Sunday, September 09, 2007

လေလွင့်ခရီးသည်ရဲ့ အပြာရောင်ကျောပိုးအိတ် …

ကျွန်တော်ဟာ ... အပြာရောင်… ဂျင်း ကျောပိုးအိတ်တစ်လုံးပါ… ။
အဲဒီတုန်းကပေါ့ဗျာ… ကျောပိုးအိတ်တွေ ... ဒီဇိုင်းအမျိုးမျိုှး ... အမျိုးအစားအမျိုးမျိုး ရှိတဲ့ဆိုင်မှာ ... ကောင်လေးက ... ကျွန်တော့်ကို ... ရွေးချယ်လိုက်တယ် ... ။ ကောင်လေးက ခရီးထွက်မလို့ တဲ့ဗျ ...။ သူ့ လိုပဲ အကြမ်းခံတဲ့ ကျွန်တော့်ကို ... ရွေးချယ်လိုက်တယ် …။




အဝေးကလမ်းဟောင်းလေးကို ငါဟာနှုတ်ဆက် … အမေ့ရဲ့မျက်ရည်စက်တွေ ငါဟာနှုတ်ဆက်….
အဲဒီနေ့ ကပေါ့ဗျာ… အပေအတေကောင်လေးက ... အပေအတေခံတဲ့ ဂျင်းပန်ကို ... ၀တ်ထားတယ် ... ။
“ဖေ နဲ့  မေ” ကို ကန်တော့ပြီး ... ကျွန်တော့်ကို ပုခုံးပေါ်လွယ်လိုက်တယ် ...။ သူ့ အမေရဲ့ ရင်ခွင်ထဲကို ခေါင်းတ ချက် ဝှေ့လိုက်ပြီး ... “ကျန်းမာရေးဂရုစိုက်နော် အမေ” လို့  ... တိုးတိုးလေး ရေရွတ်လိုက်တယ် ... ။သူ့ အမေရဲ့ မျက်ရည်စက်တွေကို တစ်ချက်ငေးပြီး ... ကောင်လေး ... တွေခနဲ ... ဖြစ်သွားတယ် ... ။ ဒါပေမယ့် “ငါ သွားရ မယ် ... သွားမှဖြစ်မယ် ... ငါမသိသေးတာတွေကို ရှာဖွေဖို့ အတွက် ... ငါ...သွားကို သွားရမယ်... ” လို့  ကိုယ့်ကိုယ်ကို ... အားတင်းပြီး ... အမေ့ရဲ့ မျက်ရည်တွေကို ..နှုတ်ဆက်လိုက်တယ် ..ကျောခိုင်းလိုက်တယ် ...။ ခပ်လှမ်းလှမ်းရောက် တဲ့အခါ .... ကောင်လေးက ... သူလျှောက်ခဲ့ဖူးတဲ့ ... ပြေးဆော့ခဲ့ဖူးတဲ့ ...ချန်ထားရစ်ခဲ့ တဲ့ ... မြေနီလမ်းလေးကို နှုတ်ဆက်တဲ့အနေနဲ့  ... ပြန်လှည့်ကြည့် လိုက်တယ် ... ။ မျက်ရည်တွေဝေ့နေတဲ့ ... ကောင်လေးရဲ့ မျက်ဝန်းတွေကို ... ကျွန်တော် မြင်လိုက်ရတယ် ...။
သွားရတော့မယ်….
အ၀တ်အစား သုံးလေးစုံ ... ၊ မရှိမဖြစ် အသုံးအဆောင်လေး တချို့ နဲ့ ... မိသားစုဓါတ်ပုံလေးတစ်ပုံ... ရည်းစား မဟောင်း တဟောင်း လေးရဲ့ ... ဓါတ်ပုံလေးညှပ်ထားတဲ့ ... ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကို ... သယ်ပိုး ပေး ထားတဲ့ ကျွန်တော့်ရဲ့လက်ကို ... တင်းတင်းဆုပ်ကိုင်ပြီး ... ခြေလှမ်းကျဲကြီးတွေနဲ့ ... ကောင်လေး ခရီးဆက်ခဲ့ ပါတယ် ..။

အဆုံးမဲ့မိုးသားထဲကို ..... ငါပျံသန်းခဲ့….
ကောင်လေးမှာ ... ခရီးစဉ်မရှိဘူး... ခရီးဆုံးမရှိဘူး ... လမ်းညွှန်မရှိဘူး ... အဆုံးမရှိတဲ့ ကောင်းကင်ကြီးထဲမှာ ပျံသန်းနေတဲ့ ငှက်တစ်ကောင် လိုပဲ ... ကောင်လေးလဲ ပျံသန်းနေတယ် ...။ လောကကြီးအကြောင်းကို သိဖို့  ...နေရာစုံကို... ရွက်လွှင့်ခဲ့တယ် ... ထောင့်ပေါင်းစုံက လေ့လာခဲ့တယ် ... ။ ကောင်လေးရဲ့ သိလိုမှုတွေ က အဆုံးမသတ် နိုင်ဘူး ...။ စူးစမ်းမှုတွေက အားရတယ် မရှိဘူး ...။ ကျွန်တော်လဲ ကောင်လေးနဲ့ အတူ သင်ယူခဲ့တယ် ...။
ဘယ်ကိုသွားရဦးမှာလဲ .... ဘယ်မှာ အဆုံးသတ်မှာလဲ...
တနေရာကထွက်ခဲ့ရင် ... ကောင်လေးဘယ်ကို ခရီးဆက်ဦးမလဲ... ဘယ်လောက်ကြာမလဲ ... ဘယ်လို အဆုံး သတ်မလဲ .... ကျွန်တော် တိတ်တိတ်လေး စောင့်ကြည့်ရင်း ... ရင်မောနေခဲ့ရတယ် ...။

ရက်စက်တဲ့ လမ်းများ အဝေးမှာ ... ခေါ်သံတွေကြား …. ပြေးထွက်ခဲ့ ငြင်းမရပါလား ...
ကောင်လေးလျှောက်ခဲ့တဲ့... လမ်းတိုင်းက မချောမွေ့ ဘူး ... ။ လမ်းကြမ်းတွေပေါတယ် ... ချိုင့်တွေ ပေါတယ် ... စိန်ခေါ်မှုတွေပေါတယ် ... ရက်စက်မှုတွေစောင့်နေတယ် ... ။ ရှောင်သွားလို့ မရဘူး ... ထွက်ပြေးလို့ မရဘူး ... ငြင်းဆန်ခွင့် မရှိဘူး ... ။ ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့  ရင်ဆိုင်ခဲ့ရတယ် ... ။ အကြိမ်ကြိမ် ပြိုလဲတော့မလိုဖြစ်ခဲ့တယ် ... ။ ဒါပေမယ့် ခုချိန်ထိ ကောင်လေး လဲမကျသေးဘူး ...။

အဖြူရောင် မင်းရဲ့ဘ၀လေး .....
နေခဲ့တော့......
တခါက ... ကောင်လေးရဲ့ ဒိုင်ယာရီ စာအုပ်လေးကို ... ကျွန်တော်မေးကြည့်တယ် ... ။ ကောင်လေးက ချစ်သူလေးကို ဘာလို့ ထားခဲ့တာလဲ ... လို့  … ကောင်လေးကပြောတယ်တဲ့ ... ချစ်သူလေးရဲ့ အဖြူရောင်ဘ၀လေးကို ... သူ့ ကြောင့် မညစ်နွမ်းစေချင်ဘူး ... မရေရာတဲ့ ဘ၀ထဲကို ... ဝေေ၀၀ါးဝါးနဲ့ ဆွဲမခေါ်ချင်ဘူး ... လန်းဆန်း နေတဲ့ အပြုံးလေးတွေကို ..သောကတွေနဲ့ မနွမ်းသွားစေချင်ဘူး တဲ့ ...။ ဒါကြောင့်.. “နေခဲ့တော့” တဲ့ ။

ငါ့အတွက်မေတ္တာတရားတွေရှိဦးမလား....
တခါတလေ ရင်ဆိုင်ရတာတွေက ခါးသီးလွန်းလို့ .... “ငါ့အတွက် ချွေးသိပ်စရာနေရာမှ ရှိသေးရဲ့လား ... ငါ့အတွက် မေတ္တာတရားဆိုတာရနိုင်ပါ့မလား ... ” လို့ ကောင်လေးက ... ညည်းတွားတတ်သေးတယ် ...။

ဒါဟာအဆုံးသတ်ခြင်းတစ်ခုလား .... ဒါဟာအစပြုခြင်းတစ်ခုလား...
ကောင်လေးရဲ့ ကျောပိုးအိတ်လေး ကျွန်တော်ကတော့ ... အခုကောင်လေးရပ်နေတဲ့နေရာဟာ ..ကောင်လေးရဲ့ ခရီးဆုံးသွားတာလား ... နောက်တစ်ခုကို စဖို့ အားယူနေတာလား ... ဘယ်တော့မှ မခန့်မှန်းနိုင်ခဲ့ ဘူး ။ ကောင်လေး ကိုယ်တိုင်လဲ သေချာမသိဘူး ... ။

လေလွင့်ခြင်းလမ်းမများ ….. လေလွင့်ခြင်းလမ်းမများ…..လေလွင့်ခြင်းလမ်းမများ
ဘာပဲဖြစ်ဖြစ် လေလွင့်နေတဲ့ ကောင်လေးရဲ့ .... အရောင်လွင့်နေတဲ့ ကျောပိုးအိတ်တစ်လုံးအဖြစ် .. လေလွင့် နေရတာ ... ကျွန်တော်သိပ်ကျေနပ်ပါတယ် ... ။ ။

5 comments:

မျှားပြာ said...

သြော်ဗျာ မျက်ရည်တောင် ၀ဲပ

Anonymous said...

သီချင်းနားထောင်ရင်း ဂျင်း ကျောပိုးအိတ် လေးအကြောင်းဖတ်သွားပါတယ်။
သီချင်းလေး အဓိပါယ် ပိုပြည့်စုံသွားတယ်။

ဒီဝိုင်း (D'vine) said...

ကျောပိုးအိတ်လေးရဲ့ အမြင်ကိုသဘောကျမိပါသည်။

Anonymous said...

ဒါကတော့ heart touching song ဆိုတဲ့အတိုင်းပဲ ။ တကယ်ကို heart ထိတယ်ဗျာ ။ ကျောပိုးအိတ်လေးနေရာက ရေးထားတာလည်း မိုက်တယ်။ အဲဒီကောင်လေးက သွားရင်းလာရင်းနဲ့ စရိတ်ပြတ်သွားလို့တဲ့ ကျောပိုးအိတ်ကို အပေါင်ဆိုင်ပို့လိုက်ရသေးတယ်ဆိုပဲ။ သီချင်းထဲတော့ဘယ်ပါမလဲဗျာ။ ပိုပြီး ဇာတ်နာသွားမှာ စိုးလို့နဲ့တူတယ်။ ဟီး...နောက်တာပါဗျာ။ တစ်ကျော့နှစ်ကျော့လိုပဲ ဒီသီချင်းအတွေးလေးက ကောင်းတယ်။ ကျေးဇူး ကျေးဇူး ကျေးဇူး

Layma said...

ကိုမျှားပြာ…အော်….မျက်ရည်တွေသုတ်လိုက်ပ…။

ကိုဘုရင့်နောင် …. ကျေးဇူး….သီချင်းနားထောင်ရင်းစာဖတ်ရတော့ မပျင်းတော့ဘူးပေါ့…။

ကိုဒီဝိုင်း…. ကိုဒီဝိုင်းရဲ့ မှတ်ချက်ကို သဘောကျတယ်….။

ဂျယ်ရီ … အပေါင်ဆိုင်မှာ အိတ်ချင်းမှားလာတယ်ဆိုပဲ ….။ ဇာတ်ရှည်မှာစိုးလို့ ထည့်မရေးတော့တာ….ကိုရီးယားဇာတ်လမ်းတွဲဖြစ်သွားမှာစိုးလို့ …။