Wednesday, October 31, 2007

ကချေသည်ရဲ့ ဆန္ဒ…

လုပ်လိုက်ပေါ့
ဇာတ်ဆရာရယ်…
ကျွန်မက “ကချေသည်” ပဲ…
ရှင် ထားတဲ့နေရာမှာ
ရှင် ခိုင်းတဲ့ဇာတ်ရုပ်က
ရှင် ပေးတဲ့ ဒိုင်ယာလော့တွေနဲ့
ရှင် ရေးတဲ့ ရှင့်ဇာတ်လမ်းကို
ရယ်ဆိုရယ်
ပြုံးဆိုပြုံး
ငိုဆိုငို
အပိုအလို မရှိစေရပါဘူး … ။
ဒါပေမယ့်
ကျွန်မက ပညာသည်လေ …
ခဏလှအောင်
က နေရပေမယ့် …
ဘ၀ မကျအောင်တော့
(တတ်စွမ်းသမျှ)
ချပြ ချင်သေးတယ်…။ ။

2 comments:

Sunday, October 28, 2007

ကြွားရဦးမယ်ကွဲ့ ... ကြွားရဦးမယ်...

တကယ်တော့ ဒီပြသနာက ၀ါကျွတ်လို့ ရှုပ်ကုန်တာ ... ရှုပ်တော့လည်း ရှင်းရတော့မှာပေါ့လေ...။ အရင်ကတော့ လေးမ ရှင်းလင်းပွဲ ဆိုပြီး ရှင်းလင်းပွဲတွေလုပ်နေကြပါ ... ။ ဒါပေမယ့် ခုတလော ရှင်းလင်းပွဲက သိပ်ခေတ်မစားတော့ဘူး ... ဒါကြောင့် ပြောချင်တာကိုပြောပြီး ဘလော့ခ်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်...။
ဒီသီတင်းကျွတ်မှာ လေးမ တော်တော် ပြသနာတက်သွားပါတယ်...။ ဘာလို့လဲဆိုတော့ ... သူတို့ တွေကလေ... လေးမ ကို လာလာစ သွားကြတယ်...။ ဘလော့ခ်ဂါ အပျိုကြီး လို့ အော်သွားတဲ့သူလည်းရှိတယ်...။ အရန်လုပ်ဖို့ လျှောက်လွှာတင်တဲ့သူတွေလည်း ရှိတယ်...။ ဆီပုံးမှာ ပြန်ဖြေထားတာကိုလည်း မဖတ်ကြဘူး ...။ ဟွန်း...ဟွန်း... လေးမ ကိုများ showroom ထဲမှာ ဖုန်သုတ်နေရတဲ့ ပစ္စည်းများမှတ်နေသလား မသိဘူး ...( အပျိုကြီးမမတွေ စိတ်ချိုးကြနဲ့ နော်... လေးမ ကသူတို့ကို ရန်တွေ့ ချင်လို့ပါ...) ။ လေးမက ပိုင်ရှင်မဲ့ မဟုတ်ဘူးရှင့် ... ။ လေးမမှာ ပိုင်ရှင်ရှိတယ် ... လေးမမှာ ကောင်းကင်ရှိတယ် ...လေးမမှာ အိမ်ရှိတယ်... ။ ဒါပေမယ့် လေးမမှာ ကိုစိုးထက်တို့ ... ကိုအန်ဒီတို့လို ကြွားစရာ ရတနာလေး မရှိဘူး...။ ဒါကြောင့် တိတ်တိတ်လေး ... ကုတ်ကုတ်လေး နေခဲ့တာ ...။ ခုတော့ ... အတွေးမှား...အမြင်မှား... အရေးမှားလျှင်..သမိုင်းနွံနစ်မည်..အဲ...အဲ...ဟုတ်ပါဘူး.... ယောင်လို့ ... ဘော်ဘော်တွေ ရှင်းရှင်းလင်းလင်း သိထားရအောင်... ရှိစုမဲ့စုလေးကို ထုတ်ကြွားလိုက်ပါပြီ ... ။ ။

မှတ်ချက် ။ ။ လေးမရဲ့ ဒုတိယအသက်က ... “အရောင်များ” ထဲက လေးမ အရောင်ဖတ်ခဲ့တဲ့...ကောင်းကင် ...၊ “လေးမနှင့် ကောင်းကင် ” ကဗျာမှာ ကင်းကောင်ကြီး လို့ ဘော်ဘော်တွေ စသွားတဲ့ ကောင်းကင် ... ၊ “အရူးများ မဖတ်ရ ” ကို ဖတ်ပြီး ဒေါကီးသွား တဲ့ ကောင်းကင် ကြီးပါရှင် .....။ လေးမ စောစောကတည်းက မကြော်ငြာထားမိတာ ခွင့်လွှတ်ကြပါလို့ အနူးအညွတ် တောင်းပန်ပါတယ်ရှင် ... ။ မလိုဘူးထင်လို့ပါရှင် ....။

2 comments:

