Saturday, June 28, 2008
မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဒီဇိုင်းလှူမည်
ဇွန်လ ၂၇ ရက်နေ့  နေ့လည် ၂ နာရီ Myanmar Info-techမှာ ပြုလုပ်ခဲ့တဲ့ The Launching ceremony of " Project SHELTER" အခမ်းအနားတွင် တွေ့ ကြုံ ကြားသိခဲ့ရသည်များကို မျှဝေပါမည် ။
မြန်မာနိုင်ငံ ဗိသုကာများ အသင်း မှ ဦးဆောင် ၍ မုန်တိုင်းဒဏ် ခံရသောဒေသများ ပြန်လည်ဖွံ့  ဖြိုးရေးအတွက် ဒီဇိုင်းပုံစံ နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီရန် ရည်ရွယ်၍် Project SHELTER ကော်မတီ ကို ဖွဲ့ စည်း ဆောင်ရွက်ခဲ့ပါသည် ..။
အရံသင့် အိမ်ပုံစံ ၅ မျိုး ဆွဲထားပါတယ်..။
ပုံစံတစ်မျိုးစီအတွက် ဗိသုကာ ပုံစံများ ၊ လုပ်ငန်းခွင်သုံးပုံများ ၊ ပစ္စည်းအမျိုးအစားစာရင်းများ ၊ ပစ္စည်းအရေအတွက် စာရင်းများ ပါဝင်ပါမည် ။ လိုအပ်ပါက ဆောက်လုပ်မည့် ကန်ထရိုက်များ ရှာဖွေ ရွေးချယ်ပေးခြင်း လုပ်ငန်းတွင် လည်း ကူညီပါမည် ။
ဒီဇိုင်း အလှူခံမည့်သူများဘက်မှ လိုအပ်ချက်များ
၁။ ဖောင် ဖြည့်စွက်ရန် ( နမူနာ)အမည် ( သို့ ) အဖွဲ့  အစည်း
မည်သည့်နေရာတွင် ဆောက်လုပ်ရန် ရည်ရွယ်သည်
ကုန်ကျစရိတ်ခန့် မှန်းချက် မည်မျှတတ်နိုင်သည်
မည်သည့်ပုံစံကို ရွေးချယ်မည် ..
၂။ အိမ်ဒီဇိုင်းများကို ပြန်လည်ပြင်ဆင်ခွင့်မပြု ပါ။
(လှူဒါန်းရေးဆွဲသည့် ဗိသုကာ၏ ခွင့်ပြုချက်နဲ့ တော့ ပြင်နိုင်မယ် လို့  လေးမ ယူဆပါတယ် )
၃။ အိမ်ဒီဇိုင်းများကို လွှဲပြောင်းကူးယူခွင့်မပြုပါ ။
၎။ စီစဉ်ဆောင်ရွက်ပေးမည့်သူများ၏ ခရီးစရိတ် ၊ စားစရိတ် နှင့် ရုံးစရိတ်များကို အလှူရှင်မှ ကျခံရန် ။
၅။ လုပ်ငန်းပြီးဆုံးပါက Project SHELTER သို့ ပြန်လည်သတင်းပို့ရန်နှင့် အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ပါကလည်း သတင်းပြန်ပို့ ရန် ။
( ခုလို အချက် ငါးချက် သတ်မှတ်ထားရခြင်းသည် အလကားပေးတဲ့ ဒီဇိုင်းတွေဆိုပြီး ပေါပေါလောလော မဖြစ်စေရန် နှင့် ဗိသုကာပညာရပ် ကိုတန်ဖိုးထားစေရန် ရည်ရွယ်တယ်လို့  လေးမ ထင်ပါတယ် )
လက်ရှိ ဒီဇိုင်း ၅ မျိုးသည်
၁။ မုန်တိုင်းဒဏ်ခံအိမ်များမဟုတ်ပါ ။
သို့ သော် structure ( frame) ကို အခိုင်အခံ့ဖြစ်အောင် စီမံထားသောကြောင့် ရာသီဥတု ဒဏ် ( ဆိုးရွားပြင်းထန်မှုမရှိလျှင် )ကို ခံနိုင်သည် ။
၂။ လတ်တလော နေနိုင်မည့် တန်ဖိုးနည်း အိမ်များဖြစ်သည်။
၃။ ရွာသားများအနေဖြင့် အချိန်တိုအတွင်း ကိုယ်တိုင် တပ်ဆင် ဆောက်လုပ်နိုင်သော ဒီဇိုင်းများ ဖြစ်သည် ။
စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ မိသားစု ၀င်ငွေ တိုးပွားလာလို့  ဖြစ်စေ … အခြားအကြောင်းကြောင့် ဖြစ်စေ … ပုံစံမပျက် ထပ်မံ တိုးချဲ့  ဆောက်လုပ်နိုင်သော ဒီဇိုင်းများဖြစ်ပါသည် ။
ဆက်သွယ်ရန်
၁။ ဦးဆန်းဦး (၉၅၁) ၃၈၀၂၅၆
၂။ ဦးဇော်မိုးရွှေ ( ၉၅၁) ၆၆၀ ၉၉၆
၃။ ဦးစည်သူမြင့်ဆွေ ( ၉၅၁)၆၅၂ ၃၈၆
၎။ မဟေမာန်ကြည် (၉၅၁) ၇၂၃ ၁၀၄
E-mail: amarchitect@myanmar.com.mm
website: www.myanmarchitects.org ( လေးမ ဖွင့်တာတော့ ဖွင့်လို့ မရဘူး ) :(
ဥာဏ်ပြေးတဲ့ မနုစံက http://www.myanmararchitects.org/
လိပ်စာနဲ့  ရသွားပါတယ်။ ကျေးဇူးပါ … မ ။
7 comments:
Wednesday, June 25, 2008
မိုးစက် ရှိုက်သံ ...
