Saturday, July 21, 2007

ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ပ )

ဒိုင်ယာရီစာမျက်နှာ (၈) ။ ။
Scene (1)_
မနက် ၃ နာရီ လောက် သန့် စင်ခန်းတွေဘက်ကို ငိုက်စိုက်ငိုက်စိုက် လျှောက်လာရင်း ယိုင်တိယိုင်တိုင် လျှောက်လာတဲ့ အရိပ် တစ်ခုနဲ့  ဖြတ်ခနဲ ဆုံတယ်…..။ မော့ကြည့်ပြီး လျော့တိလျော့ရဲ ပြုံးပြလိုက်တယ်…..ထမင်း ၂ ရက်မစားရတဲ့ အသံနဲ့  “ ပုံတွေ ပြီးပြီလား....” တဖက်က အရိပ်က ခေါင်းခါပြီး “ ပြီးသေးပါဘူးဟာ…..”
“ ဒါဝဋ်ကြွေးပဲ အချစ်ရယ်….” သီချင်းသံတိုးတိုး ခြေသံ တရှပ်ရှပ် ကြားရတယ်…..။ အာခီ ကျောင်းသူတစ်ယောက်ဆိုတာ သေချာတယ်…. “ ဟေ့..ဘယ်လို လဲ အခြေအနေ ကောင်းလား” …..။

“ ငါတော့ interior တစ်ပုံပဲ ဆွဲတော့မယ်….အားလုံးပေါင်းမှ ၈ ရွက်ပဲ ပြီးတယ်..... section လဲမပြီးသေးဘူး… .တတ်နိုင်ဘူး…ဒီလောက်ပဲ ရမယ်ဟေ့….”
Scene (2)_
“ကြောင်ကလေးက နားရွက်ထောင် ပညာရှိယောင်ဆောင်….”
“လေးမ….နင်ဘာတွေ အော်နေတာတုန်း…..နင်အရမ်းအိပ်ချင်နေပြီ…..ခဏအိပ်လိုက် ”
“ No….”

“ ဟာ…..လေးမ…..နင်…အိပ်ငိုက်ငိုက်နဲ့  လျှောက်ဆွဲကုန်ပြီ….ဒီနားမှာ နင်….ပြတင်းပေါက် မဖောက်ဘူးဆို….ဘာလို့  ပြတင်းပေါက်တွေ ဆွဲထားတာတုန်း….”
“ ဟာ…..သေရော….လုပ်ကြပါဦး…. ဘရိတ်ဓါး…ဘရိတ်ဓါး ….ဘယ်ရောက်နေပါလိမ့်….”
“ နင် မခြစ်နဲ့ ….ပေါက်ကုန်မယ်….ငါဖျက်ထားပေးမယ်…..သယ်ရင်းလေး ခဏအိပ်လိုက်….”
“ ငါ ၁၅ မိနစ်ပဲ အိပ်မယ်……၁၅ မိနစ်ပြည့်ရင် ငါ့ကိုနှိုးနော်…..မနှိုးရင် သေခန်းပြတ်ပဲနော်….ငါ ဘာမှမပြီးသေးဘူး…..သေချာနှိုးနော် “မိ” .....”
ပြောပြောဆိုဆို Drawing Board နောက်က နေရာလွတ်ကျဉ်းကျဉ်းလေးမှာ စောင်လေးပိုက်ပြီး ခွေခွေလေး အိပ်လိုက်တယ်….
“ သယ်ရင်းလေး….ထတော့….၁၅ မိနစ်ပြည့်ပြီ…..”
“ ရှင်….ဆရာ…..သမီး နောက်ဆို ဒီလိုမဖြစ်အောင် ဒီဇိုင်းကို စောစောထုတ်ပါ့မယ်….ဆိုင်ကယ်တစ်စီးနဲ့  လျှောက်လည်မနေတော့ပါဘူး…” ငုတ်တုတ်ထထိုင်ပြီး တတွတ်တွတ်ရွတ်လိုက်တယ်….။
“ ဟဲ့….ယောင်နေပြန်ပြီ…..မျက်စိဖွင့်စမ်း…” ပခုံးကနေ ဆွဲလှုပ် ခံလိုက်ရတယ်….။
“ တော်ပါသေးရဲ့ “မိ” ရယ်…..နင်နှိုးလိုက်လို့ …..ငါ့ကို ဂျူရီမှာ ဆရာက ကွိုင်နေတာဟ….”
Scene (3)_
“ ဒေါက်….ဒေါက်….ဒေါက်….အခန်းရှင်တို့ …”
“၀င်ခဲ့ပါ…..စေ့ထားတယ်….”

“ နင်တို့ ဖို့  စားဖိုဆောင်ကဟင်းထုတ်လာတယ်….နင်တို့  ထမင်းစားကတ်တွေ ငါတို့ ပဲ ယူထားပေးမယ်….ထမင်းကတော့ ၀ယ်စားမှာ မဟုတ်လား….စားပြီးရင် ပန်းကန်တွေ ထားထားလိုက်…..ငါတို့  လာယူ့ပြီး ဆေးပေးမယ်…..”
“ ကျေးဇူးဘဲဟာ…..ငါတို့  ဂျူရီ ပြီးရင် နင်တို့  ပန်းကန်တွေ ငါတို့  တပတ်တိတိ ဆေးပေးမယ်နော်….. ဒါနဲ့  ညကျရင် ငါတို့ ကို လာကူဦးနော်……”
“ အေးပါ…..ငါက ဘောင်ခတ်ပေးမယ်….”
“ ငါက ပြတင်းပေါက်တွေ အနက်ခြယ်ပေးမယ်…..”
“ ငါက စာတွေရေးပေးမယ်….”
“ Good….good….thanks ”
“ ဒေါ်ခင်စန်းရေ…..ထမင်း ၅၀ ဖိုး….” ၀ရန်တာထွက်ပြီး အဆောင်ရှေ့က ထမင်းဆိုင်ကို အသံကုန်ခြစ်ပြီး လှမ်းအော်လိုက်တယ်…..။
ထမင်းရပြီ ”
ဝရန်တာမှာ ကျစ်ကြိုးနဲ့  ချည်ထားတဲ့ ရေပုံးအသေးလေးထဲကို ပိုက်ဆံ ၅၀ ထည့်ပြီး အောက်ချပေးလိုက်တယ်…..။ ဒေါ်ခင်စန်းက ပိုက်ဆံ ၅၀ ကိုယူပြီး ထမင်းထုတ်ကို ပုံးထဲပြန်ထည့်ပေးလိုက်တယ်……။ ဒီလိုနဲ့  တနပ်စာတော့ အဆင်ပြေသွားပြန်ပြီ…..။ ။

ခက်ဆစ်
ဂျူရီ = ဒီဇိုင်းစာမေးပွဲ ဖြေဆိုခြင်း ၊ မိမိဆွဲထားသော ပုံများကို Board တွင်ကပ်၍ ဆရာများနှင့် ကျောင်းသားများအား မိမိ ဒီဇိုင်းကို ရှင်းလင်းပြောဆိုရခြင်း ၊ ဆရာများ၏ ဝေဖန် အကြံပေး…ဆုံးမ မှုကို ခံယူရခြင်း ….။
ဘရိတ်ဓါး= Tracing စာရွက်ပေါ်တွင် မင်ဖြင့်ဆွဲထားသည်ကို ဖြတ်ရန် ထုတ်လုပ်ထားသောခဲဖျက်မှာ ဈေးကြီးခြင်း ၊ ဖျက်ရတာ ကြာခြင်းကြောင့် Eagle တံဆိပ် ဘရိတ်ဓါးကို လေးပိုင်းချိုး၍ မင်ဖျက်ရန် အသုံးပြုရသဖြင့် ပုံဆွဲအထောက်အကူပစည်း…..။

(ညွှန်ကြားချက်အရ ဖြည့်စွက်ခြင်း)
ထမင်း ၅၀ ဖိုး= လွန်ခဲ့သော ၆ နှစ်ခန့် က ၅၀ ကျပ်တန်မြန်မာငွေစက္ကူဖြင့် ၀ယ်ယူနိုင်၍ ၉၅ပေါင်သာရှိသော လူနှစ်ဦး ၀လင်စွာစားသုံးနိုင်သော ထမင်း.....။

5 comments:

Anonymous said...

