Thursday, August 23, 2007

ညစ် ရင် … လေ ရင် … ဓါတ်ကျရင် …

သူငယ်ချင်းက ပြောတယ်
ကျွန်တော့်စိတ်တွေ “လေ” နေလို့ 
ခဏလောက်
လမ်းလျှောက် ထွက်လိုက်ဦးမယ်တဲ့...
ငါလဲမင်းလိုပဲ
စိတ်တွေ “လေ” တဲ့အခါ
ဂျင်းဂျာကင်လေး ထပ်လို့ 
လမ်းမပေါ် ပြေးထွက်ချင်လိုက်တာ... ။

စိတ်ညစ်ရင် လမ်းလျှောက်ထွက်လိုက်ရတာ အကောင်းဆုံးပဲ... လမ်းပေါ်မှာ ကားမပါဘဲ လျှောက်သွားရင်း လေကောင်းလေသန့် တွေ တ၀ကြီးရှူသွင်းရင်း စိတ်ညစ်စရာတွေကို တ၀ကြီးပြန်မှုတ်ထုတ်လိုက်ရရင် ပေါ့သွားမှာပဲ.....။ လူးလာလှုပ်ရှား ရုန်းကန်နေကြရတဲ့ လမ်းပေါ်က ဘ၀တွေကိုတွေ့ ရင် ကိုယ့်ဒုက္ခက သေးသေးလေး ဖြစ်သွားကောင်း ဖြစ်သွားနိုင်တယ် ... ပျော်စရာမြင်ကွင်းတွေကို တွေ့ ရင်လဲ အပျော်တွေ ကူးစက်သွားနိုင်တယ် ... သတိထားကြည့်တတ်ရင် ရယ်မောစရာ အဖြစ်အပျက်လေးတွေကိုလဲ တွေ့ ရမယ်... သေချာတာ တစ်ခုကတော့ လမ်းများများလျှောက်ပြီး အိမ်ပြန်ရောက်လာတဲ့အခါ မောမောနဲ့  အိပ်ပျော်သွားနိုင်တယ် ... ။ အတွေးတွေ နှိပ်စက်ခွင့် မရတော့ဘူး ...။ ( လမ်းလျှောက်ထွက်မယ်ဆိုရင် အနွေးအကျီင်္လေး ဆောင်သွားဖို့ တော့ မမေ့နဲ့ နော် .... )

သူငယ်ချင်းက ပြောတယ်
စိတ်ညစ်ရင် ဖတ်ပစ်တယ်
ကာတွန်းတွေ တဲ့ ...
ငါလဲ မင်းလိုပဲ
ညစ်နေတဲ့ အခါ
အသစ်တွေ လိုက်ရှာလို့ 
ဖတ်ပစ်ချင်လိုက်တာ ...။

စာဖတ်ခြင်းသည် ကောင်းသောအလေ့အကျင့်ဖြစ်လို့  ဒီနည်းနဲ့  စိတ်ညစ်တာသက်သာအောင် လုပ်တာလဲ ကောင်းတာပဲ.....။ စိတ်ပြေလက်ပျောက် ကာတွန်းဖတ်ပြီး ရယ်မောလိုက်ရတော့ စိတ်ထဲမှာ ပေါ့သွားနိုင်တယ်.... ခက်တာက ကာတွန်းတိုင်းသည် ဟာသမဟုတ်.....ရယ်စရာမကောင်း....။ Online ရရင် Blog တွေလိုက်ဖတ်နေရတာ ပျော်စရာကောင်းတယ်....။ အပြင်မှာ နာမည်ရနေတဲ့ စာရေးဆရာတွေရဲ့ အရေးတွေ.... အတွေးတွေနဲ့ ပတ်သက်လို့  ချက်ချင်းကောက်ချက်ဆွဲ..... ဆွေးနွေးလို့  မဲပေးလို့  မရဘူး.....ရခဲ့ရင်တောင် သူတို့ စာတွေကို
ဝေဖန်သုံးသပ်ဖို့  တော်ရုံလူမ၀ံ့ရဲပါဘူး....။ သူတို့  ဘယ်လိုပြန်ဆွေးနွေးမလဲ ကိုယ်သိဖို့ ခက်တယ်.....။ Blog မှာ ဒီအခွင့်အရေးတွေ အကုန်ရတယ်.....။ ကိုယ်ကြိုက်ရာကိုယ်ရေး..... ထင်သလို ၀င်ဆွေးနွေးသွားလို့ ရတယ်..... အတွေးတွေ ဖလှယ်လို့ ရတယ်....။ Blogger ကျင့်
ဝတ်ဆိုတာကြီး လူတွင်ကျယ် မဖြစ်လာသေးခင်အထိတော့ အတွေးတွေ.... အရေးတွေ လွတ်လပ်နေဦးမှာပဲ.....။ အဲဒီဟာကြီး လူရာမ၀င်ပါစေနဲ့ ဦးလို့  စိတ်ပုတ်စွာ ဆုတောင်းရမှာလား.....။ စိတ်ဝင်စားရင် cbox တွေလိုက်ဖတ်ကြည့်လိုက်ဦး.....။ မမြင်ဖူး.... မတွေ့ ဖူးကြပါပဲ ချစ်ခင်ရင်းနှီးပျော်ရွှင်စွာ နောက်ပြောင်နှုတ်ဆက်နေကြတဲ့ မောင်နှမတွေနဲ့  ဆဲဆိုရန်စ အငြင်းပွားနေကြတဲ့ လူတစ်စုကိုလဲ တွေ့ ရမယ်.....။ ကိုယ်က ပွဲကြည့်ပရိတ်သတ်......၊ လိုက်ဖတ်ပြီး.....ထိုင်ရယ်နေရုံပဲ.....။

သူငယ်ချင်းက ပြောတယ်
စိတ်ဓါတ်တွေ အောက်ပြုတ်ကျတဲ့အခါ
သီချင်းတွေဖွင့်
music တွေနဲ့ နေကြည့်လိုက်တယ်တဲ့.....
ငါလဲမင်းလိုပဲ
သံစဉ်တွေနဲ့  စာသားတွေထဲ
စီးမျောပျော်ဝင်....
အော်ဟစ်ပေါက်ကွဲ ချင်လိုက်တာ....။

စိတ်ညစ်တဲ့အခါ သီချင်းတွေ နားထောင်မလား..... ဆိုမလား....ကြိုက်တာသာလုပ်.....။ သီချင်းဆိုတာ အပေါက်တစ်ပေါက်ပဲ.... ၀င်ပေါက်ဖြစ်ချင်ဖြစ်မယ်..... ထွက်ပေါက်ဖြစ်ချင်ဖြစ်မယ်.....။ သီချင်းတွေထဲမှာ ကိုယ်နဲ့ တိုက်ဆိုင်တဲ့ ကိုယ်ပြောချင်တဲ့ စာသားတွေ အများကြီးရှိနေနိုင်တယ်.....။ ကိုယ့်စိတ်နဲ့  ထိတဲ့သီချင်းတွေ လိုက်အော်လိုက်ရတာ သိပ်အရသာရှိတယ်.....။ နားထောင်ပါ..... ဆိုပါ..... စိတ်နဲ့  ရင်ဘတ်ကို အကျယ်ကြီးဖွင့်ထားလိုက်ပါ.....။ song source ကိုတော့တိုးတိုးဖွင့်နော်.... ဘေးလူတွေ အနှောင့်အယှက်ဖြစ်ကုန်မယ်....။

သူငယ်ချင်းကပြောတယ်
မင်းစိတ်ညစ်ရင်
စိတ်ဓါတ်ကျရင်
မင်းဘယ်လိုရှင်း သလဲ....
ပို့ စ်တစ်ပုဒ်ရေးလို့ 
ငါ့ကိုတွေးပြစမ်းပါ တဲ့....။

