Sunday, July 15, 2007

စကားစုလေးတစ်ခု

ဂျူး ရေးသော အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးတွေနှင့် အခြားဝတ္ထုတိုများ မှ
မျက်ရည်တစ်စက်မိန်းမ ” ကိုဖတ်ပြီးနောက်…….
အသက် ၃၉-၄၀ အရွယ် OG မမတစ်ဦး၏ အမ်အက်စ်စီ ကျောင်းသား ဆရာဝန် တစ်ဦး အပေါ် မျက်ရည်တစက်ကျရာမှ အကြောင်းပြုပြီး တွယ်တာမိတဲ့ တဖက်သတ် သံယောဇဉ်ကို မျက်ရည်တစက်ဖြင့် အဆုံးသတ်ပေးထားသော ၀တ္ထုတိုလေးဖြစ်သည်……။ တဖက်သတ်ဆိုပေမယ့်လဲ “လေးမ” ကတော့ အကြောင်းရှိလို့  အကျိုးဖြစ်လာခဲ့တာလို့  မြင်တယ်……..။ မိန်းမတွေက ရက်စက်မှု ၊ ဥပေက္ခာပြုမှုတွေကို ရင်ဆိုင်နိုင်ပေမယ့် ဂရုစိုက်ခံရမှု ၊ အလေးထားခံရမှုတွေကို ခံနိုင်ရည်မရှိကြဘူး…..။
“ ရှင်စဉ်းစားကြည့်ပေါ့ ။ ကျွန်မ ဘယ်လောက်အံ့သြတုန်လှုပ်သွားမလဲ ဆိုတာ ။ မျက်နှာချင်းဆိုင်မှာရှိနေသော ခွဲစိတ်ဆရာဝန် တစ်ယောက်၏ နှာခေါင်းစည်းအ၀တ်ထက်က မျက်လုံးတစ်စုံမှာ မျက်ရည်တစ်စက် ဖျတ်ခနဲတွဲခိုသွားတာကို ဘာကြောင့် ရှင်မြင်ရမှာလဲ ။ တကယ်ဆို ရှင့်မျက်လုံးအကြည့်က ခွဲစိတ်သည့် ဆောင်ရွက်မှုပေါ်မှာပဲ တစ်သမတ်တည်း ရှိနေရမှာ မဟုတ်လား ။ ကျွန်မကို လိုအပ်သည့် ကူညီမှုပေးရင်း တစ်ချိန်တည်းမှာ ကျွန်မ၏ မျက်လုံးကို ရှင်သတိထားမိနေခဲ့သည်ဆိုတော့ ကျွန်မအံ့သြမိပါသည် ။”
“…..ဘာပဲ ဖြစ်ဖြစ် အဲဒီညက ကျွန်မ၏ မျက်ရည် တစ်စက်ကို ရှင်သုတ်ဖယ်ပေးလိုက်သည့် အဖြစ်သည် ခွဲစိတ်ခုတင်မှာ အလုပ်လုပ်နေသူ အားလုံးအတွက် ပြောစမှတ်ကျန်ရစ်ခဲ့သည်…..

............
............
“ မမရဲ့ လက်လေးတွေကို ကျွန်တော် သနားလိုက်တာ ”
ဆရာဝန်မက ကျောင်းသားနဲ့ အသက်ချင်းကွာလှတာကြောင့် ကျောင်းသားရဲ့ မေတ္တာကို လုံးဝမျှော်လင့်မထားပါဘူး…..။ လိုမယ်ထင်တာလေးတွေ ပေးဆပ်ရင်း ပီတိဖြစ်နေ ခဲ့ပုံရပါတယ်……။
“အဲဒီစကားက ငါတီထွင်ခဲ့တဲ့စကားမဟုတ်ဘူးဟ ၊ ဘုန်းသက်နိုင်တို့  စကားဝိုင်းကနေ ကြားခဲ့ရတဲ့ စကားလုံး ၊ နင်က သူ့ အပေါ် ကြောင်နေတယ်တဲ့ ”
“ ခွဲစိတ်ခန်းမှာရော ၊ အပြင်မှာရော နင်က ဘုန်းသက်နိုင် အတွက်ဆို ဘာမဆိုလိုက်လျောတယ်ဆို ၊ နင်က ဘုန်းသက်နိုင်ကို ကျနေတာတဲ့ ”
“ ဘုန်းသက်နိုင်က ဘာပြန်ပြောလဲ”

