Friday, June 29, 2007

ဗိသုကာ ကျောင်းသူဘ၀…အဲသလိုစခဲ့တယ်…

ဒိုင်ယာရီ စာမျက်နှာ (၇) ။ ။
“လေးမ” တို့ တုန်းက ပထမနှစ်ဖြေပြီးတဲ့ အချိန်မှာ ဗိသုကာလိုင်းလိုချင်တဲ့ သူတွေကို လျှောက်လွှာတင်ခိုင်းတယ်......။ တခြားမေဂျာတွေကတော့ ဒုတိယနှစ်ဖြေပြီးမှ လိုင်းခွဲတာ......(အခုတော့ ပထမနှစ် စတက်ကတည်းက မေဂျာခွဲ လိုက်ပြီ ).....။ ဗိသုကာဘာသာရပ်က စိတ်ဝင်စားဖို့ လိုတဲ့အတွက် အမှတ်နဲ့ မခွဲဘဲ ၀ါသနာပါတဲ့သူ လျှောက်ခိုင်းတယ်......။ တစ်နှစ်
နဲ့ တစ်နှစ်တော့ “မူ”ကမတူပါဘူး......။ အာခီမေဂျာကို အညံ့ဆုံးလူတွေပို့ ခဲ့ဖူးသလို အတော်ဆုံးလူတွေလည်း ရွေးချယ်ခဲ့ဖူးတယ်.......။
လူတွေ့ စစ်ဆေးပြီး အောင်မှရမယ်ဆိုလို့  ဆရာကြီး ဒေါက်တာလွင်အောင် ရေးတဲ့ “ဗိသုကာ ပညာနိဒါန်း” ကို အကြိမ်ကြိမ်ဖတ်ခဲ့ရတယ်.....( တစ်လုံးမှကို သဘောမပေါက်ဘူး )......။ အဆောင်မှူးမမက အာခီတက် ဆိုတော့ ဘာတွေလေ့လာထားရမလဲ မေးရတယ်.......Space ဆိုတာဘာလဲ......Form ဆိုတာဘာလဲ.....ဘယ်နှစ်မျိုးရှိလဲ ဆိုတဲ့ မေးခွန်းတွေနဲ့  တော်တော် ခေါင်းခြောက်ခဲ့ရတယ်......။ ပြီးတော့ ကဒ်ပြားပေါ်မှာ ပုံဆွဲ...၊ ကတ်ကြေးနဲ့  ညှပ်ပေးလိုက်ပြီး အဲဒါကို ပုံဘယ်နှစ်မျိုးပြောင်းလို့ ရလဲ ပြောင်းကြည့်ထားတဲ့......။ တော်ပါသေးရဲ့.....လူတွေ့  မစစ်ဖြစ်လို့ ........။ စစ်ရင် ကျမှာဘဲ.......။ ဒုတိယနှစ်မှာ အဆောက်အဦ ဒီဇိုင်းမထုတ်ရသေးဘူး........။ ပုံဆွဲနည်းနဲ့  ဒီဇိုင်း အခြေခံတွေဘဲ သင်ရတော့ တော်တော် စိတ်ဓါတ်ကျတယ်......။ ဒီလိုမှန်းသိရင် ပန်းချီသင်တန်း အရင်တက်ခဲ့ပါတယ်လို့  နောင်တရမိတာလည်း အကြိမ်ကြိမ်........။ သင်ရသမျှက ပန်းချီပညာနဲ့ မှမကင်းတာ........။ စသင်တဲ့နေ့ က ABCD နဲ့ 1234 ရေးရတာ......ည ၂ နာရီထိုးတယ်.....။ T-square ကိုပြောင်းပြန်ကိုင်ပြီး ဘောင်ခတ်လို့  ယောက်ျားလေးဆောင်မှာ အတင်းအုပ်ခံရသေးတယ်.......။ နောက်တနေ့  သင်္ချာတန်းသွားတော့
ဝိုင်းလှောင်ကြတယ်.......။ ( ယောက်ျားလေးတွေက မိန်းကလေးတွေထက်တောင် အတင်းပြောတတ်သေးတယ် ) ....။ ဗိသုကာဘာသာကို စသင်ရတာ ပျော်စရာကောင်းသလို လို နဲ့  စိတ်ညစ်ဖို့  ကောင်းတယ်........။ ဆရာကလည်းမရှိဘူး.....အဆောင်မှူးက မဟာဘွဲ့ အတွက် ရန်ကုန်မှာ Thesis သွားလုပ်တော့ “လေးမ” တို့ မှာ အမိမဲ့သား ရေနဲငါးလေးတွေလို.....အားကိုးရာမဲ့ခဲ့ရတယ်.......ရန်ကုန်ကဆရာတွေက အလှည့်ကျ လာသင်ကြတယ်......။ ရန်ကုန်ကဆရာ မလာတဲ့ အပတ်ဆိုရင် ဆိုင်ကယ်တစ်စီးနဲ့  မန်းလေးမြို့ ကိုပတ်ပြီသာမှတ်......။ ဆရာ မလာရင် ပျော်ခဲ့သမျှ အခုတော့ ငိုချင်စရာကြီး.......သင်ရိုးကုန်မသင်ခဲ့ရဘူး......မသိခဲ့ မတတ်ခဲ့....မသင်ခဲ့ ရတာတွေက အများကြီးဘဲ......။ ဆရာတွေကပြောတယ်.......ဗိသုကာဘာသာက စာများများဖတ်ဖို့ လိုတယ်တဲ့......ဖတ်ချင်လို့  library မှာရှာတယ်......ရှိပါတယ်လေ....နဲနဲပါးပါးပေါ့.....“ Love story in Harvard " ကိုကြည့်ရတဲ့အခါ “လေးမ” ဖြတ်သန်းခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူဘ၀နဲ့  နှိုင်းယှဉ်မိတော့......ဘယ်လိုရေးရမလဲ.....အဲလိုခံစားရတယ်....။ ကောင်းတာပေါ့...... ပြည့်စုံနေရင် ကြိုးစားနေရဦးမယ်...... အခုတော့ ကိုယ့်ဘာသာ အပျင်းကြီးပြီး စာမလုပ်တာကို ဟိုဟာလွဲချ...ဒီဟာလွဲချနဲ့  အကြောင်းပြလို့ ရတာပေါ့.........။ သင်ပေးတဲ့ ဆရာတွေကတော့ ကြိုးစားပမ်းစား စေတနာထားပြီးသင်ပေးကြတယ်......။ ရန်ကုန်ကလာရင် စာအုပ်တွေယူလာပေးတယ်.......။ ဆရာတွေ မပြန်ခင် မိတ္တူဆွဲထားရတယ်.....“မိ” နဲ့  နှစ်ဦးပိုင်စာအုပ်တွေက များလာတယ်......။ ဒီလိုနဲ့  ဆရာတွေကို ဘူတာမှာ သွားကြိုလိုက်.....ပြန်ပို့ လိုက်.....နဲ့  ဒုတိယနှစ် (ဗိသုကာ ပထမနှစ်) ကို ဂုဏ်ထူးနဲ့  (ကြုံတုန်းကြွားရတာ) အောင်မြင်ခဲ့ပါတယ်......။
ဒီ -Post ကိုရေးတော့ ဆရာ့ကို သတိရတယ်......ဆရာ....ဆရာ.....တိုက်ပုံအင်္ကျီလေး ပုခုံးပေါ်တင်လို့ ......ပိန်ပိန်ပါးပါးနဲ့  ဆရာ့ကို သိပ်ကြောက်ခဲ့ရတယ်......ဆရာစလို့  ငိုခဲ့ရတယ်.....ဆရာထုလို့ နဖူးဖုခဲ့ရတယ်......ဆရာဆွဲခိုင်းတဲ့ ကနုတ်ပန်းတွေကြောင့် ၂ ရက်လောက် တရေးမှ မမှေးခဲ့ရဘူး.....။ ဆရာ....ဆရာ......ပေကြိုး တခွေပေးပြီး ဒီအဆောက်အဦကို တိုင်းပြီးဆွဲထားလိုက်......အဲဒါ Measure drawing ဘဲ ဆိုပြီး ပေကြိုး တခွေနဲ့  ထားပစ်ခဲ့တဲ့ ဆရာ......အခုလည်း အဆင်ပြေသလို နေရစ်ခဲ့ကြတော့ဆိုပြီး “လေးမ” တို့ ကို ထားခဲ့ပြန်ပြီ......။ ဆရာကတော့ “စ” မှာ.....ဘ၀သစ်မှာ ...... ပျော်နေပြီလားဆရာ....ပျော်ပါဆရာရယ်.....ဆရာပျော်ရင် တပည့် ၀မ်းမြောက်ပါတယ်.......။ ဆရာ့တပည့် တော်တော်များများလည်း ဆရာနဲ့ အတူ ရှိနေကြပြီနော်......။ နောက်ထပ်လည်း လာကြလိမ့်ဦးမယ်ဆရာ........။ ဆရာ့တပည့် “လေး” ကတော့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း အားလုံးကို လွမ်းနေပါ့မယ်.......ဆရာ......။ ။

1 comments:

Anonymous said...

အား ... မလွယ်ခဲ့ပါလားဗျ ... ဟားဗာ့ဒ် ကဝေးပါသေးတယ်ဗျာ ... ချူလာလောင်ကွန်း လောက်ဆိုရင်တောင် ...
အင်း ... ကိုယ်ထူကိုယ်ထ ကိုယ်တိုင် ရှာဖွေလေ့လာမှ တတ်တဲ့(ရှာရလည်း ခက်တဲ့) ပညာရေးဆိုတော့ ပိုတန်ဖိုးရှိပြီး ကောင်းပါတယ်လေလို့ ဖြေသိမ့်လိုက်ပါဗျာ ...
နောက်ဆုံးတစ်ပိုဒ်ကို ဖတ်ရတော့ စိတ်မကောင်းဘူးဗျာ ... မဆီမဆိုင်ကြားထဲကနေပြီးတော့လည်း လွမ်းယောင်ယောင်ဖြစ်သွားတယ် ...
ဆက်ရေးပါဦး ...