Friday, July 25, 2008

ကွာရှင်းပြီးတဲ့နောက် …

ယောက်ျားတစ်ယောက် နဲ့  မိန်းမတစ်ယောက် ကွာရှင်းပြတ်စဲလိုက်ကြတဲ့ အခါ ဘာဖြစ်မလဲ…။


ကာယကံရှင်တွေအတွက် အနည်းဆုံး စိတ်ကျေနပ်မှုတစ်ခုတော့ ရသွားကြမှာပဲ …။


အတ္တတွေ … မာန်မာနတွေ… နာကျည်းမှုတွေ … ဒေါသတွေ … ရဲ့ အဆုံးသတ်လို့ ထင်မှတ်ပြီး လမ်းခွဲလိုက်ကြတဲ့အခါ တဒင်္ဂ အနိုင်ရသွားပြီ … ငြိမ်းအေးသွားပြီလို့  ထင်ရပေမယ့် … ဘ၀တစ်ခုလုံး လောင်မြိုက်တော့မယ့် မီးတစ်စကို စမွှေးမိပြီဆိုတာ သတိပြုစေချင်တယ်…။


သားသမီး မရှိတဲ့ အိမ်ထောင်တစ်ခုပြိုကွဲသွားတာကတော့ အေးရာအေးကြောင်း ဖြစ်နိုင်ပါတယ်…။ သားသမီးရှိတဲ့ အိမ်ထောင်တစ်ခု ပြိုကွဲသွားတာကတော့ မီးမွှေးမိသလိုပါပဲ …။ အဲဒီမီးက ဖွဲမီးလိုပဲ…။


မိဘနှစ်ပါး အဆင်မပြေလို့  ရန်ဖြစ်ကြရင်တောင် သားသမီးတွေ မှာ နေစရာမရှိအောင် စိတ်ဆင်းရဲကြရပါတယ်…။ ရန်မဖြစ်ချင်တော့လို့  လမ်းခွဲလိုက်ပြီဆိုရင် ပိုဆိုးပါတယ်…။ အဖေ သို့ မဟုတ် အမေရဲ့ စောင့်ရှောက်မှု လွတ်ကင်းသွားတဲ့ ကလေးရဲ့စိတ်ဟာ အလိုလို လုံခြုံမှု လျော့နည်းလာတယ်…။ ဘယ်လောက်ပဲ ပြည့်စုံအောင် ထားထား သူ့ စိတ်မှာ.. နှလုံးသားမှာ ဟာကွက်ဖြစ်သွားနိုင်ပါတယ်…။ နုနယ်တဲ့ ကလေးတွေ နဲ့ ဆယ်ကျော်သက် အရွယ်တွေမှာ ဒီထိုးနှက်မှုရဲ့ ဒဏ်က ပိုပြင်းထန်ပါတယ်…။


မိဘ တစ်ယောက်ယောက် ဆုံးပါးသွားလို့  လစ်ဟာရတဲ့ အခြေအနေကို လူငယ်တွေဟာ လက်ခံနိုင်ပါတယ်…။ ဒါပေမယ့် လူကြီးတွေ မတည့်လို့  ငါတို့ မှာ ကောင်းကင်မဲ့ ရတယ်ဆိုတဲ့ အသိကတော့ လူငယ်တွေ အတွက် နုတ်မရတဲ့ ဆူးပါပဲ…။ မိဘတွေ ဆုံးဖြတ်တာ အားလုံးကောင်းဖို့  ဖြစ်ချင်ဖြစ်မယ်… သူတို့ကြီးပြင်းလာတဲ့ အခါ နားလည်လက်ခံနိုင်တဲ့ အခြေအနေ ဖြစ်ကောင်း ဖြစ်မယ် … ဒါပေမယ့် နုနယ်တဲ့ ကလေးအရွယ် .. ဆယ်ကျော်သက် အရွယ်မှာ ဒီ ပြသနာဟာ ကြီးမားတဲ့ ပြသနာ ဖြစ်တယ်..။