အရောင်တွေ ပျယ်နေပြီလား
ငါ ချစ်တဲ့ ကောင်းကင်ကြီး …
မျက်ရည်တွေကြားက မြင်လိုက်တယ် …
နိုးတ၀က် အိပ်မက်ထဲမှာလေ …
ငါဟာ တိမ်လေးအဖြစ်နဲ့ ပေါ့
ခဏ နေတော့ ငွေ့ ရည်ဖွဲ့ သွားတယ် …
ရွာချလိုက်တော့ မိုးစက်တွေ အဖြစ်နဲ့  …
မိုးစက်တွေက တိတ်တဆိတ်
ညည်းရှာတယ်…
အချစ်တွေ ဂူသွင်းခံရတယ် … တဲ့…။
ဝန်ခံချက် ။ ။ ဒီမှာ ကိုရန်အောင် ရေးပေးသွားတဲ့ မှတ်ချက်လေးက စာသားတွေကို ယူသုံးပါသည် ...။
16 comments:
Sunday, June 22, 2008
Blog ရပ်ဝန်းမှ အလွဲလေးများ ( ၂ )
မျက်စိဖွင့်၍ နုတ်ဆက်ပါ
ဒီတစ်ခါ တစ်ကယ် ဆရာ မလုပ်ဘူး …။ သူငယ်ချင်းတွေ ပျော်ပါစေ ပြုံးပါစေတော့ဆိုတဲ့ စေတနာနဲ့  ဘလော့ဂ်ရပ်ဝန်းက  အလွဲလေးတစ်ခု အကြောင်း ပြောပြမယ်..။
ဘလော့ဂ်တော်တော်များများမှာ ... သိကြတဲ့ အတိုင်း ဆီပုံးလို့  ခေါ်ကြတဲ့ cbox လေးတွေ ထားတတ်ကြတယ် …။ အဲဒီမှာ ပို့စ်နဲ့  မဆိုင်တဲ့ အကြောင်းရေးချင်ရင် … မာကြောင်း သာကြောင်း … ဘာကြောင်း ညာကြောင်း လေး ရေးချင်ရင် … လည်သွားတယ်ဆိုတာ သိစေချင်ရင် … ဘလော့ဂ်လင့်ခ်လေး ပေးချင်ရင် … နုတ်ဆက်ချင်ရင် … အဲလို… ရေးချင်တာလေးတွေ .. ရေးဖို့  ထားထားကြတယ်…။ လာလည်တဲ့ သူတွေကလည်း ရေးချင်စိတ်ရှိတာလေးတွေ ရေးရေးသွားကြတယ်…။ အဲတော့ တိုတိုပြောရရင် ရေးသွားကြသည်ပေါ့ …။
အဲဒီမှာ မျက်စိဖွင့်ပြီး ရေးသွားတဲ့သူရှိသလို … မျက်စိမှိတ်ပြီး ရေးသွားတဲ့ သူတွေလည်း တွေ့ ရတယ်…။ ဘယ်လိုလုပ် မျက်စိမှိတ်မှာလဲ … အိပ်ငိုက်နေလို့  လား… ဘာတွေ ညာတွေ အတွေးခေါင်မနေနဲ့ နော် ..။ လေးမ ဆိုလိုချင်တာက ဘာအကြောင်းတွေ ရေးထား … တင်ထားတဲ့ ဘလော့ဂ်လဲ … ဘာစာတွေ ရေးထားသလဲဆိုတာ မကြည့်ဘဲ … ကိုယ်လာသွားတယ်ဆိုတာ သိရင်ပြီးရော … သဘောနဲ့  မျက်စိမှိတ်ပြီး နုတ်ဆက်သွားတဲ့ အခါ ရယ်စရာ.. ပြုံးစရာလေးတွေ ဖြစ်တတ်ပါတယ် လို့  ပြောချင်တာပါ …။
ဟိုးတလောတုန်းက ညစ်ညမ်းဗီဒီယို ဖိုင်တွေ ..ပုံတွေ တင်ထားတဲ့ ဘလော့ဂ် တစ်ခုဟာ ဘလော့တော်တော်များများရဲ့ ဆီပုံးတွေ မှာ " လာလည်ပါတယ်ခင်ည " ဆိုပြီး လိုက်နုတ်ဆက်ပါတယ် …။ လေးမ ဆီပုံးမှာလည်း လာနုတ်ဆက်ပါတယ် …။ လေးမလည်း ကိုယ့်ဆီ လာလည်တဲ့ သူဆီ ပြန်သွားလည်ဦးမယ် ဆိုပြီး ပေးထားတဲ့ လင့် အတိုင်း ချီတက်သွားပါတယ် …။ ရောက်လည်းရောက်ရော ညစ်ညမ်း ဘလော့မှန်း သိတာနဲ့  လှည့်ပြန်မယ်လုပ်ရင်း စပ်စုတတ်တဲ့ မျက်စိက ဆီပုံးကို ရောက်သွားပါတယ်…။ အဲဒီမှာ လေးမ မျက်လုံးပြူးသွားပါတယ် …။ ဆီပုံးမှာ လေးမ နဲ့  သိတဲ့ ညီမလေး တစ်ယောက်က နာမည်နဲ့ တကွ " လာလည်သွားပါတယ်ရှင် " လို့  …လင့်ခ်လေးနဲ့ တကွ … နုတ်ဆက်ထားတာတွေ့ ရပါတယ် ။ အဲဒီ ညီမလေး လုပ်ကြံခံရတာလား … မျက်စိမှိတ်ပြီး နုတ်ဆက်မိတာလား …လို့  ဇဝေဇ၀ါ ဖြစ်ရပါတယ် ရှင် … ။ ဖြစ်နိုင်ချေကတော့ ဖိုင်ဆိုဒ်တွေ လေးပြီး loading နေတဲ့ အချိန်ကို မစောင့်ဘဲ မျက်စိမှိတ်ပြီး နုတ်ဆက်မိသွားတယ် လို့  ထင်ပါတယ်ရှင် …။
နောက်တနေရာမှတော့ မျက်စိမှိတ်ပြီး ချီးကျူးမိသူလေးကိုတွေ့ လိုက်ရပါတယ် …။ ကောင်မလေးတစ်ယောက်က ဘလော့ဂ်ဂါကောင်လေးတစ်ယောက်  တင်ထားတဲ့ ပို့ စ်လေး နဲ့ ပတ်သက်ပြီး ကောင်လေး သိပ်တော်တာပဲ လို့  ရေးသွားတာပါ …။ မနေနိုင်တဲ့ စာဖတ်သူတစ်ဦးက "ခေါင်းစဉ်ပဲဖတ်သလား … ကောင်လေးရေးတာမှ မဟုတ်ဘဲ " လို့  ၀င်ပြောသွားပါတယ် …။       အဲဒီပို့စ်လေးကို ကောင်လေးက ရေးသူနာမည်နဲ့ တကွ တင်ပေးထားတာပါ …။ လေးမကတော့ အဲဒီ အချိန်မှာ ဖြစ်သွားမယ့် ကောင်လေးရဲ့ မျက်နှာကို မြင်ယောင်ကြည့်နေမိပါတယ်…( ငို၍ ရယ် ၍  မရသောမျက်နှာ ဆိုတာ ဒါမျိုးလားလို့ ..) ။ ကောင်မလေး မျက်စိမှိတ်ပြီး နုတ်ဆက်မိလေသလား …။
လေးမ ဒီပို့စ်လေးကိုရေးတာ လှောင်တာလည်း မဟုတ်ဘူး … ပြောင်တာလည်းမဟုတ်ဘူး … ပုဂ္ဂိုလ်ရေးလည်း မပါပါဘူး … ( ရေးထားပြီး တင်သင့် မတင်သင့် တော်တော်စဉ်းစားနေမိလို့  ကြာနေတာပါ ) ။ ဘလော့ဂ် ရပ်ဝန်းမှာ ဒီလိုလေးလည်း လွဲတတ်တယ် … ငါမလွဲအောင်လုပ်မှဘဲ ဆိုတဲ့ အသိလေးတစ်ခုပေးချင်လို့ ပါ …။ အထူးသဖြင့် ကိုယ့်ကိုယ်ကို သတိပေးတာပါ ..
လေးမ ခဏခဏ လွဲတတ်ပါတယ် …။ တနေ့ကပဲ  မင်းကျန်စစ်ကို "ကျန်စစ်ရေ … အသက်ရှိသေးလား " လို့  ဆီပုံးမှာ သွားအော်ပါတယ် …။ နောက်မှ ဆီပုံးက စာတွေ သေချာလိုက်ဖတ်ကြည့်တော့ ကျန်စစ်က လေးမ မရေးခင် ၁ ရက်လောက်ကပဲ ဆီပုံးရှေ့     ငုတ်တုတ်ကြီး ထိုင်ပြီး စာမေးပွဲ ဖြေနေတဲ့ အကြောင်း သူ့ ဘော်ဒါတွေကို အသိပေးထားတဲ့ စာတွေ့ ရပါတယ် … ။ အရှက်ပြေ " ခိုးမချနဲ့ နော် " လို့  နောက်တစ်ကြောင်း ထပ်ရေးခဲ့ပါတယ် …။
အဲတော့ သူငယ်ချင်းတို့လည်း လေးမလို … ဟို မမ/ညီမလေးတွေလို မျက်စိမှိတ်ပြီး နုတ်မဆက်မိအောင်  ဆင်ခြင်နိုင်ကြပါစေ …လို့  ဆန္ဒ ပြုပါတယ် …။ ။
မှတ်ချက် ။ ။ ကာယကံရှင် မမ/ ညီမလေးတွေ စိတ်မဆိုးနဲ့ နော် ...။
22 comments:
Monday, June 16, 2008
Blog ရပ်ဝန်းမှ အလွဲလေးများ ( ၁ )
 ….ငါ့ရည်းစားက … သူ့ ရည်းစား ဖြစ်နေတယ် ….
( သီချင်းစာသားလေးပါ … ဘယ်သူဆိုသလဲ …မသိဘူး…FM  မှာ နားထောင်လိုက်ရတာ…။ သဘောကျလို့  ပြန်သုံးလိုက်တာ …။)
ဘလော့ဂ်လောက မူပိုင်ခွင့်နဲ့  ပတ်သက်လို့  နည်းနည်း ချရာလုပ်ချင်တယ်…။
ဘလော့ဂ်တွေ မှာ အကြောင်းအရာ အမျိုးမျိုးကို အခြေခံပြီး စာတွေရေးကြတယ်… ကဗျာတွေ ရေးကြတယ် … မူရင်းတွေရှိတယ် … ကော်ပီတွေ ရှိတယ်…။ မူရင်းကတော့ ရှင်းတယ်…။
ကော်ပီမှာ … ဒီလို အမျိုးအစားတွေ တွေ့ ရပါတယ် …။
၁။ ပြည်သူသိ နာမည်ကျော်စာရေးဆရာ … ကဗျာဆရာ များ၏ စာကို ဝေမျှခြင်း … ( အပင်ပန်းခံပြီး စေတနာနဲ့  မျှဝေ ပေးတာ တော်တော် ချီးကျူး ကျေးဇူးတင်မိတယ် )
၂။ သူငယ်ချင်း … မိတ်ဆွေ များ၏ ကဗျာ …စာကို မျှဝေ အသိပေးခြင်း … ( အဲလိုလူတွေက ဒီကဗျာလေး ကူးသွားမယ်နော်လို့ ခွင့်တောင်းတတ်သလို … ဘယ်သူ့ ဆီက ကြိုက်လွန်းလို့  ကူးလာပါတယ် … လို့  ဖော်ပြထားလေ့ရှိပါတယ်…)
၃။ ရေးသူ အမည်မပါဘဲ ( သို့  ) မသေချာဘဲ ကူးယူဖော်ပြခြင်း …
ပြသနာက နံပါတ် ( ၃ ) မှာ …ရှိနေပါတယ်…။ဖြစ်နိုင်ခြေ ၂ မျိုးရှိတယ် …။ ပထမတစ်မျိုးက တစ်ချို့  လူတွေက ငယ်ကတည်းက နှစ်သက်တဲ့ ကဗျာလေးတွေ့ ရင် ကူးထားတတ်တယ်… ကဗျာဆရာနာမည် ပါချင်မှပါမယ်…။ တစ်ချို့ က မိတ်ဆွေတွေက မေးလ်နဲ့ ပို့     ပေးတာ လည်းရှိချင်ရှိမယ်…။  ဒုတိယ တစ်မျိုးကတော့ သူများရေးတာကို ကိုယ်ရေးသလို လို လုပ်ပြီး တင်တာပဲ … အဲဒီ တစ်ခု နားကိုမလည်နိုင်ဘူး… ဘာအတွက်လဲ ??? …။
 ၃ အတွက် ဖြေရှင်းနည်း…
သင်ဘယ်လို ဖြေရှင်းမလဲ ??? …
လွယ်လွယ်လေးပါ …
"ငါ့ရည်းစားက … သူ့ ရည်းစား ဖြစ်နေတယ်  " လို့ သာ ဘလော့ဂ်မှာ တင်လိုက်ပါ …။
မြန်မာတွေ မရိုင်းပါဘူး … ။ တောင်းပန်လိုက်ပါ …။ လူသိရှင်ကြား ဘလော့ဂ်မှာ တောင်းပန်လိုက်ပါ … ( မေးလ်ပို့ ပြီး ကြိတ်ရှင်းတာထက် ပိုရိုးသားတယ် လို့  လေးမ ထင်ပါတယ် .. ) ။ လေးလေးစားစား နာမည်နဲ့  တကွပြန်တင်ပေးလိုက်ပါ …။ ဒီလို စနစ်တကျသာ တောင်းပန်ခဲ့ရင် ပြသနာရဲ့ ပွဲကြည့် ပရိသတ်အားလုံးက သင့်ဘက်မှာ ရှိနေကြမှာပါ …။
 ပိုင်ရှင်တွေဘက်က ဖြစ်သင့်တဲ့ အခြေအနေ
ဒေါသ ရှေ့ မထားပါနဲ့ …။ အနုပညာဆိုတာ ရင်ဘတ်ကြီးနဲ့  ဖန်ဆင်းထားရတာ ဆိုတာ နားလည်ပါတယ်…။ အနုပညာ သမားတစ်ယောက်ရဲ့ မာန … ကဗျာ ဆရာ တစ်ယောက်ရဲ့ သစ္စာကိုလည်း သဘောပေါက်ပါတယ် …။ ဒါပေမယ့် လက်တုံ့ ပြန်တာ မမြန်ပါနဲ့  …။ တစ်ဖက်လူရဲ့ ဘလော့ဂ်မှာ ယဉ်ကျေးစွာ အသိပေးပါ …။ ဖြေရှင်းချက်ကို စောင့်ပါ …။ ဖြေရှင်းခွင့်ပေးလိုက်ပါ …။ ကျေအေးပါ … ။
 ဖြေရှင်းပြီးသွားတဲ့ ဘလော့ဂ်တွေ
ဘလော့ဂ် တကာ မလည်နိုင်လို့  သိပ်တော့ များများစားစား မသိပါဘူး…။
