Tuesday, September 18, 2007

လှိုင် (သို့ မဟုတ်) စာဆိုရှင် ...

လှိုင်ဟာ အမှောင်ထဲက လာတာပါ ... မောင် ... လရောင် မရှိမှာ ... နေမထွက် မှာကို ...လှိုင် မကြောက်ပါ ဘူး ... ။ လှိုင်ဟာ ငယ်စဉ်ကတည်းက ... မျက်ရည်နဲ့  ကြီးပြင်းခဲ့ရ တာပါ ... မောင် ... ငိုရှိုက်ရမှာ လှိုင် မမောပါဘူး ...။ လှိုင် ဟာ ၁၂ နှစ်သမီးအရွယ် ... “မယ်မယ်” ကွပ်မျက်ခံရ ပြီးကတည်းက ... မျက်စိသူငယ် နားသူငယ်နဲ့  ကျန်ရစ် ခဲ့ရသူမို့  ... အထီးကျန်မှုနဲ့  အားငယ်မှုဆိုတာ ... လှိုင် ရုံထားတဲ့ ခြုံပုဝါ ပါပဲ ... ။ မောင် မချစ်အားလို့  ပစ်ထားရင်လဲ ... အထီးကျန်မှုခြုံပုဝါမှာ အဆင်တန်ဆာပြုလို့ လှိုင် ... ရတုတွေရေးနေမှာပါ ... မောင်...။ မောင့် အပေါ် ငြိုငြင်လို့ ... မဟုတ်ရပါဘူး... ။ “မောင့်” အပေါ် ... ဇနီးမယားကို ပစ်ထားသူကြီး ရယ်လို့  ... နှောင်းလူတွေ အမြင်လွဲစေ တော့လို့လဲ ... ကြံစည်ချက် မထားမိပါဘူး ... ။ ခံစားချက်ကို ပြောမပြ ရက် တဲ့ ... ဇနီးမယားဘ၀မှာ ရတု ... ရကန် ... ပတ်ပျိုး တွေသာ ... လှိုင့်ရဲ့ စိတ်ဖြေရာ ပါ....။ “စိန်ခြူးကြာညောင်...” လို့ အစပျိုးပြီး ... စည်တော် ၃ ချက်ထိုး အထိ ... “မောင့်” ကို မျှော်ခဲ့မိတယ်လို့ ... ရေးခဲ့မိတာ အပြစ်လို့ မထင်ပါနဲ့ မောင်ရယ်...။
လှိုင့်ရဲ့ “မယ်မယ်” အနောက်နန်းမတော် မမြလေးဟာ ... ခမည်းတော် အမျက်သင့်လို့  ကွပ်မျက်ခံ ခဲ့ရတာမို့... ခင်ပွန်းကဇနီးကို သတ်မိန့် ပေးတာ ... လှိုင့်အတွက် မဆန်းလှပါဘူး ... ။ မောင်မျက်လို့  သတ်မယ်ဆိုလဲ ... လှိုင်သေရဲပါတယ် ... မောင်... ။ မောင်က “သတ်စေ” လို့  အမိန့် ပေးမှာကို ... လှိုင်ခံယူနိုင်ပေမယ့် မောင် ကိုယ်တိုင် ... လက်သုံးတော်ဓါးကို ကိုင်မြောက်လို့  “တယ်... ငါးပိုင်း ပိုင်းလိုက်ရ...” လို့ ကြိမ်းမောင်းလိုက်တာ ကိုတော့ ... အသဲကို ဓါးနဲ့ မွန်းသလို ... ဖျတ်ဖျတ်လူးအောင် ကြေကွဲရပါတယ် မောင်... ။ လှိုင် အလွန်ဝမ်း နည်း ရပါတယ် မောင် ... ။ ဘာမဟုတ်တဲ့ ခေါင်းလိမ်းတဲ့ ဆီကို ... အကြောင်းပြုလို့  “မောင့် သမီး” (လှိုင့်သမီး မဟုတ်) က ... ငိုယို တိုင်တန်းတာကို ... မောင်က အမျက်ပွားတဲ့ အတွက်လဲ ... ထိခိုက်ကြေကွဲ ရပါတယ် ...