Thursday, October 25, 2007

သီတင်းကျွတ်

မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ … ။
အိမ်အပြန်လမ်းတလျှောက်မှာ ဆိုင်လေးတွေ ၊ အိမ်လေးတွေ မီးတွေထွန်းလို့လေ... ။
ရောင်စုံလျှပ်စစ်မီးလေးတွေ မှိတ်တုတ်မှိတ်တုတ် … ဖယောင်းတိုင်မီးလေးတွေ တလှုပ်လှုပ်နဲ့  …။
အမြဲမှောင်နေတဲ့ လမ်းသွယ်လေးရဲ့ တဖက်တချက်မှာ ဖယောင်းတိုင်တွေ ထွန်းထားလို့ အလင်းရောင်ပြပြနဲ့  တမျိုးလှနေရှာတယ် …။
တာဝတိံသာနတ်ပြည်က ပြန်ကြွလာမယ့် ဗုဒ္ဓမြတ်စွာကို နတ်ဗြဟ္မာတွေနဲ့  အတူ ပူဇော်နေကြတဲ့ မြန်မာလူမျိုးတွေလေ … ။
ကြည့်စမ်းပါဦး … အိမ်ဝမှာ မီးပုံးလေးတွေ ချိတ်ဆွဲနေတဲ့ မြန်မာမိန်းမပျိုလေး ( ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် … ရှင်သာရခိုင် တန်ဆောင်လော ) လို့သာ တလိုက်ချင်တော့သည်…။
ယုန်ရုပ်ကလေးတွန်းလာတဲ့ ကလေးငယ်လေးကို မိခင်က ဖယောင်း တိုင်တိုလေး စိုက်ပေးပြီး မီးညှိပေးလိုက်တော့ ပျော်မြူးစွာ မီးပုံးတွန်း ထွက်သွားတဲ့ဟန်လေးက ငယ်ဘ၀ကို တဒင်္ဂတွန်းပို့ လိုက်သလိုပဲ … ။
လက်ဖက်ရည်ဆိုင်က ဖွင့်ထားတယ်…“ ငယ်သူငယ်ချင်းရေ…အခုတော့ ငယ်ကျွမ်းဆွေ… မီးပုံးလှလှလေးတွေ ရောင်စုံထွန်း ကျွန်းနုမြေ … ဒီလိုညမျိုး….” ။
…“အတူး ”လည်းမရှိခဲ့ …“အသက်” လည်းမဖြစ်ခဲ့ပေမယ့်… ဘာကိုမှန်းမသိ…လွမ်းသယောင်ယောင် … ဖြစ်လာပြန်တယ်…။
မီးပုံးတွန်းတဲ့ကလေးငယ်လေး … မီးပုံးချိတ်တဲ့ မိန်းမပိျုလေး … မီးပူဇော်တဲ့အလေ့အထ… သက်ကြီး ၀ါကြီးတွေကို ကန်တော့တဲ့ အလေ့အထတွေ နဲ့  အေးချမ်းနေတဲ့ လူသားတွေ အမြဲငြိမ်းချမ်းနိုင်ပါစေ … ။
ဘာပဲပြောပြော မြန်မာနိုင်ငံသား ဖြစ်ရတာ “လေးမ” ကျေနပ်တယ် ….။ ။

5 comments:

Wednesday, October 24, 2007

အကြောင်းကြားစာ...

လေးမ အိမ်အသစ် ၀ယ်လိုက်တယ်...။
နေရာလေးက သန့်ပါတယ်...။ လေးမ ၀ယ်လိုက်တာ Wordpress Housing Estate မှာလေ...။ အိမ်ရာဆိုတော့ အိမ်တွေက ဆင်တူတွေများတယ် ...။ အိမ်ကို သိပ်ပြင်လို့မရဘူး ... ခွင့်မပြုဘူးပေါ့ ...။ လေးမ က လူသစ်ဆိုတော့ လူလည် မလုပ်တတ်သေးတာလဲ ပါတာပေါ့ ... နောက်ပိုင်းတော့ လေးမ နည်းနည်းပါးပါး စာတတ်သွားရင်တော့ ညှိစရာရှိတာလေးတွေ ညှိပြီး အိမ်ကိုပြင်ကြည့်ရမယ် ...။ တကယ်တော့ အိမ်က ပြင်စရာကို မလိုတာ ... အားလုံးအဆင်သင့်ပဲ ... အသင့်ယူသုံးလိုက်ရုံပဲ ... ။ ဒါပေမယ့် ဗိသုကာဆိုတော့ နည်းနည်းပါးပါးတော့ ဆည်းပူးထားသည့်ပညာ မနေသာ ဆိုသလို ဟိုနားဒီနားလေးတွေတော့ ပြင်ကြည့်ချင်သေးတယ် ...။ လောလောဆယ် ၀ယ်လိုက်တဲ့ အိမ်ဒီဇိုင်းက ချဲ့ လို့ ... ကျဉ်းလို့မရဘူး ... ။ စာတိုက်ပုံး ( cbox) ထည့်လို့မရဘူး ...။ ပို့စ်တွေတော့ စိတ်တိုင်းကျ နေရာချ ... ဒီဇိုင်းဆွဲလို့ရသွားပြီ ... ။ အိမ်သစ်တက်ပွဲတော့ မလုပ်သေးဘူး ... ။ သီတင်းကျွတ်ပြီးမှပဲ လုပ်တော့မယ် ...။ လောလောဆယ်ဆယ် ဒီက ပစ္စည်းတွေကို ပြင်သင့်တာပြင်ပြီး နေရာချနေတယ်...။ သူငယ်ချင်းတို့ လမ်းကြုံရင် ၀င်ခဲ့ကြလေ ...။ လိပ်စာက wordpress.com...ပါ ... laynge လို့ မေးလိုက်ရင် သိကြပါတယ်...။ သူငယ်ချင်းတို့လဲ စိတ်ဝင်စားရင်ပြောင်းခဲ့ကြလေ ... သီတင်းကျွတ်ဆိုတော့ promotion ရှိချင်ရှိမှာ ...။ လေးမကတော့ အစောကြီးထဲက ၀ယ်ထားလို့ discount မရလိုက်ဘူး ... ။ နောက်မှ အိမ်သစ်တက်ပွဲ လုပ်ပြီး မုန့် ကျွေးမယ်နော် ... ။ ။

P.s. အိမ်ပြောင်းသွားပေမယ့် Blogspot နိုင်ငံသားအဖြစ်လည်း ဆက်လက် ခံယူထားဆဲပဲ ... ။

5 comments:

Monday, October 22, 2007

ဗေဒင်ဟောမယ် …

လေးမ သိတဲ့ .... Blog ကို တွယ်တာနေသူ အချို့ ဟာ ...အပြင်လောကမှာ စကားနည်းကြတဲ့ အေးတိအေးစက်သမားတွေ ဖြစ်နေကြပါတယ်…။ ဘယ်သူတွေလဲ သိလား…။

၁။ လေးမ ( ယုံမှာမဟုတ်ဘူးနော် … တကယ်ပြောတာပါ …)
၂။ သိုးမလေးနှင်းနှင်း ( ထင်တာ…ထင်တာ)
၃။ တေဇာဘလင့် ( သူ့  ပိုစ့် မှာ ဖြောင့်ချက်ပေးထားတယ် … မယုံရင်သွားကြည့် …)
၎။ ကိုမျက်လုံး ( တေဇာ့ဆီမှာ ၀န်ခံထားတယ် … ကွန့် မန့်  သက်သေရှိသည် …)
၅။ သန့် ဇော်မင်း ( ရုပ် ကြည့်ပြီး ခန့် မှန်းတာ… )
၆။ ကိုပီကေ (ကိုမျက်လုံးနှင့် မမယ်လိုဒီမောင် ကိုသက်သေထားပြီး အဆိုပြုလာသူ...)
ရ။ အနိုင် ( သတိ...သူ့ ထံသွားလျှင် မည်သည့်စားစရာမှ ယူမသွားရ... အန္တရာယ်ရှိသည်... စကားနည်းသော်လည်း အစားမနည်းပါတဲ့..)
၈။ ကိုရန်အောင် ( ကိုးန၀င်းစိပ်နေတဲ့ အချိန်ဆိုရင် လုံးဝ စကားမပြောဘူး ...)
၉။ sparrow (စာကလေးကတော့ စကားကိုပြောချင်ပြောမယ်...မပြောချင်မပြောဘူးဆိုတဲ့ လူမျိုး...)
၁၀။ ဂျယ်ရီ ( တစ်နေ့လုံးနေမှ ...တစ်ခွန်း ... အဲဒီတစ်ခွန်းမှာ စကားလုံးရေ ၅ သောင်းတဲ့ ... သူကတော့ အေးစက်စက်ဟုတ်ဘူးတဲ့...နွေးနွးထွေးထွေးတဲ့ ( ကောင်မလေးတွေကိုနေမှာပေါ့) )


သူတို့ အထီးကျန် … အဖော်မဲ့နေခြင်းမဟုတ်ပါ… အပေါင်းအသင်းများနှင့် လုံးထွေး လျှောက်လည်ခြင်းကို မခုံမင်သူများ…၊ ပါးစပ်က ထွက်စရာ စကားလုံးရှားပါးသူများ …၊ တကိုယ်တည်း တွေးနေရတာကို နှစ်သက်သူများ ဖြစ်နိုင်ပါသည် …။ သူတို့သည် အသံတိတ် ကမ္ဘာလေးထဲတွင် ဆူညံစွာ စကားပြောနေကြသည် …။ စကားပြောလိုသောကြောင့် ပြောနေကြခြင်း မဟုတ်ပါ…။ သူတို့နှင့် အပေါင်းအဖော်များ ရေးသားသော စာသားများ၏ စေ့ဆော်မှုကြောင့် နှုတ်ခွန်းဆက် …ဆုတောင်း... အကြံပေး ... ဝေဖန် ...လေကန်... ရန်တွေ့ ...ကျီစယ်သော စကားလုံးများ… အလုအယက် တိုးထွက်လာကြသည် …။ ထိုအခါ စကားပြောဖို့တောင် အချိန်မလုံလောက်တော့ …။ ။
( ဟောကြည့် .... ပြောရင်းဆိုရင်းတောင် ပို့စ်တစ်ပုဒ်စာ ပြောမိသွားပြီ... )

မှတ်ချက် ။ ။ မမှန်လျှင် နာမည်ပြန်ဖျက်ပေးပါမည်…(သက်သေအထောက်အထား ခိုင်လုံရမည်) ။ထပ်မံ စာရင်းပေးလိုသူများ ကိုလည်း ထပ်ဖြည့်ပေးပါမည် …(သက်သေ အထောက်အထား ခိုင်လုံရန်မလို) …။

( Link တွေချိတ်ချင်တယ် ... အရောင်တွေသုံးချင်တယ်... ဒါပေမယ့် ... ခွေးတိုးပေါက်က ခိုးဝင်ပြီး သုံးနေရတာဆိုတော့ ဆိုတော့... screen ကြီးက. ဆောရီး လေးမ တဲ့...)

Photo Sharing and Video Hosting at Photobucket

15 comments:

Sunday, October 21, 2007

အမှတ်တရ (၂)...

“တစ်မိုးတည်းအောက် တစ်လမ်းတည်းလျှောက်..”
သူငယ်ချင်း..
တစ်မိုးတည်းအောက်မှာ …
အရိပ်ပျောက်လို့ …မိုးသောက်ခဲ့ရသူချင်းအတူတူပါပဲ…။

အရာရာကို ကောင်းစေချင်တဲ့စိတ်
မင်းတို့ ရင်ထဲမှာ ကိန်းအောင်းဖြစ်ခဲ့ရင်…
ငါဝမ်းမြောက်ပါတယ် ….သူငယ်ချင်း ….။

မင်းတို့ လျှောက်ခဲ့တဲ့လမ်း ပင်ပန်းကြမ်းတမ်းခဲ့တာ
ငါ ကိုယ်ချင်းစာနိုင်ပါတယ် … သူငယ်ချင်း …။

အခုတော့ သူတို့ လေးတွေလဲ ….
ကံ့ကော်တောမှာ လမ်းမလျှောက်နိုင်တော့ဘူး…
အင်းယားမှာလဲ မရယ်မောနိုင်တော့ပါဘူး…
မနက် ၆ နာရီ ဖယ်ရီစီးလို့ 
ည ၆ နာရီ အိမ်အရောက်မှာ…
အမောဖောက်လို့  ကျောင်းသားဘ၀ဆိုတာလဲ
ပျောက်ဆုံးကုန်ကြပါပြီ…. သူငယ်ချင်း …။

တချိန်မှာ မင်းတို့ တွေ
စွမ်းနိုင်မယ်ဆိုရင်တော့
သူတို့ ကို ဒီအခွင့်အရေးလေးတွေ
ရအောင်လုပ်ပေးလိုက်ပါ ….သူငယ်ချင်း ။

ငါဟာ ဘာမှမဟုတ်
အဖြူရောင်တစ်ခုပါ သူငယ်ချင်း …
ဝါးလုံးရှည်နဲ့ လဲမရမ်းဘူး
ဓါးရိုးလဲမကမ်းဘူး ….
မင်းတို့ ကို ဂုဏ်ယူချင်ရုံသက်သက်ပါ ….သူငယ်ချင်း…။

ငါတို့ အားလုံး…. လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာချတဲ့ နေရာက
ဇာတ်ကနေကြရတယ်…..သူငယ်ချင်း…။
ဒါပေမယ့်
ဘီလူးခေါင်းဆောင်းပြီး….ပြုံးပြလို့ လဲရပါတယ်…
အရူးဆိုင်းတီးပြီး … ထူးပြလို့ လဲရပါတယ် …
လူကြမ်းမင်းသား မျက်ရည်ကျလို့ လဲရပါတယ်….
အရေးကြီးတာက မင်းပေးမယ့် အနုပညာပါပဲ …..။ ။

ကိုမျှားပြာရေးတဲ့ “တစ်မိုးတည်းအောက်” ကဗျာရဲ့ ကွန်မန့် မှာ လေးမ ၀င်ရေးခဲ့တာပါ..။ မျှားပြာက ဘလော့ဂ်မှာပြန်တင်ပေးပါတယ်...။ အခု သူမသိအောင် တိတ်တိတ်လေး ပြန်ခိုးလာတာပါ...။ ရှူး...သွားမပြောနဲ့နော်...။ ။

3 comments:

အမှတ်တရ ....(၁)

လေးမ ရဲ့ပို့စ်တွေမှာ ရေးပေးသွားတဲ့ ကဗျာ ၂ ပုဒ်ကို ကြိုက်လွန်းလို့ တင်လိုက်ပါတယ်...။
“အရူးများမဖတ်ရ...” တွင် ရေးသွားသောကဗျာ...
“နာရီပျက်တစ်လုံးရယ် ...
နို့ဆီခွက် တစ်ခွက်ရယ် ...
ယပ်တောင်တစ်ချောင်းရယ် ...
ဣစာသရဆာလာအိတ်တစ်လုံးရယ် ...
သူငယ်ချင်း ခွေးဝဲစားတစ်ကောင်ရယ် ...
လမ်းတကာ အိမ်ယာတည်ပြီး
ဆင်တရံ မြင်းတရံ စီးထားတဲ့ ဖိနပ်မှာ
မြေပုံမပါဘူး ...
အရိုးတို အရွက်ဖားတဲ့ ထီးအိုလေးမှာလည်း
ရာသီဥတု မပါဘူး ...
ပြီးရော ...
rapper တစ်ယောက်လို ပွယောင်းနေတဲ့ အ၀တ်
ဖောင်းကားနေတဲ့ စိတ်နဲ့(ဖာရာထေးရာမပါဘူး)
တစ်လှိမ့်လှိမ့်သွားနေတုန်း ...
အားလုံးထက် တစ်မူးသာတယ် ...”
ရေးသူ= ဂျယ်ရီ
လေးမက အရူးကို စကားပြေနဲ့ ရေးပြတယ်..။ ဂျယ်ရီက ကဗျာပြန်ရေးသွားတယ်...။ ပညာရေးဝန်ကြီးသိရင် “ဖော်ပြပါ စကားပြေကို ကဗျာစပ်ဆိုပါ” ဆိုတဲ့ မေးခွန်းပုံစံ အသစ်ပေါ်လာနိုင်တယ်...။

“နှုတ်မဆက်နဲ့ ငိုချင်တယ်” တွင် ကိုမျှားပြာ ရေးစပ်သွားသောကဗျာ...

(ကဗျာ ခေါင်းစဉ်= ရင်ဘတ်ကြီးထဲက..)
“တွေ့ ဆုံကြုံကွဲ မမြဲသော်လည်း
သိနားလည်လျှက် မေ့ဖို့ခက်သည်
ဖြတ်မရသော သံယောစဉ်......။
မမြင်ချင်ယောင် မတွေ့ အောင်လည်း
ဆောင်၍မရ သဘာဝမယ်
ပုထုသဘော လူ့မနောကို
လိုက်၍မညီ ဥာဏ်မမှီသည်
ဖြတ်၍မရ ဤလောက ....... ။
ဤလောက၏ သံယောစဉ်တွင်
ရစ်နှောင်မိသား ငမိုက်သားမှာ
ချုပ်တည်းဖြတ်ခြောက် ထိုးဖောက်ထွက်လည်း
ရုန်းထွက်မရ ဖျက်မရသည်
မျောသာ လွင့်လိုက်ချင်တော့သည် ...... ။ ”
ရေးသူ=မျှားပြာ ( bluearrow07.blogspot.com)
ပိုင်ရှင်များသည်... ထွက်ပြေးနေသူနှင့် အိမ်ခြေမဲ့တစ်ဦးဖြစ်နေသောကြောင့် ခွင့်မတောင်း...ခေါင်းစဉ်မမေးတော့ပါ...။ မျက်စိလည်ပြီးရောက်လာလျှင် အလိုက်တသိ ခေါင်းစဉ်ပေးသွားနိုင်သည်...။ ။

3 comments:

Thursday, October 18, 2007

စိတ်… စွပ်ပြုတ်

“ sparrow နဲ့  jerry
cbox မှာ ဂျီ …
မနေနိုင်တဲ့ မလေးမ
စွပ်ပြုတ်ချက်ဖို့ စောစောထ…
ကြက်သားဝယ်ဖို့ မလွယ်ကူ
ဆိတ်သားလေးကို ယူ …
အတူတူပါပဲ မောင်ငယ်လေး
စိတ်…စွပ် … သောက်ပါဝေး…။”

What a silly man !!! (ခေါင်းစဉ်မပါသဖြင့် ပေးချင်သလိုပေးလိုက်သည်)
Nasreddin သည် သူ့ ခြံထဲက သစ်ပင်တစ်ပင်၏ သစ်ကိုင်းကို ခုတ်နေသည် ။ သစ်ကိုင်းကို လွှနဲ့ ဖြတ်နေတုန်းမှာ လမ်းပေါ်မှာလူတစ်ယောက် ဖြတ်လျှောက်သွားပါတယ်။ အဲဒီလူက ရပ်လိုက်ပြီး Nasreddin ကို လှမ်းပြောလိုက်ပါတယ် “ဟေ့..ဒီမယ်… ခင်ဗျားအဲလိုသာ ဆက်ဖြတ်သွားရင် ကိုင်းနဲ့ အတူ ခင်ဗျားလည်း ပြုတ်ကျလိမ့်မယ်နော် …” ( ပြောလဲပြောစရာပဲ … Nasreddin က ကိုင်းပေါ်မှာ ထိုင်ပြီး ပင်စည်နဲ့  သူထိုင်နေတဲ့ သစ်ကိုင်းကြားက နေရာကို ဖြတ်နေတာကိုး)
Nasreddin က ဘာမှပြန်မပြောဘူး ။ စိတ်ထဲမှာတော့ တွေးလိုက်တယ် …“ ဒီလိုလူတွေက အလုပ်မရှိဘဲ လျှောက်သွားပြီး တခြားလူတွေကို ဟိုဟာလုပ် ၊ ဒီဟာမလုပ်နဲ့ …ဆိုပြီး သြဇာပေးချင်နေတဲ့  ကြောင်တောင်တောင် လူစားမျိုးတွေ..” ။
ဟိုလူကတော့ ပြောပြီး သူ့ လမ်းသူ ဆက်သွားတယ် ။
ခဏလောက်လဲကြာရော သစ်ကိုင်းရော Nasreddin ရောပြုတ်ကျပါလေရော ။
“ အိုး….ဘုရားသခင်…” “ ဒီလူက အနာဂတ်ကိုကြိုသိနိုင်ပါလား..” Nasreddin အလန့်တကြား အော်ပြီး ဟိုလူ့ နောက်ကို ပြေးလိုက်တယ်…သူဘယ်လောက်ထိ အသက်ရှင်နေနိုင်ဦးမလဲ ဆိုတာမေးချင်လို့တဲ့ ။
ဒါပေမယ့် ဟိုလူကတော့သွားလိုက်ပြီ ။
( ရေးသူမသိသော story တစ်ပုဒ်ကို လေးမ နားလည်သလို ဘာသာပြန်သည်)

ပြုံးလိုက်ပြီလား ။ ဒါဆို စိတ်ထဲမှာနည်းနည်းပျော်သွားပြီ ။ ဒါကြောင့် စိတ်..စွပ် လို့ပြောတာ ။ ဘာရလိုက်သလဲ ။ သူများပြောတိုင်းမလုပ်ဘူး … ဘယ်သူ့ မှဂရုမစိုက်ဘူးကွ…ငါလုပ်ချင်တာ လုပ်မယ်ဆိုရင် တခါတရံ နစ်နာသွားလိမ့်မယ် ။ သူပြောသလို လုပ်စရာမလိုဘူး…ဒါပေမယ့် သူပြောတာကို နားထောင်ရမယ် … ( လိုက်နာတာနဲ့  နားထောင်တာမတူပါ) နားပိတ်ထားလို့မရဘူး ။ သူဘာကြောင့် ဒီလိုပြောလဲ သုံးသပ်ကြည့်ရမယ် ။ ပြီးမှ ကိုယ်ကြိုက်သလို ဆက်လုပ် ။ လူတိုင်းဟာ ကိုယ့်အတွက်ချည်းပဲ လုပ်နေကြတာ မဟုတ်သလို ဆရာကြီးလုပ်ချင်သူတွေ ချည်းပဲလည်း မဟုတ်ဘူး ။ အရာရာကို အပြစ်ပြောတတ်တဲ့ လူတွေပဲရှိတာ မဟုတ်ဘူး ။ အသိပညာ၊ အတွေ့  အကြုံ နဲ့  ယှဉ်တဲ့ အကြံပေးမှုတွေကို နားထောင်ကြည့်ရမယ်… ပြီးမှ အကျိုးသင့်အကြောင်းသင့် သုံးသပ်ဆင်ခြင်ပြီး လုပ်သင့်တာကိုလုပ်မယ် ဆိုရင် မကောင်းဘူးလား…။ ။

9 comments:

Monday, October 15, 2007

နှုတ်မဆက်နဲ့ ငိုချင်တယ် …

Photo Sharing and Video Hosting at Photobucket
ပထမဆုံး မောင်လေး sparrow နှုတ်ဆက်သွားတယ်…။
ကာလတို မန်နေဂျာကြီး သန့်ဇော်မင်းက
“တခဏတာလား..
တဘ၀စာလား..
မသေချာပေမယ့်..
နှုတ်ဆက်ခဲ့ပါတယ်..
သူငယ်ချင်းတို့ရေ...

.................တနေ့နေ့... တချိန်ချိန်မှာ.. ပြန်ဆုံနိုင်ဖို့.. မျှော်လင့်ရင်း.......
tzm…….
တဲ့……။
ချစ်စရာ သိုးမလေးက
သိုးလေး ဘလော့မလုပ်ဖြစ်တော့ရင်တောင် အင်တာနက်သုံးဖြစ်တိုင်း အမြဲဖတ်မှာပါ။…..တဲ့…
ကိုမျှားပြာက အားလုံးကို ခေတ္တ ခဏနှုတ်ဆက်ခဲ့ပါတယ်။ အချိန်တွေကို စီမံခန့်ခွဲနိုင်တဲ့ တစ်နေ့  ပြန်လာခဲ့ပါမယ် ... တဲ့...
( အချို့သော သူများလဲ နှုတ်မဆက်ဘဲ ပုန်းကွယ်နေကြတယ်....)
လေးမလဲ “ Goodbye ” လုပ်တော့ မလို့ဘဲ…။ ဒါပေမယ့် Blog ကဗျာမှာရေးခဲ့သလိုပဲ… “၀င်လာတုန်းက ပေါ့ပေါ့လေး…ပြန်အထွက်မှာ သံယောဇဉ်တွေနဲ့ လေးနေခဲ့ပြီ….”
မကြားရ….မမြင်ရသော သံယောဇဉ်က တော်တော် အလေးချိန်စီးပါလားနော် …။
သေချာ ပြန်ဆန်းစစ်ကြည့်တော့ စာရေးချင်လို့ Blog မှာရေးနေတာ မဟုတ်တော့သလိုဘဲ …။ စာဖတ်ချင်ရင်လဲ ဖတ်စရာနေရာတွေများ ပုံလို့…။ ရေးချင်ရင်လဲ ရေးစရာနေရာတွေများ အားကြီးပဲ ….။ ဒါပေမယ့် ဒီနေရာက မခွာရက်နိုင်တာ … အဲဒီနေရာတွေမှာ ဖတ်စရာစာတွေ ရှိရှိမရှိရှိ သွားရှာတတ်တာ … ဒါဆိုရင် ဒီကမ္ဘာမှာ ( လေးမရဲ့ ကမ္ဘာအတုမှာ) လူသားဆန်တဲ့ မေတ္တာတစ်ခု … မောင်နှမ သံယောဇဉ် … မိတ်ဆွေသူငယ်ချင်းဆိုတဲ့ အ၀န်းအ၀ိုင်း တစ်ခု အမြစ်တွယ်နေခဲ့ပြီပေါ့ …။
သိုးလေးနဲ့ ကိုသန့်ရေ …မင်းတို့ Blog မှာ လေးမ လာရှာရင် ခြေရာလက်ရာလေးတွေ အမြဲ ရှိနေစေချင်လိုက်တာ …(sparrow ကတော့ တားမရတော့ဘူး )…။ ကိုမျှားပြာလဲ တရုတ်ကြီး(အချိန်) ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်တဲ့ တနေ့ မီးမီးကိုပိုက်ပြီး ကဗျာတွေနဲ့အတူ ပြန်လာနိုင်ပါစေရှင် ...။ ။
အားလုံးပဲ အေးချမ်းပျော်ရွှင်ပါစေ….။

12 comments:

Saturday, October 13, 2007

အမှောင်ထဲက... ကချေသည် …


ကျွန်မ ကမ္ဘာကို
ညအခါလို
အမှောင်ချချင်တယ် …။
ကျွန်မ ဆိုမယ့်တေး
ရှိုက်သံ ရောထွေးမှာစိုးလို့
ကျွန်မ ပါးစပ်ကို
ပ၀ါစည်းခိုင်းတယ် …။
ကျွန်မ မျက်နှာပေးမှာ
အတွေးတွေ ရေးမှာစိုးလို့
ဇာတ်စင်ကို အမှောင်ချထားတယ်…။
ကျွန်မ လက်အကွေးမှာ
သက်ပြင်းတွေ
ချကျွေးမှာစိုးလို့…
လက်တွေကို ရိုက်ချိုးထားတယ်…။