“………တော်စမ်းပါကွာ ၊ ငါ့မှာ အိုတီထဲမှာ စိတ်ကျဉ်းကျပ်ရတာက တစ်မျိုး ၊ အပြင်ရောက်တဲ့အခိုက်တော့ လွတ်လွတ်လပ်လပ်လေးနေပါရစေ……တဲ့ ”
ဇာတ်လမ်းက ကျောင်းသားမှာ ရည်းစားရှိနေတယ်ဆိုရင် ဖြေသာသေးတယ်…..။ အခုတော့…...။
ကျွန်မ ရှင့်အပေါ် ထားခဲ့မိသည့် ပေးဆပ်မှုသက်သက် ချစ်ခြင်းမေတ္တာတွေကို ကြောင်သည် ဆိုသည့် စကားဖြင့် ပေါ့သွမ်းစေခဲ့ရတဲ့ အတွက် ကျွန်မ အလွန် ၀မ်းနည်းမိတာတော့ အမှန်ပါပဲ ။

မိန်းမတစ်ယောက် ( ဆရာဝန်မ မှမဟုတ်ပါဘူး….)ရဲ့ အရှက်နဲ့  ဂုဏ်သိက္ခာကို စကားစု တချို့ နဲ့  ဖြတ်ရိုက်ပစ်လိုက်တယ်…….။ တချို့  စကားတွေ ၊ အသုံးအနှုန်းတွေ က တဖက်သားကို နစ်နာပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့  တမင်တကာပြောတာ မဟုတ်ပေမယ့် တခါတလေမှာ မျှော်လင့်မထားတဲ့ ထိခိုက်မှုတွေ ဖြစ်စေတတ်ပါတယ်……။ “လေးမ” တွေးမိတဲ့ နောက်တချက်က “နံရံတွေမှာ နားတွေရှိနေပါလား” ဆိုတဲ့ တချက်…..။ ဘယ်စကားကိုမှ လက်လွတ်စပယ်မပြောမိဖို့  ကြိုးစားရဦးမယ်……။ မိန်းကလေးအုပ်စုရဲ့ စကားဝိုင်းထဲမှာ “ ဟိုကောင်…နင့်ကိုကြောင်နေတယ်” ဆိုတဲ့ စကားကသိပ်ပြသနာ မရှိပေမယ့် ယောက်ျားလေးအုပ်စုကြားမှာ ဒီစကားကြား ရတဲ့အခါမှာတော့ မိန်းမတယောက်အနေနဲ့  (ဟုတ်သည်ဖြစ်စေ……မဟုတ်သည်ဖြစ်စေ) တော်တော်သိက္ခာကျ ပါတယ်……..။ စိတ်နာစရာလဲ ကောင်းပါတယ်…..( လေးမရဲ့ အမြင်ပါ) ။ ၂၁ ရာစုနှစ်ကို ရောက်နေပေမယ့် တချို့ နေရာတွေမှာ ယောက်ျားတွေကို မိန်းမတွေ ရင်ဘောင်တန်းလို့  မရနိုင်ပါဘူး……..။ ဥပမာ ဒီလို စကားမျိုး အပြောခံခဲ့ရရင် ဘာမှ မခံစားရပဲ နေလို့ မရနိုင်ဘူး ထင်ပါတယ်…….။ ။

4 comments:

ပေါက်ပေါက်ဆုပ် said...

မလေးရေးတဲ့စာလေးတွေဖတ်ရတာ အရမ်း အဓိပ္ပာယ် ရှိတာပဲ ... ဟုတ်တယ် ... မလေးပြောတာမှန်တယ်

Layma said...

ပေါက်ပေါက်…..ကျေးဇူးတင်တယ်….ထောက်ခံတဲ့သူရှိတော့ အားရှိသွားပြီ….

Anonymous said...

လေးမရေ.. ဟိုဘက်က အဆောက်အဦးလှ၂လေးတွေ ကြိုက်တယ်..

နောက် ကျမအကြိုက်ဆုံး စာရေးဆရာမ ဂျူးရဲ့ ၀တ္ထုတိုကိုကြိုက်တယ် ။

လေးမ ကောက်နုတ်ထားတဲ့ စာကြောင်းတွေက အထိဆုံးပဲ ။

Layma said...

မဂျစ်…..ကျေးဇူးပါ…ဂျူးကြိုက်တယ်ဆိုတော့ လေးမ နဲ့  ရင်ဘတ်ချင်းတူတယ်….