Sunday, February 10, 2008

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ

ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။


စုဖုရား ဒိုင်ယာရီ


( ၁ )


အဲဒီနေ့ က စုဖုရား … လူပျိုတော် ယောင်ဆောင်ပြီး မြောက် ဥယျာဉ်တော်မှာရှိတဲ့ မင်းသားတွေ နေတဲ့ အဆောင်ကို ကူးသွားခဲ့တယ်…။ စူးစမ်းချင်တဲ့ အရွယ်ပေကိုး…။ ထီးဆောင်းမင်း တစ်ပါးရဲ့ သမီးတော်တစ်ပါး အနေနဲ့ သင့်၏..မသင့်၏ ကိုလည်း စဉ်းစားမနေပါဘူး…။ လုပ်ချင်တာကို လုပ်လိုက်ရမှ စုဖုရားတို့ က ကျေနပ်တာ…။ “ သာဂရ ကိုယ်တော်လေး ဘယ်မှာလဲလို့…” မေးတာကို အူကြောင်ကြောင် ပြန် ကြည့်တဲ့ သီပေါမင်းသားကိုတောင် ထိပ်ခေါက်ခဲ့ သေးတယ်…။


(၂)


စုဖုရားတို့ နန်းတက်တဲ့ အချိန်မှာ မောင်မောင်က အသက် ၂၀၊ စုဖုရားက ၁၉ နှစ်…။ လောကကြီး အကြောင်း … ကိုယ့်တိုင်းပြည် အကြောင်းကို မပြောနဲ့ … ကိုယ့်နန်းတော် အကြောင်းကိုတောင် စေ့စေ့ငင မသိတဲ့ အရွယ်…။ ဒါပေမယ့် ဘာဖြစ်လဲ… တိုင်းပြည်ကို စုဖုရား အုပ်ချုပ်နိုင်ပါတယ် … မောင်မောင် သီပေါက အစအစ အရာရာ “စုဖုရားသဘော… စုဖုရားသဘော…” ဆိုပြီး အာဏာ အပြည့် ပေးထားတာလေ…။ “ သတ်စေ… ထောင်သွင်း အကျဉ်းချစေ…” လို့ အမိန့် ပေးရတာ စုဖုရားအတွက် သမ်းဝေရတာ လောက်တောင် မပင်ပန်းပါဘူး..။ အကြိုက်ဆောင်တဲ့ သူကိုလည်း “ဆုတော် ပေးသနားစေ ..” လို့ပြောရတာ … ဘာများခက်လို့လဲ… ကိုယ်ပေးရတာမှ မဟုတ်ဘဲ… ဘဏ္ဍာတိုက်က ပေးရတဲ့ ကိစ္စ…။


( ၃ )


၁၈၇၉ ဖေဖော်ဝါရီ ၁၅ ရက်


ဟင်း..ဟင်း..ဟင်း… အရည်အချင်း ရှိပါတယ်ဆိုတဲ့ ... မဟာဆီမဟာသွေး ပြည့်ဝလှတဲ့ မင်းညီမင်းသားတွေ … သီပေါ နဲ့ စုဖုရား ရဲ့ အာဏာစက် အောက်မှာ ဘာတတ်နိုင်ကြသေးလဲ… ကဲ … သေကြပေတော့ ….သတ်စေ…။ မသတ်လို့မဖြစ်ဘူးလေ … ဒင်းတို့ရှိနေရင် စုဖုရားတို့ ရာဇပလ္လင် မှာ … ဘယ်ကြာကြာ မြဲနိုင်ပါ့မလဲ….။


လူသတ်ပွဲကြီး ကျင်းပနေတဲ့ ၃ ရက်မှာ .. နေပြည်တော်တခွင် ပွဲလမ်းသဘင် ကျင်းပခိုင်းပြီး … မင်းနှစ်ပါးကိုယ်တိုင် ပွဲသဘင် ရှုစားနေလိုက်တယ်…။ ကဲ… စုဖုရားက မပိုင်ပေဘူးလား…။ နောင်တစ်ချိန် … ဒီကိစ္စ ဖြစ်သွားတာ စုဖုရားတို့ မသိလိုက်ပါဘူးလို့ … ဆင်ခြေပေးလို့ရအောငစီမံထားလိုက်တာ … လေ။ နောက်တစ်ချက်က မင်းတုန်းမင်းကြီးရဲ့ ရင်သွေးတော်တွေနဲ့ ဆွေတော်မျိုးတော် ၄၀ ကျော် ၈၀ နီးပါးကို သတ်စေလို့ … စက်ရာဆောင်မှာ အိပ်မပျော်နိုင်အောင် သွေးလန့် နေမယ့် မောင်တော်ကို ပွဲသဘင် ရှုစားခိုင်းထားတာ အကောင်းဆုံးပဲ မဟုတ်လား…။


(၄)


… မျက်နှာဖြူ သံအမတ် မစ္စတာရှောက မင်းသားတွေ သုတ်သင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြစ်တင် ကန့်ကွက်တဲ့ စာ ပို့တယ်..ဆိုပါလား…။ ဒါပေမယ့် ဒီပြသနာကို စုဖုရားကိုယ်တိုင် မဖြေရှင်းရပါဘူး..။ ကင်းဝန်က ခပ်မာမာလေး.. တုံ့ ပြန်လိုက်တယ်…။ ဘယ်လို တုံ့ပြန်လိုက် သလဲ ဆိုတာတော့ မှတ်တမ်း မှတ်ရာတွေမှာ ရေးထားတယ်…။


 


ဆက်ပါဦးမည်…။


မှတ်ချက် ။ လေးမသည် သမိုင်း ပညာရှင် မဟုတ်သလို … သမိုင်းလေ့လာသူတစ်ဦးလည်း မဟုတ်ပါ…။ သမိုင်းကို စိတ်ဝင်စားသူ … တစ်ဦးသာဖြစ်ပါသည်….။ ဤပို့စ်ကို ရေးရန် တက္ကသိုလ် စိန်တင် ရေးသော ဧကရီ မဖုရား နှင့် ဒေါက်တာမတင်ဝင်း ( ပညာရေး တက္က သိုလ် ) ရေးသော “ မင်းယောက်ျား မင်းမိန်းမများ ” စာအုပ် နှစ်အုပ်ကို ဖတ်ရှုကိုးကားပါသည်…(မှန်နန်းရာဇ၀င် ကို ကိုးကားသင့်ပါသော်လည်း… စာအုပ် ရှာရမှာ ပျင်းလို့ပါ )..။ သမိုင်းဆိုင်ရာ အချက်အလက်များ လွဲချော်ခဲ့သော် နားလည်ခွင့်လွတ်စေချင်ပါသည်….။ သမိုင်းကို မြင်သော အမြင်မှားယွင်းခဲ့သော် လူတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်တာ သဘာဝပါ..လို့ နားလည်လိုက်ပါ…။

14 comments:

Anonymous said...

လေးမရေ ဒီလို သမိုင်း အကြောင်းလေး မရေးတာ ကြာပေါ့၊ အမက တော့ သမိုင်းတွေ စိတ်ဝင်စားတယ်၊ ဒီလို စာမျိုး များများ ရေးပါ၊ အားပေးနေပါတယ်၊ ပြီးရင် လေးမရဲ့ ဥဒါန်း လိုမျိုးပါ ဖတ်ချင်တယ် အချိန်ရရင် ရေးအုံးနော်၊ လေးမဥဒါန်း၊ ဖီလင် ၂၈ တို့ ဘာတို့ပေါ့၊ စောင့်မျှော် အားပေး နေတယ်နော်၊

Anonymous said...

အမရေ ပို့စ်လေးရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကို သမိုင်းနဲ့ ပြထားတာပါလား။ ကောင်းတယ် အမရေ။

Anonymous said...

လေးမရေးပြထားတော့မှပဲ သမိုင်းအကြောင်းကိုသေချာ ဖတ်မိတယ်..

အရာရာ လက်ညိုးညွှန်ရာ ရေဖြစ်နေတဲ့ အချိန်ပေကိုး..

အခုချိန်မှာ ဖတ်ရတော့ မှားတယ် မှန်တယ်လို့ပြောလို့မရပေမယ့် လူတွေကို လွယ်လွယ်သတ်တာ ဖတ်မိတော့ စိတ်မကောင်းဘူး..

Anonymous said...

လေဒမရေ.. ဂျာနယ်ကျော်မမလေးရဲ့ စာဆိုတော်ဝတ္တုကိုရှာဖတ်..ပီးတော့ ဒိုင်းခင်ခင် အကြောင်းပါထည့်နော်..လေးမရဲ့ တင်ပြချက်ကို
စောင့်မျှော်နေတယ်...

Anonymous said...

ဆောရီးနော်..လေးမလို့ရေးတာ...ဟီးဟီး

Anonymous said...

စုဖုရားကြီးနေရာမှာ စုဖုရားလတ်ပါတူတူဝင်ပီး ဘိသိက်ခံတာလေးပါ...လေးမရှုထောင့်က ထည့်ပေးပါ..ဗျို့
ဆရာကို ဆရာတတ်တာ..
ရာဇ၀င်စာအုပိတွေကိုလွမ်းတယ်....
လေးမရေ... ကျေးဇူးပါပဲ...

Anonymous said...

ဒါမျိုးလေးတွေ ပြန်မှရေးပါ့မလားလို့ စောင့်နေရတာ ကြာတယ်ဗျို့  ...။

Anonymous said...

မမ..စိတ်ဝင်စားစရာကောင်းတယ်....ရာဇဝင်ထဲကစုဖုရားလတ်..အကြောင်းကိုဆက်ရေးနော်မျှော်နေမယ်..အဆင်ပြေပါစေနော်....

Anonymous said...

ဒီပို့စ်လေးတွေကြောင့် အစ်မကို စွဲသွားတာ။ (ဘလော့ဂ်ကို ပြောပါတယ်။) :)

Anonymous said...

လေးမကွ

အားပေးနေမယ်...

ပြီးရင် လေးမရဲ့ ဒိုင်ယာရီ ရေးဦးနော့

ကောင်းကင်တစ်ခုအကြောင်းပေါ့
ဟတ်ဟတ်

Anonymous said...

စိတ်ဝင်စားဖို့ ကောင်းတယ် အရင်ကပို့ စ်တွေက ဘလော့နဲ့ မရှင်းနှီးသေးတော့ မဖတ်ခဲ့ရဖူးထင်တယ် အခုလိုမျိုးလေးတွေဖတ်ရတာ အရမ်းကောင်းတယ်ဗျ....
ကျေးဇူး
ဆက်ရန်ကိုမျှော်နေပါတယ်

Anonymous said...

ကောင်းတယ် မမလေးရေ...
ရေးပါ... အားပေးတယ်ဗျို့...
ကျွန်တော်မသိတဲ့ အချက်တွေ အများကြီးဗျ...

Anonymous said...

>မမလေပြေ ... လေပြေဥဒါန်းကို အရင်ရေးပါဗျို့...ဖတ်ချင်ပါတယ်ဗျို့...။

>ကျန်စစ်ရေ.. သမိုင်းအကြောင်းလေး နည်းနည်း မျှတာ...။ ကျေးဇူး..။

>မနုစံ ... ဟုတ်တယ်..မရယ်.. အဲဒီ လူသတ်ပွဲကို ကြက်သီးထမိတယ်...။

>မမသမုဒယ...စာဆိုတော်ကို မဖတ်ဖူးဘူး..မမ... စာအုပ်ဆိုင်ရောက်ရင် ၇ှာဦးမယ်..။

>မျှားပြာ ... လှိုင်ထိပ်ခေါင်တင်တုန်းက အားပေးထားတာမှတ်မိပါတယ်...။ စောင့်နေတယ်လား.. မသိလို့ပါ..အားနာလိုက်တာ..။

>စိုးမိုးလေး..စိတ်ဝင်စားတယ်ဆိုလို့ ၀မ်းသာမိတယ်..။

>သဉ္ဖာ ... ဒီကလေးမ ဒါလေးနဲ့ ဆွယ်မှ ရောက်ရောက်လာတယ်နော...။

>ကိုရန် ... လူပျိုကြီးတွေ ကြိတ်ပြီး အားကျ .. အားငယ် ဖြစ်မှာ စိုးလို့ ... မရေးသေးတာ...။

>မောင်မျိုး... စိတ်ဝင်စားတယ်ဆို မျက်စိကိုက်..လက်ညောင်းရကျိုး နပ်ပြီ..။

>ကိုသန့် .. လေးမ သမိုင်းသင်မယ်... သမိုင်းကို ဒီပုံစံ သင်မယ်... ဆယ်တန်း ပြန်ဖြေမလား...။

Anonymous said...

သမိုင်းမသင်ချင်တဲ့ လူတွေတောင် မှန်နန်းရာဇဝင်ပြန်လှန်ချင်စိတ်ပေါက်သွားလောက်အောင်ကောင်းတယ်