Tuesday, July 17, 2007

အာဇာနည်ဗိမာန်


Source: from yanaung.blogspot.com and google search

( အာဇာနည်ဗိမာန်အား ကျွမ်းကျင်ပညာရှင် ရှုထောင့်မှ မဟုတ်ဘဲ သာမာန်ပြည်သူတစ်ဦး အနေဖြင့် ဗိသုကာရှုထောင့်မှ ရှုမြင်ကြည့်ပါသည်……။ )
ရွှေတိဂုံဘုရားရဲ့ ခြေရင်း မြောက်ဘက်မုခ်အနီးမှာ ရှိတဲ့ အာဇာနည်ဗိမာန်ကို “လေးမ” ဘုရားတက်တိုင်း ကားပေါ်ကနေ မြင်သလောက် လှမ်းကြည့်မိနေကျပါ……။ ပြီးတော့ တခုခုကို တွေ့ ရနိုးနဲ့  ရှာမိတတ်တယ်……။ ဘာကိုရှာမိမှန်းလဲ မသိ…….။ ကားဖြတ်သွားတုန်း ကြည့်ရတာဆိုတော့ ကြည့်ရတာလဲ အားမရဘူး……။ ဒီအသက် ဒီအရွယ်အထိ ဗိမာန်ရှိတဲ့နေရာကို တခါမှ မရောက်ဖူးသေးဘူး…….။ တနေ့ တော့ သွားဖြစ်အောင် သွားဦးမည်…….။ အာဇာနည်တွေ အေးချမ်းပါစေ……ငြိမ်းချမ်းပါစေတော့လို့  ဘုရားရိပ်နဲ့  အနီးဆုံးမှာ နေရာပေးခဲ့လေသလား…….။ ရွှေတိဂုံဘုရား ၊ တော်လှန်ရေးပန်းခြံ ၊ သွေးဆေးကန် ၊ လွှတ်တော် ၊ ရင်ပြင် ၊ အာဇာနည်ဗိမာန် စတဲ့ နိုင်ငံရဲ့ အရေးပါတဲ့ အထင်အရ အဆောက်အအုံတွေကို တဆက်တစပ်တည်း တစုတဝေးတည်း ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်လဲ ပါမှာပါ……။ ဗိမာန်ကိုတည်ဆောက်ထားတဲ့ မြေနေရာကို ကြည့်မိပြန်တော့ မြေညီမဟုတ်……ကုန်းမြင့်ကလေး……ထို့ ကြောင့် တချို့ က အာဇာနည်ကုန်း ဟုလဲ ခေါ်ခဲ့ကြတယ်……..။ ရှေးမြန်မာတွေက တောင်ကုန်းပေါ်မှာ ဘုရားတည်ကြတယ်…….ဂရိ တွေက ကုန်းမြင့်ပေါ်မှာ temple ဆောက်တယ်…...ကုန်းမြင့် မရှိရင် ခုံမြင့် ကြီးပေါ်မှာ ဘုရားကျောင်းတွေ ဆောက်ခဲ့ကြတယ်……။ ရည်ရွယ်ချက်က ကုန်းမြင့်ပေါ်က အဆောက်အဦးပေါ်ကို လွယ်လင့်တကူ မရောက်ဘဲ လှေကားတွေနဲ့  တက်လာစေချင်တာ…….လှေကားတထစ်တက်တိုင်း လေးနက်တဲ့ခံစားချက်တွေ ၊ ဦးညွတ်မှုတွေ ၊ ၀ပ်တွားမှုတွေ ၀င်လာစေချင်တာ……..။ ဗိမာန်ပေါ်ရောက်ဖို့  ဓါတ်လှေကား မရှိဘူး…….ကျယ်ပြန့် တဲ့ လှေကားထစ်တွေကို တထစ်ချင်းတက်လာရတယ်…….။ တက်လာရင်းနဲ့  ဗိမာန်ကို လှမ်းမြင်နေရတယ်…….မြင်နေရင်းနဲ့  လေးစားမှု ၊ ဦးညွတ်မှု ၊ နှမြောတသဖြစ်မှု စတဲ့ ခံစားချက်တွေက ရင်ထဲမှာ တခုပြီးတခု နေရာယူလာနိုင်တယ်……..။ အ၀င်ဝ မုခ်ဦးတွေကလဲ ဦးညွတ်နေတဲ့ပုံစံ အတွင်းကိုကွေးထားတော့ ၀င်လာကတည်းက ဦးညွတ်ပြီးသား……။ ဗိမာန်က ရဲရင့်မှုကို ကိုယ်စားပြုတဲ့ အင်္နီရောင်……..။ အနီရောင် block က ၉ခု….. ထူးထူးခြားခြား block တစ်ခုမှာ ကြယ်ဖြူတစ်ခုရှိနေတယ်…… ။ နိုင်ငံလွတ်လပ်ရေးအတွက် လမ်းပြကြယ်လို့ များ ညွှန်းဆိုချင်သလား……..။ ပြည်သူတို့ ၏ ရင်ထဲတွင် အမြဲလင်းလက်တောက်ပနေမည့် ကြယ်စင် လို့ များပြောချင်တာလား………။ ငယ်စဉ်ကတော့ ဗိုလ်ချုပ်ရဲ့ အရိုးအိုးရှိတဲ့ နေရာလို့  သူများပြောတာကြားဖူးတယ်………။ ဗိသုကာ ဘာသာစကားနဲ့  ပြောရရင်တော့ ကြယ်ရှိနေတဲ့ နေရာဟာ တခြားနေရာတွေထက် ပိုထူးခြားသွားတဲ့ အတွက် ဒီဇိုင်းကို unity ရှိစေတယ်……..။ ဗိမာန်ရဲ့ Form က vertical နဲ့  horizontal effect ကိုညီညွတ်အောင် ပေါင်းစပ်ထားတယ်…..။ ငြိမ်သက်လဲလျောင်းသွားပြီ ဖြစ်ပေမယ့် ရှင်သန်နေတုန်းပဲ ဆိုတဲ့ အဓိပါယ်များလား……။ တကယ်လဲ ရှင်သန်နေခဲ့တာ အနှစ် ၆၀ ရှိသွားပါပြီ……..။ ဆက်လက်ပြီးတော့လဲ ရှင်သန်နေဦးမှာပါပဲ………။ ။

