Tuesday, July 15, 2008

လူသား ဘဝ

လူသား ဘ၀ကို ဘယ်လို ခံယူသလဲ .. ( ဒီမေးခွန်းကို နောက်ဆုံးမှ ဖြေပါ့မယ် )

ဘာတွေ လုပ်သွားမှ လူဖြစ်ရတာ တန်တယ်ထင်သလဲ။


ဘာလုပ်သွားမှ တန်တယ်ထင်သလဲ။


ဘာလုပ်သွားမှ တန်တယ်ထင်သလဲ… တဲ့…။




စပ်မိစပ်ရာက လူပြိုကြီး … အာပြဲ ကြီး နဲ့ ထအော်လိုက်လို့  ငိုက်မျဉ်းနေတဲ့ လေးမ လန့် နိုးသွားပါတယ်…။


လေးမ ရဲ့ ဘ၀ နဲ့  စိတ်ကူးတွေက သိပ်ပြီး သမရိုးကျ ဆန်လွန်းပါတယ်..။ ခုမှ အိပ်ယာက လန့်နိုးသွားသလို ပဲ ..။ လေးမ လူဖြစ်ရတာ တန်ခဲ့ပြီလား…။ တန်ရဲ့လား…။ တန်ပါ့မလား…။ တစ်ခါမှ ကိုယ့်ကိုယ်ကို ပြန်မမေးဖူးတဲ့ မေးခွန်းကို အခု ပြန်မေးကြည့်ရတော့မယ်…။ တစ်ခါမှ မတွေးဖူးခဲ့တာတွေကို စိတ်ကူးကြည့်ရတော့မယ်…။ လူဆိုတော့ ဖြစ်ချင်တာ … လုပ်ချင်တာတွေ က အများသား…။ General ကျတာတွေကို ဖယ်ထားပြီး သမရိုးကျမဟုတ်တဲ့ ဆန္ဒတွေကို ချရေးကြည့်မယ်…။


 


ဒါတွေ လုပ်ခဲ့ပြီးလို့  လူဖြစ်ရတာ တန်တယ် လို့  ထင်တယ်..။


၁။ နောက်ဆုံးနှစ်မှာ ဆရာတွေ တားနေတဲ့ ကြားက … ဆရာအများစု သဘောမတူတဲ့ ခေါင်းစဉ်နဲ့  ဘွဲ့ ယူစစ်တမ်းတင်သွင်းပြီး ဂုဏ်ထူးရအောင် ယူခဲ့တယ်..။ ခုချိန်ထိလည်း အဲဒီ Thesis ကို အားရတယ်… တွေးမိတိုင်းကျေနပ်တယ်… ။


၂။ ခွေး အကြီးစားမွေးချင်တယ် … ခု အယ်ဇေးရှင်း ၃ ကောင် မွေးထားတယ်..။


၃။ စာရေးချင်တယ်… စာရေးဆရာ မဖြစ်ချင်ဘူး… စာရေးချင်တယ်… အခု ဘလော့ဂ်မှာ ရေးနေတာ တစ်နှစ်ကျော်သွားပြီ…။


 


ဒါတွေတော့ လုပ်ချင်တယ်… ခက်ခက်ခဲခဲ မပါ ပါဘူး…


၁။ ကားကို ကိုယ်တိုင်မောင်းချင်တယ်..။ (ဆယ်တန်းအောင်ပြီးစက ကားမောင်းသင်ခဲ့ပေမယ့် အဖေက စိတ်ပူလို့  မမောင်းခဲ့ရဘူး… အခုလည်း သူက စိတ်မချလို့  မမောင်းရဘူး… ဒီလိုနဲ့  မမောင်းတတ်တော့ဘူး.. ။ )


၂။ လေးမတို့  နေဖို့  လေးမ စိတ်ကြိုက် အိမ်တစ်လုံး ( ရေကူးကန်ပါထည့်ချင်တယ်) .. လေးမ ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဆောက်ချင်တယ်… ။ လေးမ သေသွားတဲ့ အခါ လေးမ ဖန်တီးခဲ့တဲ့ လက်ရာမှာ လေးမရဲ့ အငွေ့  အသက်တွေ နဲ့  လေးမရဲ့ မိသားစုကို ကျန်ခဲ့စေချင်တယ်..။


