Friday, July 11, 2008

လေးမနှင့် နာရီ






“နင်သေရင် တမလွန်မှာ အချိန်တွက်လို့ ရအောင် နာရီ တစ်လုံးထည့်ပေးလိုက်မယ် ” လို့  ပြောခဲ့ဖူးတဲ့ သူငယ်ချင်းဆီက မမျှော်လင့်ဘဲ နာရီတစ်လုံး လက်ဆောင်ရခဲ့တယ်…။


လေးမ သေရတော့မှာလား…


( ဟား… ဟား… မမျှော်လင့်ဘဲ တိုက်ဆိုင်သွားတာဆိုတာ ငါသိပါတယ် … မိ ) ။


သူငယ်ချင်းရေ … လေးမ အရင်လို နာရ်ီတွေကို လိုက်မဖမ်းတော့ဘူး…


( နာရီတွေကပဲ လေးမ ကို လိုက်ဖမ်းနေတာ ) ။


အချိန်တွေကိုလည်း ဂရုမစိုက်တော့ဘူး… ။


နာရီ မပတ်တာ ကြာပြီ သူငယ်ချင်းရေ …


( နာရီတွေ ပျက်ကုန်လို့  .. ) … ။


လေးမရဲ့ လက်တွေကို လွတ်လပ်နေစေခဲ့တာ ကြာပြီ .. ကြာခဲ့ပြီ .. ။


နာရီ .. ဟန်းချိန်း .. လက်စွပ်တွေကို အဆင်တန်ဆာလို့  မမြင်နိုင်ဘဲ လက်မှာ နွယ်တွေ လာညှိနေတယ်လို့  ခံစားတတ်နေတယ်…


( အ၀တ်လျှော်ရ .. ပန်းကန် ဆေးရဆိုတော့ သူတို့ နဲ့  မဖြစ်ဘူးလေ .. ) ..။


ဘယ်လောက်ထိ အနှောင်အဖွဲ့  ကင်းနေသလဲ ဆိုတော့ လက်ထပ်လက်စွပ်တောင် ချွတ်သိမ်းထားတယ်…။


( လက်သူကြွယ် ၀လာလို့  ကျပ်နေလို့ ဟေ့ … ) ။


လေးမရဲ့ လက်နှစ်ဖက်လုံး ဘာမှ မ၀တ်ထားဘူး..။


ဗလာ .. ဗလာ … လက်ဗလာ .. ။


သူငယ်ချင်းပို့  လိုက်တဲ့ နာရီလေးကို ကြိုက်တယ်…။


နေ့ တိုင်းတော့ မပတ်ဖြစ်ဘူး… ။ မကြာမကြာတော့ ပတ်တယ် …။


အချိန်တွေကို စိန်စီပေးလိုက်တဲ့ သူငယ်ချင်းကို ကျေးဇူးတင်တယ်…။


နာရီတွေ မိနစ်တွေ ဒိုင်ခွက်ထဲမှာ ပတ်ချာလည် ပိတ်မိနေတာကို လည်း သဘောကျတယ် ( ညစ်ကျယ်ကျယ် အတွေး ) …။


နာရီ လက်တံတွေ ပတ်ချာလည်နေသလို … ဒိုင်ခွက်ထဲက နံပါတ်တွေကို ခဏခဏ ပြန်ရောက်သလို …


ငါတို့ ရဲ့ အတိတ်တွေ .. ပျော်စရာ ဘ၀လေးတွေလည်း ပတ်ချာ လှည့်ပြီး ခဏခဏ ပြန်ပြန်ရောက်လာရင် သိပ်ကောင်းမှာပဲ လို့  တွေးနေမိတယ် .. သူငယ်ချင်း…။

13 comments:

Anonymous said...

မရည်ရွယ်ပါဘူး...တယ်ရင်းလေးရယ်....
ငါလည်းနင့်ကိုဘာပေးရမလဲလို့....စဉ်းစားနေတာ...
နာရီလေးမြင်တော့နင့်လက်ဖောင်းဖောင်းလေးကိုသတိရပြီး...
နင်နဲ့....လိုက်မှာပဲဆိုပြီးဝယ်ပေးလိုက်တာ...
င့ါနာရီတန်ဖိုးထက်နင့်ပို့စ်လေးကပိုတန်ဖိုးရှိတယ်ဟာ....
ငါနင်အတိတ်မေ့ရောဂါရှိနေတယ်မှတ်တာ....
နင်ကောင်းသေးမှန်းငါအခုမှသိတော့တယ်.....
ကျေးဇူးပဲတယ်ရင်းး.....
အရာအားလုံးအတွက်နင့်ကိုငါကျေးဇူးတင်တယ်ဟာ.....
ငါတကယ်ပျော်တယ်ဟေ့.......
မိ

Anonymous said...

ခပ်သောသော အသံနဲ့ ဒရဟော ပြောချတတ်တဲ့ မလေးမရေ.. အစ်မလည်း ကိုသင်ကာကြီး လိုပဲ အချိန်တွေကို ပုန်ကန်ခြားနား ချင်နေပြီနဲ့ တူရဲ့ဗျို့. :D

Anonymous said...

“ပျော်စရာ ဘ၀လေးတွေလည်း ပတ်ချာ လှည့်ပြီး ခဏခဏ ပြန်ပြန်ရောက်လာရင် သိပ်ကောင်းမှာပဲ ” ကျနော်လည်း လိုချင်တယ်ဗျို့  ပြန်ရောက်ရင်ပြောပါအုံး ဘယ်လမ်းက သွားရလဲလို့  :)

Anonymous said...

သူငယ်ချင်း၂ယောက်ရဲ့ ခင်မင်မှုသံယောဇဉ်လေးတွေ..။ ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ :) ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)

Anonymous said...