သတိထားမိလိုက်တာကတော့ moenyo.blogspot.com  မှာ တင်ခဲ့တဲ့ ခေလွန်း (ညီညီ သံလွင်) ရဲ့ကဗျာ  နဲ့  nyeinnyo.blogspot.com ရဲ့ ပိုင်ရှင် ကိုညိမ်းညို ရဲ့ ဆန္ဒသက်သက်ကဗျာကို ကိုလင်းဦး ( စိတ်ပညာ ) မှာ တင်တဲ့ ကိစ္စတွေ … ဖြေရှင်းခဲ့ပုံတွေ … တွေ့ ဖူးပါတယ်…။ သိက္ခာ ရှိတဲ့ ဘလော့ဂ်ဂါတွေ ဖြစ်တဲ့ အတွက် ပြေပြေလည်လည်ပဲ ကျေလည်သွားခဲ့ကြပါတယ် …။
 ဘလော့ဂ်မှာ ကိုယ်တိုင်ရေးဖို့ အချိန်ကလည်းမရ … ဘလော့ဂ်လေး ပုံမှန် လည်ပတ်နေစေချင်တဲ့ စိတ်လေးရှိလို့  စာလေးတစ်ပုဒ်… ကဗျာလေးတစ်ဆုပ်လောက် ကောက်တင်ခဲ့မိမယ်ဆိုရင်  ပိုင်ရှင် နာမည် မသိရင် မသိဘူး… လို့  ရိုးရိုးသားသား ဖော်ပြပါ …။ သိတဲ့သူ    ၀င်ပြောသွားပါလိမ့်မယ်…။ မတော်တဆ ပိုင်ရှင် ပေါ်လာခဲ့ရင်လည်း ပြန် ဖြေရှင်းပေးလိုက်ပါ …။ လွယ်ပါတယ်…။
 ငါ့ရည်းစားက … သူ့ ရည်းစား ဖြစ်နေတယ်
လို့…. နော်……။
 မှတ်ချက် ။ ။ ဒီပို့စ်ကို ကိုညိမ်းညို ကဗျာ ကိစ္စ ကတည်းက ရေးဖို့ ရည်ရွယ်ထားတာ… ရာသီစာတွေ ရောင်းနေရတာနဲ့ … အဲ…ဟုတ်ပေါင်  seasonal post တွေ ရေးနေတာ နဲ့  ခုမှ ရေးဖြစ်ပါတယ်…။ ရေးမိတော့လည်း အချိန်ကောင်းပဲ … ဘလော့ဂ်ရပ်ဝန်းမှာ  ပွက်ပွက်ညံနေတဲ့ ကိစ္စ တစ်ခုနဲ့  လာတိုက် နေပြန်တယ်…။ ရှင်းအောင်ပြောထားမယ်နော် ..။ ဒီပို့စ်က အဲဒီကိစ္စကို  ဦးတည်တာမဟုတ်ဘူး…..။ အဲဒီကိစ္စကြီးကိုလည်း လုံးဝ… လုံးဝ … လုံးဝ ၀င်ရောက်စွက်ဖက်  လို စိတ် မရှိဘူး …။ ဘလော့ဂ်လောကမှာ ဖြစ်တတ်တဲ့ အလွဲလေးတွေကို တင်ပြရုံသက်သက်ပဲ …။
ဝန်ခံချက် ။ ။ “ အလွဲ” ဟူသော အသုံးကို မောင်မျိုး ( ရင်တွင်းဖြစ် ) ထံမှ ကူးယူပါသည် …။
28 comments:
Saturday, June 14, 2008
SHELTER
တတိယနှစ်ကျောင်းသူ ဘ၀မှာ ပထမဆုံး စပေးတဲ့ project က  Sun Shelter.
ကျောင်းသူကျောင်းသားတွေ  ကျောင်းတက် … ကျောင်းဆင်း … စာသင်ချိန် အကူးအပြောင်း … တစ်ဆောင်နဲ့  တစ်ဆောင် အကူးအပြောင်းမှာ ခေတ္တ နားခိုစရာ နေရောင် ဒဏ် ကာကွယ်ပေးတဲ့ sun shelter  ကို design လုပ်ပါတဲ့ …။
အဲဒီတုန်းက shelter ရဲ့ အဓိပ္ပါယ်ကို အဲဒီလိုပဲ နားလည်လိုက်တယ်…
ဒီထက်ပိုပြီး များများစားစား မသိချင်ခဲ့ဘူး …။
ခုတလော shelter ဆိုတဲ့  အသံတွေ မိုးမွှန်အောင် ကြားနေရတော့မှ shelter အကြောင်း နဖူးပေါ်လက်တင်ပြီိး ပြန်စဉ်းစားမိတယ်…။
Shelter ဆိုတာ နားခိုရာ … ခိုလှုံရာ … နေထိုင်ရာ …။
လူသားတွေရဲ့ မရှိမဖြစ် အခြေခံ လိုအပ်ချက်တွေထဲမှာ နေစရာ  လည်းပါတယ် …။ အစားအစာ နဲ့ အ၀တ်လိုပဲ ခိုလှုံစရာနေရာ ကလည်း အရေးတကြီး လိုအပ်ပါတယ်…။
သဘာဝတရားကြီးကတော့ ကျောက်ဂူတွေ … အရိပ်ကောင်းတဲ့ သစ်ပင်တွေ ကို shelter အဖြစ် ကမ္ဘာဦးကတည်းက ဖန်တီးပေးခဲ့ပြီးသားပါ …။  သဘာဝ shelter တွေမှာ အားနည်းချက်တွေ အများကြီးရှိတဲ့ အတွက် အသိဥာဏ်မြင့်မားတဲ့ လူသားတွေဟာ man-made shelter  တွေကို ဖန်တီးလာကြတယ်..။
အစပထမကတော့ ရာသီဥတုဒဏ် ကာကွယ်ဖို့ … သားရဲတိရစ္ဆာန် ဘေး ကင်းဝေးစေဖို့ ….
နောက်တော့ … နောက်တော့ … လူသားတွေရဲ့ မဆုံးနိုင်တဲ့ လိုလားချက်တွေ နဲ့ အတူ shelter ဟာ နာမည်အမျိုးမျိုးနဲ့  modified လုပ်ခံခဲ့ရတာ ဒီနေ့  အထိပါပဲ …။ 
အိပ်ရုံပဲ ဆိုတဲ့ အဆင့်ထက်ပိုတဲ့ ဘုရားဝတ်ပြုဖို့ … အစားစားဖို့  … ချက်ပြုတ်ဖို့ … စတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပြီးပြည့်စုံစေတဲ့ space  (နေရာ) တွေ ထပ်ပေါင်းထည့်လိုက်တဲ့ အခါ  အိမ်လို့ ခေါ်တဲ့ နေစရာ ဖြစ်လာတယ်…။
လူတွေနေကြတာချင်းတူပေမယ့် အိမ်တွေက မတူကြပြန်ဘူး…။ အလွယ်တကူတွေးရင်  အကြိုက်ချင်း မတူလို့ပေါ့ လို့ ထင်စရာ အကြောင်း ရှိပေမယ့် နောက်ကွယ်မှာ ဒီထက်ကြီးကျယ်တဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်…။
ပထမအဆင့်အနေနဲ့  ဒေသမတူရင် … ရာသီဥတုမတူရင် … လူတွေရဲ့ နေထိုင်စားသောက်တဲ့ အကျင့်စရိုက်မတူရင် … ဒေသတွင်း အလွယ်တကူ ရရှိနိုင်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ မတူရင်  ပုံစံတွေ တူလို့မရပါဘူး…။ ဥပမာဆိုရရင် အပူပိုင်းဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံမှာ အအေးပိုင်းဒေသကလို မှန်လုံအိမ်တွေ ဆောက်ရင် နေရတာ အဆင်မပြေပါဘူး…။ ငါးပိရည်ကျို … ငါးခြောက်ဖုတ် … တညင်းသီးပြုတ် … ငရုတ်သီး ထောင်းတဲ့ မြန်မာ အိမ်ရှင်မတွေ အတွက် အနောက်တိုင်း မီးဖိုချောင် ကျဉ်းကျဉ်းဟာ စိတ် ကျဉ်းကြပ်စေပါတယ်… ( အိမ်ရှင်မ တော်တော်များများ စတိုင်လ်သစ်နဲ့  ready-made တွေ အသုံးများလာတဲ့ အတွက် ဒီကိစ္စက သိပ်တော့ စိတ်ပူစရာမလိုပါတော့ပါဘူး…)
ဒုတိယကတော့  shelter ကို လိုအပ်ရတဲ့ အကြောင်းရင်းခြင်း မတူရင် shelter တွေ မတူတတ်ပါဘူး …။ ဥပမာပေးရရင် သာမာန် လူတစ်ယောက်က security နဲ့  privacy အနည်းငယ် ရှိတဲ့ shelter မှာ နေထိုင်နိုင်မှာဖြစ်ပြီး … ရန်သူတွေ လာတိုက်ခိုက်မှာကို စိုးရွ့ံ နေရတဲ့ ဘုရင်တစ်ပါးကတော့ ရဲတိုက်အကြီးကြီးဆောက်ပြီး နေမှာဖြစ်ပါတယ်…။
တတိယ အချက်ကတော့ ငွေကြေး ပိုင်ဆိုင်မှုပေါ်မူတည်ပြီး ပုံစံကွဲလွဲနေတာ ဖြစ်ပါတယ်…။
 လူတွေဟာ တတ်နိုင်တဲ့ ငွေကြေးပမာဏပေါ်မူတည်ပြီး တဲအိမ် … တိုက်အိမ် … ၂ ထပ်အိမ် … လုံးချင်း… တိုက်ခန်း … စတဲ့ နာမည် အမျိုးမျိုးနဲ့  shelter တွေမှာ နေထိုင်ကြတယ်…။ တချို့ လူတွေကတော့ အသက်ရှင်နေနိုင်ဖို့ shelterလိုအပ်တာလား…. shelter ကောင်းကောင်းနဲ့ နေနိုင်ဖို့ အသက်ရှင် ရုန်းကန်နေရတာလားဆိုတာ ဒွိဟ ဖြစ်နေကြပါတယ်…။
 ဘယ်လို ကြောင့် ဘာတွေကွဲလွဲနေပါစေ … shelter ဆိုတာ အကာအကွယ် တစ်မျိုးလို့ အဓိပ္ပါယ်ရပါတယ်…။
ဒါကြောင့် အသင့်အတင့် ကာကွယ်မှု … လုံခြုံမှုပေးနိုင်တဲ့ shelter ဖြစ်ဖို့  လိုအပ်ပါတယ်..။ ရာသီဥတုဒဏ် … အင်းဆက် ပိုးမွှား အကောင်ပလောင် ဒဏ်တွေကို  အတော်အသင့်  ကာကွယ်မှုပေးနိုင်ရပါမယ်…။
Shelter ရဲ့   ဦးလှည့်ဘက် ကို သင့်တော်အောင်ရွေးချယ်တာမျိုး … အပေါက်တွေ ဖောက်တဲ့ အခါမှာ ဖြစ်သင့်တဲ့   နေရာ ကို ရွေးချယ်ဖောက်တာမျိုး …. shelter ကို မြေကြီးမှ  အနည်းငယ် မြှင့်ဆောက်တာမျိုး … တွေက  ကုန်ကျစရိတ် သိပ်မပိုတဲ့ ကာကွယ်နည်းတွေ ဖြစ်ပါတယ်…။
 shelter မရှိတာနဲ့စာရင် ရှိနေတာက သိပ်ကောင်းပါတယ်…။
 shelter ရှိနေတာထက်  အသင့်အတင့် စိတ်ချရတဲ့ shelter ဖြစ်ရင် ပိုကောင်းပါတယ်…။
 အသင့်အတင့် စိတ်ချရတဲ့ shelter ထက် အန္တရာယ်တော်တော်များများကို ( မမြင်ရတဲ့ rays တွေကိုပါ ) အစွမ်းကုန် ကာကွယ်နိုင်တဲ့ shelter ဖြစ်ရင် အလွန် ကောင်းပါတယ်…။
ဒါပေမယ့်  ဘေးအန္တရာယ် တွေကို ကာကွယ်ရင်း … ဖယ်ခွာရင်းနဲ့ နှစ်သက်စရာကောင်းတဲ့ သဘာဝရဲ့  လက်ဆောင်တွေနဲ့  ကင်းကွာလာပြီး  မီးခြစ်ဆံဗူးထဲက မီးခြစ်ဆံလေးတွေလို … လှောင်အိမ်ထဲက သတ္တ၀ါလေး တွေလို  ဖြစ်မသွားဖို့တော့ ဒီဇိုင်းဆွဲတဲ့  ဗိသုကာက တာဝန်ယူရပါလိမ့်မယ် … ။ ။ 
10 comments:
Saturday, June 07, 2008
စကားပြောနေသော ...
