဲ့တဲ့ လေးမ ဒီတခါတော့ အပီပဲဆိုပြီး ပြန်တွယ်လိုက်တယ်...... “ဟွန်း....ကိုယ်စောင့်နတ်ကလဲ.... တလွဲကြီးပြောနေတယ်.... သိကြားပြည်မှာ ကသစ်ပင် ပဲရှိတဲ့ဟာကို..... သခွတ်ပင်က အသူရာ ပြည်မှာ ပေါက်တာကြီးကို.....” “ ဟဲ့.... နေရာပြောင်းထားတာ.... နေရာပြောင်းထားတာ.... မသိရင်မပြောနဲ့ .... တခွန်းမှကို ၀င်မပြောနဲ့ ....တော်ပြီ....နောက်ကျနေပြီ.... ငြိမ်ငြိမ်နေ....ကြားလား....”
“ဟုတ်ကဲ့.....ကြားပါတယ်.....” နောက်ပစ်ထားတဲ့ လက်လေးနှစ်ဖက်ကို အသာလေးခါပြီး ဦးညွှတ်လို့  အရိုအသေပေးလိုက်ပါတယ်.....ခေါင်းမငုံ့ လို့ မရဘူးလေ..... ကိုယ်စောင့်နတ်လဲ အရူးပဲလို့  နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်တာ သူတွေ့ လို့ မဖြစ်ဘူးလေ.... (ပြန်မပြောကြေးနော်)......။
ကဲ....လေးမ နဲ့  ကိုယ်စောင့်နတ်..... ဘယ်သူ ရူးသလဲ..... နှစ်ယောက်လုံးပဲ ထင်တယ်နော်.....။ ။

မြတ်စွာဘုရားကဟောကြားခဲ့တယ်....
“ ပုထုဇဉ်တိုင်းဟာ တစ်မျိုးမဟုတ်တစ်မျိုး ရူးကြတာချည်းပဲ” တဲ့...။
(ဦးကြီးပုထုဇဉ်ကို လေးမ ရန်စတာ မဟုတ်ရပါဘူးရှင်)

P.s.ပုံစံအမျိုးမျိုးနဲ့  ရူးနေကြတဲ့ အရူးတွေ အများကြီးရှိတဲ့အနက် ဒီအရူး ၅ မျိုးကို လေးမ စိတ်ကြိုက် စကာတင် ရွေးချယ်ထားတာဖြစ်ပါတယ်.....။

6 comments:

အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၁)

အရူး (၁)…
မျက်နှာမှာသနပ်ခါး ပါးကွက်ကြီးကြီးကွက်ထားတယ်….ရဲရဲနီနေတဲ့ နှုတ်ခမ်းက တတွတ်တွတ်ရွတ်လို့ … .မကျေနပ်တာတွေလဲပါတယ်…. ကျိန်ဆဲနေတာလဲကြားရတယ်…. သီချင်းတွေလဲ ဆိုနေတယ်….။ စိုက်ကြည့်သွားတဲ့ သူတွေကို မျက်စောင်းထိုးလိုက်တယ်….။