။ သုန်မှုန်နေတဲ့ “မောင့်” နဘေးမှာ ... ပွဲတော်စာ လိုက်နေရတာ ... နာကျင်ဝမ်းနည်း ရလွန်းလို့ ... ရပ်တည် နိုင်စွမ်း မရှိတော့လို့ ... ရိုသေစွာ ကန်တော့ပြီး ... အနားက ခွာခဲ့မိတာပါ ... ။ လှိုင် မှားသွားပါတယ် မောင် ရယ် ... ပွဲတော်တည် လို့မပြီးခင် ... အနားကခွာဖို့ ပြင် မိတာ ... လှိုင် မှားတာပါ...မောင်ရယ် ... လှိုင်မှား ပါတယ် ... ။ ဒါပေမယ့် ... လက်သုံးတော်ဓါးနဲ့  ရွယ်ရလောက်အောင် ... လှိုင့်အပြစ်က ကြီးသလား မောင် ရယ် ... ။
ခေါင်းကနေခြေဖျားအထိ ... အစိမ်းရောင်တွေနဲ့  တန်ဆာဆင်လို့ ... သားလေးကို လက်ဆွဲပြီး နန်းတော်ကိုဝင် လို့  ... မင်းတုန်းမင်း တရားကြီးရဲ့ ရှေ့တော်မှောက်မှာ ... “ ကနောင်မင်းသားကြီးနဲ့  မပေါင်းနိုင်တော့ပါဘူး ဘုရား ... ” လို့ လျှောက်ခဲ့တဲ့ “လှိုင့်”ကို ... လှိုင့်ထက် ၁၃ နှစ်ကြီးတဲ့ “မောင်” က ... ကလေးဆန်လှချည့်ရဲ့လို့  ရေရွတ်ရုံပဲ ... အသိအမှတ်ပြုခဲ့ရော့ သလား ...။ တစ်နှစ်လောက်ကြာမှ ... မောင်မောင်ဘ ... စပ်ပေးတဲ့ “လက်သုံးတော်ဓါးကိုမှ ယောင်မှားကာကိုင်.... သေစေလိုလို့  မဟုတ်ပါဘဲ...” ဆိုတဲ့ ဘောလယ်တစ်ပုဒ်နဲ့  လှိုင့်ကိုချော့လို့  လှိုင်တို့ ... ပြန်ပေါင်း ဖြစ်ခဲ့တာ...။
“မောင်” ဟာ လူရှုပ်လူလေ တစ်ယောက် မဟုတ်တာ ... လှိုင် သိပါတယ် ...။ နိုင်ငံ့အရေး အတွက်နဲ့  အလွန် တာဝန်များတဲ့ သူတစ်ယောက် ဖြစ်တယ်ဆိုတာကိုလဲ ... လှိုင် နားလည်ပါတယ် ... ။ တိုင်းပြည်က “မောင့်”ကို လိုအပ် တယ်ဆိုတာ ... သဘောပေါက်လို့လဲ ... မောင့်အချိန်တွေကို ... လှိုင် ... မတောင်းဆိုတော့ပါဘူး ...။ မောင့် ကို ပါရမီ ဖြည့်ရင်းနဲ့ပဲ ... လှိုင်ကဗျာတွေ ရေးနေခဲ့ ပါတယ်... ။
“မောင်”ကလေ ... တိုင်းပြည်ကို သိပ်တိုးတက်စေချင်တာပဲ ... “အနောက်နိုင်ငံတွေနဲ့  ရင်ဘောင်တန်း နိုင်ရ မယ်” တဲ့ ... “ဒို့ ပြည်မှာ လူတော်တွေ မွေးရမယ် ” တဲ့ ... “ပညာတော်သင်တွေလွှတ်ရမယ် ” တဲ့ ... ။ မောင် က အမျိုးကို သိပ်ချစ်တာပဲ ... ဒါပေမယ့် အမျိုးက မောင့်ကို မချစ်ဘူး .... မောင်....။ မောင့်ကို မုန်းကြတယ် ... တော်တဲ့သူကို မတော်တဲ့သူတွေက မုန်းတယ် ... အရည်အချင်းရှိသူကို အရည်အချင်းမဲ့သူတွေက ရန်ငြိုးဖွဲ့  ကြတယ် ... ။ အဲဒီနေ့က ... “လွှတ်တော်ကိုမသွားပါနဲ့ ... ဆင်ပေါ်အတက်မှာ ခေါင်းရိပ်မမြင်လို့  နိမိတ် မကောင်းလို့ မသွားပါနဲ့ ...” လို့ ... အတန်တန် တောင်းပန်နေတဲ့ကြားက ... ကိုယ့်ကိုယ်ကို ယုံကြည်လွန်းတဲ့ “မောင်” က “လုပ်ကြံနိုင်တဲ့သူ မမွေးသေးဘူး ...” လို့ ရယ်မော ပြောဆိုပြီး ထွက်သွားလိုက်တာ ... လှိုင်တို့ သားအမိဆီ ... မောင် ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး ... ။ အမျိုးကိုချစ်တဲ့ “မောင့်”ကို ... အမျိုးက သတ် လိုက်တာလေ ... ။ ရင်နာလိုက်တာ “မောင်”ရယ် ... “မောင့်” ကို သတ်လိုက်တာ ... မောင် တို့ပြောပြော နေတဲ့ မျက်နှာဖြူတွေ ... တပြည်သားတွေ မဟုတ်ဘူး .... မောင်ချစ်တဲ့ ... မောင် တိုးတက်စေချင်တဲ့ ...မောင် စေတနာ ထားတဲ့ ... မောင့်အမျိုး ... လှိုင့်အမျိုး ... တမြေတည်းနေ တရေတည်းသောက်တဲ့ သွေးချင်းတွေက လုပ်ကြံလိုက် ကြတာ....။ လှိုင် ဘယ်လို နားလည်ရမလဲ ... လှိုင် ဘယ်လိုဖြေရမလဲ ... လှိုင် ဘာများ တတ်နိုင် မလဲ ...။
မောင်ရေ....
“ .....
....
.....
ကြောင်းမခိုင်
မပေါင်းပိုင် အခြေစိုက်တာကြောင့်
နှစ်လောင်းပြိုင်သေကာလိုက်ချင်ရဲ့
သောင်းထိုက်ညာဖွား...”
လှေလှော်ရင်းတက်ကျိုးရတဲ့ ... မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ အတူ ... လှိုင်ထိပ်ခေါင်တင်ရဲ့ ဘ၀ဟာ မှောင်မိုက်ခဲ့ ရပြန်ပါပြီ ... သားတော် ထန်းတပင် မင်းသားလေးဟာ သီပေါနန်းတက်တဲ့ အချိန်မှာ မင်းညီမင်းသားတွေကို ကွပ်မျက်တဲ့ အထဲ ... ပါသွားတယ် ဆိုတာကို ... လှိုင်တစ်ယောက်သိခွင့်ရခဲ့ရင်ဖြင့် .... ။ ။

