Monday, August 27, 2007

“အပယ်ရတနာ” ၏ ဖွင့်ဟ ၀န်ခံချက်…

ပုဂံမှဇာတ်လမ်းများ(သို့ ) မှတ်တမ်းများ (၂) ။ ။

ဘုရား… ဘုရား…. ရက်စက်လှချည်လား…. မောင်ဘုရားရယ်… ၊
မောင်တော်ဘုရားဟာ … ရွှေအိမ်သည်ရဲ့ ဖခင်အရင်းပါ … ၊ ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရိုးထုံးစံ မရှိသလို ... မင်းတို့ ရဲ့ စကားဟာလဲ .... ပြင်ရိုးထုံးစံ မရှိဘူးဆိုတာ…. နှမတော်…. နားလည်ပါတယ်….မောင်တော်ရယ်….. ၊ ဒါပေမယ့် ဒီစကားကိုတော့ ပြင်လိုက်ပါ … မောင်တော်ရယ်… ၊ ပြင်ပေးပါ…. မောင်တော်မင်းမြတ်ရယ်…. ၊ ရွှေအိမ်သည်ရဲ့ ဖခင်တစ်ယောက်အနေနဲ့ …. အပယ်ရတနာရဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့  …. ဇနီး နဲ့  သမီးကို ငဲ့ညှာသနားတဲ့အနေနဲ့ .... ပြင်ပေးတော်မူလှည့်ပါဘုရား ....၊ ဒီအမိန့် တော်ကိုဖြင့် နှမတော် မကြားခဲ့ဘူးလို့ …မှတ်ယူလိုက်ပါရစေ……မောင်တော်ရယ်…..။ မောင်တော်မင်းမြတ်ကို နှမတော် အမြဲ ပါရမီဖြည့်ခဲ့တာ .... မောင်တော်သိပါတယ် ... ။
ပသီမင်းသား ပဋိက္ခရား နဲ့  သမီးတော်..... မေတ္တာမျှစဉ်အခါက .... မောင်တော်စေခိုင်းစရာမလိုဘဲ ...ကျန်စစ်မင်းကြီးရဲ့ မိဖုရားခေါင်ကြီး အနေနဲ့ .....၁၈ နှစ်အရွယ် ရွှေအိမ်သည် ကို ....မိန်းမသားချင်းကိုယ်ချင်းစာစိတ်ကို ..... ဘေးချိတ်ပြီး ....နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့တာကို .... မောင်တော်အသိပါ ....။ မစားနိုင်မသောက်နိုင် ... တမှိုင်မှိုင်တတွေတွေနဲ့  ... သလွန်ပေါ်ခွေနေရာက ...လန်းဆန်းစပြုကာစ သမီးငယ်လေးကို ....“စောယွန်း”နဲ့  လက်ဆက်စေမယ်ဆိုတာကတော့ ....နှိပ်စက်ရာမကျပေဘူးလား ... ဘုရာ့ .....။ “စောယွန်း” ဆိုတာ ခြေတစ်ဖက် မသန်ဘူးလေ.....ဘုရာ့ ... ၊ နှမတော်မှာ သူတစ်ပါးရဲ့ အားနည်းချက်ကို ....ကဲ့ရဲ့ နှိမ့်ချလိုတဲ့ စိတ်မရှိပါဘူး ...ဒါပေမယ့် ... တပင်တိုင်မြနန်းမှာ ... ယင်ဖိုတောင်မသန်းစေဘဲ စံစားစေခဲ့တဲ့ .... ၊ ဖခင်ရဲ့ထက်မြက်မှု ... မိခင်ရဲ့ သိမ်မွေ့ မှုတွေ နဲ့  .... ရွှေအဆင်းလို တင့်တယ်လှတဲ့ .... သမီးတော်လေးကို... လက်ရုံးရည် ....နှလုံးရည် ပြည့်ဝတဲ့ ... သူရဲကောင်းနဲ့  လက်ဆက်ပေးချင်တာကတော့ ... မိခင်တစ်ယောက်ရဲ့ အတ္တပါ ... မောင်တော်ရယ် ....။ နောက်ထပ်စဉ်းစားစရာက.... “မျိုးစေ့မမှန် ပင်မသန်” တဲ့ .... ။ “စောယွန်း” ရဲ့ ဖခင်က “စောလူးမင်း” လေ... ဘုရာ့ .....၊ အရည်အချင်း တစ်စက်မှ မရှိတဲ့မင်း .... မောင်တော့်အပေါ် အမြဲ မကောင်းကြံခဲ့တဲ့မင်း ..... ရန်သူ့ လက်တွင်းက ကယ်ထုတ်လာတာတောင် .... မယုံမကြည်နဲ့ .... “ ကျန်စစ်သား ငါ့ကိုခိုးပါတယ် ” လို့ ..... အော်ခဲ့လို့  မောင်တော်တောင် အသက်လုပြီး ပြန်ပြေးခဲ့ရတယ် မဟုတ်လား .....။ ဒီလိုဆိုတော့ “စောယွန်း” ဟာ အနော်ရထာမင်းမြတ်ရဲ့ မြေးမို့ .... အင်မတန်ကောင်းတဲ့ မျိုးစေ့ပါလို့ ..... မောင်တော်က နှမကို ဖြောင်းဖျပေဦးမယ် ... ။ အဖေနဲ့  အဖိုး ဘယ်သူ့ သွေးကပိုနီးမလဲ လို့ သာ .... နှမတော် မေးပါရစေတော့ ...။ မိန်းမဆိုတာ ယောက်ျားတွေကို .....ပံ့ပိုးပေးဖို့  လူဖြစ်လာရတာမဟုတ်ပေမယ့်... ဇနီးဆိုတာကတော့ သူ့ ဘ၀ကို .... ခင်ပွန်းအတွက်လို့  .... မှတ်ယူထားကြသူများ ဖြစ်လေတော့ .... ရတနာတို့  သားအမိမှာ .... မောင်တော် စီမံတာ နာခံကြရမှာပါ .... ။ ပြည့်ရှင်မင်းရဲ့ အမိန့် ကို .... ကလန်ကဆန် မလုပ ၀ံ့သလို ... အမြော်အမြင်ကြီးတဲ့ .... ခင်ပွန်းရဲ့ အစီအမံကို ... ဇနီးကောင်းပီသစွာနဲ့  .... ခေါင်းညိတ်လက်ခံပါ့မယ် ... ဘုရာ့ .....။ တစ်ခုတော့ ဖွင့်ဟလိုက်ပါရစေ .... ကျန်စစ်မင်းရဲ့ မိဖုရားခေါင်ကြီး အနေနဲ့  .... မောင်တော်ရဲ့ အမြော်အမြင်ကြီးမားမှုကို .... ထောက်ခံ အားပေး ....ဂုဏ်ယူ ကျေနပ်နိုင်ပေမယ့် ..... ရွှေအိမ်သည်ရဲ့ မိခင် “အပယ်ရတနာ” အနေနဲ့ .... မောင်ကြီးကျန်စစ်ရဲ့ ဇနီးတစ်ယောက်အနေနဲ့ တော့ .... မောင်ဘုရားရဲ့ စီမံမှုကို .... လုံးဝ .... မကျေနပ်ပါဘူး ...ဘုရာ့ ....။ ။

မှတ်ချက် ။ ။ အဖြူရောင်အတွေး ....မိန်းမသားအတွေးသက်သက်သာ ...။

6 comments:

hnin said...

မမလေး ... သိလား... မမလေးရဲ့ အပယ်ရတနာကိုဖတ်ပြီး သိုးလေးက သီတာဒေ၀ီကို သွားသတိရမိတယ်။ ဆရာချစ်ဦးညိုရေးတဲ့ ၀ိသာခါနှင့် သီတာ ဆိုတဲ့ စာအုပ်လေးထဲက သီတာဒေ၀ီရဲ့ခံစားချက်တွေကိုဖတ်ရတာ အခု မမလေးရဲ့ အပယ်ရတနာလိုပဲ ခံစားချက်တွေအပြည့်... အရမ်းဖတ်လို့ကောင်းတယ်။ မမလေးက စာအရေးအသား အရမ်းကောင်းလာပြီ။ သိုးလေး အားပေးနေတယ်နော်။

hnin said...

မမလေး ... သိလား... မမလေးရဲ့ အပယ်ရတနာကိုဖတ်ပြီး သိုးလေးက သီတာဒေ၀ီကို သွားသတိရမိတယ်။ ဆရာချစ်ဦးညိုရေးတဲ့ ၀ိသာခါနှင့် သီတာ ဆိုတဲ့ စာအုပ်လေးထဲက သီတာဒေ၀ီရဲ့ခံစားချက်တွေကိုဖတ်ရတာ အခု မမလေးရဲ့ အပယ်ရတနာလိုပဲ ခံစားချက်တွေအပြည့်... အရမ်းဖတ်လို့ကောင်းတယ်။ မမလေးက စာအရေးအသား အရမ်းကောင်းလာပြီ။ သိုးလေး အားပေးနေတယ်နော်။

Anonymous said...

ငါသာလျှင် ဘုရင်ဖြစ်တော့သကိုး ။။။။ ဟိုး ဟိုး ဟိုး ။။။။
ထွက်ပြီးသား နှပ်ချေး ကို ပြန်ရှုံ့သွင်းရိုး ထုံးစံ မရှိဘူး နှမတော်
ရွှတ်!!! ဖတ် !!!
ထိုင်ပြီးသားခုံကလည်း ထပေးရိုး ထုံးစံမရှိပေဘူး ။။။။
ခပ်တည်တည်ပဲ ။။။။
မကျေနပ်ရင် လမ်းလျှောက်ဆန္ဒပြပေလော့
အဟိးးး
အပျော်နောက်တာပါဗျာ
ဒီလိုပေါ့လေ ..ဒီကိစ္စတွေက ..
ရှုထောင့်အသစ်ကတွေးပြီး ရေးတဲ့ သမိုင်းဇာတ်လမ်းတွေ ဖတ်ရတာမိုက်တယ် ။
ရေးတတ်တော့လည်း အသက်ပါတယ်။ ဆက်ရေးပေးပါဦးဗျို့
ကျေးဇူး။။။

Thinzar said...

အစ်မရဲ့ ဒီ ပုဂံ စီးရီးစ် ကိုတော့ အကြိုက်ဆုံးဘဲ.. ဆက်ပြီး စောင့်ဖတ်နေဦးမယ်။ :)

Anonymous said...

လေးမရယ် ကောင်းပါလေ့ အဲ့လိုလေး များများတွေးပြီး များများရေးနိုင်ပါစေ...

ပြောဦးမယ် စာကြောင်းတွေကို Justify လုပ်ထားလိုက်ဦး ဖတ်ကောင်းအောင် ခုက မညီမညာနဲ့ :)

Layma said...

နှင်းနှင်းရေ … သိုးလေးကို အရမ်းကျေးဇူးတင်တယ်နော် … မလေးလဲ အဲဒီစာအုပ်ရှာဖတ်ဦးမယ် …..။

ဂျယ်ရီ …ရွှတ်!!! ဖတ် !!!....တဲ့..၊ ညစ်ပတ်လိုက်တာ…ပုဆိုးနဲ့ သုတ်လိုက်…လေးမ စာရွက်တွေပေကုန်ဦးမယ် … ၊ ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ်တဲ့ …လေးမကိုမြှောက်ပေးတာ ဘာထမ်းစေချင်လို့ လဲ …စတာပါ..ကျေးဇူး ..။

မသဉ္ဇာ… ကြိုက်တယ်ဆို အသစ်ရေးဖြစ်တိုင်း .. လာခေါ်မယ်နော်…။

မမညလေး …ကျေးဇူး အများကြီးတင်ပါတယ် … နောက်ပို့ စ်က စပြီး လေးမ ပြင်လိုက်မယ်နော် ….။