ဒီနေ့  ကျောက်စာ လက်စသတ်တယ်…။ ကျုပ်တစ်သက်မှာ …. ကျောက်ထွင်းပညာနဲံ့  အသက်မွေးခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ဒီနေ့လောက် ဂုဏ်ယူပီတိဖြစ်ရတဲ့နေ့ မျိုး မရှိခဲ့ဖူးဘူး…။ ဒီနေ့ဟာ ကျုပ်ဘ၀မှာ ပီတိအဖြစ်ရဆုံး … ကျေနပ်စရာအကောင်းဆုံး … နေ့   တစ်နေ့ ဖြစ်ခဲ့ပြီ …။ ဘာကြောင့်လဲဆိုတော့ သမိုင်းဝင်မယ့် ရွှေစည်းခုံ ကျောက်စာကို ရက်ပေါင်းများစွာ ထွင်းထုနေခဲ့ရာက အချောသတ်လိုက်နိုင်တဲ့နေ့  ဖြစ်နေလို့ပဲ…။
ကျုပ်ထွင်းခဲ့ရတဲ့ စာသားတွေကို တစိမ့်စိမ့် ပြန်မြင်ယောင်နေမိတယ်ဗျာ…။
“ ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို့၏ မျက်ရည်များကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် လက်နှင့်တူသော မေတ္တာစိတ်ဖြင့် သုတ်ပေးလိမ့်မည် ..။
ချစ်သူအပေါင်းမှ ကွဲကွာ စိတ်နှလုံးပူဆွေး ( ၀ါ ) စိတ်ရောဂါဖြစ် နှလုံးမသာယာကုန်သော သူတို့၏ နှပ်ရည်တို့ကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် ရေနှင့်တူသော ကရုဏာစိတ်ဖြင့် ဆေးကြောပစ်လိမ့်မည်…။ ”
ပြန်တွေးမိရုံနဲ့ တောင် မျက်ရည်လည်မိပါရဲ့ …။ ကျုပ်တို့ရဲ့ မင်းကြီး …ကျန်စစ်မင်းကြီးရဲ့ စေတနာ …ပြည်သူအပေါ်ထားတဲ့ စေတနာဗျာ …။ ဒါကို မြှောက်ပင့်ရေးထိုးထားတဲ့ ဘုန်းတော်ဘွဲ့ ပါလို့ ခင်ဗျားတို့ ပြောချင်သလား …။ မင်းကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ ဘယ်ပုဂံသူ ပုဂံသားမှ အဲသလို အတွန့်  တက်မှာ မဟုတ်ဘူးဗျ … ။ ဘုရင်မို့လို့  ကြောက်လို့ မပြောရဲတာမဟုတ်ဘူး … ကျန်စစ်မင်းကြီးလက်ထက်မှာ ဘယ်နိုင်ငံကို စစ်မက်ပြုပြီး… ဘယ်နိုင်ငံကတော့ စစ်လာပြုတယ်လို့  …. စစ်ပွဲ အကြီးအကျယ်ဖြစ်လို့ …. ပြည်သူတွေ ငိုကြွေးရတယ်ဆိုတာမျိုး ကျုပ်မကြားဖူးဘူး…။
“လက်ယာလက်ဖြင့် ပြည်သူတို့အား ထမင်းမုန့် ပေး၍ လက်ဝဲလက်ဖြင့် လူအပေါင်းတို့အား ပစ္စည်း ဥစ္စာအ၀တ်ပုဆိုးများ ပေးကမ်းလိမ့်မည် …။ သို့လျှင် ပြည်သူအပေါင်းတို့သည် အမိရင်ခွင် နေရသော သားငယ်ပမာ ချမ်းသာသုခနှင့်ပြည့်ဝကြ …….”
ဒါပဲ…ကျောက်စာတစ်ခုလုံးရဲ့ အသက်က အဲဒီစာကြောင်းပဲ … မင်းကြီးမှာ ရှိတဲ့ လက်နှစ်ဘက်ဟာ ပြည်သူတွေ အတွက်ပါ ဆိုတာကို အတိအလင်း ကြေငြာ လိုက်တာ … ပြည်သူကို ဘယ်လို စောင့်ရှောက်မယ်ဆိုတဲ့ သူ့  ရဲ့သဘောထားကို ကျောက်ထက်အက္ခရာ တင်လိုက်တာ …။ ထမင်းပေးမယ် … အ၀တ်ပေးမယ်ဆိုတာ တကယ်တော့ တင်စားပြောတာပေါ့ … လူတိုင်းတော့ အလကား ဘယ်ကျွေးထားနိုင်ပါ့မလဲ …။ လုပ်ငန်းအဆင်ပြေအောင် … အလုပ်ကောင်းအောင်ပံ့ပိုးပေးမယ်လို့ ပြောတာနဲ့ အတူတူပဲမဟုတ်လား…။ နောက်တစ်မျိုး စဉ်းစားကြည့်ရင်လဲ ပေးမယ် ဆိုတာ မလုဘူး လို့  ယူဆလို့လည်း ရသကိုး…။