….
အမှောင်ထဲက
ကချေသည် …
အမှောင်ချထားလို့
အမှောင်ကျနေတယ် …။
အလင်းထဲက
ပရိသတ်…
ဇာတ်စင်ကိုကြည့်
ပီပီပြင်ပြင် မသိရှာဘူး… ။
အမှောင်ထဲက ကျွန်မကတော့
အလင်းထဲက ပရိသတ်နဲ့ …
ဇာတ်စင်နောက်က
ပိုးစိုးပက်စက်တွေကို…
နှစ်ဖက်မြင်
အရှက်ဝင် နေရတယ်….။ ။

4 comments:

Tuesday, October 09, 2007

ကြွက် … ပုံပြင် …

ကြွက်တွင်းကလေးကို ကျောက်တုံးကြီးနဲ့ … ပိတ်ဆို့ ခံလိုက်ရ ပါတယ် … ။ ကြွက်ကလေးတွေ ကြွက်စီကြွက်စီနဲ့ … ဟိုပြေးဒီပြေး ဖြစ်သွားပါတယ် … ။ အ တီး အ တ ကြွက်ကလေးတွေက ငိုယို မြည်တမ်းကြပေမယ့် … ဂျလည် ကြွက်ကလေးများ ကတော့ … အေးအေး ဆေးဆေး ပါပဲ … ။ ဂျလည်ကြွက်ကလေးတွေ ရှာဖွေထားတဲ့ … မြေအောက် လမ်းကြောင်းကနေ … ကြွက်ကလေးတွေ အပြင် ထွက်ခွင့် … လေရှူခွင့် ရခဲ့ပါတယ် … ။ ဂျလည် ကြွက်ကလေးတွေရဲ့ … လမ်းကြောင်းကို ကြောင်ပါးကြီး သိရှိ သွားတဲ့အခါမှာတော့ … ကြွက်ကလေးတွေကို ပိတ်ဆို့ဖို့ … အမဲရောင် ဥာဏ်ကို ထုတ်သုံး လိုက်ပါတော့တယ် … ။ တစ်ပေါက် ပိတ်ရင် တစ်ပေါက် ထပ်ဖောက်ထွက်မယ့် … ပညာရှင် ကြွက်ကလေး တွေကို … အထင်မသေးဝံ့ တော့တဲ့ … ကြောင်ပါးကြီးဟာ … နိုင်ဂံဂျားပြန် ပညာရှင် ကြောင်ဖားကလေး တွေကို … တာဝန်ပေး လိုက်ပါတယ် … ။ နိုင်ငံဂျားပြန် ကြောင် ဖားကလေး တွေဟာ … သင်ယူလာတဲ့ ပညာတွေကို … အစွမ်းကုန် အသုံးချပြီး … ပညာစွမ်း ပြလိုက် ပါတယ် … ။ အဲဒါကတော့ … မြေကြီး အားလုံးကို အင်္ဂတေ ကိုင် လိုက်တာပါ … ။ အ တီး အ တ ကြွက် … ဂျလည်ကြွက် … ကြွက်ငယ်ကြွက်ရွယ် … ကြွက်ကြီးကြွက်လေး … ကြွက်ဖြူကြွက်ညို … အားလုံးသော ကြွက်များ အကြပ်ရိုက် … သွားပါတယ် … ။ အသက်ကြီးသော ကြွက်များက တရား နဲ့ ဖြေနိုင်ပေမယ့် … ကြွက်အငယ်များက … အလွန်ထိခိုက် ကြေကွဲ … သွားကြပါတယ် … ။ ငယ်ရွယ် သူတို့ ဘာဝ အတိုင်း … အပြင်ထွက် ချင်တယ် … လမ်းလျှောက် ချင်တယ် … လေကောင်း လေသန့် တွေ ရှူချင် ကြတယ် … ။ မရဖူးတဲ့ အရာဆိုရင် … ဆုံးရှုံးတယ် ဆိုတာ ခံစားမိမှာ မဟုတ် ပါဘူး …။ ရထားတဲ့ အရာတွေ လက်လွတ် လိုက်ရရင်တော့ … အတော်ကို ကြေကွဲ ရပါတယ်…။ အချို့ သော ကြွက်ကလေးများက … ကြောင်ပါးကြီးနဲ့  ကြောင်ဖားကလေး များကို ဒါတွေ သိစေချင် ပါတယ် တဲ့ … ။ အပိတ်ခံ ထားရတဲ့ တွင်းထဲမှာ …
ကြွက်ဆိုးပေ … ကြွက်တဇောက်ကန်း … ကြွက်တာတေ … ကြွက်ဇွတ်တရွတ် … ကြွက်စွာတေး … ကြွက်စွာစိ … ကြွက်တက်ကြွ တွေပဲ နေကြတယ်လို့ မယူဆလိုက်ပါနဲ့  … ။