၃။ မြန်မာပြည် က ထင်ရှားတဲ့ နေရာတွေ အကုန်ရောက်ချင်တယ်…။ လောလောဆယ် မြစ်ဆုံ အရင်သွားချင်တယ်…။ နောက်ဆို မြစ်ဆုံက… ရှိတော့မှာ မဟုတ်ဘူး..။ ကော့သောင်း သူဌေးကျွန်းသွားမယ်…။


၎။ စင်္ကာပူ.. ဘန်ကောက် … ကိုရီးယား.. ( မဲဆောက်... တကာပေါ်လို့  ထပ်ဖြည့်သည် ) ကို shopping ထွက်ချင်တယ်… ။ ဂျပန် နဲ့  ရုရှား မှာ လျှောက်လည်ချင်တယ်…။ ( ဘလော့ဂ်ဂါ သူငယ်ချင်းတွေက အစားအသောက်နဲ့  ကြိုဆိုကြလိမ့်မယ်လို့ မျှော်လင့်ထားတယ်…။)


၅။ အီတလီ.. ပြင်သစ်က ကမ္ဘာကျော် နေရာတွေကို သွားကြည့်ချင်တယ်..။


လူသားဘ၀ ကို ဒီလို အဓိပ္ပါယ်ဖွင့်မယ်


လူသား  မှန်ရင် ... လူပီသရမယ်.. လူသားဆန်တဲ့ အလုပ်တွေ လုပ်ရမယ်.. (ဒါပေမယ့် တိရစ္ဆာန်တွေကို အတုယူသင့်တဲ့ နေရာမှာလည်း အတုယူဖို့ လိုအပ်တယ်...။)


ဘ၀ မှန်ရင် ... ရုန်းကန် လှုပ်ရှားနေရမယ်... ငြိမ်သက်မနေရဘူး...။


လူသားဘ၀ ဆိုတာ ... ဘာသာရေး..ပတ်ဝန်းကျင်... အသိတရား.. လူပုဂ္ဂိုလ်တွေရဲ့  လွှမ်းမိုး တိုက်တွန်းမှုမပါဘဲ ... ကိုယ်စိတ်အားထက်သန်နေတဲ့ အလုပ်.. အနည်းဆုံး တစ်ခုလောက်တော့ ကျေကျေနပ်နပ် နောင်တမရဘဲ လုပ်လိုက်နိုင်ရင် အဓိပ္ပါယ် ရှိလိမ့်မယ် ...။


 


စိတ်ကူးတွေကို နှိုးဆွပေးတဲ့ စပ်မိစပ်ရာက ကို သင်္ကြန်ကို ကျေးဇူးတင်ပါတယ်…။


လူဖြစ်ရတာ တန်အောင် တွင်းအောင်း ဂျယ်ရီ နဲ့  ညီမငယ် ဝေလေး က ဘာတွေ လုပ်သွားမလဲ ဆိုတာ မျှဝေစေချင်ပါတယ်…။ အဆင်ပြေရင်ပြောကြပါဦး..။<-->

22 comments:

Anonymous said...

အယ်....ဘန်ကောက်ကိုပဲ လာမှာလားး သားကြွက်တို့  မဲဆောက်လည်း စည်ပါတယ်ဗျ လာလည်လေ ဆရာ နဲ့  ကျနော် ကောင်းကင်ကြီးကို ဘီယာ မူးအောင်တိုက်ပေးမယ် :P တီကြွက် အတွက်တော့ သောင်ရင်းမြစ်ထဲက ငါးကြီးကြီးတစ်ကောင် ဆင်းဖမ်းပေးမယ် :)

Anonymous said...

“စာရေးချင်တယ်… စာရေးဆရာ မဖြစ်ချင်ဘူး..”

အဲဒီ စကားကိုတော့ သိပ်ကြိုက်တယ်ဗျာ.. “အလုပ်တွေ အရမ်းလုပ်တယ်၊ ဒါပေမယ့် သူဌေးဖြစ်ချင်လို့ မဟုတ်ဘူး” ဆိုတာမျိုးနဲ့ များ ယှဉ်ပြီး စဉ်းစားကြည့်လို့ရမလား.. ဘာလို့လဲ ဆိုတော့ လူတိုင်းက ကိုယ့်ရဲ့ “အလုပ်” တစ်ခုအတွက်၊ “ပြီးမြောက်မှု” ဒါမှ မဟုတ်ရင် အကျိုးသက်ရောက်မှု တစ်ခုကို ပြန်ရချင်ကြတဲ့ သူတွေပဲလေ.

ဆိုလိုတာကတော့ဗျာ. “စာရေးချင်တယ်… စာရေးဆရာ မဖြစ်ချင်ဘူး..” ဆိုတာဟာ အတ္တမကြီးတဲ့ သူတွေ ထားနိုင်တဲ့ စိတ်ဓာတ်မျိုးပေါ့... (တစ်ဖက်က စဉ်းစားကြည့်ရင် လွတ်လပ်စွာ နေရခြင်းကို ကြိုက်တာလို့လည်း ပြောလို့ရမယ် ထင်တယ်. )

ဘ၀နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မြင်သာအောင် ရေးတတ် ပါပေတယ်ဗျာ... အတွေး စတွေ ဖြန့်ပေးတဲ့ အတွက် ကျေးဇူးပါ အစ်မ.ရေ.. :)

ပြီးတော့ ဒီလို လူမျိုးတွေဆီက ဒီလို ယူဆချက်တွေ ကိုသိခွင့်ရအောင် အစဖော်ပေးတဲ့ ကိုသင်္ကြန်ကြီးကိုလည်း ကျေးဇူး အထူးပါ။ :D

Anonymous said...

ဝိုး........လူသားဘဝ......
မေးခွန်းတွေကတော့တွေးစရာတွေပဲမမရေ.......
လူသားဘဝဘာလုပ်သွားမှတန်တယ်ထင်လဲတဲ့......
ရေးမယ်ဗျို့.....ဘာရေးရမှန်းမသိတာနဲ့အတော်ပဲ။ဟိ ဟိ

Anonymous said...

လူသားဘ၀ ဆိုတာ … ဘာသာရေး..ပတ်ဝန်းကျင်… အသိတရား.. လူပုဂ္ဂိုလ်တွေရဲ့ လွှမ်းမိုး တိုက်တွန်းမှုမပါဘဲ … ကိုယ်စိတ်အားထက်သန်နေတဲ့ အလုပ်.. အနည်းဆုံး တစ်ခုလောက်တော့ ကျေကျေနပ်နပ် နောင်တမရဘဲ လုပ်လိုက်နိုင်ရင် အဓိပ္ပါယ် ရှိလိမ့်မယ် …။

အရမ်းကောင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲဗျာ။ ကျွန်တော့်အတွက် လူဖြစ်ရ တန်အောင် ဆိုတဲ့ လုပ်သွားချင်တဲ့ ဆန္ဒ တွေပဲ ရှိတယ် လေးမလို ရှင်းရှင်းလင်းလင်း အတွေး မပေါက်သေးဘူး။ လေးမဖွင့်ဆိုချက်ကို အမြင်ခြင်းလဲတူပါတယ် ကျေးဇူးလဲအထူးတင်ပါတယ်။

Anonymous said...

လူသားဘ၀တဲ့. စိုးမိုးကိုသာမေးရင်.ဘာရယ်တော့သေချာမပြောတတ်ဘူး..မမရးထားးတာ
နဲ့ ကိုပြည့်စုံနေပါပီ.. :)

Anonymous said...

အမကြီး ဆန္ဒတွေပြည့်ဝပါစေဗျာ..။
(ဘလော့ဂ်ဂါ သူငယ်ချင်းတွေက အစားအသောက်နဲ့  ကြိုဆိုကြလိမ့်မယ်လို့ မျှော်လင့်ထားတယ်…။) တဲ့ :)
ကြိုဆိုပါတယ်ခင်ဗျာ
ဒီလိုအဓိပ္ပါယ်ဖွင့်ထားတာလေးကို ကြိုက်တယ်။
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)

Anonymous said...

လူသားဘ၀ ဆိုတာ … ဘာသာရေး..ပတ်ဝန်းကျင်… အသိတရား.. လူပုဂ္ဂိုလ်တွေရဲ့ လွှမ်းမိုး တိုက်တွန်းမှုမပါဘဲ … ကိုယ်စိတ်အားထက်သန်နေတဲ့ အလုပ်.. အနည်းဆုံး တစ်ခုလောက်တော့ ကျေကျေနပ်နပ် နောင်တမရဘဲ လုပ်လိုက်နိုင်ရင် အဓိပ္ပါယ် ရှိလိမ့်မယ် …။

Anonymous said...

ကြည်နူးစရာပဲဗျ အတွေးတွေက လတ်ဆတ်နေတယ်..... စိတ်ကူးထဲမှာ ဒုက္ခပေးမယ့်သူတွေလဲထဲ့ထားတယ်နော်.. ခွေးအကြီးစားသုံးကောင် ဆိုလို့ နည်းနည်းလန့်သွားတယ်.. ဘယ်နားကများထွက်လာမလဲလို့...

Anonymous said...

စာရေးချင်တယ် စာရေးဆရာမဖြစ်ချင်ဘူး
ဟုတ်တယ် တူတူပဲမမ
အတွေးတွေကို နှိုးဆွပေးတဲ့ ကိုသင်္ကြန်နဲ့ မမကိုပါကျေးဇူးတင်ရမှာ
ထုံးစံအတိုင်း မမဆီလာလည်ပြီး အတွေးတွေနဲ့ ပတ်ချာလည်ပြန်ပြီ
မိသားစုဘဝတစ်ခုတည်ဆောက်နေမှုပေါ်မှာရော မမရဲ့ စိတ်ကျေနပ်မှု မျှော်လင့်ချက် ခံယူချက်ကဘာလဲ သိချင်တယ်

Anonymous said...

လူသား မှန်ရင် … လူပီသရမယ်.. လူသားဆန်တဲ့ အလုပ်တွေ လုပ်ရမယ်.. (ဒါပေမယ့် တိရစ္ဆာန်တွေကို အတုယူသင့်တဲ့ နေရာမှာလည်း အတုယူဖို့ လိုအပ်တယ်…။)

ဘ၀ မှန်ရင် … ရုန်းကန် လှုပ်ရှားနေရမယ်… ငြိမ်သက်မနေရဘူး…။

လေ့လာမှတ်သားသင့်တာလေး မှတ်သားသွားပါတယ်။

စကားမစပ် shopping ထွက်ရင် ခေါ်ဦးလေ။ ခေါ်မယ်ဟုတ်
:)

Anonymous said...

လူသား မှန်ရင် … လူပီသရမယ်.. လူသားဆန်တဲ့ အလုပ်တွေ လုပ်ရမယ်.. (ဒါပေမယ့် တိရစ္ဆာန်တွေကို အတုယူသင့်တဲ့ နေရာမှာလည်း အတုယူဖို့ လိုအပ်တယ်…။)

ဘ၀ မှန်ရင် … ရုန်းကန် လှုပ်ရှားနေရမယ်… ငြိမ်သက်မနေရဘူး…။

ဒီနှစ်ကြောင်းကို တအာသဘောကျတယ်
မှတ်သားသင့်တယ်ထင်တာလေးတွေကို မှတ်သားသွားတယ်။
စကားမစပ်...shopping ထွက်ရင်ထော်နော်။ ချန်မထားနဲ့ဦး။

Anonymous said...

လေးမ....နောက်ဆို မြစ်ဆုံ က ဘာလို့ မရှိတော့မှာ လဲဗျ....တိမ်ကောသွားလို့လား.....ခွေးတော့ မွေးချင်သား....ခြံနဲ့ နေနိုင်မှပဲ မွေးနိုင်တော့မှာ......ပြောရင်းဆိုရင်း မြီးတို ဆိုတဲ့ ခွေးမလေးကိုသတိရလာပြီ
ဗျာ....ကျောင်းတက်တုန်းက ခြောက်လသမီးလေး.....ခုတော့ဆုံးသွားရှာပါပြီ.....ကျွန်တော့်ကိုယ်ပေါ် ပတပ်ရပ်ရပ် ပြီးတက်တာ....အင်္ကျီ မှာ သူ့ ခြေရာလေးတွေထင်လို့.......မွေးရာပါ အမြီးမပါဘူးဗျ....သမီးလေးက.....

