Sunday, November 04, 2007

ငယ်ငယ်တုန်းက...

မမ ချစ်လေပြေ က ငယ်ကျိုးငယ်နာတွေ ဖော်ခိုင်းနေတယ်…။
လေးမ ငယ်ငယ်တုန်းက အရမ်းလိမ္မာတာ …။ လေးမ ကို ရိုက်မယ့် တုတ်တွေက အိမ်ရဲ့ နေရာတိုင်းမှာ ရှိတယ် … ။ လေးမ အပြစ်လုပ်ရင် လုပ်တဲ့ နေရာမှာ ချက်ချင်း ရိုက်နိုင်အောင် အမေက စီစဉ်ထားတာ …။ လေးမ ကလည်း အမေလစ်တိုင်း တုတ်တွေကို ချိုးပြီး လွှင့်ပစ်နေကျ …။ ပထမတော့ ကြိမ်လုံး … နောက်တော့ ၀ါးခြမ်းပြား … ဘာမှ အလွယ်တကူမရှိရင် အမေ့ရဲ့ လက်ဝါးနဲ့  တွေ့ တာပဲ … ။ လေးမ အတွက် ဆိုရိုးစကားရှိတယ် …။ “ လေးမ အရိုက်မခံရသေးရင် နေမ၀င်ဘူးတဲ့ ” … ။ လေးမ အရိုက်မခံရတဲ့နေ့ ဆိုတာ တရက်မှ မရှိဘူး … ။
ပိုအသည်းယားစရာ ကောင်းတာက အမေက ရိုက်ရင်း “ ကြောက်ပြီလား … နောက်လုပ်ဦးမလား …” လို့မေးတိုင်း …“ တုတ်ကြောက်တယ်….တုတ်ကြောက်တယ်….” လို့  အော်ငိုတတ်တယ် …။ မခံချင်တဲ့ အမေက “ ငါ့ကိုကြောက်ပြီလား..လို့..” ထပ်မေးတဲ့ အခါတိုင်း ….“ တုတ်ကြောက်တယ်….” လို့ပဲ ပြောတတ်လို့ ခေါင်းမာတဲ့ ကလေးလို့ မှတ်ချက်ပေး ခံခဲ့ရတယ် ….။ (နာအောင်လုပ်တာ အမေ မဟုတ်ဘူး….တုတ်လို့ လှည့်တွေးတတ်တဲ့ ) ကိုးလိုးကန့်လန့် တွေးတတ်တဲ့ အတွေးတွေက အဲဒီကတည်းက အစပျိုးချင်နေပြီ ထင်ပါရဲ့ …။
လက်တွေ့ ကြုံမှ ယုံတတ်တဲ့ အကျင့်ဆိုးလေး ကလည်းရှိသေးတယ် …။ “မီးပူကိုမထိနဲ့  ပူတယ်နော်” ဆိုရင် လက်ညှိုးလေးနဲ့  အသာလေး တို့ကြည့်ဖြစ်အောင် တို့ကြည့် လိုက်သေးတယ် … ။ ဆော့တာကတော့ ကလေးသဘာဝ ဆော့ခဲ့တာ အစုံပဲ …။ ညီမ နှစ်ယောက်ဆိုတော့ ယောက်ျားလေးတွေ လိုတော့ စွန်လွှတ်…ဂေါ်လီလှိမ့် …မဆော့ခဲ့ရဘူး …။ ပိတောက်ပင်လေး တက်ရုံ … အပေါ်ထပ်ကနေ အောက်ထပ်ကို လက်ရန်းက လျှောဆင်းလာရုံလေး နဲ့ တောင် အဒေါ်တွေက လေးမ ကို မျောက်ရှုံးတယ်တဲ့ …။ မမလေပြေလို တူတူပုန်းတိုင်းတော့ သိပ်မကစားဖြစ်ဘူး …။ လေးမ ကစိတ်မရှည်ဘူး … အကြာကြီး ပုန်းနေရတာ … အကြာကြီး ရှာနေရတာကို စိတ်မရှည်ဘူး … ။ ပြေးတမ်း လိုက်တမ်း ကစားဖြစ်တာ များတယ်….။ ဘယ်တုန်းက စ ကစားလည်း ဆိုတော့ လေးဖက်တွားသွား ကတည်းက စကစားတာ … အစ်မ နောက်ကို လေးဖက်တွား လိုက်တာ … မေးစေ့မှာ ကြမ်းကြားညှပ်ပြီး ဟက်တက်ကွဲသွားတဲ့ သေရာပါ အမာရွတ်လေးနဲ့  … ။
လေးမ ငယ်ငယ်က ခဏခဏ စိတ်ကောက်တယ် … ( ခုလည်းကောက်တာပဲ… တချို့  ဘလော့ခ်ဂါ တွေကိုတောင် လေးမ ကောက်နေတာ…ဟီး…ဟီး ) လေးမရဲ့ ငယ်နာမည်တွေထဲမှာ “ကောက်ချိတ်” ဆိုတဲ့နာမည်လည်း ပါတယ်…။ တော်ပြီ… တော်ပြီ…ငယ်ငယ်တုန်းက အကြောင်းတွေ အကုန်ပြောလို့မဖြစ်ဘူး … ဘော်ဘော်တွေ အော့ကြောလန်ပြီး လေးမကို သူငယ်ချင်း မလုပ်ချင်တော့ရင် ဒုက္ခ ….။ ။

4 comments:

Chit Lay Pyay said...

လေးမရေ ရေးပေးတဲ့အတွက် ကျေးဇူးကမာ ပါရှင်၊ ပိုချစ်သွားပြီ။ တို့ဘော်ဘော်တွေကတော့ ဇော်တွေကြီးပဲ ဆော့တဲ့နေရာမှာ၊ စိတ်ကောက်တတ်တယ်တဲ့၊ တချို့ ဘလော့ဂ်ဂါတွေကို လေးမက ကောက်နေတာတဲ့၊ မလေပြေရော ကောက်နေတဲ့ ထဲမှာပါလားဟင်၊ ပါလောက်ဘူးထင်ပါတယ်နော်၊ ဟုတ်တယ်ဟုတ်၊၊ မလေပြေက လေးမစိတ်ကောက်အောင် ဘယ်တော့မှလုပ်ဖူးနော်နော်၊

Anonymous said...

ညီမ ကောက်ချိတ်လေးးးးးးးးးးးးးးး

အဟီးးးး

ပီကေ said...

လေးမက ဘာပဲဖြစ်ဖြစ် လက်တွေ့ကျကျမှ ယုံတယ်ဆိုလို့ လူတစ်ယောက်ကို သွားသတိရတယ်။ အဲဒီလူ ငယ်ငယ်က အမေ လူတွေက ချီးကို ဘာလို့ မစားတာလဲလို့ မေးပြီး သူ့လက်ညိုးနဲ့ သူပါထားတဲ့ ချီးပုံထဲကို ထိုးချလိုက်တယ်။ ပြီးတော့ သူ့ပါးစပ်ထဲ ထည့်ကြည့်ပြီး `ထွီး .. ခါးလိုက်တာ။ ဒါကြောင့် မစားကြတာကိုး´ လို့ ပြောသတဲ့လေ။ ကြိုပြောမယ်နော်။ အဲဒီလူက ပီကေ မဟုတ်ဘူး။ ဟဲဟဲ။

Layma said...

မလေပြေ...ကို ဘာလို့ ကောက်ရမှာလဲ...။ ကောက်ပါဘူး..။
မဂျစ် .... ကောက်လိုက်မှာနော်...။
ကိုပီကေ... ဟား.....အရမ်းညစ်ပတ်တယ်...။