မိဘတွေ ကွဲကြတဲ့ ပြသနာကို ယောက်ျားလေးတွေက ပိုပြီး ရင်မဆိုင်နိုင်ဘူး..။  တွေ့ ရသလောက်တော့ မိန်းကလေးတွေမှာ သိသိသာသာကြီး ထိခိုက်ပျက်စီးတာမျိုး မရှိဘူး..။ ယောက်ျားလေးတွေက ပိုပြီး ထိုးနှက်ခံရတယ်…။ အဖေ သို့ မဟုတ် အမေရဲ့ ပြောဆို ဆုံးမမှုကို မနာခံနိုင်တော့ဘူး… လက်မခံနိုင်တော့ဘူး… နာကျည်းနေတတ်တယ်… ကလန်ကဆန်လုပ်တယ်… အဲဒီတော့ ဘာဖြစ်သလဲ…။ ဆိုးကျိုးက … မကောင်းတဲ့ အရာတွေကို စမ်းသပ်ကြည့်လာတယ်… အထူးသဖြင့် …“ ဆေး”… ဆေးသုံးလာကြတယ်…။ တဒင်္ဂ စိတ်ဖြေရာအဖြစ် လွယ်လွယ်နဲ့  ပေါပေါ ၀ယ်လို့ ရတဲ့ စိတ်ကြွဆေးတွေ ကို သုံးတတ်လာတယ်… ။ ဆေးသုံးတဲ့ ဆိုးကျိုးကတော့ အားလုံး သိကြတဲ့ အတိုင်းပါပဲ…။ Broken Family က ကလေးတိုင်းတော့ မဟုတ်ပါဘူး..။ အများစုကို ပြောတာပါ..။



အသံတစ်ချို့ ကို နားထောင်ကြည့်ရအောင်…



“ ကျွန်မ.. သားကို ကျွန်မ .. မပြောရဲဘူး.. ကျွန်မက နောက်အိမ်ထောင်ပြုထားတယ်… ကျွန်မ အမှားလုပ်ထားတော့ သားက ကျွန်မကို အထင်မကြီးဘူး… မလေးစားဘူး…”




“ လောကမှာ ကြောက်စရာ အကောင်းဆုံးက လူတွေပဲ.. လူတွေဟာ ဘယ်သူ မှ မကောင်းဘူး…။ ကျွန်တော့်ဘ၀မှာ မိဘကတောင် ကျွန်တော့်အပေါ်မကောင်းဘူး… ကျွန်တော် လူတွေ နဲ့  မနေချင်ဘူး… ကျွန်တော် သေချင်တယ် …”




“ ပြောပြရမှာ ရင်နာလွန်းလို့  ကွဲထွက်တော့မယ်… ကျွန်တော့်ရင်တွေ နာနေတယ်… မုန်းတယ်… အိမ်မပြန်ဘူး…”




“ ပိုက်ဆံရှာမယ်… ချမ်းသာအောင်လုပ်မယ်…။ လောကမှာ အရေးကြီးတာ ငွေပဲ…။ ငွေရှိရင် ဘာမဆိုဖြစ်တယ်…”




“ အိမ်ကို အသိပေးစရာမလိုပါဘူး… သူတို့လည်း လုပ်ချင်ရာ လုပ်တာပဲ.. ကျွန်တော်လည်း လုပ်ချင်ရာ လုပ်မယ်..”




“ ကျွန်တော် ဆေးသုံးခဲ့တယ်.. မှန်တယ်… မကောင်းမှန်းသိတယ်… စူးစမ်းချင်လို့ မဟုတ်ဘူး.. စိတ်ညစ်လို့  သုံးတယ်…”



************************************



မှတ်ချက် ။ ။ အသက် ၂၀ တောင် မပြည့်သေးတဲ့ လူငယ်လေးတွေရဲ့ ရင်ထဲက အနာတွေကို မြင်လိုက်ရတဲ့ အခါ အကြောင်းအမျိုးမျိုးကြောင့် ပစ်ထားတဲ့ ဘလော့ဂ်လေးမှာ လေးမ စာပြန်ရေးဖြစ်ပါတယ်…။ လွန်ခဲ့တဲ့ ရက်တွေတုန်းက လူနေမကောင်း.. နက်နေမကောင်း… ကွန်ပြူတာကနေမကောင်း နဲ့  ရှုပ်ယှက်ခတ်နေခဲ့လို့  ဘလော့ရပ်ဝန်းကို ခြေဦးမလှည့်နိုင်ခဲ့ပါဘူး..။ လည်လည်လာ နုတ်ဆက်သွားကြတဲ့ သူငယ်ချင်း မောင်နှမ များအားလုံးကို တောင်းပန်ပါတယ်…။ နောက်ရက်တွေမှာ လေးမ အိမ်လည်ထွက်ပါတော့မယ်..။ စားစရာများပြင်ဆင်ထားကြပါ…။ :)

7 comments:

Anonymous said...

သားကြွက်

ဒီလို မိသားစုတွေအများကြီးရှိမှာပါ သူတို့ ထဲက လူငယ်တွေကို နားလည်တယ် လူကြီးတွေကိုတော့ သူတို့ အသက်ရွယ်ရောက်မှ ခံစားပေးနိုင်မယ်ထင်တယ် ….ဘာပဲဖြစ်ဖြစ် အဲ့လိုအဖြစ်မျိုး မခံစားစေခဲ့တဲ့ လောကင်္ကြီးကိုကော အဖေ နဲ့  အမေ့ကိုကော ကျေးဇူးး တီကြွက်ကိုလည်း ကျေးဇူးပါဗျာ

2008/07/26 at 11:49 AM

***********

ဝေလေး
ဟုတ်တယ်နော်မမ..
မကွာရှင်းပဲအမြဲရန်ဖြစ်နေတတ်တဲ့အိမ်ထောင်ကကလေးတွေလဲစိတ်အားငယ်ကြတာပဲ။
ကွာရှင်းထားကြရင်ပိုဆိုးမှာပေါ့နော်…
ပို့စ်ကောင်းလေးပါမမရေ..
မမလည်းနေကောင်းအောင်နေပါနော်..

2008/07/26 at 12:28 AM

***********

အဇ္ဈတ္တပြခန်း


ဒီလိုမျိုး မိသားစုဘ၀အကြောင်းဆောင်းပါးလေးတွေ ရေးတာကျေးဇူးဗျာ.. မလေးမက စာရေးအတော်ကောင်းတာပဲ.. အစကနေ အဆုံးထိဆွဲလာနိုင်တယ်.. အတော်သဘောကျမိတယ် ဒီပိုစ်လေးကို..

2008/07/26 at 12:07 AM
************
ShwunMi
တကယ်တော့ လုပ်ချင်ရာလုပ်ဖို့ အကြောင်းပြချက် ရသွားတာပေါ့..။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ထိန်းမှပါ။
တခြိမ်းခြိမ်း ရန်ဖြစ်နေရင်လဲ၊ တစ်ဖက်နဲ့ တစ်ဖက် မတည့်ကြရင်လဲ ကြားထဲက နှစ်ဖက်လုံးအတွက် နာရတာ မကောင်းဘူး။
လူကြီးတွေက သူတို့ချင်း မတည့်ရင် ကလေးကို မည်းတာ ရှိသေးတယ်။
ကလေးတစ်ယောက် အနေနဲ့ လူကြီးတွေကြောင့် ဆိုပြီး စိတ်ရှုပ်အားငယ်ရတာ မကောင်းပါဘူး.. ကလေးက ပေးစားထားတာမှ မဟုတ်တာ။

စားစရာနဲ့ ဧည့်ခံဖို့လား . . =) ဖြစ်စေရမယ် မလေးမရေ .. ခုတလော တင်မိတာလဲ စားစရာအကြောင်းတွေချည်းပဲ .. :-)

2008/07/25 at 10:43 PM
************

Capricorn


ဟုတ်တယ်နော် မလေးမရေ..သူငယ်ချင်းယောက်ျားလေးတွေဆို
အဲလိုသုံးနေတဲ့သူတွေများတယ်..အထူးသဖြင့် ၁၇-၂၁ ၀န်းကျင်..
ဒါပေမယ့် အိမ်ထောင်ကျိုးကလားဆိုတော့ မဟုတ်ပြန်ဘူး..
လုပ်ဖူးတယ် လုပ်နိုင်တယ်ဆိုပြီး ဂုဏ်ယူကြတယ်…
စိတ်ထွက်ပေါက် အဖြစ်လုပ်နေကြတယ်…သီချင်းရေး..
သီချင်းဆိုလို့လည်း feel လာတယ်ပေါ့…ထမင်းစားရေသောက်
မထူးဆန်းတော့ဘူးဖြစ်နေတယ် အစ်မ..ရင်မောမိပါတယ် :(

2008/07/25 at 10:17 PM

*************

nu-san

အင်း.. အိမ်ထောင်တစ်ခု ပြိုကွဲသွားပြီဆိုရင် အရင်ဆုံးထိခိုက်တာက ကလေးတွေပါပဲ.. ကလေးတွေဘက်က ခံစားကြည့်မယ်ဆိုရင် တကယ်သနားဖို့ကောင်းတယ်နော်…

လေးမရေ… လူနေမကောင်း၊စိတ်နေမကောင်းဆိုလို့ ဂရုစိုက်နော်.. အရင်လို ရီစရာလေးတွေရေးပါဦး.. :)

2008/07/25 at 9:02 PM

*************

THS

အစ်မရေးထားတဲ့ ပို့စ်လေးဟာ အရမ်း ကို ပြည့်စုံပါတယ် ၊ ခေါင်းစဉ်တစ်မျိုးသာ ကွဲသွားခဲ့မယ်ဆိုရင် ကိုယ်ပိုင်ကြုံဖူးတဲ့ အနေနဲ့
လိုအပ်နေတယ်လို့ ထင်ရတဲ့ အသံတစ်ချို့ကို ရေးခဲ့နိုင်မှာပါ ၊ အခုတော့ အရမ်းကောင်းတယ်လို့ပဲ ပြောခဲ့ပါတယ် ၊
အားလုံးအဆင်ပြေပါစေ အစ်မ လေးမ ။ :) :D

2008/07/25
*************

ညိမ်းညို


ကိုညိုထက်ဆီက စာဖတ်ပီးပြန်လာတာအမရေ။
စာကောင်းတွေဖတ်ရလို့ ကျေးဇူးပါဗျာ။
အကြောင်းအရာတွေကတော့ ရင်မောစရာတွေပါလားဗျာ..။
အဆင်ပြေပါစေ အမလေးမရေ ။

Anonymous said...

မိဘက သားသမီးပေါ် ချစ်ကြတယ်ဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး။....
ဒါပေမယ့် မိမိတို့ရဲ့လုပ်ရပ်ဟာ သားသမီးအပေါ် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်လာစေတယ်ဆိုတာ မစဉ်းစားကြတဲ့ မိဘတွေ ရှိကြတယ်....
နောက်ဆုံး အိမ်ထောင်ရေး အဆင်မပြေမှုဟာ သားသမီးရဲ့ စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ရဲ့ လှုံ့ဆော်မှု၊ တွေကို ဖြစ်စေတတ်တယ်.. ကောင်ကျိုးလား.. မဟုတ်ဘူး.. ဆိုးကျိုးပဲ။ ဒီလိုခံစားလာရရင် အားငယ်လာတယ်။ လုပ်ချင်ရာကို လုပ်လာတယ်။ မိဘက ဂရုမစိုက်ဘူးလို့ထင်လာတယ်။ ပတ်ဝန်းကျင်နဲ့ ကင်းကင်းရှင်းရှင်းတွေ နေလာမယ်။ သူ့ထွက်ပေါက်ကို သူရှာလာမယ်။ စဉ်းစားဝေဖန်နိုင်တဲ့ အသက်အရွယ်ပဲ ဖြစ်လင့်ကစား
မစဉ်းစားတော့ဘူး။ သူလုပ်ချင်ရာတွေ လုပ်လာတယ်။ ဒါဟာ မလေးမပြောတဲ့ လူငယ်တွေရဲ့ ဖြစ်လေ့ဖြစ်စဉ်ပါပဲ။

Anonymous said...

မြန်မာမိန်းကလေးတွေကတော့ ကလေး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အကြောင်းကြောင်းတွေ ထောက်ထားပြီး တော်တော်နဲ့ မကွာရှင်းချင်ကြဘူး ထင်တယ်။ ကွာရှင်းထားပြီး လွတ်လပ်တဲ့ မိန်းမ တစ်ယောက်ကိုလည်း လူ့အသိုင်းအ၀ိုင်းက ရှုမြင်ပုံတွေက ကျဉ်းမြောင်းနေသေးတယ် လို့ထင်တယ်။

ကလေးတွေကတော့ တကျက်ကျက် အိမ်ထောင်ရေးမှာဖြစ်ဖြစ် မိကွဲဖကွဲ ဘ၀မှာဖြစ်ဖြစ် မြေဇာပင်တွေပါလေ။

Anonymous said...

နောက်တစ်ခေါက် တင်ပြီးမှပဲ သေသေချာချာ ဖတ်ဖြစ်တယ်ဗျာ...ဆောင်းပါးကောင်း တစ်ပုဒ်ပါပဲ..

အဲဒီလို အိမ်ထောင် ပြိုကွဲ တဲ့ အဆင့် မရောက်ရင်တောင် မိဘတွေ အိမ်ထောင်ရေး အဆင်မပြေဘူး ဆိုတဲ့ အဆင့်လောက်နဲ့ တင် ကလေးတွေ ရင်ထဲမှာ အနာတရ တွေ ဖြစ်ကုန်တာ အများကြီးပါပဲ။ ကျွန်တော် ကလေးဘ၀ က ဒဏ်ရာတွေ အခုထိ ရင်ထဲမှာ တစ်စစ်စစ်နဲ့ ကိုက်ခဲနေတုန်းပဲ...(မိဘတွေကတော့ သိချင်မှ သိလိမ့်မယ်. အဲဒီတုန်းက သူတို့လည်း သူတို့ဘ၀နဲ့ သူတို့ ရုန်းကန် လှုပ်ရှားနေကြရတာကိုး)

ဘာပဲဖြစ်ဖြစ် မိဘဟာ မိဘ နေရာ ရောက်ပြီ ဆိုရင်တော့ ဘယ်နေရာ မဆို မိဘဆန်ဆန် တွေးပြီး ကိုယ့်ဆန္ဒတွေ၊ ကိုယ့် အဆင်မပြေမှုတွေ၊ ကိုယ့်အတ္တတွေကိုပဲ ရှေ့တန်း တင်မယ့် အစား မိဘကောင်း တစ်ယောက် ပီသစွာ၊ ကိုယ့်သားသမီးတွေ အပေါ်မှာ ရော ကိုယ့် အိမ်ထောင်ဖက် အပေါ်မှာပါ လေးလေးစားစား ပြုမူ ဆက်ဆံသင့်တယ် လို့ ယုံကြည်မိပါတယ်။

ကိုယ်မိဘဖြစ်လာရင် တော့ အဲဒီလို မလိုလားအပ်တဲ့ အဖြစ်မျိုးတွေက ရှောင်ရှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်း တွေကို အသုံးပြုနိုင်ဖို့ ဘယ်သူမဆို ကြိုတင်စဉ်းစားထား သင့်တယ် လို့ ယူဆမိပါကြောင်း.

ဒီဆောင်းပါး အတွက် ကျေးဇူးပါ အစ်မရေ.. :)

Anonymous said...

အတုယူသင့်တာတွေ ယူပီး ရှောင်သင့်တာတွေ ရှောင်ဖို့တွေးမိသွားတယ် အမရေ။
ဘယ်သူ့ကို လာဖတ်ခိုင်းရင် ကောင်းမလဲ မတိ :P

Anonymous said...

မမရေ..အဲလိုမိသားစုဘ၀လေးတွေထဲကကြီးပြင်းရတဲ့ ကလေးတွေကိုသနားတယ်.
မှတ်သားစရာပိုစ့်တစ်ခုပါ..။

Anonymous said...

>သားကြွက် ... သားကြွက် အလှည့်မှာ လည်း တာဝန်ကျေပါစေ..။
>ဝေလေး.. လေးမ နေကောင်းအောင်နေပါတယ်ညီမ.. ကွန်ပြူတာကသာ မကောင်းအောင်နေတာ..။
>ကိုပြခန်း.. ဆောင်းပါးလို့  အမည်တပ်လို့ ရပါ့မလားတောင် မသေချာဘူး.. ခုတလော လေးမ မြင်တွေ့  ဖြေရှင်းပေးနေရတာလေးကို ကောက်ရေးလိုက်တာပါ..။
>ရွှန်းမီ ... ကလေးက ပေးစားထားတာမှ မဟုတ်တာ.. အင်း.. ဒါလဲ ဟုတ်တာပဲ.. ။ စားစရာတွေတော့ အကုန် ဆွဲသွားပြီးပြီ..။
>Capricorn .. ဟုတ်တယ်.. လူငယ်တွေ ဆေး တအားသုံးတယ်..။
>မနုစံ .. ရယ်စရာလေး တွေလား... လာမယ်... ကြာမယ်... မျှော်..။
>တင့်ထူး ... မရေးခဲ့တဲ့ အသံတွေကို ရင်ဘတ်နဲ့  သဲ့သဲ့ ကြားလိုက်ရပါတယ်..။
>ညိမ်းညို ... ဟုတ်ပ.. တိုက်တိုက်ဆိုင်ဆိုင်.. မောစရာတွေချည်းပဲ ...။
>ကိုလင်းဦး.. လူငယ်တွေ အကြောင်း စိတ်ပါလက်ပါ ၀င်ဆွေးနွေးသွားတာ အထူးကျေးဇူးတင်ပါတယ်ရှင်..။
>မပန် .. တစ်ဖက်က တွေးရင် လူ့အသိုင်းအ၀ိုင်းက ရှုမြင်ပုံ ကျဉ်းမြောင်းတာကပဲ ကယ်တင်ထားတာပါ..။ ရှူမြင်ပုံ မထူးခြားရင် နာကျင်စွာ ကြီးပြင်းရမယ့် ကလေးတွေ ပိုများလိမ့်မယ်...။
>မှော်ဆရာ... ငယ်ဘ၀မှာ အနာတရရှိခဲ့တာကို သိရတဲ့အတွက် အစ်မ စိတ်ထိခိုက်ရပါတယ်..။ ယုံကြည်ချက်ကို မျှဝေသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်..။
>ကျန်စစ်.. ကောင်မလေးကို လာဖတ်ခိုင်းလိုက်လေ... လို့  ပြောစေချင်လို့  လမ်းကြောင်းပေးနေတာ မဟုတ်လား..။
>စိုးမိုးလေး... ဟုတ်တယ် ညီမ.. သနားစရာ..။ ဒါပေမယ့် အဲလို ကလေးတွေက သူများက သနားတယ်ဆိုရင် သိပ်နာတတ်ကြတာ...။