အလိုတော်….ဟိုကောင်မလေးတွေများ…. အကျီအကောင်းကို တမင်အပေါက် ဖောက်ဝတ်တော့ ကြည့်ကောင်းနေကြတယ်….ကျုပ်မှာ ဒီတစ်ထည်တည်းရှိလို့  ပြဲစုတ်နေတာကြတော့ နှာခေါင်းရှုံ့  သွားကြတယ် ….. အံ့ရော…. အံ့ရော…..။ ဘာလဲ…..ဟား….ဟား…. မနာလို ဖြစ်နေကြလား….ကျုပ်လို စိတ်ရှိတိုင်း ပြောခွင့်မရှိလို့  လေ……ကျုပ်ကို အရူးတဲ့….ဟား….ဟား…..အရူးဆိုတာ နာမည်သာဆိုးတာ နင်တို့ လို….........။ ကျုပ်လွယ်အိတ်ထဲမှာ အစုံပါတယ်….ကျူပ်စိတ်နဲ့ 
တွေ့ တာလေးတွေဆို ကောက်ထည့်ထားလိုက်တာဘဲ….. စာရေးဆရာဆိုတဲ့လူကြီးတွေက ကျုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့  “အရူးလွယ်အိတ်” ဆိုလားဘာလား….ပြောသံကြားမိသေးတယ်…..။ ကျုပ်က စိတ်ပျော်ရင် ပါးစပ်ဆိုင်းတီးပြီး ကွေးနေအောင် ကလိုက်တာပဲ….. DJ မလိုဘူး .... KTV ဆိုင်သွားဖို့ မလိုဘူး….Club မှာ member ၀င်ဖို့ မလိုဘူး…..။ လောကကြီးမှာ ပိုက်ဆံဆိုတာကို လုံးဝ ဂရုမစိုက်တာ ကျုပ်ပဲ…..။ ကျုပ်အတွက် ငွေဆိုတာ ဘာမှတန်ဖိုးမရှိဘူး…..။ ဟော…. စားသောက်ဆိုင်က ကောင်လေး ကျုပ်ကို ထမင်းကျန် ဟင်းကျန်လေးတွေ လာပေးပြီ….( ဒါတောင် တချို့ ဆိုင်တွေက ၀က်စာပြန်ရောင်းရတာ ပိုက်ဆံရလို့  ကျုပ်ကိုမကျွေးနိုင်ဘူးတဲ့….. ကျူပ်ကို မောင်းထုတ်ကြသေးတယ် ) ။ ရော့…ခွေးပိန်မ….စား….မင်းတ၀က်….ကျုပ်တ၀က်…..အညီအမျှဘဲနော်….လာမလုနဲ့ …. ကျုပ်က လူကောင်းတချို့ ထက် စိတ်ကောင်းရှိပါတယ်….အင်း….ဒါကြောင့် ကျုပ်ကို ဦးနှောက်မကောင်းတဲ့အရူးလို့  ခေါ်ကြတာဖြစ်မယ်……။

အရူး (၂)…
ဘောလုံးတစ်လုံးကို လူ ၂၀ က၀ိုင်းလုပြီး ၂ ယောက်က အပေါက်က စောင့်နေကြတယ်…. အဲဒါကို အဖေနဲ့  အဖေ့သူငယ်ချင်းတွေက TV ကထိုင်ကြည့်ုပြီး အော်ဟစ်နေကြတယ်….. ဟိုကကြားရတာလဲ မဟုတ်ဘဲနဲ့ …. အသံစုံ ထွက်အောင် အော်နေကြတယ်…..။ ပြီးတော့ အနိုင်အရှုံးတွေတွက်နေကြတယ်…..။ ပြီးတော့….ပြောသေးတယ်…. “လောင်းထားမှ ကြည့်ရတာ အရသာရှိတာတဲ့…..” “ လောင်းထားလိုကြည့်ရတာ” ဆိုတဲ့လူလဲပါသေး…။ ကမ္ဘာ့ဖလားပွဲမှာ တချက်မှ ၀င်မကန်လိုက်ရဘဲ ဒဏ်ရာရသွားတဲ့ လူတွေလဲရှိသေးဆိုဘဲ….။ အမေကတော့ “ငါ့ကို လောင်းကြေးမထပ်တာ နင့်အဖေကိုကျေးဇူးတင်” တဲ့….။ ပွဲတွေကလဲ ညတိုင်းလိုလို ရှိတယ်…. ကန်တဲ့သူတွေသာပြောင်းသွားတယ်….. လောင်းတဲ့လူတွေက မပြောင်းသွားဘူး….။ ကြည့်ပါဦးဗျာ…. နှုတ်ခမ်းမှာ သွေးတွေထွက်လို့ …. ကစားသမားတွေ ဒဏ်ရာတွေရကုန်ပြီ…. မနေနိုင်တဲ့ ညီလေးက ၀င်ပြောတယ်…. “ အဖေရယ်….သူရို့  ကို ဘောရုံး တစ်ယောက်တစ်လုံးစီပေးလိုက်ပါဂျာ…… သူရို့ လုနေရတာ တနားပါတယ်….”ဟုတ်တယ်…. ကျွန်တော်လဲ သနားတယ်….. ဘောလုံးကစားသမားတွေကိုရော…. ဘောလုံးပွဲကို ကစားနေကြတဲ့ လူတွေကိုရောပေါ့…..။


အရူး (၃)…
ဂေါက်သီးတလုံးကို တုတ်တချောင်းနဲ့  ကျင်းပေါက်ထဲကို မ၀င်ဝင်အောင် ရိုက်သွင်းနေကြတယ်…..။ တုတ်ကလဲ နံပါတ်အမျိုးမျိုးပါလား......ဒီကစားနည်းကြောင့် ဗိသုကာတွေခမျာ တော်တော်ဦးနှောက်စားကြရတယ်....။ ညီနေပြီးသားမြေကြီးကို ကုန်းတွေဖြစ်အောင် လုပ်ရတယ်.... ချိုင့်တွေလုပ်ရတယ်..... ရေကန်တွေတူးပေးရတယ်.... shape အမျိုးမျိုးရှိတဲ့ သဲကျင်းတွေတူးပေးရတယ်..... သဲကျင်းတောင် ရိုးရိုးနဲ့ ရှယ် (deep) ဆိုပြီး ခွဲပြီး ထည့်ပေးရတယ်..... မြက်စိုက်တဲ့ လူတွေလဲ မသက်သာဘူး.....Green , fair-way , rough ဆိုပြီး သူ့ နေရာနဲ့ သူ ကွဲပြားအောင်စိုက်ပေးရတယ်.....။ လူဆိုတဲ့ လူတွေက လွယ်နေတာကို တော်တော်ခက်အောင် လုပ်တတ်ကြတာပဲ......။ ဂေါက်ရိုက်တဲ့ လူတွေကလဲ ဒီကစားနည်းကို တော်တော်လက်တွေ့ ကြတယ်......။ အိမ်က မိန်းမက တခုခုမှာလိုက်တာကိုသာ မေ့မယ်....။ ဘယ်ကျင်းမှာ ဘယ်သူက ဘယ်နှစ်ပတ် ပတ်လိုက်တာ...... ဘယ်နှစ်ချက် ရိုက်လိုက်တာ..... ဆိုတာတော့ ဘယ်အချိန်ကောက်မေးမေး အလွတ်ရတယ်......။ ရိုက်ရုံဘဲလားဆိုတော့ မဟုတ်ဘူး..... လောင်းကြေးလေးက ပါသေး.....။ ဒီလိုနဲ့ ဘဲ ဂေါက်သီးလုံးတစ် လုံးကို ကျင်းပေါက်ထဲ မ၀င်ဝင်အောင် ကြိုးစားရင်း .... မိုးလင်းကနေ မိုးချုပ်သွားကြတယ်.....။

P.s.အရူး (၄)…နှင့် (၅) ကို ယနေ့ (သို့ ) မနက်ဖြန်ဆက်ပါမည်....။

4 comments:

Wednesday, August 08, 2007

သနပ်ခါးပန်းပြောတဲ့ “ သနပ်ခါးပန်း”