>မိ.. ပျော်သလား..မိ.. နင်ပျော်မှ ကမ္ဘာလောကကြီး ငြိမ်းချမ်းမှာ..။ :P
>မှော်ဆရာ.. ခပ်သောသော အသံနဲ့ ဒရဟော ပြောချတတ်တဲ့ မလေးမ ဆိုပါလား..။ ဟီး.. အဲလို ဖြစ်နေလား...။ အချိန်တွေကို မပုန်ကန်ဝံ့ပါဘူးရှင်..။ ကြောက်ကြောက်..။ အချိန်တွေ ပတ်ချာလှည့် ဒုက္ခရောက်နေတာကို ပျော်တာ..။
>သားကြွက် ... ဘယ်လမ်းက သွားရလဲဆိုတော့ စိတ်ကူးလေးနဲ့ ပေါ့...။ အတွေးလေးနဲ့ သွား... ချက်ချင်းရောက်တယ်..။ ပျော်ပါစေ... မောင်မျိုး...။
>ညိမ်းညို .... အဲလို ရေးသွားတာ ၂ ခါရှိပြီနော်...။ ကျေးဇူးတင်ပါတယ် ညိမ်းညိုရေ ...။

Anonymous said...

ချစ်သူတွေကြားမှာ နာရီလက်ဆောင်ပေးရင်..နာနာနဲ့ရီရတတ်လို့မပေးကောင်းဘူးဆိုပဲ (ဘယ်ပညာရှိပြောသောစကားလည်းမသိပါ...)
ဒါပေမယ့်...ခုဟာက သူငယ်ချင်းနှစ်ယောက်ကြားမှာ ဆိုတော့ ပျော်ပျော်ရွှင်ရွှင်အချိန်တွေ နာရီတစ်ပတ်ပြည့်သလို မြန်မြန်ပြန်ရောက်နိုင်ပါစေဗျာ... ;P မလေးရေ အိမ်အလုပ်တွေလုပ်ရတဲ့ အိမ်ရှင်မကြီးဖြစ်ကြောင်းလည်း သိပ်မကြွားနဲ့ဦးဗျ...ကောင်းကင်ကြီးက ရေရေလည်လည်သနားနေဦးမယ် ဟဲဟဲ...

Anonymous said...

ကျွန်တော်လဲ နာရီမပတ်တာ အတော်ကြာပြီ :)

Anonymous said...

မမရေ..နာရီလေးကလှလိုက်တာ..စိုးမိုးကတော့ဘာရယ်လို့ မဟုတ်ဘူးးနာရီဝတ်ထားရင်မနေတတ်ဘူး
ပျော်ရွှင်ပါစေမ.တို့ သူငယ်ချင်းတွေ..။

Anonymous said...

ဟေ့အေး...။ လောလောဆယ်တော့ နာရီဆိုတာ ဘယ်ဘာသာ စကားက ဆင်းသက်လာလဲဆိုတာ တွေးရင်းနဲ့ ခေါင်းခြောက်နေတယ်...။

Anonymous said...

တစ် .. တောက် . . တစ် .. တောက် . .
နာရီကလေး လမ်းလျှောက် . .
နောက်မဆုတ်တမ်း ပုံမှန်သွား . .
ဓာတ်ခဲ ကုန်မှ နား . . ။
း-)

Anonymous said...

ခင်ပွန်းအတွက် ဇနီးဆိုတာ တချိန်ချိန် တိုင်ကပ်နာရီကြီး ဖြစ်ချင်ဖြစ်သွားမှာပေါ့
သူငယ်ချင်းအတွက် သူငယ်ချင်းဆိုတာကတော့ အမြဲလက်ပတ်နာရီလေးပါပဲ
မွန်နာရီမပတ်တတ်ပေမယ့် မမလိုပဲအချစ်ဆုံးသူငယ်ချင်းပေးတဲ့ နာရီလေးတော့ ရခဲ့ဖူးတယ်

Anonymous said...

နာရီလက်ဆောင်ရတဲ့လေးမကို အားကျသား။ နာရီလေးက လှတယ်။ လေးမရေ.. အမလည်း နာရီမပတ်ဖြစ်တာ ကြာလှပေါ့.. (အဟီး.. ပျက်နေတာ ကြာပြီလေ.. နောက်တစ်လုံးဝယ်ဖို့လည်း ပျင်းနေတာ။ ) ပျော်စရာဖြစ်ခဲ့တဲ့အချိန်လေးတွေ တပတ်လည်ပြီး လေးမဆီ ပြန်ရောက်လာပါစေ.. :)

Anonymous said...

>ကိုဒီဝိုင်း... ကြွားနိုင်တဲ့ သူမို့ ကြွားတာပါရှင်.. သူသနားတာခံရတော့လည်း အမြတ်ပေါ့...။

>တင့်ထူး.. နာရီ ပေါင်ပြီး ဘီယာသောက်တာမဟုတ်လား..။
>စိုးမိုး .. နာရီ မပတ်ဘူးပေါ့...။ ကောင်းတယ် ညီမ...။
>Ko Boyz... ပြောလိုက်မှ ခေါင်းစားမိပြီ..။
>မီ ... ဓါတ်ခဲကုန် ... မငြိမ်အား... အသစ်ထည့်လို့  ဆက်လျှောက်သွား...။
>မွန် ... မွန်လည်း ကံကောင်းတာပေါ့.. အချစ်ဆုံး သူငယ်ချင်းရှိလို့ ...။
>မနုစံ ... အရုပ်ကြီး ရတဲ့ မ.. ကိုလည်း လေးမက အားကျနေတာ..။ ပေးတဲ့ ဆုပြည့်ပါစေ...။