ကြွက်ရိုးသား … ကြွက်ငြိမ်းချမ်း … ကြွက်မြုံစိ … ကြွက်ငြိမ်ကုတ် … ကြွက်ငကြောက် … ကြွက်လူပျက် … ကြွက်ပျော်ရွှင် … ကြွက်ငကြွား …ကြွက်ဓါတ်ပုံဆရာ... ကြွက်အနုပညာ … ကြွက်ကဗျာ … ကြွက်ဂီတ … ကြွက်ပညာ … ကြွက်စာပေ ကလေးများလည်း … ရှိနေပါတယ် တဲ့ … ။ အဲဒီ ကြွက်ကလေးတွေ ကိုတော့ လေရှူခွင့် ပြုသင့် ပါတယ် လို့ …. ပြောပြချင်ပါတယ် တဲ့ … ။ အဲဒီ ကြွက်ကလေးတွေ ကိုတော့ မွန်းကြပ် ပိတ်လှောင် … ချောင်ပိတ် …. မထားသင့်ပါဘူး လို့ … အတွန့်တက် ချင်နေကြ ပါတယ် … ။ ဒါတွေကို ကြောင်ဖားကလေး တွေက … ကောင်းကောင်း … သိပါတယ် …။ ဒါပေမယ့် ဘယ်တုန်းကမှ … ကြောင်တွေကို မနိုင်ခဲ့တဲ့ ကြွက်က … ကာတွန်းကား ထဲမှာ ကြောင်ကို ဆော်ပလော်တီး နေတာကို … မြင်တွေ့  နေရတဲ့ ကြောင်တွေဟာ … ကြွက်တွင်းကို ဖွင့်ပေးဖို့ … သတ္တိ မရှိ ကြဘူး … ။
တွင်းထဲမှာတော့ … အချို့  ကြွက်ကလေး တွေဟာ … အင်္ဂတေကြီးကို ဖောက်ထွက်ဖို့  … နည်းလမ်းရှာ နေကြသလို … အချို့ ကြွက်ကလေးတွေ ကတော့ … ပိတ်ထားတဲ့ ကျောက် တုံးကြီး ကို တနေ့ဖယ်ပေးနိုး ဖယ်ပေးနိုးနဲ့ … အပေါက်ဟောင်းမှာ မျှော်လင့်တကြီး စောင့်စား နေကြ ပါတယ် … ။ တချို့ ကြွက် အလတ်ပိုင်းကတော့ … အသက်ကြီးတဲ့ ကြောင် ပါးကြီးက “အို” လို့ … အသည်းမာ နိုင်ပေမယ့် ငယ်ရွယ်တဲ့ ကြောင်ဖားကလေး တွေကတော့ ကိုယ်ချင်းစာ နိုင်ကောင်းပါရဲ့ … လို့ တီးတိုး သုံးသပ် … နေကြပါတယ် … ။ အသည်းနုတဲ့ ကြွက်ကလေး … တချို့ ကတော့ “ ဟို အရင်ချိန်တွေ တမ်းတမက်မော…” လို့ ဆွေးဆွေး မြည့်မြည့်လေး ညည်းနေကြပြီး … လေထွက် ရှူခဲ့ရတုန်းက အကြောင်း တွေကို ပြန်စဉ်းစားရင်း တမ်းတ နေကြ ပါတယ် …။ အချို့ ကြွက်ကလေးတွေ ကတော့ “ “…ဒါဝဋ်ကြွေးပဲ..အချစ်ရယ်…” လို့ ငိုကြွေးပူဆွေး နေကြ ပါတယ် … ။ စိတ်ကူးယဉ်တတ်တဲ့ … ကြွက်ကလေးတွေ ကတော့ ဒဏ္ဍာရီထဲက သူရဲကောင်း တစ်ယောက် တစ်လေများ … ပေါ်လာပြီးတော့ ကယ်တင် လေမလား လို့ … တောင့်တ နေကြပါတယ် … ။ အမှတ်မရှိတဲ့ … တချို့  ကြွက်ကလေးများ ကတော့ လေထွက် ရှူခွင့်ရတဲ့ တနေ့ … လျှောက်လည်မယ့် နေရာတွေ ကို … စာရင်းပြုစုပြီး … လေထွက်ရှူရင် ၀တ်ဖို့ … ၀တ်စုံတွေလဲ စီစဉ် နေကြ တုန်းပါပဲ … ။ ဒီလိုနဲ့  တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသလို … တွင်းထဲက ကြွက်တွေ အားလုံးဟာ … စကန့် တိုင်းမှာ … မျှော်လင့်ချက် အပြည့်နဲ့  … တွင်းဖွင့်မယ့် ရက်ကို စောင့်စား နေကြပါတယ် … ။ လေသန့် ရှူသွင်းခွင့် ဆိုတဲ့ … တောင့်တချက် ကလေးနဲ့ … ပင်ပန်းကြီးစွာ အသက်ရှူ နေရ ပါတယ် … ။ တွင်းနှတ်ခမ်းဝ ကို အသနားခံတဲ့ … မျက်ရည်ဝိုင်းတဲ့ မျက်လုံးတွေနဲ့ မျှော်ကြည့်ရ လွန်းလို့ အမြင်အာရုံတွေလဲ ချို့ ယွင်း … ကုန်ကြပါပြီ … ။ တချို့ ကြွက်ကလေး တွေကတော့ … “နောင်ဘ၀မှာ ကြွက်ဖြစ်ခဲ့ရင် … တွင်းပိတ် ခံရတဲ့ကြွက် မဖြစ်ပါရစေ နဲ့” … “ ဖြစ်နိုင်ရင် … ကြောင်မရှိတဲ့ နေရာမှာ … ကြွက်ဖြစ်ခွင့် ပေးပါ ဘုရားသခင် …”လို့ ဆုတောင်း နေကြ လေရဲ့ … ။ ။
ပုံပြင်လေးကတော့ ဒါပါပဲကွယ် … ။
၂.၁၀.၂၀၀၇

paint နဲ့ဆွဲထားတာ တင်လို့မရတော့ ရတာတင်လိုက်တာ..ဟိ..ဟိ..။

9 comments: