Tuesday, June 26, 2007

အရောင်များ

Color Wheel


အရောင်တွေကို ဘာလို့ မြင်ရတာလဲ….။ မျက်စိ ကြောင့်ဆိုရင် အဖြေကမှားပါတယ်……မီးပျက်တဲ့ညတွေမှာ အရောင်တွေကို မြင်နိုင်စွမ်းမရှိပါဘူး ….၊ သဘာဝ အလင်း (သို့ ) မီးလုံးမီးချောင်းတွေရဲ့ အလင်းကြောင့် မြင်ရတာပါ…..။ သိပ္ပံနည်းကျကျ ပြောရင်တော့…..အဖြူရောင် အလင်းမှာ ရောင်စဉ် (၇) ခု ( အနီ ၊ လိမ္မော် ၊ အ၀ါ ၊ အစိမ်း ၊ အပြာ ၊ မဲနယ်(ခရမ်းပြာ) ၊ ခရမ်း ) ပါတယ်…..။ အဲဒီအလင်းက အပိတ်မျက်နှာပြင်တစ်ခု ( transparent မဟုတ်ရ ) အပေါ် ကျရောက်တဲ့ အခါ အဲဒီမျက်နှာပြင်က

သူ့ မှာမရှိသေးတဲ့ အရောင်တွေကို စုပ်ယူထားလိုက်ပြီး သူ့ မှာရှိတဲ့ အရောင်ကို ပြန်လွှတ်လိုက်တဲ့ အတွက် မျက်စိက အရောင်တွေကို မြင်ရတာပါ…...။ ဒီသဘောတရားလေးကြောင့် အနီရောင်မျက်နှာ ပြင်ကိုကြည့်ရင် အနီရောင် ကိုမြင်ရတာပါ……။
အရောင်တွေဘယ်လို ရလာသလဲ…..။ မူလအရောင် ( primary color ) က သုံးရောင်ထဲပါ (အနီ…အပြာ…..အ၀ါ…)…..။ အနီ နဲ့  အ၀ါရောတော့ လိမ္မော် ၊….အပြာနဲ့ အ၀ါရောတော့ အစိမ်း….၊ .အနီနဲ့  အပြာ ရောတော့ ခရမ်း……ဒီလိုနဲ့ secondary color တွေရလာပါတယ်…..။ Primary နဲ့  secondary color တွေရောလိုက်တော့ ကြားရောင်လို့  ခေါ်တဲ့ tertiary hue (color) တွေရပြန်တယ်…….စိမ်းပြာ….စိမ်းဝါ ဆိုတဲ့ အရောင်တွေပါ…..။
အရောင်တွေကို ဒီလိုခွဲလို့ ရတယ်…….။ အနွေးရောင် ၊ အအေးရောင် ၊ လင်းတဲ့အရောင် ၊ မှောင်တဲ့ အရောင် ၊ ဆန့် ကျင်ဘက်အရောင် ၊ နီးစပ်ရောင်……။ Color wheel မှာ ၀င်ရိုးနှစ်ကြောင်း ဆွဲကြည့်ပါ……။ အ၀ါနဲ့  ခရမ်းကို ဆက်ထားတဲ့ Y ၀င်ရိုးရဲ့ ညာဘက် ( အနီရှိတဲ့ဘက်) က အရောင်တွေက အနွေးရောင် (အပူရောင် )……တခြားတဘက်က အအေးရောင်……။ စိမ်းပြာနဲ့  လိမ္မော်နီ ဆက်ဆွဲထားတဲ့ X ၀င်ရိုးရဲ့ အပေါ်ပိုင်း ( စိမ်း…၀ါ….လိမ္မော် ရှိတဲ့ အပိုင်း) က လင်းတဲ့ အရောင်တွေ……အောက်ဘက်ပိုင်းကတော့ မှောင်တဲ့ အရောင်တွေ…..။ Color wheel မှာ မျက်နှာချင်းဆိုင်ရှိနေတဲ့ အရောင်တွေက ဆန့် ကျင်ဘက် အရောင်တွေ…… ကပ်လျက်ရှိနေတဲ့ အရောင်တွေက နီးစပ်ရောင်တွေပါ……။
အရောင်တွေက ဘာတွေပေးသလဲ……။ အနွေးရောင်တွေက စိတ်ကို နိုးဆွပေးတယ်……တက်ကြွစေတယ်……။ အေးတဲ့အရောင်က စိတ်ကို ငြိမ်သက်စေသလို သက်တောင့်သက်သာ ရှိစေတယ်……နံရံတွေကို အအေးရောင်သုတ်ထားရင် အခန်းကို ကျယ်သယောင် ထင်ရစေတယ်။ လင်းတဲ့ အရောင်တွေက စိတ်ကိုပျော်ရွှင်စေတယ်…… အခန်းကို ပိုကျယ်တယ်လို့  ထင်ရစေတယ်……။မှောင်တဲ့ အရောင်တွေက အခန်းကို ကျဉ်းစေတယ်…….စိတ်ကိုဝမ်းနည်းစေတယ်…… လေးလံထိုင်းမှိုင်းစေတယ်……..။ ဒီဇိုင်းတစ်ခုမှာ နီးစပ်ရောင်တွေ တွဲသုံးထားရင် မျက်စိထဲမှာ အဆင်ပြေပြီး လိုက်ဘက်ညီတယ် လို့ ခံစားရမယ်…….ဆန့် ကျင်ဘက်အရောင်တွေ တွဲသုံးထားရင်တော့ ထူးခြားပြီး ဆွဲဆောင်မှုရှိတာကို တွေ့ ရမယ်…….။ ဒါတွေက သဘောတရားကို အကြမ်းဖျင်း ရေးပြတာ…….။ အရောင်တွေ တွဲစပ်သုံးတဲ့ အခါ ပညာနဲ့  မွေးရာပါ အာရုံခံစားမှု အနုပညာ ဟန်ချက်ညီအောင် အသုံးချနိုင်ပါမှ လှပတဲ့ ဒီဇိုင်းတွေရမှာ……။
အရောင်များနှင့် “လေးမ”…….။
ဒုတိယနှစ်မှာ ဒီ ရောင်စုံစက်ဝိုင်းကြီး ဆွဲရတော့ “လေးမနဲ့  မိ” မေမေ့ကို လက်ဆောင်စက်ဝိုင်း တစ်ခုပေးခဲ့ ကြသေးတယ်…..။ မေမေက အ၀တ်ဘီရိုမှာ ကပ်ထားပြီး အပြင်သွားခါနီးကျရင် ဘာနဲ့ ဘာနဲ့  တွဲဝတ်ရင်ကောင်းမလဲလို့  စက်ဝိုင်းကိုကြည့်ရတယ်လို့  ပြောတဲ့အခါ ဘ၀င်လေဟပ်ပြီး တော်တော်သဘောကျခဲ့ရတယ်…….။ တခါကတော့ မေမေ ဖယောင်းပုဆိုး

ဝယ်တဲ့အခါ ဒုတိယနှစ်ဖြေထားတဲ့ ဗိသုကာ ကျောင်းသူကြီး “လေးမ” က….“ အ၀ါလေးကလင်းတယ်….လင်းတဲ့အရောင်က အခန်းကို ပိုကျယ်စေတယ်….” လို့ ဆရာလုပ်မိတော့ “ လျှာမရှည်နဲ့ …..အပေအတေ ခံဖို့ အရေးကြီးတယ်…..ငါ….ခဏခဏ မသုတ်နိုင်ဘူး ” လို့  ငြင်းပယ်ခံခဲ့ရပါတယ်……. အဲဒီတော့မှ ဘယ်အရာမဆို အကောင်းနဲ့  အဆိုး ဒွန်တွဲနေတဲ့ အချက်ကို သတိပြု မိခဲ့ပါတယ်……။
ဗိသုကာ တော်တော်များများက ပန်းချီဆွဲတတ်ကြတယ်……၊ အရောင်ခြယ်တတ်ကြတယ်…..။ “ လေးမ” ကတော့ ပန်းချီမဆွဲ အရောင်မစပ်တတ်ဘူး……။ ဒါပေမယ့် အရောင်တွေ ဖတ်တတ်တယ်…..။ “ လေးမ ” ရဲ့ “ ကောင်းကင် ” ကို ဒီလို အရောင်ဖတ်ခဲ့တယ်……။

“ အဖြူမှာ အနီသန်း….၊ အစိမ်းက ရေးရေး ၊ ဖျော့သော အနက်နဲ့  ၊

အဖြူ အပြာ ညိုကာမှိုင်းလို့  အနက်တို့  ဆင့်တော့……၊

ပန်းသွေးရောင်ထ…..ကျွန်မကောင်းကင် လှနေသည် ။ ”
( သူများတွေကတော့ ဘာတွေရေးထားမှန်းသိမှာ မဟုတ်ဘူး…..ရေးတဲ့သူ တစ်ယောက်ထဲဘဲ သိတယ်…… အဲဒါလည်း ပညာဘဲ )
အရောင်တွေအကြောင်း သိသွားပြီဆိုတော့ ၀ါသနာပါရင် Blog မှာအရောင်တွေ စပ်ကြည့်ကြပါဦး……..ပြီးရင် အလည်ခေါ်….လာကြည့်မယ်……။ ။
Reference: Francis D.K.Ching , Interior Design

1 comments:

Anonymous said...

အရောင်တွေ အတွက် ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ...သိပ်စိတ်ဝင်စားစရာကောင်းပါတယ်... ကျနော်တို့ အမြဲထိတွေ့နေပြီးတော့ အမှတ်တမဲ့နေမိတဲ့ အရာတွေမှာ ခုလို စိတ်ဝင်စား
စရာတွေ ရှိလိမ့်မယ်လို့ မတွေးမိဘူး ... နိစ္စဓူဝ နေထိုင်သွားလာနေတွေ့ကြုံနေတဲ့ အရောင်တွေမှာ ဒီလို ဂုဏ်သတ္တိတွေ ၊ အဓိပ္ပာယ်တွေရှိတာ အံ့ဩစရာလည်း ကောင်းပါတယ်... သေချာ
ပြည့်စုံအောင် စုစည်းဖော်ပြပေးတာကို ကျေးဇူးအထူးပါဗျာ... အရောင်တွေနဲ့ ပတ်သတ်ပြီး ပြောစရာတွေ ရှိပါဦးမယ် ... အချိန်ရရင် ထပ်ပြီး ပြောပြပေးပါဦး ...
တဆက်တည်း တောင်းဆိုပါရစေဦး ... မြန်မာတွေရဲ့ အရောင်အခေါ်အဝေါ် အထူးအဆန်းတွေကိုလည်း အားမယ်ဆို ရေးပေးပါဦးဗျာ ... ဘာလို့လဲဆို ... မြင်းချေးရောင် ၊ အုတ်ခဲကျိုးရောင်၊
ရွှေဖလားရောင် .... စတာ...စတာတွေ က ဘယ်လိုဘယ်လိုပါလိမ့်လို့??? ... တစ်ချို့အရောင်တွေဆိုရင် ဘယ်လို ခေါ်ရမယ်မှန်းမသိတာမျိုးရှိသေးတယ်ဗျ ... အဲဒါကိုကျွမ်းကျင်တာကလည်း
မိန်းကလေးတွေပဲဆိုတော့ ဗိသုကာမလေးကိုပဲတောင်းဆိုလိုက်ပါတယ် ...
ကျနော်လည်း ဒီစာကို ဖတ်ပြီး တတ်နိုင်သမျှ အရောင်တွေ စပ်ကြည့်ပါဦးမယ် ... ဒီစာမှာ ဖတ်ရလို့ အရောင်မှာ ပူ၊ အေး၊ လင်း၊ မှောင် ရယ်လို့ ရှိတာသိရပြီဗျ .. အဲဒါတွေကို ရောစပ်ပြီး ...
ဥပမာ ... အခန်းတစ်ခန်းရဲ့ နံရံလေးဖက်မှာ တစ်ဖက်ကို တစ်မျိုးစီ သုတ်မယ်ဆိုပါတော့ ... တစ်ဖက်မှာ အပူရောင်၊ တစ်ဖက်မှာ အအေးရောင် ၊ ကျန်တဲ့ နှစ်ဖက်မှာ အလင်း ရောင်နဲ့ အမှောင်ရောင်ပေါ့ဗျာ...
ဒါဆို ဘယ်လိုဖြစ်မလဲလို့ ကတ်သီးကတ်သတ် စဉ်းစားမိတယ် ... ရူးနေတာဖြစ်မှာပေါ့လို့ မတွေးပါနဲ့ဗျာ ... စိတ်ကူးကြည့်တာပါ ... ခန်းလုံးပြည့် အနီရောင်သုတ်ထားတဲ့ အခန်းတစ်ခုထဲမှာ လူတစ်ယောက်ကို
ကြာကြာနေခိုင်းလိုက်ရင် ရူးသွားတတ်တယ်လို့လည်း ကြားဖူးတယ်ဗျ... ကျနော် ခုနေတဲ့ အခန်းမှာတော့ ဆင်စွယ်ရောင် တွေချည်းပဲဗျ ...လူကလွဲရင်ပေါ့ ... လူကတော့ မင်းသိင်္ခ ၀တ္ထုထဲကလို ပြောရရင်
ကြေးနီရောင် အသားနဲ့ ဗမာယောက်ျား ပေါ့ဗျာ ... ဟာ ..ဟ...
ကျနော့်လို အရောင်တွေကို စိတ်ဝင်စားတဲ့ သူတွေအတွက် ဒီ post က တော်တော် တန်ဖိုးရှိတယ် ... ကျေးဇူးအဖြူဆွတ်ဆွတ် တင်ပါတယ်ဗျာ ...
ဗိသုကာမလေးရဲ့ ကောင်းကင်က အရောင်တွေကို လည်း ကြိုးစားဖတ်ပြီး စိတ်ကူးပုံဖော်လိုက်ပါဦးမယ် ...