P.S. အဝေးကနေကြည့်ရင်း “လေးမ” ခံစားမိနေကျ အတွေးလေးတွေကို ရေးချရုံသက်သက်ပါပဲ………။ ဒီဇိုင်းထုတ်ခဲ့တဲ့ ဗိသုကာ ဆရာ ဦးဆန်းဦးကတော့ ဒီထက် လေးနက်တဲ့ design concept တွေနဲ့  ပုံစံထုတ်ခဲ့တာပါ…….။

8 comments:

ပြည့်မွန်သျှံ said...

နှစ်ခြောက်ဆယ်လောက်ကြာအောင်ထားပေးခဲ့တဲ့အတွက် သူတို့ကိုကျေးဇူး တင်ရမယ် .. ဒါမှမဟုတ် ပြုပြင်မယ်ဆိုပီ ... လုပ်လိုက်ရင် ... သမိုင်တွေ ပျောက်မှာဆိုးရတယ် ..

Anonymous said...

ကျွမ်းကျင်ပညာရှင် အမြင်မှ ခွာ၍ သာမာန် ပြည်သူတစ်ဦးအနေနဲ့ ဗိသုကာရှုထောင့် မှ ရှုမြင်ထားတဲ့ ဒီအက်ဆေးတိုလေးသည် ဗိသုကာ ပညာရပ်နှင့် ကင်းကွာသော ၊
မနီးစပ်သော ၊ ရင်းနှီးကျွမ်းဝင်ခြင်း မရှိသော သာမာန်ပြည်သူ မည်သူတစ်ဦးတစ်ယောက်ကမဆို ဖတ်မိခဲ့သည် ရှိသော် ထိခိုက်ခံစားရမည်မှာ အမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်
ထိုအဆောက်အဦး၊ ထိုဗိမာန်၊ ထိုအထိမ်းအမှတ် နေရာဌာနသည် နိုင်ငံ၏ နေရာကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ကျွမ်းကျင်ပညာများသာမက သာမာန်ပြည်သူများအထိ
လူတိုင်းလူတိုင်းနှင့် သက်ဆိုင်ခဲ့သော သက်ဆိုင်နေသော သက်ဆိုင်နေဦးမည်ဖြစ်သော မပျောက်ကွယ်သင့်သော မမေ့လျော့သင့်သော အမြဲတမ်း အမှတ်ရနေသင့်သော ထိုသူတို့ပေးဆပ်စွန့်လွှတ်ခဲ့သည့်
ကျေးဇူးဂုဏ်ပုဒ်တို့ အတွက် ပြန်လည် ကျေးဇူးဆပ်ရန် သတိရှိသင့်သော မျိုးဆက်တိုင်းဆီသို့ လက်ဆင့်ကမ်းပေးသင့်သော အရာများပင် ဖြစ်ပေသည်။
ဖြတ်သွားဖြတ်လာ မြင်နေကျ အဆောက်အဦးတစ်ခုထက် ပို၍ မခံစား မတွေးတော မိခဲ့သော ကိစ္စအား ဆက်၍ ထပ်၍ ပို၍ တိုး၍ သိမြင် ခံစား ဆင်ခြင် တွေးတော ကြံဆနိုင်စေရန် ဆက်စပ်တွေးတော နိုင်စေရန်
သက်ဆိုင်ရာ ကျွမ်းကျင်ရာ ရှုထောင့်မှ ပါးနပ်လိမ္မာစွာဖြင့် ရေးသား ဖော်ပြပေးတဲ့ မလေးမ ကို အထူးကျေးဇူးတင်မိပါတယ်ခင်ဗျာ ။ တစ်ပုဒ်ထက်တစ်ပုဒ် အားရစရာကောင်းတဲ့ အရေးအသား မှတ်သားစရာ
အကြောင်းအချက် ....... ပြောရင် ရှည်လို့ ဒီတင်ပဲ ရပ်ပြီး စာသစ်များကို မျှော်နေရပါဦးမည် ခင်ဗျား ...
လေးစားစွာဖြင့် ...
၈၇

Yan said...

တကယ်ကိုကောင်းမွန်တဲ့ ရှုထောင့်ပါပဲဗျာ.. ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်.

ခင်မင်လေးစားလျက်

ရန်အောင်

ခွန်မြလှိုင် said...

မလေးရေ
တွေးစရာတွေ အများကြီးမွေးလာပေါ့
ဗိမာန်ပုံ နှစ်ပုံ မ ကာဖြင့်
ရေးစရာ တွေးကာဆလို့
မြန်းချေပြီဗျို့

Layma said...

ကိုချစ်သူ…မှန်တာပေါ့ရှင်….ကျေးဇူးတင်သင့်တာပေါ့။
၈၇…..ဖြတ်သွားဖြတ်လာမြင်နေကျ အဆောက်အဦထက်ပိုသွားပြီဆိုရင် လေးမ ရေးရကျိုးနပ်သွားပါပြီ….။
ကိုရန်အောင်……လေးမကို ကျေးဇူးတင်တယ်ဆိုလို့  ကျေးဇူးတင်ပါတယ်ရှင်…။
မခွန်မြလှိုင်….သေချာ“မ”သွားပါနော်…..ပြုတ်ကျမှာစိုးလို့ ….

ပေါက်ပေါက်ဆုပ် said...

မလေးရေ.. အာဇာနည်ဗိမာန်ပုံကြီးအတွက်ကျေးဇူးပါနော်

စိုးဇေယျထွန်း said...

လေးမ ရေ ကြယ်ဖြူကြီးရှိတဲ့နေရာက ဗိုလ်ချုပ်နေရာ မဟုတ်ပါဘူး။ိုလ်ချုပ်အရိုးအိုးက ကိုးခုရဲ့ အလယ်တည့်တည့် အောက်ခြေမှာ အ၀ါရောင် ကြယ်ကြီးရှိပါတယ်

Layma said...

ပေါက်ပေါက်…..ဓါတ်ပုံအတွက် ကျေးဇူးတင်ရမှာက မလေးမဟုတ်ဘူး….မလေးက သူများဆီက “မ” လာတာ….ဦးစိုးဇေယျကို ကျေးဇူးတင်ရမှာ…
ဦးစိုးဇေယျ…..ကျေးဇူးတင်လိုက်တာ ညီလေးရာ….အစ်ကိုလဲ ကြယ်နှစ်ခုကို ကြည့်ပြီးဇဝေဇ၀ါဖြစ်နေတာ…..သေချာကမသိ….ရေးကရေးချင်….သိသမျှက ကြားဖူးနားဝ…ရောက်လဲမရောက်ဖူး….အဝေးကနေမြင်သမျှပေါ့ကွာ….မင်းဓါတ်ပုံကြည့်မှ ကြယ်ကြီးကိုတွေ့ တော့….ဟိုက်….ခနဲဖြစ်သွားရော…..မင်းတို့ လို ဗဟုသုတ ပြည့်ဝတဲ့ လူတွေက ပြောပြတော့မှပဲ ရှင်းသွားတော့တယ်….ကျေးဇူးတင်တယ် ညီလေးရေ……