13 comments:

Thinzar said...

အရမ်း ဖတ်လို့ ကောင်းပါတယ်။

နေမိုး said...

သံဃာတော်များအား အားဖြည့်သည့်အနေဖြင့် မေတ္တာသုတ်ကို ရွတ်ဖတ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

အောက်တွင် မေတ္တသုတ်ကို အသင့်ရှိနေသော အရှင်မဏိဇောတ ပူဇော်ရေးသားသည့် ပရိတ်ကြီး ၁၁သုတ် အသံထွက်ရွတ်ဖတ်နည်း စာအုပ်မှ ရွတ်ဖတ်လိုသူများ အလွယ်တကူရွတ်ဖတ်နိုင်စေရန် ပြန်လည်၍ ကူးယူဖော်ပြလိုက်ပါသည်။

ဒီနေ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ်ဆိုးအောက် ကျရောက်နေသော၊ ဒုက္ခဆင်းရဲခြင်း အမျိုးမျိုးကို ခံစားနေရသော မြန်မာနိုင်ငံသား ပြည်သူလူထုတရပ်လုံးအတွက် ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်စေရေးကို ရည်စူးလျှက် ဗုဒ္ဓဘာသာ သံဃာတော်အရှင်မြတ်များမှ စစ်အစိုးရအား ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲကို တနိုင်ငံလုံးအ၀ှမ်း စတင်လိုက်ပြီဖြစ်ပါသည်။ ကျနော်တို့ မြန်မာနိုင်ငံသားအပေါင်းမှလည်း မိမိတို့တတ်နိုင်သမျှ စိတ်ဆန္ဒအင်အား၊ ကိုယ်ကာယအင်အားတို့ဖြင့် သံဃာတော်အရှင်သူမြတ်များနှင့်အတူ ပူးပေါင်းပါဝင်သင့်ပါသည်။ သံဃာတော်အရှင်မြတ်များအား အားဖြည့်သည့်အနေဖြင့် ကျနော်ကိုယ်တိုင်လည်းပဲ ဒီနေ့မှစတင်ပြီး အချိန်အားရခိုက်များတွင် ကြမ်းကြုတ်ရိုင်းစိုင်းနေသောသူများကို ယဉ်ကျေးပျော့ပျောင်းလာပါစေရန် မေတ္တာစိတ်ထား၍ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူသွားခဲ့သည့် တရားတော်များကို ရွတ်ဖတ်နေမည်ဖြစ်ပါသည်။

*****မေတ္တသုတ်*****
၁။ ယဿာနုဘာဝတော ယက္ခာ၊ (ယတ်သာနုဘာဝတော ယက်ခါ)
.....နေ၀ ဒေဿန္တိ ဘီသနံ။ (နေ၀ ဒတ်သင်တိ ဘီသနံ။)
.....ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ (ယင်ညှိ စေ၀ါနုယုန်ဇန်တော။)
.....ရတ္တိန္ဒိဝ မတန္ဒိတော။ (ရတ်တိန်ဒိဝ မ တန်ဒိတော။)

၂။ သုခံ သုပတိ သုတ္တော စ၊ (သုခံ သုပတိ သုတ်တော စ၊)
.....ပါပံ ကိဉ္စိ န ပဿတိ။ (ပါပံ ကိန်စိ န ပတ်သတိ။)
.....ဧ၀မာဒိ ဂုဏူပေတံ၊ (အေ၀မာဒိ ဂုဏူပေတံ။)
.....ပရိတံ္တ တံ ဘဏာမ ဟေ။ (ပရတ်တံ တံ ဘဏာမ ဟေ။)

၃။ ကရဏီယာ မတ္တကုသလေန၊ (ကရဏီယာ မတ်ထကုသလေန၊)
.....ယန္တသနံ္တပဒံ အဘိသမေစ္စ။ (ယန်တ သန်တံ ပဒံ အဘိသမစ်စ။)
.....သက္ကော ဥဇူ စ သုဟုဇူ စ၊ (သက်ကော ဥဇူ စ သုဟုဇူ စ၊)
.....သုဝစော စဿ မုဒု အနတိမာနီ၊ (သု ၀စော စတ်သ မုဒု အနတိမာနီ။)
(အန-တိမာနီဟု မရွတ်ပါနှင့်၊ အနတိမာနီဟု တဆက်တည်း ရွတ်ပါ။)

၎။ သန္တုဿကော စ သုဘရော စ၊ (သန်တုတ်သကော စ သုဘရော စ၊)
.....အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။ (အပ်ပကိတ်စော စ သန်လဟုက၀ုတ်တိ)
.....သန္တိန္ဒြိယော စ နိပကော စ၊ (သန်တိန်ဒရိယော စ နိပကော စ)
.....အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။ (အပ်ပဂတ်ဘော ကုလေသွ န နုဂိတ်ဓော)
(အပ္ပ-ဂတ်ဘော ဟုမရွတ်ပါနှင့်၊ အပ်ပဂတ်ဘောဟု ရွတ်ပါ။)

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ (န စ ခုတ်ဒ မာစရေ ကိန်စိ)
.....ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။ (ယေန ၀ိညူ ပရေ ဥပ-၀ဒေယုံ)
.....သုခိနောဝ ခေမိနော ဟောန္တု၊ (သုခိနောဝ ခေမိနော ဟွန်တု)
.....သဗ္ဗသတ္တာ ဘ၀န္တု သူခိသတ္တာ။ (သတ်ဗ သတ်တာ ဘ၀န်တု သုခိတတ်တာ)

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ (ယေ ကေစိ ပါဏဘူတတ်ထိ)
.....တသာ ၀ါ ထာဝရ၀ န၀သေသာ။ (တသာ ၀ါ ထာဝရာဝ န၀သေသာ)
.....ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ (ဒီဃာ ၀ါ ယေ၀ မဟန်တာ)
.....မဇ္စျိမာ ရဿကာ အဏုကထူလာ။ (မစ်ဈိမာ ရတ်သကာ အဏုကထူလာ)

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ (ဒိတ်ထာ ၀ါ ယေ၀ အဒိတ်ထာ)
.....ယေ၀ ဒူရေ ၀သန္တိအ၀ိဒူရေ။ (ယေ၀ ဒူရေ ၀သန်တိ အ၀ိဒူရေ)
.....ဘူတာ၀ သမၻေ၀သီ၀၊ (ဘူတာ-၀ သမ္ဘေ၀သီ-၀)
.....သဗၺသတၱာ ဘ၀ႏၱဳ သုခိတတၱာ။ (သတ္ဗ-သတ္တာ ဘ၀န္တု သုခိတတ္တာ)

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ (န-ပရော ပရံ နိကုပ်ဗေထ)
.....နာတိမညေထ ကတ္ထစိ န ကဉ္စိ။ (နာတိမင်ညေထ ကတ်ထစိ န-ကင်စိ)
.....ဗျာရောသနာ ပဋ္ဋိဃသည၊ (ဗျာရောသနာ ပတိယ သင်ည)
.....နာညမညဿ ဒုက္ခ မိစ္ဆေယျ။ (နင်ညမင်ညတ်သ ဒုတ်ခ မိတ်ဆေယ)

၉။ မာတာ ယထာ နိယံပုတ္တ၊ (မာတာ ယထာ နိယံပုတ်တ)
.....မာယုသာ ဧကပုတ္တ မနုရက္ခေ။ (မာယုသာ အေက-ပုတ်တ မနုရတ်ခေ)
.....ဧ၀မ္ပိ သဗ္ဗဘူတေသု၊ (အေ၀မ်ပိ သတ်ဗဘူတေသု)
.....မာနသံ ဘာဝယေ အပရိမာဏံ။ (မာနသံ ဘာဝယေ အ-ပရိမာဏံ)

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ (မစ်တင်စ သတ်ဗလောက-သမိ)
.....မာနသံ ဘာဝယေ အပရိမာဏံ။ (မာနသံ ဘာဝယေ အပရိမာဏံ)
.....ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ (အုတ်ဓံ အဓော စ တိရိယင်စ)
.....အသမ္ဗာဓံ အဝေရ မသပတ္တံ။ (အ-သတ်ဗာဓံ အဝေရ မ-သပတ်တံ)

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ (တိတ်ထံ စရံ နိသန်နော ၀)
.....သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ။ (သယာနော ယာဝတတ်သ ၀ိတ-မိတ်ဓော)
.....ဧတံ သတိံအဓိဋ္ဌေယျ၊ (အေတံ သတိန် အဓိတ်ထေယ)
.....ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု။ (ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု)

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ (ဒိတ်ထိန်စ အနုပက်ဂမ်မ)
.....သီလ၀ါ ဒဿနေန သမ္ပန္နော။ (သီလ၀ါ ဒတ်သနေန သမ်ပန်နော)
.....ကာမေသု ၀ိနယ ဂေဓံ၊ (ကာမေသု ၀ိနယ ဂေဓံ)
.....နဟိ ဇာတု ဂၢဗ ၻေသယ် ပုန ရေတိ။ (န-ဟိဇာတုတ် ဂတ်ဘ သေယ ပုန ရေတိ)
မေတ္တသုတ္တံ နိဋ္ဌိတံ။

Anonymous said...

