Monday, October 13, 2008

အချစ် ဆိုသည်မှာ …

ကိုဟန်သစ်ငြိမ် က သုံးကိုယ်ခွဲပြီး အချစ်အကြောင်း အပြင်းအထန် ဆွေးနွေးပြီး သကာလ … ကျန်တဲ့ သူတွေကိုလည်း သူခိုးသေဖော်ညှိ .. အဲ.. ဟုတ်ပေါင်… ကျန်တဲ့သူတွေလည်း အချစ်အကြောင်း ဆွေးနွေး ရင်ဖွင့်နိုင်ကြပါစေတော့ရယ်လို့  စေတနာ ရှေ့ထားပြီး တစ်အုပ်တစ်မကြီး ဆက်ရေးခိုင်းပါတယ် …။


လေးမ ရေးပါပြီ…။


အချစ်ရှိတဲ့သူဆိုတော့ အချစ်အကြောင်း ပိုင်ပိုင်နိုင်နိုင်ကြီး မသိပေမယ့် ကောင်းကောင်း ဆွေးနွေးနိုင်ပါတယ် … ။ ချစ်တတ်တဲ့ … အချစ်ငတ်တဲ့…. ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေက အချစ်ကို သူတို့ အမြင်နဲ့  အမျိုးမျိုး ဖွဲ့ ဆိုခဲ့ကြတယ်…။ အဲဒီအမြင်တွေကို မကိုးကား တော့ဘူး… ရိုးသားစွာနဲ့ ပဲ အချစ်ကို ဘာသာပြန်ကြည့်ပါမယ် …။ နိဒါန်းပျိုးနေတာနဲ့  အတော်ကြာနေပြီ…။ (ဘယ်ကစရမှန်းမသိလို့  အချိန်ဆွဲနေတာပါ )။


၁။ မိဘချစ်… သားသမီးချစ်


၂။ ကိုယ့်ကိုယ်ကိုချစ်


၃။ မောင်နှမချစ်


၎။ သူငယ်ချင်းချစ်


၅။ တစိမ်းချစ် ( သို့) ချစ်သူချစ်


၆။ လင်မယားချစ် ( သို့ ) အိမ်ထောင်သည်အချစ်


သေချာ ရေတွက်ကြည့်မယ်ဆိုရင် မြောက်များစွာသောအချစ်တွေနဲ့  လူတွေ “ကန်း” နေကြပါတယ်…။ “ ကန်း” တယ်ဆိုတာ ဘာသာရေးရှုထောင့်က ကြည့်ပြီး “ ကန်း” … တယ်.. “လုပ်ရမယ့်အလုပ်တွေကို မလုပ်ဘဲ… ချစ်နေကြတယ်”… လို့ ပြောတာပါ…။ ဒီစကား ဒီနေရာမှာရပ်မှ…။ တော်ကြာ ဘော်ဒါတွေ ရိပ်သာပြေးကုန်လို့  လေးမတစ်ယောက်ထဲ ဘလော့ဂ် မျက်မဲကြီးထဲမှာ ကျန်နေခဲ့ဦးမယ်…။


အချစ်ဟာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်သလို … မသင်ယူဘဲ တတ်မြောက်ခဲ့ကြတဲ့ အရာပါပဲ…။ ဒါပေမယ့် ချစ်တတ်အောင်တော့ သင်ယူခဲ့ကြရပါတယ်…။ မသိမသာတစ်မျိုး… သိသိသာသာ တစ်မျိုးနဲ့  ချစ်တတ်အောင် သင်ယူခဲ့ကြပါတယ် …။ အချစ်ခံရခြင်း အားဖြင့်လည်း သင်ယူခဲ့ကြသလို .... အချစ်ပေးခြင်း အားဖြင့်လည်း သင်ယူခဲ့ကြရပါတယ်…။ ချစ်တတ်အောင် မသင်ယူခဲ့ဘဲ အချစ်ကို လက်တည့် စမ်းရင်တော့ အမုန်းနဲ့  မျက်ရည်တွေသာ များများရပါလိမ့်မည်…။


အချစ် ၁ ကနေ ၄ အထိက မိရိုးဖလာ အချစ် ပုံစံ ဖြစ်တဲ့အတွက် အငြင်းပွားစရာ ဘာမှ မရှိပါဘူး…။ နံပါတ် ( ၅ ) အချစ် ကတော့ အင်မတန် ထူးဆန်းတဲ့ အတွက် … ငြင်းခုံဆွေးနွေးစရာ ဖြစ်လို့  နေပါတယ်…။ ကိုဟန်သစ်တောင် “အချစ်မှာ မျက်စိရှိမရှိ” ကို မျက်မှန်ကြီးတပ်ပြီး ဆွေးနွေးတာ အဖြေမထွက်ပါဘူး…။


လေးမရဲ့ အမြင်ကို ရေးရရင်တော့ နံပါတ် ( ၅ ) အချစ်ဟာ …. “တိမ်” နဲ့ တူပါတယ်…။


လက်ထပ်ခြင်းဆိုတာနဲ့  နိဂုံးမချုပ်မခြင်း အဲဒီတိမ်က လွင့်မျော နေနိုင်ပါတယ်…။ အချိန်မရွေးနေရာ ရွှေ့  နိုင်သလို အချိန်မရွေး နောက်တစ်ယောက်ကို ချစ်လို့ ရပါတယ်…။ ကန့် ကွက်ကြသလား…။ ဟုတ်ပါတယ်… ကန့် ကွက်ချင်စရာပါပဲ… နောက်တစ်ယောက် ပြောင်းချစ်တာ သစ္စာမဲ့တဲ့ လုပ်ရပ် လို့  လေးမ တို့ သတ်မှတ်ထားကြတာကိုး….။ တကယ်တော့ ကိုယ်နဲ့  အဆင် မပြေနိုင်လို့  … ကိုယ်မချစ်နိုင်တော့လို့ … နောက်တစ်ယောက်ပြောင်းလိုက်တာဟာ…. လက်ထပ်ပြီးမှ အဆင်မပြေလို့  ကွဲကြရတာနဲ့  စာရင် အများကြီး သိက္ခာရှိပါတယ်….။


အချစ်ဟာ တိမ် တွေလိုပဲ အသွင် သဏ္ဍာန် အမျိုးမျိုးနဲ့  ရပ်တည်နေနိုင်ပါတယ်…။ ပေးဆပ်တဲ့အချစ်… ရယူတဲ့အချစ်… ကြမ်းတမ်းတဲ့ အချစ်… သိမ်မွေ့ တဲ့အချစ်… အလိုလိုက်တဲ့ အချစ်… ဗိုလ်ကျတဲ့ အချစ် … ထိန်းချုပ်တဲ့ အချစ်… အဲသလို ပုံစံအမျိုးမျိုးနဲ့  ရှိနေမှာပါ…။


ရာသီဥတု အခြေအနေကို လိုက်ပြီး တိမ်တွေ အရောင်ပြောင်းသလို တစ်ဖက်လူရဲ့ တုံ့ ပြန်မှုနဲ့  အခြေအနေကို လိုက်ပြီး အချစ်ဟာ အရောင်ပြောင်းနိုင်ပါတယ်…။


တစ်ခါတစ်လေမှာ တိမ်တွေဟာ မိုးစက်တွေ အဖြစ်အသွင်ပြောင်းပြီး တိမ် ဘ၀ အဆုံးသတ်သွားသလို…. အချစ်တွေ မျက်ရည်အဖြစ် ပြောင်းလဲပြီး အဆုံးသတ်သွားတတ်ပါတယ်…။


မိုးစက်တွေ ငွေ့ ရည်ဖွဲ့ ပြီး တိမ် အဖြစ်ကို ပြန်ရောက်နိုင်သလို…. ကာလတစ်ခုကြာပြီးတဲ့ နောက်မှာ အချစ်ဟာ အသစ်တဖန် မွေးဖွား လာနိုင်ပါသေးတယ်…။


တိမ်တွေကို မြင်နေရပေမယ့် ပွေ့ ဖက်ဖမ်းဆုပ်ထားလို့  မရ သလို အချစ်ဟာလည်း ဖမ်းဆုပ်ချုပ်ကိုင်ထားဖို့  သိပ်ခက်ပါတယ်…။


ဘယ်လောက် ဆန်းကြယ်တဲ့ အချစ်လဲနော်…။ အဲဒီ ဆန်းကြယ်တဲ့ အချစ်ကို တချို့ တွေက ငွေအတွက်.. ဂုဏ်အတွက်.. ဆန္ဒအတွက် … မိသားစုအတွက်… ခုတုံးလုပ်လာကြတဲ့အခါ အချစ်ဆိုတဲ့ ဝေါဟာရဟာ ပျက်ရယ်ပြုချင်စရာကြီး ဖြစ်လာခဲ့တယ် …။ အချစ်ရဲ့ ဂုဏ်သိက္ခာဟာ မေတ္တာတရားရဲ့ ဂုဏ်ကို မယှဉ်နိုင်ဘူးဖြစ်လာပြန်တယ်…။


ဒါကြောင့် အိမ်ထောင်ရှင်အများစုဟာ… အိမ်ထောင်သည်ဘ၀မှာ “ တိမ်” နဲ့ တူတဲ့ အချစ်ကို ဂူ သွင်းလိုက်ကြပြီး… မေတ္တာ… စေတနာ… သံယောဇဉ်… နားလည်မှုတွေနဲ့  တည်ဆောက်ထားတဲ့ ကောင်းကင်” နဲ့  တူတဲ့အချစ်ကို တည်ဆောက်ကြပါတယ်…။ ဒါပေမယ့် ဂူသွင်းထားတဲ့ အချစ် ကိုလည်း… အမှတ်ရစရာအဖြစ် မကြာခဏ ငဲ့ကြည့်ပေးရပါတယ်…။


နေ့ ဘက်မှာ ရှိသလို ညဘက်မှာလည်း ရှိနေတဲ့ … ရာသီတိုင်းမှာ အမြဲရှိနေတဲ့ ကောင်းကင်ကြီး ကြံ့ခိုင် သလို အိမ်ထောင်သည်အချစ်ဟာ ကြံ့ခိုင်ရပါမယ်…။ ဘယ်တော့မှ ပျောက်ကွယ်မသွားရပါဘူး…။ ကောင်းကင်ကြီးဟာ သူ့ ရဲ့ အရိပ်အောက်မှာ သက်ရှိသက်မဲ့ အားလုံးကို အုပ်မိုးထားနိုင်သလို … အေးအတူ ပူအမျှ … အခြေအနေတိုင်းမှာ မပျောက်မပျယ်တဲ့ အချစ်တွေ တည်ဆောက်ရင်း အိမ်ထောင်သည် အချစ်တွေနဲ့  ပြသာနာတိုင်းကို ချုပ်ကိုင်အုပ်မိုး နိုင်ရပါမယ်..။


အချစ်ဆိုသော အရာကို (အခုချိန်အထိ) လေးမ… အဲသလို နားလည်ထားပါတယ်…။ ။


ကိုသင်္ကြန် ၊ ကို ညိုထက်ညို ၊ ရာဟုမလေးရဲ့ကိုကို ( ဘိုတင့် ) တို့ကရော “ အချစ်ဆိုသည်မှာ…” ဘာလို့  ရေးကြမလဲ သိခွင့်ရှိရင်… သိချင်ပါတယ်…။

21 comments:

Anonymous said...

ဆြာမကြီးဆီက နည်းတွေ လာယူသွားတယ် ဟိဟိ အတွေ့ ကြုံရှိတော့ သူများကို ကောင်းကောင်းရှင်းပြနိုင်တာပေါ့နော့် ချစ်တင်အောင်သင်မှပဲ မဖြစ်ပေဘူး ရိပ်သာတော့ လုံးဝမပြေးနိုင် ခြင်လည်းကိုက်တယ် တရားထိုင်ရင် အနံ့ သက်လည်းမကောင်းဘူးး :P ကန်းလည်း ကန်းချင်တယ် ကိုယ့်ကိုယ်ကို ထိုးဖောက်ကန်းဖို့ ကလည်းမဖြစ် ။ အချစ်ဆိုတာကို တိမ်တွေနဲ့  နှိုင်းထားတာလေး သဘောကျတယ် ။

Anonymous said...

ဟုတ်ကဲ့ အဲဒါကြီးက အချစ်က ဘယ်လိုပြောရမလဲ.... ဟိုဟာပေါ့ ရေးပေးပါမယ့်
အစ်မရေးထားတာလေး သဘောကျတယ် :)

Anonymous said...

လက်ဖဝါးထဲက သဲတွေလို အချစ်ဆိုတာ
တင်းတင်းဆုပ်လေ လျော့ကျလေနဲ့
ဒါကြောင့် သူနေပါစေတော့လို့ မဆုပ်မကိုင်လွှတ်လိုက်ပြန်တော့လဲ
သဲမှုန်တွေလို တစစီလွင့်ပါး
ထာဝရပျောက်ရှသွားရပြန်တော့တယ်

Anonymous said...

ဒါကြောင့် ကောင်းကင်ကြီးလို့ ခေါ်တာပေါ့ ဟုတ်လား မလေးမ။ တင်စားချက်လေးတွေ ကိုသဘောကျတယ်။

Anonymous said...

ကျေးဇူးပါပဲဗျို့....။

အချစ်ကို အခုလို အမျိုးအစားတွေ ခွဲပြပေးတာ စိတ်ဝင်စားစရာပဲဗျို့...။ အလွတ်စုံထောက်လေသံနဲ့ ပြောရရင်... `အင်း... အင်မတန်မှ ရှုပ်ထွေးပြီး စိတ်ဝင်စားစရာအတိပဲဗျို့...´ လို့ပြောရတော့မယ်။

Anonymous said...

ကောင်းလိုက်တာနော် ချစ်ခြင်းကိုဖွဲ့ဆိုထားတာလေးတွေ၊အများကြှီးသိရတယ်လေ ကျနော်လည်းအဆင်ပြေတဲ့အခါ ချစ်ခြင်းအကြောင်းရေးရမယ်၊ဒီကမ္ဘာကပျောက်နေတဲ့ ချစ်ခြင်းကိုပြန်ရှာဖို့လေ..နောက်လည်းများများရေးပေးပါ။

Anonymous said...

ချစ်သူချစ် = တိမ်
အိမ်ထောင်သည်အချစ် = ကောင်းကင်
““ အိမ်ထောင်ရှင်အများစုဟာ… အိမ်ထောင်သည်ဘ၀မှာ “ တိမ်” နဲ့ တူတဲ့ အချစ်ကို ဂူ သွင်းလိုက်ကြပြီး…
မေတ္တာ… စေတနာ… သံယောဇဉ်… နားလည်မှုတွေနဲ့  တည်ဆောက်ထားတဲ့ “ ကောင်းကင်” နဲ့  တူတဲ့အချစ်ကို တည်ဆောက်ကြပါတယ်…။
ဒါပေမယ့် ဂူသွင်းထားတဲ့ အချစ် ကိုလည်း… အမှတ်ရစရာအဖြစ် မကြာခဏ ငဲ့ကြည့်ပေးရပါတယ်…။ ””

တခါတလေတော့ တိမ်မပါတဲ့ ကောင်းကင်က ဟာတာတာ ...
ကောင်းကင်နဲ့တူတဲ့ အချစ်တွေသာယာဖို့ ယောင်းမ မူပိုင် ကောင်းကင်ရဲ့ ရင်ခွင်မှာလည်း ငယ်မူငယ်သွေးနဲ့ တိမ်ပန်းချီလေးတွေ ရေးပေးပေါ့ ယောင်းမရဲ့ .. :)
ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်ည ဖြစ်ပါစေ ယောင်းမရေ ။

Anonymous said...

တို့အစ်မကြီးကတော့ သူ့ကောင်းကင်ကြီးကို မွမ်းဖြစ်အောင်မွမ်းသွားတယ်ဗျို့ :)
တင်စားပြီး ရှင်းပြတာလေးတွေ သိပ်လှတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)

Anonymous said...

Lecture အသစ် မြင်လို့ ပြေးလာတာ :-)
မှတ်သားသွားပါတယ် မလေးမရေ..။
တိမ်တွေ ရှိနေတောည နေပူတာ သက်သာတာပေါ့ .. နော်..။
ခု မလေးမ အချစ်အကြောင်းနဲ့ တွဲပြီး ပြောမှပဲ ... သေချာ ပြန်မြင်မိတယ်။
မလေးမရဲ့ ကောင်းကင်ကြီးနဲ့ ပျော်ရွှင်ပါစေ :-)

Anonymous said...

အတိဿယဝုတ္တိ အလင်္ကာ တွေနဲ့ သိင်္ဂါရ ရသမြောက်အောင် ဖွဲ့ဆိုသွားနိုင်တဲ့ ဆောင်းပါး တစ်ပုဒ်ပဲဗျို့.
(ကောင်းကင်ကြီးကတော့ မပါမဖြစ်ပေါ့. :) )

Anonymous said...

တော်လိုက်တာ..အချစ်ဆရာမလေးရယ်..
သာမီးဖြင့် ခုမှပဲ my husband ကို "က" ၃ လုံး(ကောင်းကင်ကြီး) မှန်းသိတော့တယ်..

Anonymous said...

ချစ်မရေ
ကောင်းကင်ကြီးအောက်မှာ ပျော်ရွှင်နိုင်ပါစေ။
ကောင်းကင်ကြီးကိုတော့ တွင်တွင်သုံးတယ်ဟ
အဟိ
ချစ်လို့စတာ

Anonymous said...

အား.. လေးမရဲ့ အချစ်တွေက ရင်ထဲကို လာမှန်တယ် ကွက်တိပဲ.. အချစ်ဟာ တိမ်နဲ့တူတယ်တဲ့.. အသွင် သဏ္ဍာန် အမျိုးမျိုးနဲ့ ရပ်တည်နိုင်တယ်တဲ့.. အဲဒါလည်း ဟုတ်တာပဲနော်.. လေးမနားလည်ထားတာကပဲ အတော်လေးမြင့်နေပါပြီ။ လေးမရဲ့ ကောင်းကင်ကြီးနဲ့ ပျော်ရွှင်ပါစေ.. :D အမလည်း အိမ်က ကောင်းကင်ကြီးကို လေးမရဲ့ အချစ်အကြောင်းနဲ့ ပြန်ပြီး lecturer ပေးလိုက်ဦးမယ်.. :P

Anonymous said...

များများရေးပါ ချစ်ခြင်းတရားကိုလူတွေရင်ထဲရောက်အောင်ရေးပါနော။

Anonymous said...

မ၄မ တို့များ ရေးလဲရေးတတ်ပါ့... `အချစ်´ ဆိုတာကို အမျိုးအစားခွဲပြီး.. တစ်မျိုးချင်းစီ အဓိပ္ပါယ်ဖွင့်ထားလိုက်တာများ.. သိပ်ကောင်း.. :)

Anonymous said...

အချစ်ဆိုသည်မှာ.......................ဟီးနားလည်သလိုလိုတော့ရှိသား...။

Anonymous said...

မိုးစက်တွေ ငွေ့ ရည်ဖွဲ့ ပြီး တိမ် အဖြစ်ကို ပြန်ရောက်နိုင်သလို…. ကာလတစ်ခုကြာပြီးတဲ့ နောက်မှာ အချစ်ဟာ အသစ်တဖန် မွေးဖွား လာနိုင်ပါသေးတယ်…။
အဲဒီစကားတော့ ကြိုက်တယ်ဗျာ။
မသိသေးတဲ့ လူအဖို့ လေ့လာသွားတယ် အမရေ့ အဟိ
အချစ်ပို့စ်တွေဖတ်တိုင်း ဖြူဖြူ့ကိုပဲ သွားသွား သတိရနေတယ်ဗျာ တကယ် တကယ် :P

Anonymous said...

>သားကြွက်.. ဒါတောင် ပညာကုန်မဟုတ်သေးဘူး..။
>ဘိုတင့် ... ရေးပေးတာ ကျေးဇူးတင်တယ်..။ အချစ်ဟာ နာမ၀ိသေသန ဆိုတာ သဘောကျတယ်..။
>မွန် ... ထာဝရပျောက်သွားပေမယ့် သဲတွေ လက်ပေါ်မှာ ရှိခဲ့ဖူးတယ်ဆိုတာ အသိကတော့ ပျောက်မသွားပြန်ဘူး... ခက်လှချည်ရဲ့နော်...။
>မပုံရိပ်.. ဟုတ်ပရှင်.. ကောင်းကင်ကြီးက ကောင်းကင်ကြီးပါပဲ...။
>ကိုဟန်သစ်... ဆေးတံကြီးပါခဲလိုက်ရင် ဦးစံရှားနဲ့ တူသွားမယ်..။
>upasaka- ချစ်ခြင်းတွေ အားလုံးတော့ မပျောက်သေးဘူးထင်ပါတယ်... နည်းသွားတာပါ...။ လူတွေရင်ထဲရောက်အောင် ရင်ထဲက ထုတ်ရေးပါ့မယ်...။
>ယောင်းမ... တိမ်ပန်းချီ ဆွဲနည်း သင်ပေးပါ...။
>ဘိုညိမ်း... ဒီလိုပဲလေ.. ကြုံတုန်းလေး အမှတ်ယူထားရတာ...။
>မီ... အတန်းမလစ်နဲ့ .. သေချာတက်... မှတ်... ကျက်...။
>မှော်ဆရာ ... ပြောမှ သတိထားမိတော့တယ်...။ ငယ်ငယ်ကကျက်ခဲ့တဲ့ အလင်္ကာတွေ.. ကျေးဇူးပါ...။ ဟုတ်သား..နော်.. မှော်ဆရာပြောတာ...။
>sin dan lar ... ခုတော့ သိသွားပြီပေါ့..။ ဒါဆို သူ့ ကိုပြောလိုက်နော်...။
>မနုစံ.. လေးမ အတွင်းအားက တော်တော်မြင့်နေပြီလို့ ပြောတာလား..။ အစ်မ ကောင်းကင်ကြီးကို လက်ချာ ကောင်းကောင်းပေးလိုက်နော်...။
>အညာသား... သိပ်ကောင်းဆိုပေမယ့် သိပ်ဟောင်းနေတဲ့ အတွေးတွေများလား...။
>စိုးမိုး.. ညီမလေး.. နားလည်သလိုလိုလား... နားလည်အောင်လုပ်...။
>ကျန်စစ် ... လူအ... မသိသေးဘူးလား... အော်.. သားက အတော်ရိုးတာကိုး.. ဒါနဲ့ များ ၈ တန်းနဲ့  စာလိုက်ပေးရတယ်လို့ ..။

Anonymous said...

> ခေးရော့စ်.. ကောင်းကင်ကြီး အောက်မှာ ပျော်ရွှင်ပါ၏
ကောင်းကင်ကြီး
ကောင်းကင်ကြီး
ကောင်းကင်ကြီး
ကောင်းကင်ကြီး

Anonymous said...

အချစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ပေးဆပ်ဖို့ဝဋ်ကျွေးပါခြင်းပါ။

Anonymous said...

သူတို့ပြောသလိုအချစ်မှာ 1500 နဲ့ 528 ရှိတယ်တဲ့