Saturday, August 11, 2007

အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၂)

အရူး (၄)…
ကျွန်မက ယောက်ျားကို သိပ်ချစ်တာ... အဲဒါကြောင့် စိတ်မချဘူး.... ကျွန်မက အိမ်ထောင်ရေးမှာ ရာထူးတက်မှာ သိပ်ကြောက်တာ...။ ကျွန်မကို ယောက်ျားက ပြောတယ်.... “သံသယတွေနဲ့  ပြည့်နေတဲ့ မိန်းမ” တဲ့..... “တနေ့ အဲဒီစိတ်နဲ့  မင်းရူးလိမ့်မယ်” တဲ့......။ အချိန်တန်လို့  သူပြန်မရောက် လာသေးဘူးဆိုရင် သူ့ ဖုန်းကို မရမက လိုက်ဆက်တတ်လို့  တခါတရံ ယောက်ျားက ဖုန်းပိတ်ထားတတ်တယ်..... အဲလိုနေ့ မျိုးဆို ရန်ပွဲ....ငိုပွဲပဲ.....။ ခုလဲ ည ၈ နာရီထိုးနေပြီ..... ထမင်းစားစောင့်နေတာ ပြန်မလာသေးဘူး....။ ဖုန်းဆက်မိမှာစိုးလို့  လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပေမယ့် အချိန်တန်တော့ ဒီနံပါတ်တွေကိုပဲ နှိပ်မိသွားပြန်တယ်..... “လူကြီးမင်းခေါ်ဆိုသော.......” ဟင်....ဘယ်ကမိန်းမလဲ....ယောက်ျားဖုန်းကို ဒီမိန်းမက ဘာလို့ ကိုင်ရတာလဲ.... “ဟိတ်... ညည်းဘယ်သူလဲ...” ဒီအသံ....ကြားဖူးပါတယ်.....အော်...ဒါ ဆက်သွယ်ရေးက သွင်းထားတဲ့ အသံပဲ..... ဟူး....ဖုန်းချလိုက်တယ်.....။ အင်...ဒါနဲ့ နေပါဦး..... “ဧရိယာပြင်ပရောက်ရှိနေပါသဖြင့်......”
လို့ ဖြေသွားတယ် .....။ ဧရိယာပြင်ပဆိုတာ ဘယ်လိုနေရာမျိုးပါလိမ့်..... ဘုရား....ဘုရား....။ သူ့ အတွင်းရေး မှူးမလေးဆီက ဖုန်းလာတိုင်း ....ကျွန်မရဲ့ profession ကိုစွန့် ပြီး အတွင်းရေးမှူးသင်တန်းပဲ ပြေးတက်ရတော့ မလိုလို ....... စာရင်းအင်းတွေပဲ ပြေးသင်ရတော့ မလိုလို.....ကျွန်မ ကယောင်ချောက်ချား ဖြစ်ဖြစ် သွားတတ်ပါတယ်.....။ ကျွန်မ သူ့ အတွင်းရေးမှူးလုပ်မယ်လို့  အရေးဆိုဖူးပါတယ်....သူကဘာပြန်ပြောလဲဆိုတော့ “ မင်းကတော့ စက်ကတ်ကြေးပဲ လုပ်လို့ ရမယ်....” တဲ့.....။ ကျွန်မကို လူတွေက မကြားတကြားပြောကြတယ်..... “ အဲဒီမိန်းမက သူ့ ယောက်ျား ကို ချစ်လွန်းလို့  ရူးနေတာ..... နေရာတကာလိုက်ကြပ်လွန်းလို့  ဘယ်နေ့ ထားခဲ့ခံရမလဲ မသိဘူး.... အဲဒီနေ့ ကတော့ အဲဒီမိန်းမ သွက်သွက်ခါ သွားမယ့်နေ့ ပဲ....” တဲ့.....။ ဟုတ်လား.... ကျွန်မ ရူးနေတာလား....။

အရူး (၅)...
လေးမ...ဆိုတဲ့ မိန်းကလေး blog မှာစာတွေရေးနေတယ်.... မိတ်ဆွေ သူငယ်ချင်းတွေနဲ့  နောက်လို့  ပြောင်လို့ ..... ပျော်လို့ ....ပါးလို့ .....။ အဲဒါကို ကြည့်မရဖြစ်ပြီး မျက်စိစပါးမွှေးစူးနေတဲ့ သူတစ်ယောက်ရှိနေပါတယ်....။ သူဘယ်သူလဲသိလား.... လေးမ ရဲ့ ကိုယ်စောင့်နတ်ကြီးပေါ့....(အချင်းချင်းကပ်ပြီး မနာလိုဖြစ်နေတာလေ )...။ ဒီနေ့ တော့ သူ.... လေးမကို ပေါ်တင်ချဲပါတယ်.....။
“လေးမ..... နင့်ကိုယ်နင် I'm the Queen ဆိုပြီးတော့ လုပ်ချင်တာတွေ လုပ်နေတယ်ပေါ့..... ဘာတွေလျှောက်ရေးမှန်းမသိဘူး..... ပေါကြောင်ကြောင်နဲ့ ..... ကဗျာတွေလဲပါရဲ့.... ရှက်ဖူးလား.... အတိတ်အတိတ်ဆိုပြီး ပြန်ပြန်ရေးနေတာ တရား လက်လွတ်လှချည်လား..... ဟင်....စိတ်ကို present မှာတည့်တည့်ထားရမယ်လို့  ဘုန်းဘုန်းဟောထားတယ်လေ..... ငါတော့ နင့်ကိုစိတ်ကုန်တယ်.... ဟိုတနေ့ကလဲ ... မိန်းမဆိုတာ သနပ်ခါးပန်းနဲ့  တူသတဲ့..... တခါမှ မကြားဖူးဘူး.... မိန်းခလေးတွေကို စပယ်...ခရေ...နှင်းဆီ နဲ့ ပဲ တင်စားလာကြတာ..... နင့်ကျမှ ထူးထူးဆန်းဆန်း..... ။ အဲလိုသာ ပြောကြကြေးဆိုရင်..... ငါသာ ယောက်ျားလေးဆိုရင် မိန်းမတွေဟာ “ဘိန်းပန်း” နဲ့ တူတယ်လို့  ရေးမှာပဲ..... ရေးလေ.... အဲလိုပြန်ရေးစမ်း.... အဲ...ဟုတ်ပေါင်... နင့်ကို စာမရေးအောင် တားနေပါတယ်ဆိုမှ မြှောက်ပေးသလို ဖြစ်သွားပြန်ပြီ.....။ တော်ပြီ......တော်ပြီ.... နင်လုပ်စရာအလုပ်တွေ ပုံနေပြီ..... ဘာမှ လျှောက်ရေးမနေနဲ့ ... သိတာ....တတ်တာလဲ ဟုတ်တိပတ်တိ မရှိဘဲနဲ့  အာချောင် မနေနဲ့ ......။ ကဲ.... ငါအခု သခွတ်ပင်မှာ နတ်သဘင် ညီလာခံတက်ရဦးမယ်..... ညီလာခံမှာ ဒီပြသနာကို သိကြားမင်းကို တင်ပြရမယ်......။ နင်အိမ်မှာ အိပ်နေနော်..... နင်နိုးနေရင် ငါစိတ်လေးလွန်းလို့ ....။” တချိန်လုံး ငြိမ်ခံနေခဲ့တဲ့ လေးမ ဒီတခါတော့ အပီပဲဆိုပြီး ပြန်တွယ်လိုက်တယ်...... “ဟွန်း....ကိုယ်စောင့်နတ်ကလဲ.... တလွဲကြီးပြောနေတယ်.... သိကြားပြည်မှာ ကသစ်ပင် ပဲရှိတဲ့ဟာကို..... သခွတ်ပင်က အသူရာ ပြည်မှာ ပေါက်တာကြီးကို.....” “ ဟဲ့.... နေရာပြောင်းထားတာ.... နေရာပြောင်းထားတာ.... မသိရင်မပြောနဲ့ .... တခွန်းမှကို ၀င်မပြောနဲ့ ....တော်ပြီ....နောက်ကျနေပြီ.... ငြိမ်ငြိမ်နေ....ကြားလား....”
“ဟုတ်ကဲ့.....ကြားပါတယ်.....” နောက်ပစ်ထားတဲ့ လက်လေးနှစ်ဖက်ကို အသာလေးခါပြီး ဦးညွှတ်လို့  အရိုအသေပေးလိုက်ပါတယ်.....ခေါင်းမငုံ့ လို့ မရဘူးလေ..... ကိုယ်စောင့်နတ်လဲ အရူးပဲလို့  နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်တာ သူတွေ့ လို့ မဖြစ်ဘူးလေ.... (ပြန်မပြောကြေးနော်)......။
ကဲ....လေးမ နဲ့  ကိုယ်စောင့်နတ်..... ဘယ်သူ ရူးသလဲ..... နှစ်ယောက်လုံးပဲ ထင်တယ်နော်.....။ ။

မြတ်စွာဘုရားကဟောကြားခဲ့တယ်....
“ ပုထုဇဉ်တိုင်းဟာ တစ်မျိုးမဟုတ်တစ်မျိုး ရူးကြတာချည်းပဲ” တဲ့...။
(ဦးကြီးပုထုဇဉ်ကို လေးမ ရန်စတာ မဟုတ်ရပါဘူးရှင်)

P.s.ပုံစံအမျိုးမျိုးနဲ့  ရူးနေကြတဲ့ အရူးတွေ အများကြီးရှိတဲ့အနက် ဒီအရူး ၅ မျိုးကို လေးမ စိတ်ကြိုက် စကာတင် ရွေးချယ်ထားတာဖြစ်ပါတယ်.....။

6 comments:

hnin said...

မမလေးရေ... အရူး 4 နဲ့ 5 လာဖတ်သွားတယ်။ သိုးလေးပြောထားတာ မမေ့နဲ့နော်။

YeKyawAungMDY said...

အရူးများမဖတ်ရဆိုတော့၊ နည်းနည်း ရူးချင်ချင် အစကတည်းက ဖြစ်နေတော့ မဖတ်တော့ဘူးနော်။

Layma said...

နှင်းနှင်း…… နောက်တခါလေ့လာရေးက စိတ်ကျန်းမာရေးဆေးရုံမှာ ဖြစ်ဖို့ များတယ်… တကယ်ခေါ်မှာနော်…. ထွက်မပြေးနဲ့ …..။
ကိုရဲကျော်အောင်….. ရူးချင်ချင်ဖြစ်နေသူများ အနည်းငယ်မြည်းစမ်းနိုင်သည် လို့  ပြင်ပေးရမလား…..။

Anonymous said...

နာရီပျက်တစ်လုံးရယ် ...
နို့ဆီခွက် တစ်ခွက်ရယ် ...
ယပ်တောင်တစ်ချောင်းရယ် ...
ဣစာသရဆာလာအိတ်တစ်လုံးရယ် ...
သူငယ်ချင်း ခွေးဝဲစားတစ်ကောင်ရယ် ...
လမ်းတကာ အိမ်ယာတည်ပြီး
ဆင်တရံ မြင်းတရံ စီးထားတဲ့ ဖိနပ်မှာ
မြေပုံမပါဘူး ...
အရိုးတို အရွက်ဖားတဲ့ ထီးအိုလေးမှာလည်း
ရာသီဥတု မပါဘူး ...
ပြီးရော ...
rapper တစ်ယောက်လို ပွယောင်းနေတဲ့ အ၀တ်
ဖောင်းကားနေတဲ့ စိတ်နဲ့(ဖာရာထေးရာမပါဘူး)
တစ်လှိမ့်လှိမ့်သွားနေတုန်း ...
အားလုံးထက် တစ်မူးသာတယ် ...

Anonymous said...

“ကန်တဲ့သူတွေသာပြောင်းသွားတယ်….. လောင်းတဲ့လူတွေက မပြောင်းသွားဘူး…
ဟုတ်တယ်…. ကျွန်တော်လဲ သနားတယ်….. ဘောလုံးကစားသမားတွေကိုရော…. ဘောလုံးပွဲကို ကစားနေကြတဲ့ လူတွေကိုရောပေါ့…..။
ဂေါက်သီးလုံးတစ် လုံးကို ကျင်းပေါက်ထဲ မ၀င်ဝင်အောင် ကြိုးစားရင်း .... မိုးလင်းကနေ မိုးချုပ်သွားကြတယ်.....။
ငါအခု သခွတ်ပင်မှာ နတ်သဘင် ညီလာခံတက်ရဦးမယ်...
ဟွန်း....ကိုယ်စောင့်နတ်ကလဲ.... တလွဲကြီးပြောနေတယ်.... သိကြားပြည်မှာ ကသစ်ပင် ပဲရှိတဲ့ဟာကို..... သခွတ်ပင်က အသူရာ ပြည်မှာ ပေါက်တာကြီးကို...
ဟဲ့....အခြေအနေ မကောင်းလို့ နေရာပြောင်းထားတာ.... မသိရင်မပြောနဲ့ .... တခွန်းမှကို ၀င်မပြောနဲ့ .......... ”
ဖတ်တယ် ...... တွေးတယ် ... ရီမိတယ် ... ပြီးတော့ .....
တည်သွားတယ် ... တွေးတယ် ... ပြန်ဖတ်တယ် ... ရီတယ် ... ပြန်တည်သွားတယ် .....
အတွေးတွေ ကောင်းလိုက်တာ ... အရေးတွေလည်း ကောင်းလိုက်တာ .... ဘယ်လိုမျိုးရူးရင် ကောင်းမလဲလို့လည်း စဉ်းစားသွားတယ် ...
လောလောဆယ် စာရူးရူးနေတာတော့ သေချာတယ် ... ကျေးဇူးဗျာ

Layma said...

ဂျယ်ရီ…
ကောင်းလိုက်တဲ့ ကဗျာ… တော်လိုက်တဲ့ သရုပ်ဖော်ချက်…။ သုတေသန လုပ်တဲ့ လေးမထက် မှတ်ချက်ရေးတဲ့ ဂျယ်ရီက တမူးသာသွားပြီ…ဟိ…:P
SP
ဖတ်တယ်..တွေးတယ်…ရယ်တယ်….တည်တယ်…မှတ်ချက်ပေးတယ်ဆိုတော့ ကျေးဇူးပါ…စာရူးရူးတယ်ဆိုတော့ တခြားအရူးတွေထက်စာရင် နဲနဲ တော်သေးတာပေါ့…။