ဇာတ်လမ်းက စမယ်မှ မကြံသေးဘူး ... scene 3 မှာပဲ တစ်ခန်းရပ် ရှုတင်သိမ်းသွားတယ် ... ဟင်း ...ဟင်း ...
ထမင်းစားပြီးသွားတော့လည်း ဒီလိုပဲ ... ဂျူရီ မှာ ဘာဖြစ်မလဲလို့ သိချင်သွားတယ် ... ကိုရီးယားကားတွေလိုပါပဲလား ...
ဒါနဲ့ ဒေါ်ခင်စန်းတစ်ယောက်ရော နေလို့မှ ကောင်းရဲ့လား ? ... ခုဆိုရင်တော့ ၅၀ ဖိုးဘယ်ရတော့မလဲနော် ...
ဩော် ... ကြာခဲ့ပြီလို့ ပြောရလောက်အောင် ကြာသေးတာ မဟုတ်ပါဘူး ... သို့သော် ................... လူတွေက နေပေမဲ့ ကုန်ဈေးနှုန်းက မနေဘူးနော် ...
အင် ... ဘယ်တွေ ရောက်ကုန်ပါလိမ့် !! sorry ... :D
Drawing Board နံဘေးက အိပ်ရေးပျက်ည တွေကို မြင်ယောင် ကိုယ်ချင်းစာရင်း ....... နောက် လာမဲ့ scene များကိုလည်း မျှော်နေပါတယ်ဗျား ...

Anonymous said...

ရေးဖို့ ကျန်သွားလို့ဗျ ...
ခက်ဆစ်မှာ
ထမင်း ၅၀ ဖိုး ဆိုတာထည့်ပေးထားဦး ... နှောင်းလူတွေ မသိမှာစိုးလို့ ... ခုခေတ်ချာတိတ်တွေလည်း သိချင်မှ သိတော့မှာ ...
ဥပမာ ..
ထမင်း ၅၀ ဖိုး = လွန်ခဲ့သော ဘယ်နှစ်ခုနှစ်ခန့် ၊ ဘယ်မင်းကြီး အုပ်ဆိုး ...အင် ..ဘွာတေး ... အုပ်စိုး စဉ်အခါက ၊ သုံးစွဲခဲ့ဖူးသော ကျပ်ငါးဆယ်တန် ငွေစက္ကူကို အခကြေးငွေပေးခြင်းဖြင့်
လူနှစ်ဦးခန့် ၀လင်စွာ စားနိုင်သောထမင်း .... စသည်ဖြင့်ပေါ့ ဗျာ ...

ပြန်မတိုင်ကြေးနော် ... :P

Anonymous said...

မမလေးလေးမရေ.. ပျော်စရာကြီးဗျာ.. အားကျတယ်.. လုပ်ပါဦး.. နောက်အခန်းလေးတွေ..

tzm

Anonymous said...

လေးမရေ.. ခုလိုအတွေ့ အကြုံလေးတွေက အရမ်းဖတ်ကောင်းတာပဲ ။ ကျောင်းလစ်ကြတာ အုပ်စုလိုက် စည်းလုံးတာတွေကတော့ ကျောင်းသားဘ၀မှာပဲ ရနိုင်တဲ့ ရတောင့်ရခဲ အခွင့်အရေးတွေပဲ ။ သရက်တောထဲ တောခိုတာဖတ်ပြီး ပြုံးမိတယ် ။

လေးမ နဲ့ မိ တို့ရဲ့ ဗိသုကာပုံလေးတွေက လှလိုက်တာ ။ တို့ကတော့ မိ ရဲ့ အကွေးလေးကို ပိုကြိုက်တယ် ။ စိတ်ကူးယဉ်ဆန်သလားလို့ ။ ဆောရီးပဲ လေးမရယ်း)

ဒါနဲ့ မစန္ဓာရဲ့ ဂျီဟောသူ ဖတ်ဖူးလား ။ တို့အကြိုက်ဆုံးစာအုပ်ပေါ့ ။

လင့်ခ်လိုက်တယ်နော် ။

Layma said...

Jerry and Tzm….အချိန်ဆွဲရတာ အကျင့်ပါနေလို့ ပါ….အခုတော့ အမြင်မှန်ရပြီး…. ဒုတိယပိုင်းကို တင်လိုက်ပါပြီ….။ ဂျယ်ရီ အကြံပေးတာကိုလဲ ထပ်ဖြည့်ထားပါတယ်…
မဂျစ်……မိရဲ့ ဒီဇိုင်းက ပိုလှပါတယ်….လေးမ ရဲ့မေမေကလဲ မိဒီဇိုင်းကို ပိုကြိုက်တယ်….လေးမရဲ့ စိတ်က မာတော့ ဒီဇိုင်းက မနူးညံ့ဘူး….ဂျီဟောသူကို လေးမ လဲ ကြိုက်တယ်……“ဂျီဟောသူကို မလိုချင်…၊ ဗီယက်နမ်ပင် သွားလိုက်ချင်ရဲ့…” တဲ့လေ….။ မဂျစ်ကိုကျေးဇူးတင်ပါတယ်….