Sunday, March 23, 2008

ဆန္ဒ

စိန်ရောင် မြရောင်တွေအောက်မှာ


လမ်းမပျောက်ချင်ဘူး…


ကြယ်ရောင် လရောင်တွေ အောက်မှာ


လမ်းလျှောက်ချင်တယ်..။




ရောင်စုံညတွေအောက်မှာ

ဟန်ဆောင်အလှတွေနဲ့ အာရုံမနောက်ချင်ဘူး…


အရောင်တုမပါတဲ့ အမှောင်ထုကမ္ဘာမှာပဲ …


အမြင်ရှင်းရှင်းနဲ့နေချင်တယ်…။




ကျောချင်းကပ် မတ်တပ်ရပ်ရင်း

စက္ကန့်တွေနောက်


တကောက်ကောက်ပြေးလိုက်မယ့်အစား


ပခုံးပေါ်ပါးအပ် … ရောက်တဲ့နေရာမှာရပ်


စက္ကန့်တွေကို တန့်ထားလိုက်ရရင်ကောင်းမယ်… ။ ။

19 comments:

Friday, March 21, 2008

သင်္ကြန်အကြို … ကာတွန်း









* Source :ကိုပြူး နှင့် မပြုံး (ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း)

ဘိလပ်က သယ်ရင်းတို့ရေ… နှစ်သစ်ကူးတဲ့ အတာတန်ခူးမှာ ခွင့်ရလို့ပြန်လာကြရင်ဖြင့် ကိုနက်ချိပ်လို စတိုင်လ်မထွားကြနဲ့နော်…။ ဟီး..ဟီး…စတာပါ…..။ လေးမ ဘော်ဒါတွေထဲမှာ ကိုနက်ချိပ်တွေ မရှိပါဘူး…။


တကယ်တော့…. တလောက နာမည်ကြီး ဘလော့ဂ်တစ်ခုမှာ မြန်မာဆိုတာ … ဘယ်လို..ဘယ်ညာ…ဘာဖြစ်တယ်ဆိုတာကို …မြန်မာတစ်ယောက်က ကဗျာရေးထားတာ ဖတ်ရကတည်းက ရီချင်လို့ ဒီကာတွန်းလေး တင်ပေးချင်နေတာ…။ scan လုပ်ရမှာ ပျင်းနေတာရယ်… သင်္ကြန်နဲ့ ဝေးသေးတာရယ်ကြောင့် မတင်သေးတာ…။ ခုတော့ ဒီကာတွန်းလေး နဲ့ သင်္ကြန်ကို ကြိုဆိုရင်း ကိုယ့်အမျိုးကို … ကိုယ့်လူမျိုးကို … ကိုယ်ကိုယ်တိုင်က အထင်သေးရှုံ့ ချခြင်းတွေ လျော့နည်းပါစေလို့ ရိုးသားစွာ ဆုတောင်းလိုက်ပါတယ်…။ ။

7 comments:

Monday, March 17, 2008

ယနေ့ ရန်ကုန်

ကိုညိုထက် ရေးခိုင်းလို့…။


ယနေ့ ရန်ကုန်မှာ...


ရွှေတိဂုံ


- ရင်ပြင်တော်ပေါ်တွင် ဆေးလိပ်သောက်ခြင်း..ကွမ်းစားခြင်း တားမြစ်ထားသောကြောင့် ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့….။


- ပြည်သူများ ဘေးကင်းစွာ ဘုရားဖူးနိုင်ရန်အတွက် လုံခြုံရေးများ အပြည့်အ၀ ချထားသောကြောင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးခွင့်ရ…။


- ဓါတ်လှေကားသို့ လျှောက်လမ်းတွင် တောင်းရမ်းသူ သက်ကြီးရွယ်အိုများ အခြေအနေကြည့်၍ ပြေးပြေးလွှားလွှား သွားသွားလာလာ အလှူခံလျက်ရှိ…။


သက်တမ်း ၁၀၀ ကျော် ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်


- တိရိစ္ဆာန်အတော်များများ ပရိုမိုးရှင်းဖြင့် မြို့တော်သစ်သို့ ပြောင်းရွှေ့ ….။


- ပြောင်းရွှေ့သွားသော အကောင်များနှင့် ပတ်သက်၍ … မျောက်ရွာမှ မျောက်များ သန်းရှာရင်း အတင်းတုပ်လျက်ရှိ….။


- မည်သို့ပင် ဖြစ်စေ…. စိမ်းလန်းစိုပြည် အုပ်အုပ်ဆိုင်းဆိုင်းရှိသော ဥယျာဉ်ကြီးသည် ရုံးပိတ်ရက်များတွင် စည်ကားလျက်ရှိနေ….။


ဗိုလ်ချုပ်ဈေး


- ၀င်ကြေး ၁၀၀ … ထွက်ကြေး ၁၀၀…(ပါကင်မရလို့ တပတ်ပြန်ပတ်…ပြန်ဝင်ရင်လည်း ၁၀၀ )…။


- မုန့်ပဲ သွားရေစာ ရောင်းသူများ… လျှောက်လမ်းများတွင် ပြည့်…။


- ပစ္စည်းမှန်…ဈေးမှန် ( ဆစ်နိုင်မှ တော်ရာကျမည် ) အမျိုးအမည်ပေါင်းများစွာ ရောင်းချနေ…။


ဘာ Mart ညာ mart တွေ


- သင်္ကြန် မျက်မှန်..၊ ရေသေနတ်..၊ ဦးထုပ်အမျိုးမျိုး…၊ သီချင်းခွေများ…၊ သင်္ကြန်နှင့် ပတ်သက်သမျှ အတိုအထွာများ ရောင်းချနေ….။


- Date expire ဖြစ်ရန် သိပ်မလိုတော့သော စားသောက်ကုန်များကို special discount ဖြင့် ရောင်းချ….။


ကန်တော်ကြီး


- ဈေးပွဲတော်… လက်ဝှေ့ ပွဲ…. စတိတ်ရှိုးပွဲများဖြင့် စည်ကားလျက်ရှိသောကြောင့် သစ်ပင်များ..ကုန်းမြင့်လေးများနဲ့ ရေကန်ကြီးက မျက်ရည်စို…( သူတို့အလှမပေါ်လွင်လို့…တဲ့…)


- ဘာဆိုင် ညာဆိုင်များပေါများ… ဟိုအမှိုက်..ဒီအမှိုက်…လူအမှိုက်များလည်း…ဟိုတစ်စ..ဒီတစ်စ…။


- သို့သော်…ကန်တော်ကြီးသည် လှဆဲ… ကန်ရေပြင်ကို ဖြတ်လာသောလေသည် လတ်ဆတ်ဆဲ…။ ( မယုံရင် တင့်ကားကုန်းဘက်ကိုသွား…)


အင်းယားကန်


- အသုတ်နှင့် အကြော်ဆိုင်များ လက်ရာ အလွန် ညံ့ဖျင်း….။


- အင်းယားသည် ချစ်သူစုံတွဲတို့ ကွန်းခိုရာ ဟူသော ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားဆဲ....။


တက္ကသိုလ်


-တက္ကသိုလ်ကျောင်းများတွင်……စာသင်လျက်ရှိ….။


ဆေးရုံ…ဆေးခန်း


- ဆေးရုံ…ဆေးခန်း…ဆရာဝန်…သူနာပြု…ပေါကြွယ်ဝ…( ရှားတာ..ဆေး…)


အနုပညာရပ်ဝန်း


- မြန်မာဇာတ်လမ်းများသည် ကိုရီးယားဇာတ်လမ်းများကို တိုးမပေါက်ပေမယ့် မြန်မာအနုပညာရှင်များ၏ သတင်းအတင်း သည် ကိုရီးယားနုပညာရှင်များထက် အားပေးသူများပြား…။


- ခုတောင်… နိုင်နိုင်းတစ်ယောက် …အတုမိသွားလို့ဆိုလား…..ဘာလား……။


သီချင်းလောက


- အသံချိုချိုအေးအေးပိုင်ရှင်များ ဖြစ်ကြသော ကို ငှက် နှင့် ဦးထီးတို့ ကျောခိုင်းထွက်ခွာ…။


- အမှတ်တရ … အလွမ်းပြေ … ပြန်ဆိုခွေများ… ဆက်လက်ထွက်လာနိုင်ဖွယ်ရှိ …..။


- စိုင်းစိုင်းခမ်းလှိုင်၏ သီချင်းများ ( တောဂေါ်လီ နှင့် ဖုတ်လှိုက်ဖုတ်လှိုက် ) ကို မိန်းကလေးများ သဲသဲလှုပ်အားပေး…၊ အားပါးတရ အော်ဆို…။ သင်္ကြန်ရောက်ရင်လည်း လူငယ်တွေ အော်ကြပြန်ဦးမယ်…။


