Tuesday, June 19, 2007

မိုးတွေရွာရင်….

ဒီနေ့  မနက် အလုပ်သွားတော့ မိုးဖွဲလေးတွေ ကျနေတယ်……“မိုးရေထဲမှာ..” ဆိုပြီး post ရေးဦးမယ်လို့  စဉ်းစားထားတာ…..ပြန်ရောက်လို့  Blog ကို ကြည့်လိုက်တော့ ပုဂံသားက Tag ထားတယ်….ကျေးဇူးပါပဲ မောင်လေး ပုဂံသားရေ….ခုရေးနေတုန်းလည်း မိုးတွေ တ၀ုန်းဝုန်း ရွာနေတယ်…...

“ မိုးရွာရင် မိုးရေချိုးမယ်…..”
လေးနှစ်သမီး တုန်းက မိုးရွာရင် ….“ဖေဖေ” နဲ့  “လေးမ” မိတ်ပျောက်ရန်လို့  အကြောင်းပြပြီး မိုးရေ ထွက်ချိုးကြတယ်……သားအဖ နှစ်ယောက် မိုးရေထဲမှာ သီချင်းတွေ ဆိုကြတယ် …. မေမေ က လူမလာရင် “ဒုတ်” လာမယ်လို့ ထွက်အော်မှ အိမ်ပေါ်တက်ကြတာ…..။

“ မိုးကလေးစိုစို….ကလေးဘ၀ တေးကလေးကို….နှစ်ယောက်သား တို့ အော်ဟစ်ခဲ့တာ အပျော်ဆုံး ဘ၀တွေပါ…..”
သူငယ်တန်း ကျောင်းသူကြီး “ လေးမ” ရဲ့ မိုးရာသီကိုတော့ အိမ်နီးနားချင်း ကျောင်းသွားဖော် သူငယ်ချင်းနဲ့ အတူ ကဲခဲ့ကြတယ်…..ကျောင်းနံဘေးကမြောင်းထဲမှာ ဖိနပ်မျှောတယ်…. ရေစီးနဲ့  မျောပါသွားတဲ့ ဖိနပ်နောက်ကို ပြေးလိုက်….ဘယ်သူ့ ဖိနပ်က ရှေ့ရောက်လဲ ဆိုပြီးပြိုင်ကြရတာ…..အစက စက္ကူလှေ မျှောကြတာ….လှေက မိုးစက်တွေအောက် မှာ နစ်သွားတတ်လို့  မိုးတွင်းစီး ရာဘာဖိနပ်ကို လှေလုပ်ရတာ…..ဆော့လို့ အားရတော့ ခေါက်မုန့်  သည်ရဲ့ တဲလေးထဲမှာ အိမ်က အပိုထည့် ပေးလိုက်တဲ့ ၀တ်စုံကို လဲပြီး အိမ်ပြန်ကြတယ်…..။

“ မိုးကလေးညို လာရင်…..လွမ်းမျက်ရည်လေးလယ်……”
အလယ်တန်းရောက်တော့ မိုးရွာရင်…. ကျောင်းပြောင်းသွားတဲ့ သူငယ်ချင်းကို သတိရတယ်….( လေးမ တို့ ကျောင်းက မူလတန်းအထိဘဲ ယောက်ျားလေးလက်ခံတယ် )….မိုးရွာရင် မိုးစက်တွေ ထိုင်ကြည့် ရင်း တောင်တွေး မြောက်တွေး တွေးတတ်လာတယ်…..။ မိုးစက်လေးတွေက မြေကြီးပေါ် ရိုက်မိတဲ့ အခါ မင်းသမီးလေးတွေ ဂါဝန်ကားကားလေးနဲ့  ကနေသလိုဘဲ…..။ ဗွက်အိုင်ထဲကို မိုးစက်လေးတွေကျတဲ့ အခါ ပေါ်လာတဲ့ ရေ၀ဲလေးတွေက မင်းသမီးလေးတွေကို အကြို ထောက်တဲ့ ရေယဉ်လေးတွေလို့  စိတ်ကူးယဉ်မိပြန်ရော……။

အထက်တန်းရောက်တော့ မိုးရွာရင် စောင်ခြုံပြီးကွေးတယ်…..၀တ္ထု ဖတ်တယ်…..မှတ်မှတ်ရရ “ သူငယ်ချင်းလို့ ဘဲ ဆက်၍ခေါ်မည်ခိုင် ” ကိုဖတ်တဲ့နေ့ က မိုးရွာနေတယ်….. ဇာတ်လမ်းကလည်း “ခိုင်” ပျောက်သွားတဲ့ မိုးတွေရွာတဲ့ ညနဲ့  စထားတော့ ဖတ်ရတာ အရသာရှိမှရှိ……။ ဆရာမ မစန္ဒာရဲ့ “ဂျီဟောသူ” မှာ “ရန်ကုန်သူ နဲရန်ကုန်မိုး…အစိုး မရဘူး ” လို့ ရေးထားတော့ မကျေနပ်ဘူး…..။ ဒါပေမယ့် ဒီစကားမှန်ပါတယ်……မန္တလေးမိုးက ရွာမယ်ဆိုရင် ကြိုပြောတယ်….။ မန္တလေးမှာ မိုးရွာရင် class လစ်တယ်…..reason ကတော့ စက်ဘီး၊ ဆိုင်ကယ် စီးရခက် လို့ …..။ တက္ကသိုလ် ကျောင်းသူဘ၀မှာ သူများတွေအတွက်တော့ မိုးစက်တွေက ကဗျာတပုဒ်ဖြစ်ချင် ဖြစ်ခဲ့မယ်....“လေးမ” အတွက်တော့ ဇာတ်လမ်းမရှိ.......။

“ မိုးခြိမ်းသံတွေ ....ကြားလိုက်ရတိုင်း....အတိုင်းမသိ ၀မ်းမြောက်တယ်.......”
တော်တော်များများက မိုးခြိမ်းရင်ကြောက်တယ်.....လေးမ ကပျော်တယ်.....လက်စီးပြက်ရင် သိပ်သဘောကျတာဘဲ......။ မိုးသီးတွေကိုလည်း သဘောကျတယ်....တောင်ကြီးသွားတုန်းက ဟဲဟိုးလေဆိပ်ကနေ မြို့ ထဲကို အသွားမှာ မိုးသီးတွေ ကြွေလို့  ဆင်းကောက်သေးတယ်......။
မိုးသီချင်းတွေ...မိုးကဗျာတွေ.....မိုးဇာတ်လမ်းတွေ ဖွဲ့ ဆိုကြပေမယ့် လူတွေကမိုးကို သိပ်မချစ်ကြပါဘူး.....။ အတ္တသမားတွေကိုး.........။ “လေးမ” လည်းတူတူပါဘဲ....အပြင်သွားတဲ့ချိန်....အလုပ်သွားတဲ့ချိန်....အ၀တ်လှန်းတဲ့ချိန်....မိုးရွာရင် သိပ်စိတ်ဆိုးတယ်......။ ရေတွေကြီးလို့  ကားလမ်းတွေ ပိတ်ရင်ပိုဆိုးသေး......။ အိပ်တဲ့ အချိန်မိုးရွာရင်တော့ သဘောကျသလားမမေးနဲ့ .......။
ရေးနေတုန်း မိုးတိတ်သွားပြန်ပြီ.....။ ရန်ကုန်မိုးနဲ့  ရန်ကုန် connection အစိုးမရဘူး ”.....။ Post ကိုမြန်မြန် အဆုံးသတ်မှ......။ ခုနေများ မိုးတွေရွာရင်............???? မိုးပက်တဲ့ ပြတင်းပေါက်တွေ လိုက်ပိတ်ရမယ်.....။ ။

6 comments:

Anonymous said...

" ရန်ကုန်မိုးနဲ့ ရန်ကုန် connection အစိုးမရဘူး "
ဟား...ဟား... သိပ်ကောင်းတဲ့ စာသားလေးဗျာ...
post အဆုံးသတ်သွားပုံလေး တော်တော်မိုက်တယ် ...
ကျေးဇူးဗျို့...

Layma said...

JB,

U ကို I tag တယ်....
ရေးပေတော့...
မိုးတွေရွာရင်….

baganthar said...

သူငယ်ချင်းလို့ ပဲ ဆက်၍ ခေါ်မည်ခိုင် က တော့ ဆုံးအောင်မဖတ်ရသေးဘူး။
ဂျီဟောသူ က တော့ဖတ်ပြီးသွားပြီ။
အစ်မက မိုးရာသီနဲ့ ပတ်သက်ပြီး ခံစားချက်လေးတွေတော်တော်များ တာပဲနော်။

Layma said...

baganthar,,,,အင်း….ဟုတ်တယ်…..ရေးပါဆိုလို့  ရေးလိုက်တော့ သတိရစရာတွေ သတိရသွားတာ….ဒါတောင် အကုန်မဟုတ်သေးဘူး…..အစ်မက စာရှည်ရှည်ရေးရတာ ပျင်းလို့ ….

ပေါက်ပေါက်ဆုပ် said...

မလေးငယ်ငယ်တုန်းကဘ၀က ပျော်စရာကြီးနော်
ရန်ကုန်မိုးနဲ့ ရန်ကုန် connection တင်အစိုးမရတာမဟုတ်ဖူး
မန်းလေးမိုးနဲ့ မန်းလေး connection လဲအစိုးမရဖူး :P

Layma said...

လူတိုင်းမှာ ပျော်စရာတစ်ခုစီ ရှိကြတယ်…ဒီတော့ လေးမ မှာလည်းရှိတယ် (စိုင်းစိုင်း style)…connection မကောင်းတော့ မျက်စိညောင်းသက်သာတာပေါ့ ပေါက်ပေါက်ဆုပ်ရယ်….တရားနဲ့ သာဖြေလိုက်ပါ…