Monday, June 25, 2007

စွပ်ပြုတ် နောက်တစ်ခွက်

ဒီနေ့  တနလာင်္နေ့  ဆိုတော့ အများစုက လုပ်ငန်းခွင်ပြန်ဝင်ကြရပြီ.....။ ကျောင်းတက်နေတဲ့သူတွေလည်း ကျောင်းပြန်တက်ရတယ်.....။ နားရက်ရတဲ့သူတွေလည်း မနက်ဖြန်ဆို အလုပ်ပြန်ဆင်းရတော့မယ်.....။ ဒီတော့ အားလုံးလန်းဆန်းသွားအောင် စွပ်ပြုတ်နောက်တစ်ခွက် အလကားတိုက်မယ်......။

ကွတ်ကီသူခိုး
တစ်ည လေဆိပ်တစ်ခုမှာ အမျိုးသမီးတစ်ယောက် လေယာဉ်စောင့်နေသည် ။ သူစီးရမည့်လေယာဉ်က နာရီပေါင်းများစွာကြာအောင် စောင့်ရဦးမည် ။ လေဆိပ်ကဆိုင်မှာ သူ စာအုပ်တစ်အုပ် ရှာသည် ။ ပြီး ကွတ်ကီ တစ်ထုပ်
ဝယ်ကာ တစ်နေရာမှာ ကျောက်ချထိုင်နေလိုက်သည် ။
စာအုပ်ကို သဲသဲမဲမဲ ဖတ်နေရင်းက သူတစ်ခု သတိထားမိလာသည် ။ ကြည့်စမ်း ။ သူမနံဘေးက လူသည် အတင့်ရဲလှချည်လား။ သူတို့ နှစ်ယောက်ကြားမှာ ရှိနေသည့် ကွတ်ကီထုပ်တွေထဲက ကွတ်ကီတွေ တစ်ခုလား နှစ်ခုလား နှိုက်ယူသည် ။ ပြောမနေချင်သည်နှင့် သူ မသိချင်ယောင်ဆောင်နေလိုက်သည် ။
အမျိုးသမီး စာဆက်ဖတ်သည် ။ ကွတ်ကီကိုလည်းမြုံ့ သည် ။ မကြာခဏ နာရီကိုလည်းကြည့်သည် ။ အတင့်ရဲလှသည့် ကွတ်ကီသူခိုးကြောင့် သူ့ အထုပ်ထဲရှိ မုန့် က လျော့သထက်လျော့လာသည် ။ နာရီစက် တချက်ချက် ရွေ့ သည်နှင့်အမျှ သူ့ စိတ်ကလည်း တိုသထက်တိုလာသည် ။ “ အင်း ၊ ငါလို သိပ်သဘောကောင်းတဲ့သူမို့ သာပေါ့ ၊ နို့ မို့  မျက်ခွက်ကို ပစ်ထိုးမိမှာ ၊” သူ့ စိတ်ထဲက ကျိတ်ရေရွတ်သည် ။
သူ့ စိတ်ထဲ ဘယ်လိုနေနေ ၊ ဟိုလူကတော့ ကွတ်ကီ တစ်ခု ကိုယ်နှိုက်လျှင် သူလည်းတစ်ခုနှိုက်သည် ။ အထုပ်ထဲ တစ်ခုတည်းကျန်သည့်အခီါလူဘာလုပ်မလဲ အမျိုးသမီး စောင့်ကြည့်သည် ။ ကြည့်စမ်း ၊ မျက်နှာမှာအပြုံးစစနှင့် ခပ်ဟက်ဟက် တစ်ချက်ရယ်လျက် သူ ကနောက်ဆုံး ကွတ်ကီကို ယူကာ နှစ်ပိုင်းပိုင်းသည် ။
ပြီး ၊ အမျိုးသမီးကို တစ်ပိုင်းပေးပြီး ၊ ကျန်သည့်တစ်ပိုင်းကို သူ စားသည် ။ “ ကြည့်စမ်းပါဦးတော် ၊ ဒီလူက ရဲတင်းရုံမက ရိုင်းလဲရိုင်းသေးတယ် ၊ ကျေးဇူးတင်တဲ့ အမူအရာတောင် တစ်စက်ကလေးမှ ပြဖော်မရဘူး ၊”
အမျိုးသမီးစိတ်မှာ ဒီလောက် ကြိတ်မနိုင်ခဲမရ အခံရခက်တာမျိုး တစ်ခါမျှ မကြုံဖူးခဲ့ ။ လေယာဉ်ခရီးစဉ် ခေါ်ပြီဆိုတော့မှ လွတ်ပြီ ကျွတ်ပြီဟုစိတ်ထဲ အများကြီးပေါ့သွားပြီး သက်ပြင်းချသည် ။ သူများကွတ်ကီ နှိုက်စားပြီး ကျေးဇူးတင်စကား တစ်ခွန်းမှမပြောသည့် အဲသည်ကို တစ်ချက်မျှပင် လှည့်ကြည့်မနေဘဲ ကိုယ့်အိတ်တွေဆွဲပြီး လေယာဉ်ထွက်မည့် ဂိတ်ဆီ သူထွက်လာခဲ့သည် ။
လေယာဉ်ပေါ် ရောက်သည် ။ ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ပြီးခါနီးစာအုပ်ကို ဆက်ဖတ်ရန် အိတ်ထဲနှိုက်သည် ။ အဲသည်အခါကျမှ သူအကြီးအကျယ် အံ့အားသင့်ကာ ဟယ်ခနဲ ဖြစ်သွားရသည် ။ သူဝယ်လာသည့် ကွတ်ကီထုပ်က သူ့ ဆီမှာပဲ ရှိနေသည်။
“ငါ့ အထုပ်က ဒီမှာဆိုရင် ၊ ဟိုဟာက သူ့ အထုပ်ပေါ့ ၊ ” အမျိုးသမီး အကြီးအကျယ် စိတ်ဓါတ်ကျသွားသည် ။ “ သူ ငါ့ကို စားပါစေလို့  ပေးနေတာကိုး ၊ ” ဟိုလူ့ ကို သူအကြီးအကျယ် အားနာသွားသည် ။ ခုမှတော့ တောင်းပန်ဖို့ လည်း မဖြစ်နိုင်တော့ ။ သူမ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွားမိသည် ။ ခုတော့ သူမသာလျှင် သူတစ်ပါးမုန့် ကို နှိုက်စားသူ ၊ ကွတ်ကီသူခိုး ။
( ဆရာဖေမြင့်၏ နှလုံးသားအာဟာရ တတိယတွဲမှ ကူးယူသည် ။ မူရင်း-The Cookie Thief)

ဒါလေးဖတ်ပြီး ဒီအတွေးလေးတွေ ရခဲ့သည်......။ ထိုလူ ၏ စိတ်ဓါတ်လေးကို တော်တော်ချစ်သွားမိသည်.....။ “ ငါ့ ကွတ်ကီထုပ်ကွ ”
လို့ လည်းမကြေငြာ....... ၊ “မစားနဲ့ ” လို့ လည်းမပိတ်ပင်ဘဲ နောက်ဆုံးကျန်သည့် တစ်ခုကိုပင် တ၀က်ခွဲကျွေးနိုင်သော...... ၊ တစ်ဖက်သားအတွက် စဉ်းစားပေးသော.....၊ ငဲ့ညှာတတ်သော မေတ္တာ ပြည့်ဝသည့် စိတ်ဓါတ်လေးကို တော်တော် သဘောကျမိသည် ......။ အခြေအနေမှန်ကို သေချာမသိဘဲ ( မနောကံမြောက် ) အပြစ်တင်နေမိသော အမျိုးသမီးရဲ့ အဖြစ်ကလည်း ( တစ်ယောက်ထဲ ဒေါသတွေ ထွက်နေရတာ ) သနားစရာကောင်းသည် ......။ နှစ်ဦးစလုံး၏ မြိုသိပ်နိုင်စွမ်းကတော့ ချီးကျူးစရာကောင်းသည်......နိုင်ငံကြီးသားပီသသည် ဆိုတာ ဒါမျိုးလားဟုပင် တွေးမိသေးတော့သည်......။ လေဆိပ်တွင် ဟိုသည် ကြည့်၍ အချိန်မကုန်စေဘဲ စာအုပ်ဖတ်၍ စောင့်တဲ့အကျင့်လေးကတော့ အင်မတန် အတုယူသင့်တဲ့ အချက်လေးပါ......။
“လေးမ” ဖတ်မိသမျှ တွေးမိသမျှလေးတွေ သူငယ်ချင်းတို့ ကို ဝေမျှပြီးပါပြီ......။ ကွဲလွဲတဲ့ အတွေးလေးများရှိရင် မှတ်ချက်မှာရေးခဲ့ ကြပါ.......
“ လေးမ ” ရဲ့ နှလုံးသားလေးအားရှိသွားပြီ ဖြစ်လို့  လူအားရှိအောင် အိပ်ပါပြီ......။ ။ Good Night !!!

0 comments: