Sunday, February 17, 2008

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၃ )

ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။


( ၁၀ )


ဘုံဘေဘားမား သစ်ကုမ္ပဏီ ကိစ္စနဲ့ ပတ်သက်ပြီး မျက်နှာဖြူ အစိုးရက ရာဇသံ ပို့လာတယ်…။ ကင်းဝန်မင်းကြီးက ပြေပြေလည်လည် ညှိနှိုင်းဖို့ မင်းတရား ကို လျှောက်တယ်…။ “ ဟဲ့..အပျိုတော်တွေ ဖိုးဖိုး ကင်းဝန်ကို ထမီတစ်ထည်နဲ့ ယပ်တောင် တစ်ချောင်း ရှာ ပေးလိုက်စမ်း…” လို့ ပြောပြီး စုဖုရားက စစ်ကြေငြာစေခဲ့တယ်…။ မြန်မာ့သွေး ...ရဲကြောင်းပြရမယ်လေ…။ မြန်မာတပ်မတော် တပ်မှူးတွေကို စုဖုရားကိုယ်တိုင် တွေ့ ဆုံ အားပေးပြီး စေလွှတ်လိုက်တယ်…။


( ၁၁ )


စစ်ပွဲတိုင်းနိုင်သတဲ့…။ တကယ်တော့ … မင်း နဲ့ မိဖုရားကို ညာထားကြတာလေ…ဖုန်းကွယ်ထားကြတာ….အမျက်တော်ရှမှာ စိုးလို့… ၀ိုင်းလိမ်ထားကြတာ… ။ အချိန်နှောင်းမှ သိခဲ့ပါပေါ့လား…. ကိုယ်ကျိုးတော့ နည်းရှာပြီ… အင်္ဂလိပ်တပ်တွေ နေပြည်တော်ကို အလုံးအရင်းနဲ့ ချီတက်လာလေပြီ….။


( ၁၂ )


နန်းမြင့်မျှော်စင်ပေါ်က မြင်ရတဲ့ မြင်ကွင်းကြောင့် အရှင်လတ်လတ် မီးမြိုက်ခံရသလို ခံစားလိုက်ရတယ်…။ စစ်သဘောင်္တွေ နဲ့ ကုလားဖြူစစ်တပ်ကြီး ချီတက်လာလေပြီ…။ ဆုံးပါပြီ…တိုင်းပြည်တော့ ဆုံးပါပြီ…။ ရှိုက်ကြီးတငင် ငိုယိုနေရာက စုဖုရား သတိဝင်လာတယ်…။ တိုင်းပြည် နဲ့ လူမျိုးအတွက် စုဖုရား နောက်ဆုံး အားထုတ်လိုက်တယ်…


“ အပျိုတော်တွေ..သွားကြ..အမြန်သွားကြ…ညည်းတို့ကို ကုလားဖြူတွေ စော်ကားတာ ငါမမြင်ပါရစေနဲ့  … နန်းတော်ထဲက အမြန်ထွက်သွားကြတော့ … ငါ့အပါးမှာ ခစားစရာမလိုတော့ဘူး…” …။


( ၁၃ )



၁၈၈၅ နိုဝင်ဘာ ၂၉
ရတနာပုံ နေပြည်တော်ကနေ ခွာခဲ့ရပြီ…။ တပြည်တရွာကို နန်းကျ ဘုရင်နဲ့ မိဖုရား အဖြစ် ခေါ်ဆောင်ခံရလေပြီ…။ ဂေါဝန်ဆိပ်ကို သွားတဲ့ လမ်းတဖက်တချက်မှာ ပြည်သူပြည်သားတွေက အပြည့်…..။ သူတို့ကို ၇ နှစ်တာ အုပ်စိုးစဉ်မှာ သာယာဝပြောအောင် အားထုတ်နိုင်ခြင်း မရှိခဲ့တဲ့ စုဖုရားတို့အပေါ် အပြစ်မတင်တဲ့အပြင် မျက်ရည် ဖြိုင်ဖြိုင်ကျလို့ … လက်အုပ်မိုး… ရှိခိုးနေတဲ့ မြင်ကွင်းကို မြင်ရတဲ့ အခါ… ငါတို့ အသုံးမကျလို့ ငါ့နိုင်ငံသားတွေ ကျွန်ဖြစ်ရလေပြီ…လို့ ယူကြုံးမရဖြစ်ရတယ်…။

( ၁၄ )


ရတနာဂီရိ အိမ်နိမ့်စံဘ၀မှာ သမီးတော် “ထိပ်စုမြတ်ဘုရားကြီး” က စံအိမ်တော် စောင့် အိန္ဒိယသားတစ်ဦးနဲ့ မေတ္တာ သက်ဝင်ခဲ့တယ်…။ ဒီအခြေအနေရောက်မှတော့ စုဖုရား ဘာများတတ်နိုင်ပါဦးမလဲ…။ နန်းတော်ထဲမှာ ဆို သင့်တော်ရာ မင်းသားတစ်ပါးနဲ့ လက်ဆက်ပေးလိုက်မှာပေါ့…။ ခုတော့ မီးဇာကုန် ဆီခန်းနေတဲ့ဘ၀ … ထိန်းမနိုင် သိမ်းမရ အခြေအနေမှာ … သမီးတော်ကို လူမျိုးခြားနဲ့…. ၀မ်းနည်းစွာ …မျက်စိမှိတ် ခေါင်းညိတ်ခဲ့ရတယ်…။ စိတ်နာပေမယ့် ဖြေတွေးတွေးရတယ်…“ ကြိုးချင်းထားရတော့ ကြိုးချင်းညှိတော့မှာပေါ့… ဒီနေရာမှာ မြန်မာက အရှားသားကိုး… ” လို့…။


(၁၅ )


၁၉၁၆၊ ဒီဇင်ဘာ ၁၆ရက်


မောင်တော်…။ စုဖုရားကို အမြဲ..အလိုလိုက်ခဲ့တဲ့ မောင်တော် နတ်ရွာစံလေပြီ…။ စိတ်ထက်တဲ့ စုဖုရားကို မျက်နှာဖြူ အကျဉ်းသားဘ၀မှာ စိတ်ချလက်ချထားခဲ့လေပြီ…။


( ၁၆ )


၁၉၁၉၊ ဧပြီလ ၁၀ ရက်


ရတနာဂီရိမြို့က ခွာခဲ့ရပြီ…။ ရတနာပုံနေပြည်တော်မဟုတ်ပေမယ့် ကိုယ့်တိုင်းပြည် ဆိုတော့ အနည်းငယ်တော့ စိတ်သက်သာရာရသည်…။ ရန်ကုန်မြို့ ချာချီလမ်းက နှစ်ထပ်တိုက်ကလေးမှာ အကျဉ်းသားတစ်ယောက်လို စံစားရင်း ၁၉၂၅..ဒီဇင်ဘာလမှာ ဘယ်သူ့ ကိုမှ အကြောင်းမကြား အသိမပေးဘဲ စုဖုရား ထွက်ခွာခဲ့တယ်…။ မောင်တော် ရှိနေမယ့်နေရာကို စုဖုရား လိုက်ခဲ့ပြီ…။ အဲဒီနေရာမှာ စုဖုရား ထပ်မမှားတော့ဘူး မောင်တော်… အလိုရမက်တွေလည်း စုဖုရား ထားရစ်ခဲ့ပြီ … အတ္တမာန်မာနတွေလည်း ခ၀ါချခဲ့ပြီ….။


( ၁၇ )


မောင်တော်ရေ ..မောင်တော့်ကို တွေ့ရင် ရင်ဖွင့်ချင်တဲ့ စကားတွေ စုဖုရား ဒိုင်ယာရီထဲမှာ ရေးထားတယ်….။ သူတို့တွေကလေ …. တိုင်းပြည် ကျွန်ဖြစ်တာ စုဖုရားကြောင့်…တဲ့….။ စွပ်စွဲချက်က ရက်စက်လွန်းပါတယ် မောင်တော်ရယ်…. တိုင်းပြည် ကျွန်ဖြစ်အောင် လုပ်တဲ့ ထဲမှာ စုဖုရားလတ်လဲပါတယ် လို့ ပြောရင်..စုဖုရား လက်ခံပါတယ်….။ စုဖုရားတစ်ယောက်ထဲကြောင့်တော့ မြန်မာပြည် ကျွန်ဖြစ်အောင် မစွမ်းဆောင်နိုင်ပါဘူး…။ မောင်တော် စဉ်းစားကြည့်လေ… စုဖုရားတို့ အုပ်ချုပ်ရတာ မြန်မာ တစ်ပြည်လုံး မဟုတ်ပါဘူး…. တခြမ်းတည်းပါ…. မြန်မာပြည် တစ်ခြမ်းတည်းပါ…. အောက်ပြည် တစ်ခြမ်းက အရင် ကတည်းက နယ်ချဲ့ လက်ထဲမှာပါ…။ သယံဇာတ ပေါကြွယ်ဝ လှတဲ့ မြန်မာပြည်တစ်ခြမ်း လက်ထဲရောက်နေပြီးတဲ့ နယ်ချဲ့တွေက နောက်တစ်ခြမ်းကို ဘယ်နည်းနဲ့ မဆို ရအောင် အားထုတ်မှာပဲ….အရင်ကတည်းက နေရာလုပွဲတွေနဲ့ ရှုပ်ထွေးလှတဲ့ နန်းတွင်းရေးတွေကို အခွင့်အရေးယူပြီး အထက်မြန်မာပြည်ကို အနှေးနဲ့ အမြန် သိမ်းယူဖို့ ကျားချောင်းချောင်းနေကြတာပါ….။


( ၁၈ )


စုဖုရားတို့ တာဝန်မကျေခဲ့တဲ့ တိုင်းပြည်အတွက် စုဖုရား တစ်ခုလောက် လုပ်ပေးချင်ခဲ့တယ်…။ အမျိုးကို ချစ်တဲ့သူတွေ မြင်နိုင်ကြပါစေ … လို့ မြန်မာပြည် ဝေဟင်ပိုင်နက်မှာ စုဖုရား နှလုံးသွေးနဲ့ ကမ္ဗည်းထိုးခဲ့တယ်


တချိန်တစ်ခါတုန်းက


“ ၁၈၈၆ ဇန်န၀ါရီလ ၁ ရက်နေ့တွင် မြန်မာမင်းနေပြည်တော်နှင့်တကွ သီပေါမင်းပိုင်နယ်မြေတို့ကို အင်္ဂလန်ပြည့်ရှင် ၀ိတိုရိယဘုရင်မကြီးအား နှစ်သစ်ကူးလက်ဆောင် အဖြစ် ဆက်သပါကြောင်း လော့ဒပ်ဖရင်က လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်သည်” ဆိုတဲ့


ဝါကျတစ်ကြောင်းနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာ .. လူမျိုးရဲ့ သိက္ခာတွေ ရေတိမ်နစ်ခဲ့ရပြီး … အဖြူရောင်သွေးတွေ ချောင်းစီးခဲ့ရတဲ့ အခြေအနေဆိုးကြီးမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ မပေါ်ပေါက်အောင်… အသိ..သတိ နဲ့ တိုင်းပြည်ကို ကာကွယ်…လူမျိုးကို စောင့်ရှောက်နိုင်ကြပါစေ…” ။


ပြီးပါပြီ..။


မှတ်ချက် ။ လေးမသည် သမိုင်း ပညာရှင် မဟုတ်သလို … သမိုင်းလေ့လာသူတစ်ဦးလည်း မဟုတ်ပါ…။ သမိုင်းကို စိတ်ဝင်စားသူ … တစ်ဦးသာဖြစ်ပါသည်….။ ပို့စ်ကို ရေးရန် တက္ကသိုလ် စိန်တင် ရေးသော ဧကရီ မဖုရား နှင့် ဒေါက်တာမတင်ဝင်း ( ပညာရေး တက္က သိုလ် ) ရေးသော “ မင်းယောက်ျား မင်းမိန်းမများ ” စာအုပ် နှစ်အုပ်ကို ဖတ်ရှုကိုးကားပါသည်…(မှန်နန်းရာဇ၀င် ကို ကိုးကားသင့်ပါသော်လည်း… စာအုပ် ရှာရမှာ ပျင်းလို့ပါ )..။ သမိုင်းဆိုင်ရာ အချက်အလက်များ လွဲချော်ခဲ့သော် နားလည်ခွင့်လွတ်စေချင်ပါသည်….။ သမိုင်းကို မြင်သော အမြင်မှားယွင်းခဲ့သော် လူတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်တာ သဘာဝပါ..လို့ နားလည်လိုက်ပါ…။


လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ


လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၂ )

11 comments:

Anonymous said...

အမရေ ဖတ်လို့တအားကောင်းတယ်ဗျာ ။ အနှစ်ချုပ်ထားပေးသလိုပါပဲ။ တကယ်ပါ။ကျွန်တော်လည်း ဒါမျိုးအရေးအသားရေးတတ်ချင်ပါတယ် ။
စာအရှည်ရေးပြီး စာဖတ်သူရင်ထဲမရောက်မှာစိုးလို့။
ပျော်ရွှင်ချမ်းမြေ့ပါစေ :)

Anonymous said...

ဒီလိုဆိုတော့လဲ..စုဖရားလတ်ရဲ့ ဘဝနောက်ဆုံးနေ့ တွေကကြေကွဲစရာလေးဘဲနော်...မမရေပျော်ရွှင်ပါစေ..... :)

Anonymous said...

တီလေးရေ့...ဖတ်လို့ ကောင်းတယ်ဗျ
အခုမှပဲ သမိုင်းအကြောင်းသေချာသိတော့တယ်...
..ပျော်ရွှင်ပါစေ အဒေါ်ကြီးရေ့ ကွိကွိ

Anonymous said...

စုဖုရား က မိန်းမမို့ထင်တယ်။ ပိုခံစားမိတယ်။ မမလေး က အရေးတော်တယ်။။ အမြဲပဲ အားပေးနေပါတယ်။

Anonymous said...

ဖတ်လို့ ကောင်းလိုက်တာ ရေးတတ်ပ ရေးတတ်ပ ..

Anonymous said...

ပြီးသွားပြီလား။ ဖတ်လို့ ကောင်းနေတုန်း။ ဆက်ရေးပါဦး အမရေ.. :)

Anonymous said...

မမလေးရေးတဲ့ စာဆိုတော် ၀တ္တုကြီးကိုလွမ်းတယ်...

Anonymous said...

အိမ်း ။။။ စောင့်ရှောက်ရပေမပေါ့ကွယ် ။ ကိုယ့်အမျိုး ဘာသာ သာသနာကို သာသနာကို သာသနာကို အဟွတ် အဟွတ် အဟွတ် ။ ဆွမ်းခံကိုယ်တော်လေးတော့ မမြင်တာကြာပြီကွယ် ။ အဟွတ် အဟွတ် အဟွတ် ။
:)
ပျော်အောင် စ တာပါခင်ဗျာ ။ သိပြီးသား သမိုင်းကိုမှ ခုလို အမြင်တမျိုးနဲ့ ရေးပြတာမျိုးတွေ ဖတ်လို့ကောင်းတယ် ။ ကျေးဇူးဗျာ ။

နောင်လာနောက်သားများ မ အ ကြရအောင် ထိန်ချန်ကွယ်ဝှက် လိမ်လည်ပြောင်းလဲထားသော သမိုင်းတုများမှ ကင်းဝေး၍ သမိုင်းစစ် သမိုင်းမှန်များကို သင်ယူ လေ့လာခွင့်ရကြပါစေကြောင်း ။။။။။

Anonymous said...

အခုလို တိုတိုနဲ့ အကြောင်းအရာအစုံ ပါတဲ့ လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ကို မှတ်သားထားပါ့ မယ် ၊ ပျော်ရွှင်ပါစေ အမလေးမ

Anonymous said...

ဒီနေ့မှပဲ ကွန်မက်ပေးနိုင်တော့တယ် အမရေ။ မှတ်သားသွားသဗျ။ ကောင်းလေ၏ ကောင်းလေ၏ :P

Anonymous said...

>ညိမ်းညို ရေးရင် တကယ်ဖတ်ကောင်းမှာပါ.. အမှန်ပြောရရင် ညိမ်းညိုရေးဟန်က စာရေးဆရာနဲ့ တူတယ်..။

>စိုးမိုးလေး..ဟုတ်တယ်..ညီမလေးရဲ့..လူတွေကို ဘယ်တော့မှ တသမတ်တည်း မြင်လို့မရဘူး..။

>မောင်မျိုး... သားက သမိုင်းဖြေတုန်းက နုတ်တိုက်ကျက်ခဲ့တာနေမှာပေါ့...။

>သိုးလေး... မိန်းမသားချင်း ရိုင်းပင်းရေးရမယ်လေ..အဟဲ...စုဖုရားက မြန်မာအိမ်ရှင်မတွေ အပေါ် ကျေးဇူးရှိတယ်..။

>မျှားပြာ ... ကျေးဇူးပါ ပြာယာခတ်ရေ...။

>သဉ္ဖာလေး... နောက်ထပ် ဘယ်သူ့အကြောင်းရေးရမလဲ စဉ်းစားလိုက်ဦးမယ်နော်..။

>မမသမုဒယ... မမက တကယ် ရာဇ၀င်ကြိုက်တယ်နော်...။

>ဂျယ်ရီ... အဟင်း..ဟင်း..အဟွတ်..ဟွတ်...လေးမ နှာစေးနေတယ်...။

>တင့်ထူးရေ..အလည်လာစာဖတ်မှတ်သားမှတ်ချက်ထားခဲ့တာ ကျေးဇူး..။

>ကျန်စစ်..ကောင်း၏..ကောင်း၏..။