တော်သေးပြီ…။ ကျန်တာတွေကတော့ အားလုံး သိကြတဲ့အတိုင်း…….။ သေချာတာကတော့ ယနေ့ရန်ကုန်ဆိုတာ မနေ့က ရန်ကုန်လို မဟုတ်ဘူးလေ…။ ။


မှတ်ချက်။ ။ ရန်ကုန်မြို့မှာ ဖြစ်ပျက်နေသမျှ အသေးစိပ်ကို http://mothonlay.wordpress.com/ မှာဖတ်ရှုနိုင်ပါသည်..။

17 comments:

Sunday, March 16, 2008

ဇွတ် ... ပြုတ်

ကြက်စွပ်ပြုတ် အဆင်သင့်မဖြစ်သေးလို့ စွပ်ပြုတ်ပူဆာနေတဲ့သူတွေအတွက် ဇွတ်ပြုတ်ပေးလိုက်ပါတယ်…။


ချိန်းဆိုချက်


တစ်ခါတုန်းက Baghdad မြို့မှာ ချမ်းသာကြွယ်ဝ..၊ ပညာအမြော်အမြင်ကြီးမားပြီး…၊ ကြင်နာတတ်တဲ့ နာမည်ကြီး သူဌေးကြီးတစ်ယောက်ရှိတယ်…။ တစ်မနက်မှာ သူဌေးက အလုပ်သမား Abdul ကို ဈေးထဲကို သစ်သီးဝယ်ဖို့ လွှတ်လိုက်တယ်…။ Abdul က ဈေးထဲမှာ လျှောက်သွားနေတုန်း သူ့နောက်မှာ တစ်ယောက်ယောက်ရောက်နေသလို ခံစားရပြီး ကျောထဲက စိမ့်လာတယ်…။ လှည့်ကြည့်လိုက်တဲ့အခါ မျက်လုံးနှစ်လုံးက လွဲပြီး ဘာမှ မမြင်ရအောင် အနက်ရောင် ၀တ်စုံဝတ်ထားတဲ့ အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့လိုက်ရတယ်..။ အဲဒီလူက သူ့ကို စိုက်ကြည့်နေတဲ့အတွက် Abdul ဟာ ကြောက်ဒူးတုန်လာတယ်..။


“ ခင်ဗျား ဘယ်သူ လဲ… ဘာလိုချင်လို့လဲ..”… Abdul က တုန်လှုပ်စွာမေးလိုက်တယ်…။


“ ငါ…က…. သေမင်း…” အနက်ရောင်ဝတ်စုံနဲ့လူက အေးစက်စက် ပြောပြီး လှည့်ထွက်သွားတယ်…။


Abdul ဟာ သစ်သီးခြင်းကို လွှတ်ချပြီး သူဌေးအိမ်ကို မနားတမ်းပြေးသွားတယ်…။ သူဌေးအခန်းထဲကို တဟုန်ထိုးပြေးသွားပြီး…


“ သခင်… ကျွန်တော့်ကို ဒီမြို့က အမြန်ခွာခွင့်ပြုပါ ….”


“ ဘာလို့လဲ…ဘာဖြစ်တာလဲ ကွ…”


“ ဈေးထဲမှာ သေမင်းနဲ့ တွေ့ခဲ့တယ်…သခင်ရဲ့…”


“ မင်းကလဲ…ဟုတ်လို့လားကွာ…”


“ သေချာပါတယ်…သခင်… အနက်ရောင်ဝတ်စုံနဲ့…။ ကျွန်တော့်ကို စိုက်ကြည့်နေတာ…။ Samarra က အဖေ့အိမ်ကို ကျွန်တော် ပြန်မယ်…။ အခုထွက်သွားရင် နေမ၀င်ခင် Samarra ကို ရောက်မှာ…။”


Abdul ကိုကြည့်ရတာ အရမ်းသွေးပျက်နေပုံရတဲ့အတွက် သူဌေးက ပြန်ခွင့်ပေးလိုက်တယ်…။


ဒါပေမယ့် သူဌေးကြီးရဲ့ စိတ်ထဲမှာ မကျေနပ်ဘူး…။ သူနှစ်သက်သဘောကျတဲ့ အလုပ်သမားကို ထိတ်လန့်အောင် ခြောက်လွှတ်လိုက်တဲ့ လူစိမ်းကိုလည်း… အရမ်းစိတ်ဆိုးတယ်..။ ဒါနဲ့ စုံစမ်းဖို့ ဈေးထဲကို ထွက်ခဲ့တယ်…။ အနက်ရောင်ဝတ်စုံနဲ့ လူကိုတွေ့တဲ့အခါ သူဌေးကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်…။


“ ဟေ့လူ… ငါ့အလုပ်သမားကို ဘာလို့ ခြောက်လွှတ်တာလဲ…”


“ မင်း အလုပ်သမားက ဘယ်သူလဲ…”


“ …. Abdul ”


“ သူ့ကို ခြောက်မလွှတ်ပါဘူး…။ ငါက သူ့ကို Baghdad မှာ တွေ့ရလို့ အံ့သြသွားတာပါ….”


“ ဘာလို့ အံ့သြတာလဲ…”


“ ဘာလို့လဲဆိုတော့ သူနဲ့ Samarra မှာ ဒီည တွေ့ဖို့ ချိန်းထားတာလေ….”


………….


ဝန်ခံချက်။ ။ Bernard Hartley & Peter Viney ၏ Streamline မှ The Appointment ကို လေးမ နားလည်သလို ဘာသာပြန်သည်..။


ဒီပုံပြင်လေးကို ဖတ်ခါစက ဘာကို ဆိုလိုမှန်း သိပ်မရှင်းဘူး..။ သေမင်းကို တွေ့ရတယ်ဆိုတာ ယုတ္တိမရှိဘူးလေ… သူ့သူငယ်ချင်းတစ်ယောက်ယောက်များ နောက်တာလားလို့ တွေးလိုက်သေးတယ်…။ ဒါပေမယ့် ပုံပြင်တွေမှာ အဆုံးသတ်စာကြောင်းက ခေါင်းစဉ်ကို ထိမိစေတဲ့ အသက်ပဲ…။ သေချာပြန်စဉ်းစားကြည့်တော့မှ ရယ်လိုက်ရတာ…။ ပြီးတော့ တည်သွားတယ်…။ ဟုတ်သားပဲ…လူတွေမှာ သေမင်းကို ရှောင်လွဲလို့ မရနိုင်ဘူး…။ ဒီအချိန်မှာ…ဒီနေရာမှာ…ဒီလိုပုံစံနဲ့ သေရမယ့် ကံပါလာရင် …. ဘာယတြာနဲ့မှ ရှောင်လို့မရဘူး… ညာဏ်များလို့မရဘူး…။ ရှောင်ပုန်းဖို့ကြိုးစားရင်… ထွက်ပြေးရင်… မောတာပဲ အဖတ်တင်မယ်…။ ။


ကဲ…သယ်ရင်းတို့ရေ… သေမင်းကို ရှောင်ပြေးဖို့ မစဉ်းစားဘဲ… မသေခင် စိတ်ကောင်းနှလုံးကောင်းလေး မွေးနိုင်အောင် အားထုတ်ဦးမှ…။ ပါးစပ်က ဘုရား…ဘုရား…လက်က…..ဟိုလေ…ဟို……အဲဒါမျိုးတော့ …။ တော်ပြီ…ရေးတော့ဘူး…။ တာ့တာ…ဘုရားရှိခိုးလိုက်ဦးမယ်…။ ။

7 comments:

Sunday, March 09, 2008

ငိုချင်း

သူ့မယား ငိုခဲ့လျှင် ( အဟမ်း..အဟမ်း..)


ကိုးနတ်ရှင်ကြီးက ပျာယီးပျာယာ….


ဟိုအရေး ဒီအရေး မတွေးမမျှော်…


ဖြတ်ခနဲဆို တက်လိုက် ကျလိုက်…


ဒက်ခနဲဆို ရပ်လိုက် ဖြတ်လိုက်…


Proxy ကို multi ထားပေမယ့်


ဂျာမဏီကို ထော်လာဂျီမောင်းသွားရသလိုပဲ


loading… loading…. ဟင်း…ဟင်း..