မလေးမက သမိုင်းကို တော်တော်စိတ်ဝင်စား တယ်ထင်ရဲ့။
ဖတ်လို့ကောင်းတယ်။

သန့်ဇော်မင်း said...

ဟုတ်တယ်... မမလေးက သမိုင်းကို တော်တော်စိတ်ဝင်စားတယ်နော်။ နောက်ပြီး ကိုယ်အမြင်နဲ့လည်း ပြန်ရေးတက်တယ်။ ရေးတာလည်းကောင်းတယ်။ အားပေးတယ်.. မမလေးရေး ဆက်ရေးနော်... တချို့ သမိုင်းတွေက ကျွန်တော်သိပ်မသိဘူး..

Anonymous said...

လေးမရယ်…။
ဒီလို ပိုစ့်လေးတွေကို တင်ပေးတာ ကျွန်မ အလွန် ကျေးဇူးတင်မိတယ်။

ဟိုခေတ်က လူဖြစ်ရတာမလွယ်ပါလားနော်
အထူးသဖြင့် ချောမောလှပသူ မိန်းမတစ်ယောက်ူ ဖြစ်ရရင် တော်ကောက်ခံရခြင်းကြောင့် ချစ်သူနှင့် ကွေကွင်းရခြင်း၊ မချစ်သူနှင့် ပေါင်းဖော်ရခြင်း၊ ရွှေဘုံပေါ်နေရသော်လည်း အချစ်ကို ဝေမျှရခြင်း၊ အဆင်မသင့် အမျက်တော်ညိုရင် အသက်ကိုတောင် ပေးရမယ့် အခြေအနေတွေကို တွေးမိပါတယ်။

ဆက်လက်ပြီး ဒါမျိုးလေးတွေ ရေးသားပေးပါနော်။
ခင်တဲ့

မလေး
(အိမ့်ချမ်းမြေ့)

tayzar said...

လေးမန်းက သမိုင်းကို စိတ်ဝင်စားတာပဲ ဘာလို့ သမိုင်းမေဂျာမယူခဲ့တာလဲ ဟင် လာဗျူးတာ

Layma said...

မသဉ္ဇာ ... သမိုင်းတစ်ပုဒ်ရေးလိုက်တိုင်းရောက်၂လာတတ်တာကျေးဇူးအထူးပါ...။

ကိုနေမိုး...လေးမ ၁၂ နှစ်သမီးကတည်းက အမြဲရွတ်နေကျပါ ... ။

မပုံရိပ် ... ဟုတ်..စိတ်ဝင်စားတယ်... ဒါပေမယ့် နဲ၂ပဲသိတယ်....။ ကျေးဇူး...။

ကိုသန့် ... ဟုတ်တယ် ...ဖတ်ပြီးရင်လဲ ရာဇ၀င်ကို ရာဇ၀င်မှာမထားခဲ့နိုင်ပြန်ဘူး...လျှောက်တွေးနေမိတာ... ခုတော့ အတွေးတွေရေးချခွင့်ရခဲ့ပြီ...။ကျေးဇူးနော်...။

မလေး...ဟုတ်တယ်မလေးရဲ့...အဲဒီတုန်းက လူဖြစ်ရတာ တကယ်မလွယ်ဘူး...မိန်းမဖြစ်ရတာပိုတောင်ဆိုးသေး ... ။ ကျေးဇူးတင်စွာဖြင့်.....
ခင်တဲ့ လေးမ...

တေဇာ ... သမိုင်းမေဂျာသာယူမိရင် အတွေးလွန်ပြီး ရူးမှာစိုးလို့ ...ဇီးကွက် ရဲ့ ....။ ကြားသားမိုးကြိုး မှတ်ချက်လာရေးတာ ကျေးဇူးဟေ့ ...။

pandora said...

လေးမရဲ့ ဆင့်ပွားအတွေးတွေကို လာခံစားသွားပါတယ်

Anonymous said...

ဖတ်လို့လဲကောင်း၊ လှိုင့် မိသားစု အတွက်လည်း စိတ်မကောင်း....

မျှားပြာ said...

သမိုင်းစာအုပ်ဖတ်ရတာတောင် အခုလောက်မကောင်းဘူး
ကျွန်တော့်အမြင် ကိုပြောတာပါ
ဒါမျိုးလေးတွေကို လူငယ်တွေလာဖတ်ရင် အရမ်းကောင်းမယ်
စာအုပ်အထူကြီးတွေဆိုတော့ သိပ်မဖတ်ချင်ကြဘူး
ခုလိုအကျဉ်းချုပ်လေးတွေဆိုတော့ စိတ်ဝင်စားတဲ့သူက
စာအုပ်တွေကို ရှာဖတ်ရင်းနဲ့ သမိုင်းကို ပိုသိသွားတာပေါ့..။

ဒီဝိုင်း (D'vine) said...

သယ်မယ်မင်း.... ရွှေနန်းတော်ရဲ့ အရေးအခင်းတွေကိုများ ဘယ်သင်းကြောင့် လျှောက်ဖွနေရသနည်း...?

မောင်မင်းများ.... သူမအား တောင်စွယ်နေကွယ်ချိန် မသေမချင်း သရေကွင်းနှင့်ပစ်စေ သတည်း...
ပုံ
မင်းတြားကြီးအမိန့်တော်

လှိုင်ကလေ... ဘာတာ၊အုတ်ကျင်း၊ သမိုင်း အင်းစိန် မရောက်ခင်မှာပေါ့...

မလေးမရဲ့ အရေးအသားမှာ နှပ်ချေးတောင်ထွက်လာပြီဗျာ...မျက်ရည်နဲ့အတူတူ... ဟီး..

Anonymous said...

အင်း ။။။ တစ်ပုဒ်ဆို ဆိုသလောက်ပါပဲ ။။။ သမိုင်းထဲက မိန်းမသားတွေကလည်း နော်။။။ မလွယ်ပါ့လား ။။။
စွာတေးမင်းသမီးတွေအကြောင်းလဲ လုပ်ဦးလေဗျာ ။။။ စုဖုရားလတ်တို့ ဘာတို့ပေါ့ ။။ အဟဲ ။။။

Layma said...

မပန်....ခံစားသွားတာ ကျေးဇူးပါ...။

ကိုဘုရင့်နောင်...ဟုတ်ပါတယ်...သနားစရာပါရှင်...။ ဖတ်လို့ကောင်းဆိုလို့  ပျော်သွားပြီ...။

ကိုမျှားပြာ... လေးစားပါတယ်ရှင်...။ ခုခေတ်မှာ သမိုင်းကို စိတ်ဝင်စားသူနည်းသွားပါပြီ....။ ခေတ်မီနည်းပညာတွေကို အမီလိုက်ဖို့ ကြိုးစားရင်း သမိုင်းကို မသိကြတော့ပါဘူး ...။ သိသလောက်လေး မျှဝေကြည့်တာပါရှင်....။

ကိုဒီဝိုင်း... အမှန်ကိုချပြတာကို အပြစ်ပေးတဲ့ မင်းမတရားကြီး ကင်ဆာဖြစ်ပြီး လျှောပါစေ လို့ ကျိန်လိုက်မှာနော်...။ နှပ်တွေပုဆိုးနဲ့သုတ်လိုက်...လူမြင်မတော်ပါဘူးရှင်..။

ဂျယ်ရီ....စွာတေးတွေတော့ ဘယ်ရေးမလဲ...မိန်းမချင်း..ရိုင်းပင်းရမယ်လေ...ဟဲ...ဟဲ...ဟဲ...။