Saturday, June 14, 2008

SHELTER

တတိယနှစ်ကျောင်းသူ ဘ၀မှာ ပထမဆုံး စပေးတဲ့ project က  Sun Shelter.


ကျောင်းသူကျောင်းသားတွေ  ကျောင်းတက် … ကျောင်းဆင်း … စာသင်ချိန် အကူးအပြောင်း … တစ်ဆောင်နဲ့  တစ်ဆောင် အကူးအပြောင်းမှာ ခေတ္တ နားခိုစရာ နေရောင် ဒဏ် ကာကွယ်ပေးတဲ့ sun shelter  ကို design လုပ်ပါတဲ့ …။


အဲဒီတုန်းက shelter ရဲ့ အဓိပ္ပါယ်ကို အဲဒီလိုပဲ နားလည်လိုက်တယ်…


ဒီထက်ပိုပြီး များများစားစား မသိချင်ခဲ့ဘူး …။


ခုတလော shelter ဆိုတဲ့  အသံတွေ မိုးမွှန်အောင် ကြားနေရတော့မှ shelter အကြောင်း နဖူးပေါ်လက်တင်ပြီိး ပြန်စဉ်းစားမိတယ်…။


 


Shelter ဆိုတာ နားခိုရာ … ခိုလှုံရာ … နေထိုင်ရာ …။


လူသားတွေရဲ့ မရှိမဖြစ် အခြေခံ လိုအပ်ချက်တွေထဲမှာ နေစရာ  လည်းပါတယ် …။ အစားအစာ နဲ့ အ၀တ်လိုပဲ ခိုလှုံစရာနေရာ ကလည်း အရေးတကြီး လိုအပ်ပါတယ်…။


သဘာဝတရားကြီးကတော့ ကျောက်ဂူတွေ … အရိပ်ကောင်းတဲ့ သစ်ပင်တွေ ကို shelter အဖြစ် ကမ္ဘာဦးကတည်းက ဖန်တီးပေးခဲ့ပြီးသားပါ …။  သဘာဝ shelter တွေမှာ အားနည်းချက်တွေ အများကြီးရှိတဲ့ အတွက် အသိဥာဏ်မြင့်မားတဲ့ လူသားတွေဟာ man-made shelter  တွေကို ဖန်တီးလာကြတယ်..။


အစပထမကတော့ ရာသီဥတုဒဏ် ကာကွယ်ဖို့ … သားရဲတိရစ္ဆာန် ဘေး ကင်းဝေးစေဖို့ ….


နောက်တော့ … နောက်တော့ … လူသားတွေရဲ့ မဆုံးနိုင်တဲ့ လိုလားချက်တွေ နဲ့ အတူ shelter ဟာ နာမည်အမျိုးမျိုးနဲ့  modified လုပ်ခံခဲ့ရတာ ဒီနေ့  အထိပါပဲ …။ 


 


 


အိပ်ရုံပဲ ဆိုတဲ့ အဆင့်ထက်ပိုတဲ့ ဘုရားဝတ်ပြုဖို့ … အစားစားဖို့  … ချက်ပြုတ်ဖို့ … စတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပြီးပြည့်စုံစေတဲ့ space  (နေရာ) တွေ ထပ်ပေါင်းထည့်လိုက်တဲ့ အခါ  အိမ်လို့ ခေါ်တဲ့ နေစရာ ဖြစ်လာတယ်…။


လူတွေနေကြတာချင်းတူပေမယ့် အိမ်တွေက မတူကြပြန်ဘူး…။ အလွယ်တကူတွေးရင်  အကြိုက်ချင်း မတူလို့ပေါ့ လို့ ထင်စရာ အကြောင်း ရှိပေမယ့် နောက်ကွယ်မှာ ဒီထက်ကြီးကျယ်တဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်…။


 


ပထမအဆင့်အနေနဲ့  ဒေသမတူရင် … ရာသီဥတုမတူရင် … လူတွေရဲ့ နေထိုင်စားသောက်တဲ့ အကျင့်စရိုက်မတူရင် … ဒေသတွင်း အလွယ်တကူ ရရှိနိုင်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ မတူရင်  ပုံစံတွေ တူလို့မရပါဘူး…။ ဥပမာဆိုရရင် အပူပိုင်းဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံမှာ အအေးပိုင်းဒေသကလို မှန်လုံအိမ်တွေ ဆောက်ရင် နေရတာ အဆင်မပြေပါဘူး…။ ငါးပိရည်ကျို … ငါးခြောက်ဖုတ် … တညင်းသီးပြုတ် … ငရုတ်သီး ထောင်းတဲ့ မြန်မာ အိမ်ရှင်မတွေ အတွက် အနောက်တိုင်း မီးဖိုချောင် ကျဉ်းကျဉ်းဟာ စိတ် ကျဉ်းကြပ်စေပါတယ်… ( အိမ်ရှင်မ တော်တော်များများ စတိုင်လ်သစ်နဲ့  ready-made တွေ အသုံးများလာတဲ့ အတွက် ဒီကိစ္စက သိပ်တော့ စိတ်ပူစရာမလိုပါတော့ပါဘူး…)


 


ဒုတိယကတော့  shelter ကို လိုအပ်ရတဲ့ အကြောင်းရင်းခြင်း မတူရင် shelter တွေ မတူတတ်ပါဘူး …။ ဥပမာပေးရရင် သာမာန် လူတစ်ယောက်က security နဲ့  privacy အနည်းငယ် ရှိတဲ့ shelter မှာ နေထိုင်နိုင်မှာဖြစ်ပြီး … ရန်သူတွေ လာတိုက်ခိုက်မှာကို စိုးရွ့ံ နေရတဲ့ ဘုရင်တစ်ပါးကတော့ ရဲတိုက်အကြီးကြီးဆောက်ပြီး နေမှာဖြစ်ပါတယ်…။


 


တတိယ အချက်ကတော့ ငွေကြေး ပိုင်ဆိုင်မှုပေါ်မူတည်ပြီး ပုံစံကွဲလွဲနေတာ ဖြစ်ပါတယ်…။


 လူတွေဟာ တတ်နိုင်တဲ့ ငွေကြေးပမာဏပေါ်မူတည်ပြီး တဲအိမ် … တိုက်အိမ် … ၂ ထပ်အိမ် … လုံးချင်း… တိုက်ခန်း … စတဲ့ နာမည် အမျိုးမျိုးနဲ့  shelter တွေမှာ နေထိုင်ကြတယ်…။ တချို့ လူတွေကတော့ အသက်ရှင်နေနိုင်ဖို့ shelterလိုအပ်တာလား…. shelter ကောင်းကောင်းနဲ့ နေနိုင်ဖို့ အသက်ရှင် ရုန်းကန်နေရတာလားဆိုတာ ဒွိဟ ဖြစ်နေကြပါတယ်…။


 


 ဘယ်လို ကြောင့် ဘာတွေကွဲလွဲနေပါစေ … shelter ဆိုတာ အကာအကွယ် တစ်မျိုးလို့ အဓိပ္ပါယ်ရပါတယ်…။


ဒါကြောင့် အသင့်အတင့် ကာကွယ်မှု … လုံခြုံမှုပေးနိုင်တဲ့ shelter ဖြစ်ဖို့  လိုအပ်ပါတယ်..။ ရာသီဥတုဒဏ် … အင်းဆက် ပိုးမွှား အကောင်ပလောင် ဒဏ်တွေကို  အတော်အသင့်  ကာကွယ်မှုပေးနိုင်ရပါမယ်…။


 


Shelter ရဲ့   ဦးလှည့်ဘက် ကို သင့်တော်အောင်ရွေးချယ်တာမျိုး … အပေါက်တွေ ဖောက်တဲ့ အခါမှာ ဖြစ်သင့်တဲ့   နေရာ ကို ရွေးချယ်ဖောက်တာမျိုး …. shelter ကို မြေကြီးမှ  အနည်းငယ် မြှင့်ဆောက်တာမျိုး … တွေက  ကုန်ကျစရိတ် သိပ်မပိုတဲ့ ကာကွယ်နည်းတွေ ဖြစ်ပါတယ်…။


 


 shelter မရှိတာနဲ့စာရင် ရှိနေတာက သိပ်ကောင်းပါတယ်…။


 


 shelter ရှိနေတာထက်  အသင့်အတင့် စိတ်ချရတဲ့ shelter ဖြစ်ရင် ပိုကောင်းပါတယ်…။


 


 အသင့်အတင့် စိတ်ချရတဲ့ shelter ထက် အန္တရာယ်တော်တော်များများကို ( မမြင်ရတဲ့ rays တွေကိုပါ ) အစွမ်းကုန် ကာကွယ်နိုင်တဲ့ shelter ဖြစ်ရင် အလွန် ကောင်းပါတယ်…။


 


ဒါပေမယ့်  ဘေးအန္တရာယ် တွေကို ကာကွယ်ရင်း … ဖယ်ခွာရင်းနဲ့ နှစ်သက်စရာကောင်းတဲ့ သဘာဝရဲ့  လက်ဆောင်တွေနဲ့  ကင်းကွာလာပြီး  မီးခြစ်ဆံဗူးထဲက မီးခြစ်ဆံလေးတွေလို … လှောင်အိမ်ထဲက သတ္တ၀ါလေး တွေလို  ဖြစ်မသွားဖို့တော့ ဒီဇိုင်းဆွဲတဲ့  ဗိသုကာက တာဝန်ယူရပါလိမ့်မယ် … ။ ။ 


 

10 comments:

Anonymous said...

ဗိသုကာ တစ်ယောက်ရဲ့ အမြင်လေး ချပြသွားတယ် ကောင်းတယ်ဗျို့  ဒါပေမယ့် ကျနော်ကတော့ ကျောချစရာနေရာတစ်ခုရရင်တော်ပါပြီး တိုက်ဆောက်ဖို့  ဘီလပ်မြေ တို့  ထုံးတို့  မ၀ယ်နိုင်လို့  :P

Anonymous said...

shelter ဆိုတာ ဘာလဲ တော့မသိဘူး။ ထီပေါက်လို့ အိမ်ဆောက်ရင် ပုံအလကားဆွဲပေး :)

Anonymous said...

အမကြီးရေ အနော်တို့အိမ်လေးဆောက်ရင် အမကြီးဒီဇိုင်းဆွဲပေးရမယ် :p ဒါပဲ
ဝေးမောင်မျိုး ဘိလပ်မြေတိုပဘာတို့မ၀ယ်နိုင်လဲ ဘာဖြစ်လဲဟ တို့အမကြီးဗိသုကာက အကုန် အိပ်စိုက်
ဆောက်ပေးသွားမှာပေါ့ :D ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)
အမကြီး security code ကို၃ ၄ ခါပြန်ရိုက်နေရတယ်ဗျို့ ကာလာဘလိုင်းဖြစ်နေပီလားမသိ ကောင်းကောင်းမမြင်ရတော့ဘူး :)

Anonymous said...

စိတ်တစ်ခုရဲ့ shelter က ဘာဖြစ်နေမလဲမသိဘူးနော်
ရူးကြောင်ကြောင်နဲ့ လျှောက်မေးပြန်ပီ
ချစ်မ ဂွတ်ရှယ်ဂွတ်ရှယ်ပဲ

Anonymous said...

Shelter အကြောင်း လာဖတ်တယ် အစ်မရေ.. Shelter ဆိုမှ အဲဒါနဲ့ ပတ်သက်တဲ့ စကားပုံလေးတွေ သွားသတိရမိသဗျ...

"သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနား" တို့၊ နောက် "အရိပ်နေနေ၊ အခက်ချိုးချိုး" တို့.. "အရိပ်ပြ၊ အကောင်မြင်" တို့...
ဘာရယ်မဟုတ်ပါဘူးဗျာ. စိတ်ထဲတွေးမိတာတွေ ပြောလိုက်တာပါ..

ဆက်လက်အားပေးလျက် ရှိပါကြောင်း. :)

Anonymous said...

ဗဟုသုတ ရစရာ Shelter အကြောင်း ဖတ်သွားပါတယ် ၊ ဗိသုကာတွေ ဒီဇိုင်းဆွဲထားတဲ့ shelter လှလှလေးတွေမြင်ရင် စိတ်ဝင်စားတယ် ။ ။

Anonymous said...

မမရေ..ဘာရေးရေးစာဖတ်သူ စိတ်ဝင်စားအောင်ရေးနိုင်တယ်...အသင့်တင့်စိတ်ချရတဲ့ ..shelter..လေးတစ်ခုလောက်လက်ဆောင်ပေးပါလား.... :P :P

Anonymous said...

Shelter အကြောင်း လေးမပြောပြမှပဲ သေချာတွေးမိတော့တယ်။ ဗိသုကာလို့မပြောရဘူး
( အိမ်ဆောက်ချင်တယ်ဆိုရင် လေးမဆီ ဆက်သွယ်မယ်နော်... အလကားဆွဲပေးမယ် မဟုတ်လား.. :D)

ဒီက အိမ်တွေကတော့ နေရာကျဉ်းတော့ မရ ရအောင် ဒီဇိုင်းဆွဲပြီး အခန်းကို ပြင်ဆင်ထားတတ်ကြတယ်။ တော်တယ်လို့ပဲ ချီးကျူးရမလား အသက်ရှုကျပ်တယ်လို့ပဲ ဝေဖန်ရမလား မပြောတတ်တော့ဘူး လေးမရေ.. ဒါပေမယ့် အိမ်လေးတွေ၊ တိုက်ခန်းမှာ အခန်းဖွဲ့စည်းထားတာတွေက ချစ်ဖို့ကောင်းတာ အမှန်ပဲ။ ကိုယ်တိုင်ကတော့ အင်ဂျင်နီယာ ပညာ၊ ဗိသုကာ ပညာဆိုလို့ ဘာမှ မသိ.. :P

Anonymous said...

Shelter ဆိုလို့ သရဲကား shelter အကြောင်းမှတ်လို့ ဘာတွေလဲသိဘူး။ =)

Anonymous said...

shelter ရှိပေမယ့် shelter ကြောင့် မွန်းကျပ်မနေတာ ကောင်းမယ်။
အကာအရံ ဆိုတာ လိုအပ်ပါတယ် .. ဒါပေမယ့် shelter က .. heavy shell ဖြစ်မနေသင့်ဘူး..