အမယ်မင်း…အဟင့်..အဟင့်…


ဘယ်တော့များမှ


မျက်နှာငွေလ ရွှင်ပပနှင့်


လေးမ ၀မ်းမြောက်ရပါအံ့...။ ။


မှတ်ချက်။ ။ ဘကြီး ဦးပုညရေ… စာလုံးတွေ ယူသုံးထားတာ ဆူနဲ့နော်…။

9 comments:

Tuesday, March 04, 2008

အိမ်မွေး တိရိစ္ဆှာန်များနှင့် အဖော်ပြုခြင်း ( ၁ )

တိရိစ္ဆာန်မွေးတာကို တချို့က ငရဲကြီး သည် ဟုဆိုသည်…။ တချို့က ကုသိုလ်ရသည်ဟု ပြောသည်…။ တချို့က အလုပ်မရှိ အလုပ်ရှာသည်ဟု မြင်သည်…။
လေးမ အတွက်တော့ စီးပွားဖြစ်လည်း မဟုတ်… ဖက်ရှင် တစ်ခု အနေနဲ့ လည်း မရည်ရွယ်ပါဘဲ… မတော်တဆ မွေးထားခွင့်ရခဲ့တဲ့ အကောင်လေးတွေနဲ့ ပျော်ရွှင်ခဲ့ဖူးပါသည်…။

လေးမ စောင့်ရှောက်ခဲ့ဖူးတဲ့ အကောင်တွေကတော့ ခွေး..ကြောင်..နဲ့ ငါးလေးတွေ …။ လက်ရှိတော့ အိမ်မှာ ခွေး ၃ ကောင် နဲ့ ငါး ကန် တစ်ကန် ( ၆ ကောင်ပဲ ကျန်တော့တယ် )…။


လေးမ နှင့်ပူစီကြောင်


လေးမ ငယ်ငယ်.. ၆ နှစ် အရွယ်လောက်က ကျောင်းသွားဖော်သူငယ်ချင်း ( မိုးရွာရင် ဖိနပ်အတူမျောခဲ့တဲ့ သူ ) အိမ်က ကြောင်သားလေး တစ်ကောင် လက်ဆောင်ရခဲ့တယ်…။ ကြောင်မကြီး သေသွားလို့ မိခင်နို့ငတ်ခဲ့ရတဲ့ကြောင်လေး… အိမ်ရောက်တော့ ၃ လ သားလောက်ပဲရှိဦးမယ်ထင်တယ်…။ အမေက နို့ဆီကို ရေနဲ့ ဖျော်ပြီး ကြောင်ကလေးကို တိုက်တယ်…။ နောက်တော့ အဲဒီတာဝန်ကို လေးမ ယူလိုက်တယ်… နို့ဆီကတော့ ကြောင်တစ်ဇွန်း… လေးမ တစ်ဇွန်း…။ ကြောင်ကလေးနဲ့  အတူဆော့ပြီး သိပ်ပျော်ခဲ့ရတယ်…။


ကြောင်မလေးက အရွယ်ရောက်တော့ အပြင်ထွက်လည်နေတာ ၄ ရက်လောက် ပြန်မလာဘူး…။ ဘယ်ရောက်လို့ ဘာဖြစ်သွားပြီလဲ .. မသိဘဲ … အရမ်း စိတ်ပူခဲ့ရတယ်… ဘယ်သူတွေ ဖမ်းပြီ သတ်စားလိုက်ပြီလဲဆိုပြီး သူများတွေကို စွပ်စွဲလိုက်… ကားကြိတ်ခံရပြီလားဆိုပြီး ပူပင်လိုက်နဲ့….။


နောက်တော့ ကြောင်က အိမ်ပြန်ရောက်လာတယ်… တစ်ကောင်ထဲမဟုတ်ဘူး… ဗိုက်ထဲမှာ အပိုကောင်လေးတွေနဲ့…။ တစ်နေ့ကျတော့ ပိတ်စရုပ်ကလေးတွေနဲ့ ဆော့နေတဲ့ လေးမနားကနေ ကြောင်က ဖြတ်သွားတယ်…။ လေးမကလည်း ထုံးစံအတိုင်း ကြောင်နားကပ်သွားပြီး ကြောင်မျက်နှာနား ပါးကပ်ပြီး “ မမချစ်တဲ့ ကြောင်လေးရေ..” ဆိုပြီး ကဗျာရွတ်သံနဲ့ သွားဖက်လိုက်တာ ကြောင်က ဖြတ်ကနဲ လက်သည်းနဲ့ လှည့်ကုတ်လိုက်တယ်…။ မျက်လုံးထောင့်စွန်းမှာ အစင်းလိုက် …။ စပ်သွားတာပဲ…။ ကံကောင်းလို့ မျက်အိမ်နဲ့ နည်းနည်းလေးကပ်လွဲသွားတယ်…။ မျက်လုံးကုတ်မိလို့ကတော့ ကန်းနေလောက်ပြီ….။ အဲဒီမှာ လေးမ ကြောင်တွေကို စိတ်နာသွားတော့တာပဲ…။ လူလူချင်းဆိုရင် ထပြီး နပန်းလုံး ကိုင်ဆောင့် ပစ်လိုက်ပြီ … ခုတော့ အားနွဲ့  တဲ့ကြောင်ဖြစ်နေတော့ ခပ်စိမ်းစိမ်း တစ်ချက်ကြည့်ပြီး ဇာတ်လမ်းက ပြတ်သွားတယ်…။ အမှန်တော့ ကြောင်က ဗိုက်နဲ့ ဆိုတော့ စိတ်မကြည်မလင် ဖြစ်နေတယ်ထင်ပါရဲ့…။


နောက်ပိုင်းတော့ ၀တ်ကျေတန်းကျေပဲ ဆက်ဆံတော့တယ်… ။ အရောတ၀င် မနေတော့ဘူး…။ ကြောင်လေးတွေ ပေါက်လာပြီးတော့လည်း ချစ်လို့မရတော့ဘူး…။ အိမ်ပြောင်းခါနီး ကြောင်တွေ အကုန်လုံး ဘုန်းကြီးကျောင်းပို့လိုက်တော့လည်း မငိုတော့ဘူး… ။ အိမ်ပြောင်းလာပြီးတော့လဲ ကြောင်ထပ်မမွေးတော့ဘူး…။ ဒီနေ့အထိ ကြောင်ကို လုံးဝ မမွေးတော့ဘူး….။ ကြောင်တွေနဲ့ မတော်တဆ ဆုံခဲ့ရင်တောင် သူတို့က လေးမကို မျက်လုံးစိမ်းကြီးနဲ့ ကြည့်နေတယ်လို့ ခံစားနေရတတ်တယ်…။ ဆိုက်ကို ၀င်သွားလားမသိဘူး… ကြောင်တွေကို ချစ်လို့မရတော့ဘူး …။ ကြောင်အနားကပ်လာမှာကို ကြောက်တယ်…။ ကြောင်မျက်လုံးက friendly မဖြစ်ဘူးလို့ ခံစားရတယ်…။ အဲဒီလိုနဲ့ ကြောင်မွေးတဲ့ ဇာတ်လမ်း တစ်ခန်းရပ်သွားတယ်…။ ။


P. S. မျှားပြာရဲ့ ကြောင်မလေး မီးမီး ..ကိုတော့ သဘောကျနေပြန်တယ်… ဓါတ်ပုံထဲက မြင်ရတာမို့ ထင်တယ်…။

9 comments:

အမှတ်တရ ( ၃ )

အသစ်မရေးဖြစ်သေးလို့ တစ်ချိန်တုန်းက မပန်ဒိုရာရဲ့ “ ဘာသာပြန်ကြည့်ဦးမလား ” အစီအစဉ်မှာ အာချောင်ခဲ့ဖူးတဲ့ လက်ရာဟောင်းလေးကို ဖုန်သုတ်ပြီး ပြန်တင်လိုက်ပါတယ်…။ သစ် ချင်ယောင်ဆောင်တာပါရှင်…။


“One Act Play”


Love or lust.
Perhaps a memorable start.
Enjoy your sweet moments.

Just be conscious.
We shall depart.

ပန်ဒိုရာ
-----------------------
သိပါတယ်…ခွဲကြရမှာ ၊
(ဒါပေမယ့်)
ပျော်ခဲ့တယ်.….ချိုလွန်းလို့ ပါ ၊
အမှတ်တရလို့ ဆိုမလား….သတိရဖို့ ဆိုမလား ၊
(အဲဒီပြဇာတ်မှာ)
အချစ်ပါလား….ရမက်ပဲလား….။

လေးမ


အဲဒီကဗျာရေးပေးခဲ့တော့ အရီးပန်က “ နာမည်ကလည်း ပြောင်းပြန်…ကဗျာ ဘာသာပြန်တော့လည်း ပြောင်းပြန်….” ဆိုပြီး အသိအမှတ်ပြုခဲ့တယ်…။ ။

မှတ်ချက်။ ။ တခြားဘလော့ဂ်ဂါတွေလည်း ရေးထားသေးတယ်… ဒီမှာက မူရင်း..။

9 comments: