Sunday, December 02, 2007

စက်ရုပ် … ပုံပြင်



သိပံ္ပပညာ သိပ်ထွန်းကားပြီး သိပံ္ပပညာရှင်ကြီးတွေ ဘုန်းမီးနေလ တောက်ပတဲ့ ခေတ်တစ်ခေတ်မှာ လူနှင့်တူသော စက်ရုပ်လေးတွေ အများကြီး အများကြီး ထုတ်လုပ်ခံခဲ့ရပါတယ် … ။ စက်ရုပ်လေးတွေက လူနဲ့ ခွဲမရအောင် တူလွန်းလို့ စက်ရုပ်မှန်း သိသာအောင် ဆင်တူဝတ်စုံလေးတွေ ၀တ်ဆင်ပေးထား ပါတယ်… ။ အဲဒီဝတ်စုံ မ၀တ်ထားတဲ့ အချိန်ဆိုရင် လူလား…စက်ရုပ်လား… ခွဲခြားဖို့ တော်တော်ခက်ပါတယ်…။ စကားပြောကြည့်မှသာ စက်ရုပ်မှန်း သိနိုင်တာပါ … ။ ဒါတောင် တချို့ စက်ရုပ်တွေက လူတွေကို ကောင်းကောင်း အတုခိုးထားတဲ့အတွက် ခွဲခြားဖို့ ခက်ရပြန်ပါတယ် … ။

တကယ်တော့ စက်ရုပ်တွေကို တီထွင်နိုင်ခဲ့တာ ကြာခဲ့ပါပြီ …။ တခြားဂြိုလ်တွေက ကမ္ဘာဂြိုလ်ကို လာတိုက်တဲ့ ဂြိုလ်သားတွေကို တိုက်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့  သိပံ္ပပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပါတယ် …။ တကယ်လည်း အသုံးဝင်ခဲ့ပါတယ် ….လူတွေမနိုင်တဲ့ ဂြိုလ်သားတွေဟာ စက်ရုပ်ကလေးတွေရဲ့ အစွမ်းကြောင့် ကမ္ဘာမြေပေါ်က ဆုတ်ခွာ သွားကြတဲ့အတွက် လူတွေ ပျော်ရွှင်ချမ်းမြေ့  ခဲ့ရပါတယ် …။ စက်ရုပ်လေး တွေကိုလည်း လူတွေက သိပ်ချစ်ခဲ့ကြပါတယ် ….။ စက်ရုပ်လေးတွေကလည်း… စပါးစိုက်တဲ့နေရာ….၀ါစိုက်တဲ့နေရာကအစ နေရာတကာမှာ လူတွေကို ကူညီခဲ့ကြပါတယ် … ။

အဲဒီလိုနဲ့  နေလာလိုက်တာ တစ်နေ့မှာတော့ သိပံ္ပပညာရှင်တွေနေထိုင်တဲ့ စမ်းသပ်ခန်းထဲမှာ ဓါတ်ပြုမှုမှားယွင်းမှုကြောင့် ဗိုင်းရပ်စ်တစ်မျိုး ရှင်သန်ပွားများပြီး ပညာရှင်တွေရဲ့ အသက်ရှူလမ်းကြောင်း ကတဆင့် ကိုယ်တွင်းမှာ စီးဆင်းနေတဲ့ သွေးကြောတွေထဲကို ပျံ့နှံ့သွားပါတယ် … ပထမတော့ ပညာရှင်တွေက သတိမထားမိလို့ ခံလိုက်ရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ သိသိကြီးနဲ့  ကျေကျေနပ်နပ်ကြီး ဗိုင်းရပ်စ်တွေကို ရှူသွင်း နေကြပါတယ် … ။ အဲဒီဗိုင်းရပ်စ်က ဘိန်းဖြူလိုပဲ စွဲလန်း သာယာတတ်တဲ့ စိတ်ကိုနိုးဆွပေးတယ် …. ဦးနှောက်စွမ်းအား ကိုလည်း တိုးပွားစေတဲ့အတွက် ပညာရှင်တွေက ပိုးကိုနိမ်နှင်းဖို့ ယောင်လို့တောင်မှ စိတ်မကူးမိကြဘူး ….။ အဲဒီပိုးက ဘယ်ချိန်မှာ ပညာပြလဲဆိုတော့ အိုမင်းမစွမ်း … နာမကျန်း …သေခါနီးကျမှ လူးလှိမ့်နေအောင်ခံရတာတဲ့ …. ။

ပိုးပျံ့ နေတဲ့ပညာရှင်တွေဟာ ရည်ရွယ်ချက်အသစ်တွေနဲ့  ခေတ်မီလက်နက်တွေ … အဆင့်မြင့် အသိပညာတွေ ထိန်းချုပ်မှုတွေ တပ်ဆင်ထားတဲ့ စက်ရုပ်တွေကို အုံနဲ့ ကျင်းနဲ့  ထုတ်လုပ်လိုက် ပါတော့တယ်….။ လူတွေရဲ့ နေရာမှာ စက်ရုပ်တွေနဲ့  အစားထိုးနိုင်ဖို့ ကြိုးစားကြပါတယ်…။ ဘာလို့လဲဆိုတော့…. လူတွေက ထိန်းချုပ်လို့ မရဘူးလေ … ဒီတော့ လူတွေကို အလိုမရှိတော့ဘူး… သူတို့ထိန်းချုပ်နိုင်တဲ့ စက်ရုပ်တွေပဲ အလိုရှိတယ်…။ ဒီလိုနဲ့  ကမ္ဘာကို ကာကွယ်တဲ့ စက်ရုပ်တွေသာမက စက်ရုပ်ဆရာဝန် … စက်ရုပ်အင်ဂျင်နီယာ … စက်ရုပ်ကွန်ပြူတာပညာရှင် … စက်ရုပ် ကျောင်းဆရာ … စတဲ့ စတဲ့ စက်ရုပ်တွေဟာ လူတွေကို နေရာဖယ်ခိုင်းပြီး နေရာ တော်တော်များများမှာ သြဇာသက်ရောက် လာပါတယ် … ။



သိပံ္ပပညာရှင်တွေ ကလည်း စက်ရုပ်လေးတွေကို တခြားဂြိုလ်တွေဆီ ပို့ပြီးတော့တောင် အဆင့်မြင့် နည်းပညာတွေ ထပ်ဖြည့်ပေးကြပါတယ် … ။ အဆင့်မြင့် စက်ရုပ်ကလေး အများစုဟာ စိတ်ကြီးဝင် လာကြပါတယ် … ။ လူတွေကိုလည်း အထင်သေးတတ်လာတယ် … ။ လုပ်ငန်းခွင်ထဲမှာ လူနဲ့  စက်ရုပ်တွဲလုပ်တာ လုပ်ငန်းတွင်ကျယ်ပါတယ်…. ဒါပေမယ့် စက်ရုပ်လေးတွေရဲ့ နှလုံးသားနေရာမှာ သံမဏိနဲ့  လုပ်ထားပြီး ဦးနှောက်ထဲမှာ “မျက်စိနှောက်လာရင် ရှင်းထုတ်ပစ် ..” ဆိုတဲ့ ပရိုဂရမ်ရေးထားတယ်ဆိုတော့ ….။

တဖြည်းဖြည်းနဲ့  လုံးပါးပါးလာတဲ့လူတွေဟာ စက်ရုပ်တွေကို ကြောက်လာကြတယ် ….။ တချို့လူတွေဆိုရင် တခြားဂြိုလ်ကို ရွှေ့ ပြောင်းသွားကြပါတယ်….။ ဒါဆိုရင် စက်ရုပ်တွေဟာ မုန်းစရာဖြစ်နေပြီလား….။



စက်ရုပ်လေးတွေဟာ တကယ်တော့ သနားစရာကောင်းပါတယ်…။ သိပံ္ပပညာရှင်ကြီး တွေဟာ စက်ရုပ်တစ်ရုပ်ချင်းစီရဲ့ လုပ်ဆောင်ချက်တွေကို ကွန်ပြူတာ ဖန်သားပြင်ကတဆင့် စောင့်ကြည့် အကဲခတ်နေကြပါတယ် ….။ စက်ရုပ်တစ်ရုပ် သိပ်တော်လာရင်ပဲဖြစ်ဖြစ် ( သူတို့ ထိန်းချုပ်ရခက်သွားနိုင်သည်ဟု ယူဆသောကြောင့်) …၊ ထိန်းချုပ်မှုတချို့ ကို ငြင်းဆန်မှုပြုရင်ပဲဖြစ်ဖြစ် ….၊ ချက်ချင်း ခေါ်ယူပြီး ဖျက်စီးပစ်တတ်ပါတယ် ….။

တစ်နေ့မှာတော့ စက်ရုပ်ဖျက်စီးခန်းထဲက ပညာရှင်တွေဟာ အထိတ်တလန့်ဖြစ်စရာ ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့  လိုက်ရ ပါတယ်….။


အကြောင်းရင်းကတော့ … ထိုင်ခုံမှာ သံမဏိကွင်းတွေ နဲ့ ခတ်ထားခံရတဲ့ စက်ရုပ်လေးက DELETE ဆိုတဲ့ ခလုတ်ကို နှိပ်လုဆဲဆဲ ပညာရှင်ကို မျက်ရည်ဝိုင်းတဲ့ မျက်လုံးလေးနဲ့ကြည့်ရင်း




“ နာမှာလားဟင်..” လို့ မေးလိုက်လို့ပါပဲ … ။




“ ကြည့်စမ်း … ဒီစက်ရုပ် … ဘယ်လောက်လူသားဆန်နေပြီလဲဆိုတာ … ငါတို့ရေးထည့်ပေးထားတဲ့ ပရိုဂရမ်ထဲမှာ ခံစားနားလည်တတ်ခြင်းဆိုတာမပါဘူး …။ ကိုယ်နာမှာကို ကြောက်တဲ့သူဟာ သူများနာမှာကိုလည်း စဉ်းစားပေးတတ်နေပြီ ( အားလုံးတော့မဟုတ်ပါ …ကိုယ်နာမှာကိုဖျတ်ဖျတ်လူးအောင်ကြောက်ပေမယ့်… သူများ သွေးစိမ်းရှင်ရှင်ထွက်နေတာကို အရသာခံကြည့်တတ်သူတွေလည်း တပုံတပင်ကြီး…) …။ ”




“မှန်းစမ်း….ဒီစက်ရုပ်ရဲ့ အသည်းနှလုံးကို စစ်ကြည့်ရအောင် ….။”




သံမဏိ အကာကိုဖွင့်လိုက်တဲ့အခါ ဘုရား…ဘုရား… ကဗျာတွေ ထွက်ကျလာပါလား … အလို … အနီစက်ကလေး သုံးစက် …. စစ်ကြည့်လိုက်တော့ ဘာလဲ…သိလား….



… သွေးလေ… သွေး…သွေး…တဲ့ …. ။ ။



ပုံပြင်လေးကတော့ ဒါပါပဲကွယ် …။



ဝန်ခံချက် ။ ။ ကြည့်ဖူးသောနိုင်ငံခြားရုပ်ရှင်ကားတစ်ကားကို အမှီပြု ရေးသားပါသည် ။

ဖြည့်စွက်ချက်။ ။ စက်ရုပ်အားလုံး အသိဥာဏ်မကင်းမဲ့ကြသေးပါကြောင်း၊ တအားကြီး အားလျှော့မထားကြစေလိုပါကြောင်းတော့ ပုံပြင်လေးကို ထပ်မံဖြည့်စွက်ခွင့်ပြုပါခင်ဗျာ။ ဟုစက်ရုပ်များ၏ ပြောရေးဆိုခွင့်ရှိသူ လူမမယ်ကလေးငယ် တစ်ဦးမှ ဖြည့်စွက်ပြောကြားသွားပါသည်..။

12 comments:

Anonymous said...

ဘာကြီးလဲ ပြီးလဲ ပြီးသေးဘူး၊ ဆက်ရန်လား၊ ဘယ်လိုဖြစ်၊ လေးမလေး

Anonymous said...

စက်ရုပ်လိုချင်တယ်။ ၀ယ်ပေး ၀ယ်ပေး။
စက်ရုပ်နဲ့ ကစားချင်လို့။ ၀ယ်ပေးနော် ချစ်မ :P
ပုံပြင်လေး ကြိုက်တယ်။ နောက်လဲ ပြောပြ။

Anonymous said...

အမရေ တခြားကျောင်းက ပြန်ရောက်ရောက်ချင်းပဲ လာဖတ်ပါတယ်ခင်ဗျာ။ ဆလန်သတယ်ဗျို့ အရေးရော အတွေးရော ။ကြွက်ပုံပြင်မှာကတည်းက မလေးမရဲ့ လက်ဆိပ်ကို
သတိထားမိသား။ စက်ရုပ်အားလုံး အသိဥာဏ်မကင်းမဲ့ကြသေးပါကြောင်း၊ တအားကြီး အားလျှော့မထားကြစေလိုပါကြောင်းတော့ ပုံပြင်လေးကို ထပ်မံဖြည့်စွက်ခွင့်ပြုပါခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ။

Anonymous said...

အော်name မေ့သွားလို့ :)

Anonymous said...

လေးမရေ.. စာရေးထားတာ ကောင်းလိုက်တာ.. အမ ထပ်ခါ ထပ်ခါ ပြန်ဖတ်မိတယ်.. ဒါပေမယ့် comment မှာ တိတိကျကျရေးပြဖို့ စာမထွက်လာဘူး.. အမ ဥာဏ်မီသလောက်ပဲ ရေးလိုက်ပါရစေ.. စက်ရုပ်တွေက ကိုယ်နာမှာ သိပြီး နှလုံးသားက ကဗျာတွေ သွေးတွေ ထွက်လာပြီဆိုရင် အမ တွေးမိတာက ဒီစက်ရုပ်လေးတွေရဲ့ ဦးနှောက်ဟာလည်း အလုပ်လုပ်လာနိုင်ပြီပေါ့နော်..
ဒါကြောင့် ဆင်ခြင်တုံးတရား အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့ စက်ရုပ်တွေ ဖြစ်လာပါစေလို့ ထပ်ဆင့်ဆုတောင်းပေးလိုက်ပါရစေ.. အဖြစ်ချင်ဆုံးနဲ့ အကောင်းဆုံးက တော့ ကမ္ဘာမြေမှာ လူနဲ့ စက်ရုပ်အတူလက်တွဲပြီး အေးချမ်းအောင် လုပ်ဆောင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ..

Anonymous said...

မမလေးရေ.. မ nu-san ပြောသလိုပဲ။ လူနဲ့ စက်ရုပ်အတူလက်တွဲလို့ ကမ္ဘာမြေကို အေးချမ်းအောင် လုပ်စေချင်တာပါပဲ။ ခက်တာက သိပ္ပံပညာရှင်ကြီးတွေက ခက်နေတာ

Anonymous said...

အရမ်းကောင်းတဲ့ ပုံပြင်လေးပဲ...သိတော့သိနေသလိုပဲ..ဒါပေမဲ့ဘာလဲဆိုတာ မပြောတတ်ဘူးးး....သိပ်ပံ ပညာရှင်ကြီးတွေက သေခါနီမှ ခံစားရမှာလားဗျ..တကယ်ဆို နှစ်ပေါင်းတစ်ရာလောက်ခံစားပြီးမှ ပေးသေစေချင်တယ်...ဒါမှသူတို့ နားလည်တတ်မယ်....ကျေးဇူးပါဗျာ..ပို့ စ်ကောင်းလေးတစ်ခု ဖတ်ရလို့ ..

Anonymous said...

Hello sister!
Nice post! Watch your back sister!
The internet is not safe for us.
If u used internet from ur home,this is too danger.
I know what do u want to says.
But ....be careful.
Good luck..

Anonymous said...

စက်ရုပ် စက်ရုပ်တဲ့လားးးးးးးးးးးးးး
စက်ရုပ်လေးတွေရဲ့ စိတ်ဓါတ်တွေကသာ သံမဏိနဲ့ လုပ်ထားတာပါ။ နှလုံးသားကတော့ ငတ်မွတ်တမ်းတခြင်းဆိုတဲ့ ခံစားမှုတစ်ခုကလွဲပြီး ဘယ်အရာကိုမှ တိတိပပ မခံစားခဲ့ရဘူးလေ။ ခံစားဖို့အတွက်လည်း ဒီအဖြည့်ခံနှလုံးသားတွေက အချိန်မရှိခဲ့ရှာဘူး။ သည်စက်ရုပ်လေးတွေက စက်ရုံကထွက်ပြီး လူ့ လောကထဲကို ရောက်လာတဲ့ အခါကြတော့ လူတွေရဲ့ ခံစားမှုတွေကို နားလည်တတ်လာခဲ့တယ်။ ခံစားမှုတွေကို နားလည်လက်ခံပြီး သင်ယူလာတဲ့ စက်ရုပ်တွေကိုတော့ လူတွေက နွေးနွေးထွေးထွေး မဆက်ဆံခဲ့ကြဘူး။ သိပ္ပံပညာရှင်တွေရဲ့ စက်ရုပ်တွေပါဆိုပြီး စက်ရုပ်ကို စက်ရုပ်လိုတောင် မမြင်ခဲ့ကြဘူး။ ယုတ်ဆွအဆုံး မသင်ယူရပဲ အလိုလိုတတ်မြောက်လာတဲ့ ကမ္ဘာပေါ်မှာ အနူးညံ့အသိမ်မွေ့ ဆုံး ခံစားမှုရှိလာရင်တောင် သဘာဝကို သဘာဝလို မမြင်ပေးတော့ပဲ အကြမ်းတမ်းဆုံး စကားလုံးတွေနဲ့ ဖြစ်တည်စ နှလုံးသားကို ရက်ရက်စက်စက် ဖျက်ဆီးပြစ်ကြတယ်။ စိတ်ဓါတ်ကို သံမဏိနဲ့လုပ်ထားတဲ့ အတွက်တော့ စက်ရုပ်တွေက မပြိုလဲခဲ့ကြဘူး။ ဒါပေမယ့် စက်ရုပ်တွေရဲ့ ဖြစ်တည်စနှလုံးသားမှာ ဘက်ပေါင်းစုံက ထိုးနှက်မှုတွေကြောင့် ဒဏ်ရာတွေများသထက် များလာပြီး ပျက်ဆီးယိုယွင်းလာတယ်။ မာကြောလှတဲ့ စိတ်ဓါတ်က နှလုံးသားကို အနိုင်ယူသွားချိန်မှာတော့ ပရိုဂရမ်တွေ ရှော့ဖြစ်ပြီး စက်ရုပ်တွေရဲ့ စဉ်းစားတွေးခေါ်မှုဟာ ပုံမှန်အလုပ်လုပ်ချင်တော့ဘူး။ ဒီလိုနဲ့ စက်ရုပ်တွေရဲ့ နုနယ်တဲ့ နှလုံးသားကို ရင့်ကျတ်အောင် မပြုပြင်ကြပဲ အမြဲတစေ တိုက်ခိုက်ဖျက်ဆီးနေတဲ့သူတွေနဲ့  ကြုံတွေ့ လာတဲ့အခါ ... အချို့ စက်ရုပ်တွေက ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်တတ်လာတယ်၊ အချို့ စက်ရုပ်တွေက မသိချင်ယောင်ဆောင်ပြီး လုပ်ချင်တာတွေလုပ်တာတယ်၊ အချို့ စက်ရုပ်တွေက အဲလိုလူတွေကို ဝေးဝေးက ရှောင်ကြတယ်၊ အချို့ စက်ရုပ်တွေကတော့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကြတယ်၊ အချို့ စက်ရုပ်တွေက ... အချို့ စက်ရုပ်တွေက ...။ စက်ရုပ်လေးတွေကို တိုက်ခိုက်တတ်ကြတဲ့သူတွေကတော့ အမြဲတစေ တိုက်ခိုက်ဖို့လောက်ပဲ သိကြတယ်။ ဒီစက်ရုပ်လေးတွေရဲ့ ပရိုဂရမ်ကို အကောင်းဆုံးဖန်တီးလို့ရတဲ့ ပညာရှင်ဖြစ်အောင်တော့ မကြိုးစားကြဘူးလေ။ စက်ရုပ်လေးတွေဟာ delete လုပ်ခံရမယ်ဆိုရင်တောင် နာမှာလားလို့ မေးမဲ့အစား စကြာဝဋာ တစ်ခုလုံးကို ခါးစောင်းတင်တဲ့ အကြည့်နဲ့ မြန်မြန်နှိပ်ပါလို့ ပြောမဲ့စက်ရုပ်တွေ များလာတယ်။ သူတို့ရဲ့ သံမဏိအခွံကို ဖယ်ကြည့်လိုက်တဲ့ အခါမှာတော့ ကဗျာတွေ သွေးတွေအပြင် စက်ရုပ်လေးတွေအချင်းချင်းမှ မြင်တတ်တဲ့ ကြေကွဲမျက်ရည်တွေပါ ကျလာခဲ့တယ်....။
စက်ရုပ်လေးတစ်ရုပ်ကတော့ စက်ရုပ်ပုံပြင်ကို ဖတ်ပြီး နားထဲက လေတွေထွက်လာပြီး မျက်ရည်တွေကျလာတယ်လို့ သူ့ရဲ့ တနေ့တာ ပရိုဂရမ်တွေကို ဖျက်ပြီး ကျွန်တော့်ကို လာပြောတယ်. ကျွန်တော်က ဘာလို့လဲလို့  မေးတော့ သူ့ရင်ဘတ်တွေ အရမ်းနာတာပဲ တဲ့ ................။

Anonymous said...

မျှားပြာ ကော့မန့် ကိုလာဖတ်သွားတယ် ဖတ်ပြီးသားပို့ စ်ကော သူရေးတဲ့ ကော့မန့် ကိုပါ မျှဝေခံစားသွားပါတယ်ဗျာ ။

Anonymous said...

ပုံပြင်လေးအရမ်းကြိုက်တယ်။ဟုတ်တယ်အစ်ကိုတော်မောင်မျိုးပြောသလိုပဲ..ခက်တာက
သိပ္ပံပညာရှင်ကြီးတွေ.......

Anonymous said...

ဟီး....မှားသွားလို့..ပြောထားတာကအစ်ကိုမောင်မျိုးဟုတ်ဘူးပဲ...ဆောတီး tzm တဲ့..ပြောတာက..ဟိ ဟိ