Anonymous said...

လေးမပြောထားမှပဲ အမလည်း ပြန်တွေးလိုက်ဦးမယ်.. အခုတော့ ညီမလေးရဲ့ လူသားဘ၀အဓိပ္ပာယ်ဖွင့်ထားချက်ကို ပိုကြိုက်တယ်။ မြစ်ဆုံက ဘာလို့မရှိတော့မှာတဲ့လဲ။ အမလည်း အဲဒီကို ရောက်ဖူးချင်နေတာ.. ဂျပန်လာလည်မယ်ဆို always welcome ပါနော်..အဲ အမ ရှိတုန်းလာပေါ့နော်.. :)

Anonymous said...

ဘ၀ မှန်ရင် … ရုန်းကန် လှုပ်ရှားနေရမယ်… ငြိမ်သက်မနေရဘူး…။

သဘောတူပါတယ် =)
မီကတော့ ကိုယ်ဖြစ်ချင်တာတောင် ဘာမှန်း မသိသေးဘူး. . ဖြည်းဖြည်းပဲ ရွေ့ နေတယ်။

Anonymous said...

ငါတော့....ဖီဂျီအိုင်လန်းကိုရောက်အောင်သွားမယ်....
ဘော်ဘော်တွေကိုတွေ့ချင်လို့.....လုပ်ချင်တာတွေကို...
ဘလော့စရေးမှပဲအကုန်ပြောပြမယ်.....နော်...
နင်ကျေနပ်ခဲ့တာတွေထဲမှာကျန်သေးတယ်.....
နင်စဉ်းစားလိုက်အုန်းနော်......မိ

Anonymous said...

လူသားဘ၀ကိုဖတ်သွားမှတ်သွားပါတယ်အမရေ...
သဘောကျတယ်ရေးထားတာကို...
အရေးကောင်းအတွေးကောင်းပဲနော်...
စဉ်းစားစရာတွေလဲအများကြီးဖြစ်သွားတယ်ဗျာ...
စင်္ကာပူလာရင်ကြိုပြောနော်...
လေဆိပ်ကနေစောင့်နေမယ်...

Anonymous said...

အစ်မရဲ. လူသားဘ၀ကို သေချာဖတ်သွားပါတယ်။
ခွေးသေးသေးလေး နဲ့ ချစ်စရာလေးတွေ မွေးချင်တယ်
လူသားဘ၀ကို လူသားဆန်ဆန်ပဲ ဖြတ်သန်းချင်တယ်။

Anonymous said...

ဘ၀ မှန်ရင် … ရုန်းကန် လှုပ်ရှားနေရမယ်… ငြိမ်သက်မနေရဘူး အဲဒီစကားလေးကို အနှစ်သက်ဆုံးပဲ တိုက်ဆိုင်မှုရှိတယ်လို့ ဆိုရမလိုပဲ ၊ ဘယ်အကြောင်းအရာကိုရေးရေး အစ်မအရေးအသားတွေ အရမ်းကောင်းတယ်ဗျ ၊ လာလည်မယ်ဆိုရင် အစားအသောက်တွေနဲ့ဧည့်ခံရုံတင်မကပါဘူး လည်ပတ်ချင်တဲ့ နေရာတွေ ကို လိုက်ပို့ပေးမယ်လေ ။

Anonymous said...

ကျွန်တော်ကတော့ဗျာ.........
သူများတွေဖြစ်ချင်တာတွေကိုပဲဆုတောင်းပေးတော့မယ်
ကျွန်တော်ရောဘာဖြစ်ချင်လဲဆိုရင်တော့
ယောင်ယောင်ပြီးလန့် နိုးနေတဲ့
အိမ်မက်ဆိုးတွေကပဲလွတ်ချင်တော့တယ်။

Anonymous said...

:)

Anonymous said...

စိတ်ကူးတွေက အားကျစရာပဲ အမရေ။
လာလည်ရင် အစားနဲ့ ကြိုမကြိုတော့ မသေချာဘူး အသောက်နဲ့တော့ ကြိုပေးမယ် :D

Anonymous said...

>သားကြွက် ... လေးမ ငါးမစားဘူး..။
>မှော်ဆရာ .. ပြောတာမှန်တယ်..။ လွတ်လပ်စွာ နေရခြင်းကို ကြိုက်တာ ..။ စာရေးဆရာ လုပ်ရတာ တာဝန်ကြီးတယ်..။
>ဝေလေး.. တွေးလည်းတွေး .. ရေးလည်း ရေးပေးတာ ကျေးဇူး..။
>ကိုအတာ.. နောက်ဆို မပေါက်သေးတာ ရှိရင် လေးမကို ပြောပါ.. ။ ဖောက်ပေးမယ်.. အဲလေ.. အဓိပ္ပါယ်ဖော်ပေးမယ်..။ ဟိ..ဟိ..။
>စိုးမိုးလေး.. သိမှာပါ... သိပါတယ်... သိနေတယ်နော..။
>ညိမ်းညို ... နောက်မှ လခမထုတ်ရသေးလို့  အစ်မရယ်လို့  မပြောနဲ့ ..။
>ကိုပြခန်း.. အဟဲ.. ထမင်းလာမစားရဲအောင်... ဒီလို ပဲ ဖိန့်် ထားရတာ.. ။
>မွန် ...... ခုချိန်ထိ မသေချာသေးဘူး.. ညီမ..
လောလောဆယ်တော့ ... အင်း မွန်ရယ်... ပို့ စ်တစ်ပုဒ် ရေးပြပါ့မယ်..။
>ခေးရော့စ်.. ခေါ်မှာပေါ့.. ပီကေမပါကြေးနော်... ပီကေ၀ါးပြီး ရှော့ပင်းမထွက်နဲ့  လို့ ပြောတာပါ...။
>ကိုညိုထက်.. မြစ်ဆုံမှာ တမံဆောက်တော့မှာ.. တဲ့..။ သံယောဇဉ်ဆိုတာ နည်းလေကောင်းလေပါ...။
>မနုစံ... အပေါ်မှာ ဖြေထားတယ်နော်... မ.. ရှိတဲ့ နေရာ လာလည်မယ်..။
>မီ.. တစ်ခါတစ်လေ သိတယ်ထင်ပေမယ့် မသိဘူး.. မသိသလိုနဲ့ လည်း သိတာတွေ ရှိတယ်.. ဘာပဲပြောပြော ရွေ့ နေတယ်ဆိုတော့ တနေရာတော့ ရောက်မှာပေါ့...။
>မိ.. နင်ပြောတာကို ငါ.. ကျေနပ်ခဲ့ပေမယ့် ... အဲဒီအတွက် လူဖြစ်ရတာတန်တယ်လို့  ငါပြောမိရင် ငါ့ကိုယ်ငါ ထရိုက်မိလိမ့်မယ်..။ :P
>sparrow... စာကလေးရော .. လူဖြစ်ရတာ တန်ပြီလား..။
>နှင်းပွင့်ဖြူလေး.. အဖြစ်သင့်ဆုံးပါပဲ.. ညီမ..။
>တင့်ထူး.. ဟဲ.. ဟဲ.. တကာ ပေါ်ပြီ.. ဒကာပေါ်ပြီ...။
>၃၀၅.. အိပ်မက်ဆိုးတွေ ရပ်ပါစေ..။
>မျှားပြာ ... :)
>ကျန်စစ်.. ရေ ပဲ တိုက်မယ်လို့  ဆိုလိုတာလား... သိပါတယ်.. သူတောင် ပိုက်ပိုက်မရှိလို့  သူများဆီ ကပ်သုံးနေရတာဆိုတော့ ... သဘောပေါက်ပါတယ်..။