“လေးမ” စိတ်ညစ်ရင်လား......အင်း..... သန့် ရှင်းရေးလုပ်လိုက်တယ်.....။ အခန်းထဲမှာ ပွနေတာတွေ ရှင်းတယ်..... ဖုန်သုတ်တယ်.... ကြမ်းတိုက်တယ်..... ရေချိုးခန်းဆေးတယ်..... အားသွန်ခွန်စိုက် အသားကုန်ရှင်းလိုက်တယ်.....။ သိပ်ငိုချင်လာရင် အ၀တ်တွေ တပုံကြီးလျှော်ရင်း ငိုချလိုက်တယ်.....။ ရေချိုးခန်းကြွေပြားတွေ ပြောင်လက်နေအောင်..... လက်တွေပွန်းအောင် တိုက်ရင်း သီချင်းတွေအော်ဆိုလိုက်တယ်.....။ အ၀တ်ဗီရိုရှင်းရင်း ညစ်နေတာတွေ ရှင်းထုတ်လိုက်တယ်.... သနပ်ခါးကျောက်ပြင်ကို သနပ်ခါးစတွေ ပြောင်စင်သွားအောင်တိုက်ချွတ်တယ်.....။ ခေါင်းဖီးတွေဆေး.... ခေါင်းစည်းတွေလျှော်..... လုပ်စရာတွေ ကုန်လို့ မှ စိတ်မပြေသေးရင် ခေါင်းလျှော်ရေချိုးပြီး စာအုပ်တစ်အုပ်နဲ့  အိပ်ရာပေါ်တက်.... စောင်ခြုံပြီး အိပ်နေလိုက်တယ်.....။

သူငယ်ချင်းရေ
ငါပြောမယ် နားထောင်နော်....
နောက်ဆိုရင်လေ....
မင်းစိတ်ညစ်ရင်
စိတ်ဓါတ်ကျရင်
စိတ်လေလာရင်...
ကဗျာတွေရေး...
စာတွေရေးလို့ 
ခံစားချက်တွေ သွန်မှောက်
သောကတွေ
ထွက်ပေါက်ပေးလိုက်စမ်းပါ...။

စိတ်ညစ်ရင် ကဗျာရေး.... စာရေး.... အတွေးတွေ မျှဝေပေးလို့ ရတယ်.....။ အရေးတွေ ကောင်းစရာမလိုဘူး.... အတွေးတွေလှစရာမလိုဘူး..... အေးအေးဆေးဆေး ဒိုင်ယာရီရေးသလို ရေးချင်တာတွေသာရေး.... ဘာမှတွေးမနေနဲ့ .... စိတ်ရှိသလိုသာရေး..... မကျေနပ်လို့  အော်သွားတဲ့သူရှိရင်လဲ ငြိမ်ခံနေလိုက်.......။ မငြိမ်ချင်ရင် ပြန်အော်လိုက်....။ blog မှာ ပျော်စရာကြီး..... သိလား..... Blog မရှိသေးရင် လုပ်လိုက်တော့....သူငယ်ချင်း ....။ ။

8 comments:

naing said...

အားပေးတယ်လာ့ ...

သန့်ဇော်မင်း said...

မိုက်တယ်ကွာ.. မမလေးလေးမရဲ့စာတွေ.. အရေးအသားတွေ ပိုပိုပြီး ကောင်းလာပြီ..

ဒါနဲ့စကားမစပ်.. ကျွန်တော်သာ မမလေးရဲ့ အိမ်က မောင်လေး အစစ်ဖြစ်ရင်.. နေတိုင်း မမလေးကို စိတ်ညစ်အောင်လုပ်မယ်။ ဒါမှ တအိမ်လုံး အမြဲရှင်းလင်းနေမှာ.. :P
အ၀တ်တွေလည်း လျှော်စရာမလိုတော့ ဘူး.. ဟားဟား.. ပိုင်သကွာ...

tzm

Anonymous said...

သန့်ဇော်မင်းပြောသလို လေးမစိတ်ညစ်တဲ့အခါ တို့အိမ်ကို အလည်ဖိတ်ချင်တယ် အဟီးး နောက်တာပါ ။

တို့ကတော့ စိတ်ညစ်ရင် အမျိုးမျိုးလုပ်တယ်.. အချိန်ကြာကြာ mp3 နဲ့ လမ်းဆုံးမရှိတဲ့ လမ်းတွေပေါ် ပြေးလေ့ရှိတယ်.. အခန်းထဲအောင်းပြီး စာအုပ် (သို့) ဘလောဂ့် (သို့) ဖတ်စရာတခုခု ဖတ်လေ့ရှိတယ်.. သူငယ်ချင်းတွေနဲ့ pub ထိုင်တယ်.. ၀ိုင်နီကိုစွဲ၂မက်၂ သောက်တယ် .. ညတွေမှာ မအိပ်ဘဲ အမှောင်ထုကြီးကို ထိုင်ငှေးပြီး တယောက်တည်း မျက်ရည်ကျတတ်တယ် ။

Anonymous said...

လေးမ အ၀တ်တွေ တပုံကြီးလျှော်ရင်း ငိုချလိုက်တယ်ဆိုတော့ အ၀တ်ပုံကြီးလျှော်ရလို့နဲ့ တူတယ်။ :P
ဖြစ်ချင်တာ မဖြစ်ရတဲ့ လောကကြီးမှာ လူဖြစ်လာကြတော့ လဲဒီလိုပဲပေါ့ဗျာ။ စိတ်ညစ် ရင် အ၀တ်တွေလဲ
လျှော် ဘလော့မှာလဲရေးပါ။ အမြဲအားပေးနေပါတယ်။

hnin said...

ဟားဟား မမလေး အပြောတွေကြောင့် သိုးလေးလည်း ဘလော့ကြီးမှာ တော်တော်ပျော်မွေ့နေတာ။
စိတ်ညစ်ရင် ကဗျာရေး.... စာရေး.... အတွေးတွေ မျှဝေပေးလို့ ရတယ်.....။ အရေးတွေ ကောင်းစရာမလိုဘူး.... အတွေးတွေလှစရာမလိုဘူး..... အေးအေးဆေးဆေး ဒိုင်ယာရီရေးသလို ရေးချင်တာတွေသာရေး.... ဘာမှတွေးမနေနဲ့ .... စိတ်ရှိသလိုသာရေး..... မကျေနပ်လို့  အော်သွားတဲ့သူရှိရင်လဲ ငြိမ်ခံနေလိုက်.......။ မငြိမ်ချင်ရင် ပြန်အော်လိုက်....။
ဒွတ်ဒယ် ဒွတ်ဒယ်...

Anonymous said...

“စိတ်ညစ်ရင် လမ်းလျှောက်ထွက်လိုက်ရတာ အကောင်းဆုံးပဲ.”
ဒီလို အချိန်ကြီးမှ လမ်းလျှောက်ဖို့ အကြံပေးရလားဗျ ။
“ခက်တာက ကာတွန်းတိုင်းသည် ဟာသမဟုတ်.....ရယ်စရာမကောင်း.”
ဒါတော့ ဟုတ်တယ်။ ရီရခက်တဲ့ ကာတွန်းတွေ ရှိတယ် ။ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းတွေလိုပေါ့။ ဖတ်ပြီး သက်ပြင်းချရတာများလို့ ။
blog ကြော်ငြာက ၀င်လိုက်သေးတယ် ။
“သီချင်းဆိုတာ အပေါက်တစ်ပေါက်ပဲ.... ၀င်ပေါက်ဖြစ်ချင်ဖြစ်မယ်..... ထွက်ပေါက်ဖြစ်ချင်ဖြစ်မယ်..”
ဒီအတွေး သိပ်မိုက်တယ် ။ ဟုတ်တယ် ။ သီချင်းနဲ့ တချို့ စိတ်ဖြေရာတွေကို ထွက်ပေါက်အနေနဲ့ ပဲ တွေးမိဖူးတယ်။ ထွက်ပေါက်ရှိရင် ၀င်ပေါက်လည်း ရှိတယ် ဆိုတာ မတွေးမိဘူး။
ကောင်းပဗျာ ။ တွေးလို့ ။
“စိတ်နဲ့  ရင်ဘတ်ကို အကျယ်ကြီးဖွင့်ထားလိုက်ပါ..”
ဟုတ်ကဲ့ ။ ဘာတွေဝင်လာပြီး ဘာတွေထွက်သွားလဲလို့ စောင့်မကြည့်တော့ဘူး ။ warm,wide,wild ...... လွှတ်ထားပေးလိုက်မယ်။
မိန်းကလေး တချို့က သိပ်ငိုချင်လာရင် ရေချိုးခန်းနဲ့ မကင်းဘူး ။ အဲဒါထူးဆန်းတယ် ။အခန်းကျဉ်းလေးထဲမှာ တံခါးပိတ် ရေဘုံဘိုင်ကို ဖွင့်ပြီး အားရပါးရ ငိုတတ်ကြတာလည်းရှိတယ်။
ပေါ့သွားရောလား ။ အင်း ...... ကြိတ်ငိုစရာရှိရင်တော့ အိပ်ယာဝင်တတ်ကြတယ် ။
“မင်းစိတ်ညစ်ရင်
စိတ်ဓါတ်ကျရင်
စိတ်လေလာရင်...
ကဗျာတွေရေး...
စာတွေရေးလို့ 
ခံစားချက်တွေ သွန်မှောက်
သောကတွေ
ထွက်ပေါက်ပေးလိုက်စမ်းပါ...။”
ကျေးဇူး အထူး
blog ကလည်း ထွက်ပေါက် တစ်ခု ၊ တံခါးတစ်ချပ်ပဲလား ။ ၀င်ပြီးရင် ပြန်မထွက်နိုင်မှာစိုးလို့ မလုပ်တော့ဘူး ။ သူများတွေကိုပဲ လိုက်ဖတ်နေတော့မယ် ။ :P

Zaw Htet said...

အမရေ....
နော်တစ်ခါစိတ်ညစ်ရင်အကြေင်းကြားနော်....
အိမ်ကိုလည်လည်ခေါ်မလို့ပါ။
ဟဲဟဲ

Layma said...

naing ….. အားပေးတယ်ဝေ့…..။

tzm , မဂျစ်တူး နဲ့  sparrow ….သိနေတယ်လေ..သိနေတယ်…ဒီလို ဖွင့်ချလိုက်ရင် လေးမ ကို ဒီလိုပဲ စိတ်ညစ်အောင်လုပ်ပြီး ခိုင်းစားချင်ကြမယ်ဆိုသိပါတယ်… ဒီအခြေကိုမြင်လို့ လေးမတို့ က တကွက်ချန်ထားပြီးသား….။ ကဲ ချန်ထားတဲ့ အကွက်လေးကို အိမ်ဆောက်လိုက်မယ်…( အဲ …ယောင်လို့) ပြောပြလိုက်မယ်…ဟောဒီမှာကြည့်…
“ လေးမ စိတ်ညစ်ရင် တအိမ်လုံးမှာရှိတဲ့ အကောင်းဆုံးမုန့် တွေကို ဘယ်သူ့ ကိုမှ မကျွေးဘဲ တစ်ယောက်ထဲ အကုန်စားပစ်တတ်တယ်… ဟဲ…ဟဲ…ဟဲ…” ….။

ကိုဘုရင့်နောင် …. ဟုတ်ပါတယ်… အမှန်တော့ …လျှော်စရာတွေများလို့  ငိုချင်နေတာ ….အားပေးမှုကိုကျေးဇူးတင်လျက် ( ဟီး…မင်းသမီးတွေလိုပြောကြည့်တာ ) ။

နှင်းနှင်း…..ဒွတ်လား…တိုးလေး.ကဒွတ်တယ်ဆို… ဒို့ ကလဲ ဒွတ်ပြီးသား…။

ဂျယ်ရီ…..အချွန်နဲ့ မပင့်နဲ့ နော်..တို့ များကရိုး၂ရေးတာ ….။ မိန်းကလေးတွေမှမဟုတ်ပါဘူး…. သားလဲ ငိုချင်ရင် ရေချိုးခန်းထဲမှာငိုလို့ ရပါတယ် ကွယ်….။ ၀င်ပြီး ပြန်မထွက်နိုင်မှာစိုးတယ်ဆိုတော့ ၀င်တုန်းက ပိန်၂လေး….ပြန်ထွက်တော့ ဘုတ်အိ ဖြစ်နေရင်တော့ အပေါက်ဘယ်ဆံ့ပါ့မလဲကွယ်….။