ကျောက်စာတစ်ခုလုံးကို မြတ်စွာဘုရားက ဗျာဒိတ်တော် ပေးတဲ့ပုံစံနဲ့  ရေးထိုးထားတာ … သဘောကတော့ဗျာ ကျန်စစ်မင်းကြီးဟာ သာမညမင်း မဟုတ်ဘူး… မြတ်စွာဘုရား ကိုယ်တော်တိုင် ဗျာဒိတ်ပေးခဲ့တဲ့မင်း လို့ ဆိုလိုသပေါ့ …။ တကယ် ဗျာဒိတ်တော်ပေးမပေးတော့ ကျုပ်လို ကျောက်ထွင်းသမားက ဘယ်အတတ်ပြောနိုင်မလဲဗျာ … မင်းကြီး ရေးစေချင်တဲ့ ဆန္ဒတွေကို မြတ်စွာဘုရားက ရှင်အာနန္ဒာကို မိန့်  ကြားခဲ့လေဟန် ရေးထိုးတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့ …။ အဲလိုဆိုလည်း အပြစ်မဆိုသာပါဘူးဗျာ … ။ ကျန်စစ်မင်းလည်း… လူပဲလေ… လူဆိုတာ အတ္တရှိမှာပေါ့ … လူမှ …ရိုးရိုးလူမဟုတ်ဘူး… လူ…မင်း… လူတွေရဲ့ မင်း … မင်းဆိုတော့ အတ္တ ပိုရှိမှာပေါ့ …။
ဘယ်လို အကြောင်းနဲ့  ဘယ်သူမိန့် တဲ့ စာသားပဲ ဖြစ်ဖြစ် … ပြည်သူတွေ ဘက်ကို အတော်လေး ထောင့်စုံအောင် စဉ်းစားရေးထိုးထားတာကတော့ တော်တော်ကျေနပ်စရာကောင်းတယ် …။ ပြည်သူတွေရဲ့ အကျင့်သီလ … စားဝတ်နေရေး … အစစအရာရာ …ကလေးသူငယ်ကစလို့ … အမယ်အိုအထိ … ရသေ့ရဟန်း..စစ်သည် … တောင်သူဦးကြီး … အိုးစလောင်းရောင်းတဲ့ ဆင်းရဲတဲ့ အမယ်အိုတောင် မကျန်စေရအောင် ဂရုတစိုက် ရေးထိုးထားတာ…။
“ မှို၊ မျှစ် ၊ ပန်း၊သစ်သီးဝလံ အပေါင်း အလွန်ပေါလိမ့်မည် ။ လက်သည်းဖြင့် မုန့်စားသင်သောကလေးငယ်များသည် လူကြီးကဲ့သို့ စိတ်ကောင်းထားကြလိမ့်မည်…. ။”
“ အိုးစလောင်းရောင်းသော ဆင်းရဲသည့် အမယ်အိုများသည် ဈေးကောင်းရ ကြွယ်ဝစေရမည်… ”
“ မင်း၏ နှုတ်မှ တရားနှင့်ညီသော အမိန့် များသာထွက်လိမ့်မည် …”
ကျောက်စာမှာ ရေးထိုးတဲ့ စာသားတွေအရဆိုရင် ကျုပ်တို့ရဲ့မင်းကြီး… ကျန်စစ်မင်းကြီးဟာ အလွန် ကြည်ညို ထိုက်တဲ့မင်းကောင်းမင်းမြတ် တစ်ပါးလို့ ကောက်ချက်ချနိုင်တယ်…။ အပြင်မှာ လုပ်ဆောင်ပေးခဲ့တဲ့ လုပ်ရပ်တွေအရလည်း မင်းကောင်းတစ်ပါးဆိုတာ ငြင်းလို့မရဘူး…။
နန်းတက်ခဲ့တဲ့ ပုံစံကိုပဲကြည့် …။ ပုဂံမှာသာမက ကမ္ဘာအရပ်ရပ်က တိုင်းပြည်တွေမှာ ဘုရင်ဆိုတဲ့ အာဏာကြောင့် အဖေကိုသားကသတ် … အစ်ကိုကို ညီကသတ်နဲ့ … နန်းလုပွဲတွေ ဖြစ်ခဲ့ပေမယ့် ကျန်စစ်မင်းကတော့ အရှင်မဲ့နေတဲ့ ပလ္လင်ကို မမက်မောဘဲ ဘုရင် စောလူးကို ရန်သူ့  လက်က ကယ်ထုတ်ပြီး နန်းအပ်နိုင်ဖို့ကြိုးစားခဲ့တယ်…။
တိုင်းတပါးနဲ့ ကုန်သွယ်ရေးတွေ လမ်းဖွင့်ပေးတယ် ….တိုင်းပြည် သာယာအောင် အားထုတ်တယ် …။ တိုင်းသူပြည်သားတွေ စီးပွားဖြစ်လိုက်ကြတာလည်း မုဆိုးမတောင် ဘုရားတည်နိုင်တယ်ဗျာ …။ ဘုရားစေတီတွေတည်လိုက်တာလည်း မနည်းမနောဘဲ … တည်သမျှ ဘုရားမှာလည်း မာန်မာန ဟန်လွှမ်းမိုးတဲ့ ဘုရားတစ်ဆူမှ မပါဘူး …။ ပညာရှင်ကိုလေးစားပြီး အနုပညာကို တန်ဖိုးထားတဲ့ ဟန်တွေပဲပါတယ်…။
ရှေ့ ဘုရင် ( အနော်ရတာဘုရင် ) ကို ဘယ်လောက်အလေးထားသလဲဆိုတာ ဒီရွှေစည်းခုံ ဘုရားကို ပြီးအောင် သေချာဆက်တည်တာကို ကြည့်ရင် သိနိုင်တယ်…။ ဒီလို မင်းမြတ်တစ်ပါးရဲ့ သမိုင်းတွင်မယ့် ကျောက်စာ ( ရွှေစည်းခုံ ကျောက်စာ ) ရေးထွင်းရာမှာ ပါဝင်ခဲ့ရတဲ့အတွက် ကျုပ်ကိုယ်ကျုပ် သိပ်ကျေနပ်မိတယ်…။ ။
ဝန်ခံချက် ။ ။ ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ ရေးသားပြုစုသော “ ရွှေစည်းခုံ မွန် ကျောက်စာ ” ကို ကိုးကား ပါသည်။
14 comments:
Wednesday, June 04, 2008
New address
သေချာကြည့်နော်
လေးမ လိပ်စာက အသစ်ကလေးနော်…။
လိပ်စာပြောင်းထားတယ်နော်…။ :P
နောက်ဆို iblogger ဒုက္ခပေးတာမခံရတော့ဘူး…။
8 comments: