Saturday, February 23, 2008

ပြတင်းပေါက်


ဒီနေရာမှာ အစက ပြတင်းပေါက်မရှိခဲ့ပါ …။


ဒီဇိုင်းဆွဲသည့် ဗိသုကာက ပြတင်းပေါက် ထည့်ဆွဲဖို့မေ့ခဲ့တာလား… တမင် ချန်ထားခဲ့တာလား… မသေချာပါ…။



သူ့အတွက်တော့ ဒီနံရံပိတ်ကြီးကို မြင်နေရတာ ပိတ်လှောင် မွန်းကျပ်လွန်းလှသည်…။ နံရံပိတ်ကြီးကြောင့် သီးခြားကမ္ဘာတစ်ခုကို ရောက်နေသလို ခံစားရသည်….။ ချစ်သော ကမ္ဘာလောကကြီးရဲ့ ရင်သွေးတွေနဲ့ စည်းခြားနေသလို ခံစားရသည်….။ နံရံပိတ်ကြီးကြောင့် … သူ..ပို အထီးကျန်သွားသည်…။



သူတောင့်တလွန်း၍ ထင်သည်…။ နံရံပေါ်မှာ ပြတင်းပေါက် တစ်ပေါက် ... ရောက်လာသည်…။ ထိုပြတင်းပေါက်သည် ... ဖွင့် မရသော ပြတင်းပေါက် ဖြစ်ပုံရသည်…။ သူမက ထိုပြတင်းပေါက်ကို ဘယ်တော့မှ မဖွင့်ပါ…။ ဘာပဲဖြစ်ဖြစ် အထီးကျန်နေတဲ့ သူ့အတွက်တော့ ပြတင်းပေါက်တစ်ပေါက်ရှိနေခြင်းက အဓိပါယ်ရှိစေသည်…။ မြင်ကွင်းတွေကို မြင်နိုင်သည်လေ…။ ပြတင်းပေါက်က တဆင့် မြင်ရတဲ့ မြင်ကွင်းတွေက သူမျှော်လင့်ထားတဲ့ … လိပ်ပြာလေးတွေ..ပန်းလေးတွေ… စမ်းချောင်းလေးတွေ မဟုတ်ဘဲ ... ထမင်းဆာနေသော ကလေးငယ်များ … ငိုကြွေးနေသော ဇနီးသည်များ … ရုန်းကန် လှုပ်ရှားနေသော ခြေထောက်များ … မညီမညာ ချိုင့်ခွက်တွေပေါ်မှာ ပြေးလွှားနေကြသော ခွေးလေခွေးလွှင့်များ ဖြစ်နေကြသည်…။ သို့သော် သူအရင်ကလောက် အထီးမကျန်တော့ပါ … မြင်ကွင်းတွေက တနေ့တစ်မျိုး မရိုးရအောင် စိတ်ဝင်စားစရာကောင်းလှသည်…။ အရောင်ပြောင်းနေတဲ့ လူတွေရဲ့ မျက်နှာတွေကို စိမ်ပြေနပြေ ထိုင်ကြည့်ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားသည်…။ ပြတင်းပေါက်က တဆင့် မြင်ကွင်းတွေကိုကြည့်နေရင်း သူ နောက်တဆင့် တပ်ချင်လာပြန်သည်…။ ပြတင်းပေါက်ကို ဖွင့်လို့ရရင် သိပ်ကောင်းမှာပဲ …။ ဖွင့်ကြည့်ချင်လိုက်တာ…။ ဖွင့်လိုက်ရင် အသံတွေကြားရမှာ…။ မြင်ကွင်းတွေက ပိုပြီး အသက်ဝင် လာမှာပဲလို့ အခါခါတွေးမိပြန်သည်…။



သူ့လိုလားချက်တွေကို သိနေသည့်အလား… သူမက ပြတင်းပေါက်ကို ဖွင့်လို့ရအောင် လုပ်လိုက်သည်…။ သူ့အတွက် ပြတင်းပေါက်တွေ ဖွင့်ပေးလိုက်သည်….။ သူ … ၀မ်းသာ အားရ… ပစ်စလတ်ခတ် အားပါးတရ… အသက်ရှူသွင်းလိုက်တယ်… လေအစစ်ကို သူရှူကြည့်ချင်တာကြာပြီလေ….။ ဖူး……ဘာနံ့ကြီးလဲ….ပုပ်အဲ့အဲ့ မြောင်းပုပ်နံ့က သူ့ အသက်ရှူ လမ်းကြောင်းထဲ တိုးဝင်လာသည် …. ။ လမ်းဘေး အကင်ဆိုင်လေးရဲ့ ညော်နံ့ကလည်း မြောင်းပုပ်နံ့ကို အံတုရင်း နှာခေါင်းထဲ တိုး ၀င်လာပြန်သည်…။ သူ… ၀မ်းနည်းသွားသည်…။ လေပြေလေးက သူမျှော်လင့်ထားတဲ့ မွှေးရနံ့တွေ ကို သယ်မလာခဲ့…။ ပုပ်သိုးတဲ့ အနံ့တွေနဲ့ ရုပ်ဆိုးတဲ့ အသံတွေကို သယ်ဆောင်လာခဲ့သည်…။ အလို … လေပြေ တစ်ချက်အဝှေ့မှာ သူ့မျက်လုံးတွေ ကျိန်းစပ်သွားပြန်သည်… လေငြိမ်သွားတော့ သူ့ကိုယ်ပေါ်မှာ ဖုန်အလိမ်းလိမ်း ကပ်ကျန်နေခဲ့သည်…။



သူ…တွေးခဲ့မိတယ်….


ပြတင်းပေါက်သာရှိခဲ့ရင်…


အမြင်ကျယ်လာမယ်… ငှက်ကလေးတွေရဲ့ တေးဆိုသံကို ကြားခွင့်ရမယ်….


လေပြေလေညှင်း..ပန်းရနံ့လေးတွေက သူ့နှာဖျားကို ထိခတ်ကျီစယ်ကြလိမ့်မယ်….


လောကကြီးရဲ့ ရင်သွေးလေးတွေကို နှုတ်ဆက်ကျီစယ်ရင်း နေလုံးကြီး ထွက်လာတာ..၀င်သွားတာကို အရသာခံနိုင်လိမ့်မယ်… မိုးစက်ကလေးဆော့ကစားပြီး သက်တန့်လေးတွေ ကကြိုးဆင်ကြတာကိုလည်း တွေ့ရလိမ့်မယ်….လို့….။



သူ မတွေးခဲ့မိဘူး…


ပြတင်းပေါက်သာရှိခဲ့ရင်…


ဖုန်ဝင်လာမယ်…. အနံ့ဆိုးတွေ .. ညော်နံ့တွေ ၀င်လာမယ်… အကျည်းတန်မြင်ကွင်းတွေ … ကွဲအက် ဆူပွက်နေတဲ့ အသံတွေလည်း ၀င်လာနိုင်တယ်…ဆိုတာကို….။



ဒါပေမယ့် ပြတင်းပေါက်ကို အုတ်သားတွေနဲ့ ပြန်ပိတ်ပြီး နံရံပိတ်ကြီးတစ်ခု ဘယ်တော့မှ ပြန်မဖြစ်စေချင်ဘူး…


ဖုန်တက်ရင် ဖုန်သုတ်မယ်… အကျည်းတန်မြင်ကွင်းတွေကို စာနာပေးနိုင်အောင်… ကျင့်သားရအောင် ကြိုးစားမယ်….။ မကြားချင်တဲ့ အသံတွေအတွက် နားပိတ်ထားမယ်…။ အနံ့ဆိုးတွေ ၀င်လာတဲ့ခဏ အသက်အောင့်ထားလိုက်မယ်….။


တကယ်ပါ… ပြတင်းပေါက်တစ်ပေါက်ရှိနေတာကိုပဲ လိုချင်ပါတယ်…။ ။



အရုပ်စင်ပေါ်က အရုပ်ကလေး တစ်ရုပ်အတွက် ပြတင်းပေါက်တစ်ပေါက် ရှိနေခြင်းဟာ အထီးကျန်မှုရဲ့ လွတ်မြောက်ရာပါပဲ…။ ။

14 comments:

Anonymous said...

ပြတင်းပေါက်တစ်ပေါက် ရှိနေခြင်းဟာ အထီးကျန်မှုရဲ့ လွတ်မြောက်ရာပါပဲ…
ပုံပြင်လေးကို သေချာခံစားသွားပါတယ် ကြွက်ပုံပြင်လေးလိုပဲ အရမ်းကြိုက်တယ် အတွေးအရေးတွေကတော့ လန်းတယ်ဗျို....
လေးစားပါတယ် ဂိုဏ်ချုပ်ကြီးးးးးးးးးးးးးး

Anonymous said...

ပြတင်းပေါက်.ကိုဖတ်သွားတယ်စိတ်ဝင်စားစွာဖတ်သွားတယ်နော်မမ..လဲအဆင်ပြေပါစေနော်...

Anonymous said...

အမကြီးရေ ကြွက်ပုံပြင်၊ စက်ရုပ်ပုံပြင်တို့လိုပါပဲ။
တွေးစရာပါသလို ဖတ်လို့လည်း တအားကောင်းပါတယ်။
အမယ်မောင်မျိုးကြီးက ဦးဦးဖျားဖျားကွန့်မန့်ပွတ်သွားတယ် ကောင်းလေစွ ကောင်းလေစွ :) ဒီကောင်လေးအခုတလောလိမ်မာနေပီ :P ပျော်ရွှင်ချမ်းမြေ့ပါစေ :)

Anonymous said...

မလေးမ ရေ .လာဖတ်သွားတယ်နော်..ကောင်းတယ်.ပြတင်းပေါက်လေး က..

Anonymous said...

စိတ်ဝင်စားစရာ ကောင်းစွာ ရေးထားတာလေးကို
စိတ်ဝင်စားစွာ ဖတ်သွားပါတယ် အမလေးမ
ပျော်ရွှင်ပါစေ :D

Anonymous said...

cool !!!
but .... something ...
i feel it .
nice point of view .
....................
thanks .

Anonymous said...

ပြတင်းပေါက်က ကျဉ်းတယ်. တံခါးပေါက်လုပ်ပေး... အဟင့်... ၀ါး......

စတာပါ လေးမရေ.... အရေးအသားတွေရော အတွေးအခေါ်တွေရော လန်းတယ်. အားပေးနေတယ်ဗျာ...

Anonymous said...

Hello my sister,

I have many windows to see outer world.But now all of my windows are closed.How can I see outer world?
Come and open my window just one
please.

Anonymous said...

ဟောဒီက ပြတင်းပေါက်
ဘာမှလဲမဆိုင်ဘူး
ဆိုင်မလား ရွှီးကြည့်တာ ချစ်မရ
ဖတ်လို့ကောင်းတယ် ချစ်မ
ဆက်လုပ်ဆက်လုပ်
အဟဲ အကြီးကိုလျှောက်ပြောပြန်ပီ
ချိတ်ချိုးနဲ့နော် ချစ်မမ အာာာာာာာာဘွားးးးးးးးးး

နောက်ထပ်နောက်ထပ်သော ချစ်မရဲ့ စာတွေကိုစောင့်ဖတ်နေလျက်ပါ

Anonymous said...

မျက်လုံးကို ဖွင့်၍
စိတ်ကိုဖွင့်၍
ပြတင်းပေါက်ကို ဖွင့်ဖတ်သွားပါတယ်ခင်ဗျာ ။
............. .............. ............ ................ ..............
မည်သို့ပင်ဖြစ်စေ ပြတင်းပေါက်ရှိနေခြင်းသည် ကောင်း၏ ။ :)
မိမိအတွက်သော်လည်းကောင်း ၊ တခြားသောသူများအတွက်သော်လည်းကောင်း
အသစ်အသစ်သော ပြတင်းပေါက်များ ဖွင့်လှစ်ပေးနိုင်ပါစေ ။
အရေးအသားပုံစံ သစ်သလိုပဲ ။ အရင်ရေးပုံတွေနဲ့ နည်းနည်းကွဲမယ်ထင်တယ် ။
မိုက်တယ် ။ ကျေးဇူး

Anonymous said...

ငါ့အမကတော့ လုပ်လိုက်ပြန်ပြီ။ လိုက်လို့ကို မမှီတော့ဘူးနော်။ ကျနောကတော့ ပြတင်းပေါက်က အကင်နံ့ရရင် စိတ်တိုတယ်။ စားချင်ရက်နဲ့ ဝယ်စရာ ပိုက်ပိုက် မရှိလို့ :D

Anonymous said...

ပြူတင်းပေါက်တဲ့လား အိမ်ပေါ်က အမေမသိအောင် ခုန်ချတာလေ ... ညအပြင်ခိုးထွက်ရင် ဟတ်ဟတ်
ကောင်းတယ် အစ်မလေးမရေ ...။

Anonymous said...

“စီးကရက်ကိုကြိုက်တတ်ရင်... စီးကရက်မီးခိုးမျက်စိထဲ... ၀င်တာလောက်တော့ ..ခံနိုင်ရည် ..ရှိပါတယ်...ပြတင်းပေါက်ကိုကြိုက်တတ်ရင်....” ဟီး..ဟီး..ဂျေမောင်မောင်သီချင်းဟဲကြည့်တာပါ။

Anonymous said...

>မောင်မျိုး..သေချာ ခံစား..မဖိတ်စေနဲ့နော်...။

>စိုးမိုးလေး.. စိတ်ဝင်စားပြီး ပြတင်းပေါက်က ခုန်ချချင်စိတ်ပေါက် သွားဦးမယ်..။

>ညိမ်းညိုရေ..ဟုတ်တယ်..တွေးစရာတွေ အစာသွပ်ထားတယ်..ကျေးဇူး..။

>နွေကဗျာ... ကျေးဇူးပါ ညီမရေ..။

>တင့်ထူး.. စိတ်ဝင်တစား ကျေးဇူးတင်တယ်.။

> မင်းထင်... But...what but..? ..what do u feel it ? he..he..thanks.

>ကိုရန် ... တိတ်..တိတ်.. တံခါးဖောက်ပေးမယ်..။

>sparrow... I wanna open all the openings but I can't... But they will open one day..one..day...

>chaos ... ပြတင်းပေါက်သည် လာပါဦး..။

>ဂျယ်ရီ ... မျက်လုံးကို ပိတ်
စိတ်ကို ပိတ်
ပြတင်းပေါက်ကို ပိတ်..တိတ်တိတ်အိပ်..။ ပြတင်းပေါက်ရှိနေခြင်းကြောင့် သော့ကျန်ခဲ့လျှင် ကျော်ဝင်နိုင်သည်..။
…………. …ကျေးဇူး..ရေးနည်းတွေကတော့ မူသေမရှိဘူး...အစုံသုတ်ပဲ..။

>ကျန်စစ် ... အကင်ပူပူနွေးနွေး မွှေး၂ လေးတွေ ရမယ်...။ အရသာရှိလိုက်တာ..။ ရှလွတ်..ရှလွတ်

>မျှားပြာ .. အကျင့်ဟောင်းတွေ ပေါ်ပြီ..။

>မတူးတူး ... သီချင်းဆိုပြတယ်ပေါ့..ကပြဦး..။