ကျွန်မ နာမည် ..... သနပ်ခါးပန်း” လို့ ခေါ်ပါတယ်.....။
ကျွန်မရဲ့ အသားက ..... ၀ါဝါ၀င်းဝင်းလေးပါ.....။
ကျွန်မ.....အစိမ်းရောင် အသိုက်အမြုံမှာနေပါတယ်..... ။
အစိမ်းရောင် နန်းတော်ရဲ့ လေသာပြတင်းကနေ အ၀ါရောင် မင်းသမီးလေး ကျွန်မ.... မျက်နှာပြလိုက်တဲ့ အခါ..... တလောကလုံးကလူတွေ ငေးမောကြည့်ကြပါတယ်....။ ကျွန်မကို မြင်ရတဲ့ အခါ သူတို့  ကြည်နူးသွားတတ်ပါတယ်......။ ဒါပေမယ့် ကျွန်မက မလှပါဘူး..... တပွင့်တည်းဆိုရင် ကျွန်မက အကျည်းတန်ပါတယ်...... မနှင်းဆီတို့ .....မသစ်ခွ တို့ လို မတင့်တယ်ပါဘူး......။ ကျွန်မရဲ့ ညီမတွေနဲ့  ၀န်း ရံထားလို့ သာ ကျွန်မမှာ အလှရှိတာပါ.....။
မင်းသမီးလေးလို့  ကိုယ့်ကိုယ်ကို တင်စားထားပေမယ့် ကျွန်မက တော်ဝင်ပန်း မဟုတ်ပါဘူး.....(ပန်းတိုင်းဟာ ကိုယ့်ကိုယ်ကို မင်းသမီး လို့ စိတ်ကူးယဉ် မိတာ ပြစ်မှု မမြောက်လောက်ဘူး ထင်ပါရဲ့......) ကြီးကျယ်ခမ်းနားတဲ့ ပွဲလမ်းသဘင်တွေမှာ ကျွန်မ နေရာ မရပါဘူး.....။ ဒါပေမယ့် ကျွန်မလဲ ပန်းပါဘဲ.....။ ပန်းဆိုတော့ ခြွေသူ.... ပန်သူ... ရှိတာပေါ့လေ....။

ကျွန်မ အနားကဖြတ်သွားတဲ့ လူတိုင်းက မျက်လုံးမှိတ်ပြီး ခပ်လှမ်းလှမ်းကနေ တအားမွှေးကြူသွားကြတယ်....။ ကျွန်မရဲ့ ရနံ့ က မွှေးလှသည်လေ....။ ချစ်စဖွယ်ရနံ့ သင်းသင်းလေးကို ပိုင်ဆိုင်ခွင့်ရတာကိုက ကျွန်မအတွက် ဘုရားပေးတဲ့ “ဆု” ပါ....။ အထူးသဖြင့် မြန်မာလူမျိုးတွေ စွဲမက်တဲ့ အနံ့ ..... နှစ်သက်တဲ့ အနံ့ ဖြစ်နေတာ ကျွန်မအတွက် ကံကောင်းခြင်းပါ......။
ကျွန်မ တော်ဝင်ပန်းမဖြစ်တာ ၀မ်းမနည်းပါဘူး.... အကျည်းတန်တာကိုလဲ မသိမ်ငယ်ပါဘူး..... အဖော်တွေရှိမှ တင့်တယ်ရတာကိုလဲ အားမငယ်ပါဘူး.....။ ကျွန်မ ကြေကွဲ ရတဲ့ အကြောင်းရင်းက တစ်ခုတည်း......တစ်ခုတည်းပါပဲ.....။ အဲဒီတခုက ကျွန်မကိုတော်တော်ဝမ်းနည်းစေတယ်.....။ အဲဒီတစ်ခုကြောင့် ကျွန်မ အသည်းတွေ နာလှတယ်......။ အဲဒါက........................................................................
ရှင်တို့ ကြားဖူးမှာပါ.... သနပ်ခါးပန်းက ပန်သူမမွှေးဘူး..... လက်တကမ်းကလူ မွှေးတယ် ” ဆိုတာလေ.....။ ကျွန်မကို ချစ်လှချည်ရဲ့.... မြတ်နိုးလှချည်ရဲ့ ဆိုပြီး ပန်ဆင်ထားတဲ့သူက ကျွန်မရဲ့မွှေးရနံ့ ကိုမရဘူး.... ကျွန်မရဲ့ တန်ဖိုးကို မသိရှာဘူး.....။ သိပေမယ့် ဒါဟာတန်ဖိုးလို့  မယူဆတာလဲ ဖြစ်နိုင်ပါတယ်.....။ အဝေးကလူ.... နံဘေးကလူ.... လက်တကမ်းကလူတွေကတော့ ကျွန်မက ရနံ့ မွှေးတဲ့ ပန်းကလေးတဲ့.......။ ဘာပဲဖြစ်ဖြစ်ပါလေ.... ကျွန်မက ပန်းပဲ.... အမြတ်တနိုးနဲ့  ပန်ဆင်ခံရတာကိုက ကျေနပ်စရာပါ.....။ တန်ဖိုး ဘယ်လောက်သတ်မှတ်လဲ..... ဘယ်လိုသတ်မှတ်လဲ ဆိုတာ အရေးမကြီးပါဘူး..... ကျွန်မက ရောင်းကုန်ပစ္စည်းတစ်ခုမှမဟုတ်ဘဲ.......။ ကျွန်မက “သနပ်ခါးပန်း” လေ.....။ ။
နောက်ဆက်တွဲ ။ ။ မိန်းမတွေဟာ သနပ်ခါးပန်းနဲ့ တူပါတယ်....။ ဂုဏ်သိက္ခာ....၊ ကိုယ်ကျင့်တရား.... ဆိုတဲ့ အဖော်တွေ ၀န်းရံထားမှတင့်တယ်ပါတယ်......။ ပိုင်ဆိုင်သူက တန်ဖိုးမသိဘဲ.... ဘေးလူ နှစ်သက်တဲ့ တန်ဖိုးတွေလဲ ရှိနေတတ်ပါတယ်....။
ဝန်ခံချက် ။ ။ လပြည့်နေ့ က “လေးမ” စိုက်ထားတဲ့ သနပ်ခါးပင်က ပန်းတွေပွင့်တော့ ဓါတ်ပုံရိုက်ထားမိပြီး သူ့ အကြောင်းရေးမယ်လို့  စိတ်ကူးထားခဲ့တယ်.....။ အပျင်းထူနေတာနဲ့  မရေးဖြစ်ခဲ့ဘူး....။ ဒီနေ့  မအိမ့်ချမ်းမြေ့ရဲ့ “တန်ဖိုး” ဆိုတဲ့ post လေးကိုဖတ်ပြီး comment မှာ အာချောင်ခဲ့မိလို့  လေးမရဲ့ လက်ချောင်းတွေ keyboard ပေါ်မှာ အသက်ဝင်လာပြီး ဒီ postကိုရေးဖြစ်ပါတယ်.....။

9 comments:

Sunday, August 05, 2007

ရေးပေးခဲ့ကြသည်

ဒိုင်ယာရီစာမျက်နှာ(၁၀)။ ။
မထူးပါဘူး...တင်လက်စနဲ့  “ရေးပေးပါ” စာအုပ်ထဲက အမှတ်တရတချို့  ဆက်တင်လိုက်ပါတယ်....။ တဆောင်လုံးကို မရေးခိုင်းခဲ့မိတာ နောင်တရတယ်.....။ စာရွက်တွေ အများကြီးကျန်နေသေးတယ်....
တွေ့ ရင် ထပ်ရေးခိုင်းဦးမယ်.....။ လေးမ blog ကိုလာလည်တဲ့သူတွေရော ရေးသွားဦးမလား.... သူတို့ တွေ ရေးထားသလိုမျိုးလေ....။
















9 comments:

Saturday, August 04, 2007

အမှတ်တရတွေပါ

ဒိုင်ယာရီစာမျက်နှာ ( ၉ ) ။ ။




















နောက်ဆုံးနှစ်တုန်းက သူငယ်ချင်းတွေ ရေးပေးထားတဲ့ အမှတ်တရလေးတွေကို တင်လိုက်တာပါ....။ ဘာရယ်မဟုတ် အမှတ်တရ ရေးခိုင်းခဲ့တာလေးတွေက အခုတော့ လွမ်းစရာလေး...။ “ရေးပေးပါ” ဆိုတဲ့ စာအုပ်ထဲမှာလဲ ဘရုတ်သုတ်ခ စာလေးတွေရှိသေးတယ်.....။

9 comments: