Sunday, February 03, 2008

ဘ၀ လက်တွဲဖော် ( ၂ )

လေးမက သိပ်တော့ မကန့်သတ်ထားပါဘူး…။ ပါးပါးလေး ဘောင်ခတ်ကြည့်တာပါ…။

လက်တွဲဖော်ဖြစ်ရန် ကိုက်ညီရမည့် အချက်များ

အချစ်

၁။ သူက ကိုယ့်ကို ချစ်ရမည်…။

၂။ ကိုယ်က သူ့ ကို ချစ်ရမည် ( သို့မဟုတ်) ချစ်နိုင်ရမည်…။

အိမ်ထောင်ရေးရဲ့ အခြေခံ အုတ်မြစ် ဖြစ်တဲ့ အချစ်ကတော့ အရေးအကြီးဆုံးပဲ…။

ဘာသာနှင့် လူမျိုး

၃။ ဘာသာတူသူ ဖြစ်ရမည်…။ ( ဗုဒ္ဒ္ဓဘာသာ ဖြစ်ရမည်..)…။

၎။ မြန်မာလူမျိုး…မြန်မာ တိုင်းရင်းသား ဖြစ်ရမည်…။ အဖေက နိုင်ငံခြားသား ယူလို့ကတော့ အိမ်ရိပ်တောင် မနင်းနဲ့ … တဲ့…။ အဟင့်..ကြောက်တာပေါ့…။

အကျင့်စရိုက်

၅။ မိဘ လက်ခံကြည်ဖြူနိုင်သူဖြစ်ရမည်…။ မိဘနဲ့ ပေါင်းရမှာမှ မဟုတ်ဘဲလို့ တချို့ က ပြောကြပေမယ့် … လက်တွေ့မှာ မိဘ အသိုင်းအ၀ိုင်းနဲ့ အဆင်မပြေလို့ ကွဲကြရတဲ့ အိမ်ထောင်ရေးတွေလည်း ရှိနေပါတယ်…။ မိဘဆိုတာ သားသမီး ဒုက္ခဖြစ်မှာကို ဟန့်တားကြတာချည်းပဲ…။

၆။ ရိုင်းစိုင်း ကြမ်းကြုတ်သူ မဖြစ်ရ..။ လေးမ၏ မိဘ နှစ်ပါးကို ရိုသေသူဖြစ်ရမည်…။

အသောက်အစား

၇။ ဆေးလိပ်သောက်သူမဖြစ်ရ…။ (ဖေဖေ အပါအ၀င် လေးမတို့ တစ်အိမ်သားလုံး ဆေးလိပ်နံ့  မခံနိုင်သောကြောင့် )

၈။ မူးယစ်ဆေးသုံးသူ မဖြစ်ရ…။

မှတ်ချက်။ ။ အရက် ၊ လောင်းကစား နဲ့ မိန်းမရှုပ်မရှုပ်သည် လက်မထပ်မီ သေချာ သိနိုင်ရန် ခက်ခဲသောကြောင့် ထည့်သွင်း ဘောင်ခတ်ခြင်းမပြု..။ ဒီခေတ်ကြီးမှာ အရက်..ဘီယာက အလွန်အကျွံ မဟုတ်ရင် အန္တရာယ် မရှိတဲ့ အတွက် လက်ခံနိုင်ပါသည်…။ လောင်းကစားကတော့ သတင်းအတိအကျ စုံစမ်းဖို့ ခက်တယ်…။ ရည်းစားများတိုင်း မိန်းမ မရှုပ်သလို… ရည်းစားမထားဖူးတိုင်းလည်း…ရိုးသားလိမ့်မယ်လို့ ဘယ်သူ အာမ ခံနိုင်မလဲ…။ ဆေးလိပ်ကတော့ မသောက်ပါဘူးလို့ လိမ်လို့ကို မရဘူး…။ မသောက်တဲ့ အချိန်မှာတောင် အနံ့ က စွဲနေတတ်တာမျိုးဆိုတော့ ကိုယ် အကဲခတ်နိုင်တာ..သေချာ သိနိုင်တာကို ပဲ ထည့်သတ်မှတ်တယ်…။

အသက်

၉။ လေးမအသက်၏ ၅ နှစ်ထက် မပိုရ..။ အသက်အရွယ် ကွာရင်.. အတွေးအခေါ်..အယူအဆ..ဖြတ်သန်းခဲ့တဲ့ အတွေ့ အကြုံ မတူတဲ့ အတွက် ညှိနှိုင်းရ ခက်မှာ စိုးလို့…။ ( တကယ်တော့ ဒီအယူအဆက နည်းနည်းတော့ ကြောင် ပါတယ်..)။

လေးမအသက်၏ ၆ လ အောက် မငယ်ရ…။ မိသားစုမှာ အငယ်ဆုံးဘ၀နဲ့ ပျော်မွေ့  လာတဲ့ လေးမက ကိုယ့်ကို ဆိုးနွဲ့ နိုင်မယ့် လေးမထက် ငယ်တဲ့ သူကို မလိုချင်တာ သဘာဝကျပါတယ်…။ ပြီးတော့ မိန်းမတွေက ကျလွယ်တယ်လေ… … သံသယတွေနဲ့ စိုးရွ့ံနေရတာမျိုးကို တတ်နိုင်သမျှ နည်းချင်ခဲ့တယ်…။

အလုပ်

၁၀။ အလုပ်လက်မဲ့ မဖြစ်ရ…။

၁၁။ ဆရာဝန် မဖြစ်ရ…။ ဆရာဝန်များသည် လူနာအမျိုးသမီး.. သူနာပြု အမျိုးသမီး… လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများနှင့် အကျွမ်းတ၀င် တွေ့ ဆုံရန် အခွင့် အလမ်း အများဆုံး ဖြစ်သောကြောင့် အလွန် သ၀န်တိုတတ်သော လေးမနှင့် မဖြစ်ပါ ….. လို့ ထိုစဉ်က လွဲမှားစွာ တွေးခဲ့မိပါသည်…။

၁၂။ ဗိသုကာ မဖြစ်ရ…။ လေ့လာ ဆည်းပူးခဲ့သော ပညာရပ်ချင်း တူသောကြောင့် ဆရာလုပ်မည်.. ဟောက်မည်ကို အလိုမရှိသောကြောင့် လည်းကောင်း…၊ ဗိသုကာတို့၏ သဘာဝသည် တစ်ယောက်နဲ့ တစ်ယောက် အမြင်တူလေ့ မရှိခြင်းကြောင့် လည်းကောင်း …၊ အမျိုးသား ဗိသုကာတို့သည် အနည်းငယ် အတ္တကြီးခြင်းတို့ကြောင့် လည်းကောင်း ဗိသုကာကို လက်တွဲရန် စိတ်မကူးပါ …။

၁၃။ စစ်ဗိုလ်..စစ်သား…ရဲ…သူခိုး..ဒမြ…သူပုန်…လက်နက်ကိုင်ခြင်းဖြင့် ဘ၀ ရပ်တည်မှုပြုသောသူ မဖြစ်ရ…။ ဒါကတော့… သူတို့ရဲ့ အလုပ်တွေက အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ အလုပ်တွေ ဖြစ်လို့ အရမ်းစိတ်ပူတတ်တဲ့ လေးမ … နှလုံးရောဂါနဲ့ မြန်မြန် သေမှာ စိုးလို့ … ကိုယ့်ကိုယ်ကို ညှာတာ ထောက်ထားသော အားဖြင့် မရွေးချယ်ရခြင်း ဖြစ်ပါတယ်…။

နောက်ထပ် ဘာတွေ သတ်မှတ်ခဲ့မိလဲဆိုတာ ကြာပြီ ဆိုတော့ မမှတ်မိတော့ပါဘူး…။

အမေးအဖြေ

လေးမ ချစ်မိသွားတဲ့ သူဟာ ဒီအချက်တွေနဲ့ တစ်ခုမှမကိုက်ညီခဲ့ရင် ဘယ်လိုလုပ်မလဲ…။

ချစ်သူ အဖြစ်မခံပါဘူး…။ လေးမ အချစ်ကို သိခွင့်မပေးပါဘူး..။ အချစ်ကို မြေမြုပ်လိုက်မှာဖြစ်ပါတယ်…။

တစ်ချက်တစ်လေများမကိုက်ညီခဲ့ရင်…ရော…။

ညှိုနှိုင်းကြည့်မယ်…။

လေးမကို ကမ်းလှမ်းလာတဲ့ လူတွေထဲမှာ ဒီအချက်အားလုံးနဲ့ ကိုက်ညီတဲ့ သူမရှိဘူးဆိုရင်ရော…။

အပျိုကြီးပဲလုပ်မယ်…။

ဘ၀ကို တစ်ယောက်တည်း လျှောက်နိုင်တဲ့ အစွမ်းအစတွေ ရှိအောင် လေ့ကျင့်ထားပြီး .... တစ်ယောက်တည်း ရပ်တည်နိုင်စွမ်းရှိတဲ့ မိန်းမ တစ်ယောက်အတွက် … ရတာမလို…လိုတာမရလို့ ...ရရာ ဖမ်းဆွဲရတဲ့ ... အဖြစ်မျိုးဆိုတာ မရှိနိုင်ပါဘူး…။ စကားလုံးတွေက ချဉ်စရာ ဖြစ်နေမလား…မသိဘူး… ထိုစဉ်ကတော့ … ငယ်တုန်း..ရွယ်တုန်း…အောင်မြင်တုန်း..မာနတွေ တလူလူတက်နေတုန်း… အတ္တတွေ မိုးမွှန်နေတုန်းဆိုတော့ ယောက်ျားတစ်ယောက်ကို အားကိုးစရာ မလိုဘူး ဆိုတဲ့ ... အတွေးတွေနဲ့ ကြွေးကြော်ခဲ့တာပါ… ( ခုတော့ မရှိလို့မဖြစ်ဘူး … ကြောက်တယ်… အားငယ်တယ်… ဆိုတဲ့ စကားတွေ တွင်တွင်သုံးပြီး ပုဆိုးစ ဆွဲထားတာ… :P မိန်းမ မာယာ တဲ့ နော်… မှတ်ကြ..မှတ်ကြ… ) …။ ။

အပိုင်း ( ၃ )ဆက်ပါဦးမည်..။

11 comments:

Anonymous said...

အမှတ်စဉ် (၁၁) .... အခုရော လွဲမှားစွာ တွေးနေသေးလားဗျို့ :D

Anonymous said...

ကိုကောင်းကင် ကံကောင်းလိုက်တာ။ ဒီလောက် ဂျီးများတာ ဟားဟား :D

Anonymous said...

လေးမရေ ချာဝန်တွေ တင်းကုန်ပြီ :P

Anonymous said...

ရီလဲရီရ ပညာလဲ ရတယ် အမရေ။ ခုချိန်ကစပြီး ကျနော်တို့လဲ တွေးပလိုက်မဗျ။ အမလိုတော့ သိပ်ပြီး ဂျီးမများရဲဘူး။ ရတာလေးပဲ ဆွဲထားရမှာ :P

Anonymous said...

မလေးမရေ
သဲကတော့ နံပါတ်၁၁ နေရာကို မထောက်ခံဘူးဗျို့။ သဲဆိုရင်တော့ ဆရာဝန်ပဲ သဘောကျမှာ။ ဟီးးး

ဒါဆိုရင်တော့ ဟိုအစ်ကိုက တော်တော် တော်တယ် ပြောရမယ် ထင်တယ်။ ဒီအချက်တွေ အားလုံး ပြည့်သွားတယ် ပေါ့ ဟုတ်လား။

လေးစားစွာဖြင့်
မေပျို

Anonymous said...

ကိုကောင်းကင်ကြီး ကံကောင်းကြောင်း ကြွားကြည့်တာပေါ့လေ .. :D ဟုတ်လား မလေးမ..

Anonymous said...

လောကမှာ ဘ၀နဲ့ဆန္ဒ တထပ်တည်းကျတဲ့ သူက လက်ချိုးရေလို့ ရပါတယ်လို့ ပြောရင် ဒဿန ဆန်သွား မလားပဲ။ သေချာပါတယ် တချို့အချက်တွေကတော့ မြန်မာအမျိုးသမီးတွေလိုက်နာရမဲ့ အချက်တွေပေါ့။ ၁၊၂၊၃၊၄၊၈၊၆
အချက်တွေက တော့ လိုက်ကိုလိုက်နာရမဲ့ စည်းမျဉ်းတွေပဲ။
ဒီအချက်တွေအားလုံးနဲ့ ပြည့်စုံတဲ့လေးမ.. ကံကောင်းတာပေါ့နော်။

Anonymous said...

ဒုတိယအကြိမ်မြောက် comment လာပေးခြင်း.. အဟမ်း.. :)

လေးမပြောထားတာတွေကို အမလက်ခံပါတယ်။ မိန်းကလေးတွေက ကိုယ့်အိမ်ထောင်ဘက်အတွက် ထောင့်စေ့အောင်စဉ်းစားတာ မမှားပါဘူး လေးမရယ်.. လေးမပြောထားတဲ့ အချက်တော်တော်များများက အမစိတ်ကူးနဲ့ ကိုက်ညီတယ်.. ဒါပေမယ့်.. အမက နံပါတ် ၁၁၊ ၁၂ ကိုတော့ ထည့်မစဉ်းစားထားဘူး..:P

Anonymous said...

မမ..ပါးပါးလေးဘောင်ခတ်ကြည့်တာတော်တော်ပြည့်စုံနေပြီးနော်..မှတ်သားစရာတွေကိုအလွတ်ကျက်ထားလိုက်ပြီမမရေ..... :D

Anonymous said...

မမလေး..

တားတို့ရော.. အဲ့လိုမျိုး သက်မှက်ထားလို့ ရလားဗျ.. :D

Anonymous said...

အင်း ဂလိုဆိုရင်တော့ ၁၃ လေးကို ကျန်တဲ့သူတွေ စိတ်မ၀င်စားစေနဲ့လို့ ဆုတောင်းရမှာပဲ ဟတ်ဟတ်