Saturday, June 07, 2008

စကားပြောနေသော ...


ဒီနေ့  ကျောက်စာ လက်စသတ်တယ်…။ ကျုပ်တစ်သက်မှာ …. ကျောက်ထွင်းပညာနဲံ့  အသက်မွေးခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ဒီနေ့လောက် ဂုဏ်ယူပီတိဖြစ်ရတဲ့နေ့ မျိုး မရှိခဲ့ဖူးဘူး…။ ဒီနေ့ဟာ ကျုပ်ဘ၀မှာ ပီတိအဖြစ်ရဆုံး … ကျေနပ်စရာအကောင်းဆုံး … နေ့   တစ်နေ့ ဖြစ်ခဲ့ပြီ …။ ဘာကြောင့်လဲဆိုတော့ သမိုင်းဝင်မယ့် ရွှေစည်းခုံ ကျောက်စာကို ရက်ပေါင်းများစွာ ထွင်းထုနေခဲ့ရာက အချောသတ်လိုက်နိုင်တဲ့နေ့  ဖြစ်နေလို့ပဲ…။


ကျုပ်ထွင်းခဲ့ရတဲ့ စာသားတွေကို တစိမ့်စိမ့် ပြန်မြင်ယောင်နေမိတယ်ဗျာ…။


“ ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို့၏ မျက်ရည်များကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် လက်နှင့်တူသော မေတ္တာစိတ်ဖြင့် သုတ်ပေးလိမ့်မည် ..။


ချစ်သူအပေါင်းမှ ကွဲကွာ စိတ်နှလုံးပူဆွေး ( ၀ါ ) စိတ်ရောဂါဖြစ် နှလုံးမသာယာကုန်သော သူတို့၏ နှပ်ရည်တို့ကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် ရေနှင့်တူသော ကရုဏာစိတ်ဖြင့် ဆေးကြောပစ်လိမ့်မည်…။ ”


ပြန်တွေးမိရုံနဲ့ တောင် မျက်ရည်လည်မိပါရဲ့ …။ ကျုပ်တို့ရဲ့ မင်းကြီး …ကျန်စစ်မင်းကြီးရဲ့ စေတနာ …ပြည်သူအပေါ်ထားတဲ့ စေတနာဗျာ …။ ဒါကို မြှောက်ပင့်ရေးထိုးထားတဲ့ ဘုန်းတော်ဘွဲ့ ပါလို့ ခင်ဗျားတို့ ပြောချင်သလား …။ မင်းကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ ဘယ်ပုဂံသူ ပုဂံသားမှ အဲသလို အတွန့်  တက်မှာ မဟုတ်ဘူးဗျ … ။ ဘုရင်မို့လို့  ကြောက်လို့ မပြောရဲတာမဟုတ်ဘူး … ကျန်စစ်မင်းကြီးလက်ထက်မှာ ဘယ်နိုင်ငံကို စစ်မက်ပြုပြီး… ဘယ်နိုင်ငံကတော့ စစ်လာပြုတယ်လို့  …. စစ်ပွဲ အကြီးအကျယ်ဖြစ်လို့ …. ပြည်သူတွေ ငိုကြွေးရတယ်ဆိုတာမျိုး ကျုပ်မကြားဖူးဘူး…။


“လက်ယာလက်ဖြင့် ပြည်သူတို့အား ထမင်းမုန့် ပေး၍ လက်ဝဲလက်ဖြင့် လူအပေါင်းတို့အား ပစ္စည်း ဥစ္စာအ၀တ်ပုဆိုးများ ပေးကမ်းလိမ့်မည် …။ သို့လျှင် ပြည်သူအပေါင်းတို့သည် အမိရင်ခွင် နေရသော သားငယ်ပမာ ချမ်းသာသုခနှင့်ပြည့်ဝကြ …….”


ဒါပဲ…ကျောက်စာတစ်ခုလုံးရဲ့ အသက်က အဲဒီစာကြောင်းပဲ … မင်းကြီးမှာ ရှိတဲ့ လက်နှစ်ဘက်ဟာ ပြည်သူတွေ အတွက်ပါ ဆိုတာကို အတိအလင်း ကြေငြာ လိုက်တာ … ပြည်သူကို ဘယ်လို စောင့်ရှောက်မယ်ဆိုတဲ့ သူ့  ရဲ့သဘောထားကို ကျောက်ထက်အက္ခရာ တင်လိုက်တာ …။ ထမင်းပေးမယ် … အ၀တ်ပေးမယ်ဆိုတာ တကယ်တော့ တင်စားပြောတာပေါ့ … လူတိုင်းတော့ အလကား ဘယ်ကျွေးထားနိုင်ပါ့မလဲ …။ လုပ်ငန်းအဆင်ပြေအောင် … အလုပ်ကောင်းအောင်ပံ့ပိုးပေးမယ်လို့ ပြောတာနဲ့ အတူတူပဲမဟုတ်လား…။ နောက်တစ်မျိုး စဉ်းစားကြည့်ရင်လဲ ပေးမယ် ဆိုတာ မလုဘူး လို့  ယူဆလို့လည်း ရသကိုး…။


ကျောက်စာတစ်ခုလုံးကို မြတ်စွာဘုရားက ဗျာဒိတ်တော် ပေးတဲ့ပုံစံနဲ့  ရေးထိုးထားတာ … သဘောကတော့ဗျာ ကျန်စစ်မင်းကြီးဟာ သာမညမင်း မဟုတ်ဘူး… မြတ်စွာဘုရား ကိုယ်တော်တိုင် ဗျာဒိတ်ပေးခဲ့တဲ့မင်း လို့ ဆိုလိုသပေါ့ …။ တကယ် ဗျာဒိတ်တော်ပေးမပေးတော့ ကျုပ်လို ကျောက်ထွင်းသမားက ဘယ်အတတ်ပြောနိုင်မလဲဗျာ … မင်းကြီး ရေးစေချင်တဲ့ ဆန္ဒတွေကို မြတ်စွာဘုရားက ရှင်အာနန္ဒာကို မိန့်  ကြားခဲ့လေဟန် ရေးထိုးတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့ …။ အဲလိုဆိုလည်း အပြစ်မဆိုသာပါဘူးဗျာ … ။ ကျန်စစ်မင်းလည်း… လူပဲလေ… လူဆိုတာ အတ္တရှိမှာပေါ့ … လူမှ …ရိုးရိုးလူမဟုတ်ဘူး… လူ…မင်း… လူတွေရဲ့ မင်း … မင်းဆိုတော့ အတ္တ ပိုရှိမှာပေါ့ …။


ဘယ်လို အကြောင်းနဲ့  ဘယ်သူမိန့် တဲ့ စာသားပဲ ဖြစ်ဖြစ် … ပြည်သူတွေ ဘက်ကို အတော်လေး ထောင့်စုံအောင် စဉ်းစားရေးထိုးထားတာကတော့ တော်တော်ကျေနပ်စရာကောင်းတယ် …။ ပြည်သူတွေရဲ့ အကျင့်သီလ … စားဝတ်နေရေး … အစစအရာရာ …ကလေးသူငယ်ကစလို့ … အမယ်အိုအထိ … ရသေ့ရဟန်း..စစ်သည် … တောင်သူဦးကြီး … အိုးစလောင်းရောင်းတဲ့ ဆင်းရဲတဲ့ အမယ်အိုတောင် မကျန်စေရအောင် ဂရုတစိုက် ရေးထိုးထားတာ…။


“ မှို၊ မျှစ် ၊ ပန်း၊သစ်သီးဝလံ အပေါင်း အလွန်ပေါလိမ့်မည် ။ လက်သည်းဖြင့် မုန့်စားသင်သောကလေးငယ်များသည် လူကြီးကဲ့သို့ စိတ်ကောင်းထားကြလိမ့်မည်…. ။”


“ အိုးစလောင်းရောင်းသော ဆင်းရဲသည့် အမယ်အိုများသည် ဈေးကောင်းရ ကြွယ်ဝစေရမည်… ”


“ မင်း၏ နှုတ်မှ တရားနှင့်ညီသော အမိန့် များသာထွက်လိမ့်မည် …”


ကျောက်စာမှာ ရေးထိုးတဲ့ စာသားတွေအရဆိုရင် ကျုပ်တို့ရဲ့မင်းကြီး… ကျန်စစ်မင်းကြီးဟာ အလွန် ကြည်ညို ထိုက်တဲ့မင်းကောင်းမင်းမြတ် တစ်ပါးလို့ ကောက်ချက်ချနိုင်တယ်…။ အပြင်မှာ လုပ်ဆောင်ပေးခဲ့တဲ့ လုပ်ရပ်တွေအရလည်း မင်းကောင်းတစ်ပါးဆိုတာ ငြင်းလို့မရဘူး…။


နန်းတက်ခဲ့တဲ့ ပုံစံကိုပဲကြည့် …။ ပုဂံမှာသာမက ကမ္ဘာအရပ်ရပ်က တိုင်းပြည်တွေမှာ ဘုရင်ဆိုတဲ့ အာဏာကြောင့် အဖေကိုသားကသတ် … အစ်ကိုကို ညီကသတ်နဲ့ … နန်းလုပွဲတွေ ဖြစ်ခဲ့ပေမယ့် ကျန်စစ်မင်းကတော့ အရှင်မဲ့နေတဲ့ ပလ္လင်ကို မမက်မောဘဲ ဘုရင် စောလူးကို ရန်သူ့  လက်က ကယ်ထုတ်ပြီး နန်းအပ်နိုင်ဖို့ကြိုးစားခဲ့တယ်…။


တိုင်းတပါးနဲ့ ကုန်သွယ်ရေးတွေ လမ်းဖွင့်ပေးတယ် ….တိုင်းပြည် သာယာအောင် အားထုတ်တယ် …။ တိုင်းသူပြည်သားတွေ စီးပွားဖြစ်လိုက်ကြတာလည်း မုဆိုးမတောင် ဘုရားတည်နိုင်တယ်ဗျာ …။ ဘုရားစေတီတွေတည်လိုက်တာလည်း မနည်းမနောဘဲ … တည်သမျှ ဘုရားမှာလည်း မာန်မာန ဟန်လွှမ်းမိုးတဲ့ ဘုရားတစ်ဆူမှ မပါဘူး …။ ပညာရှင်ကိုလေးစားပြီး အနုပညာကို တန်ဖိုးထားတဲ့ ဟန်တွေပဲပါတယ်…။


ရှေ့ ဘုရင် ( အနော်ရတာဘုရင် ) ကို ဘယ်လောက်အလေးထားသလဲဆိုတာ ဒီရွှေစည်းခုံ ဘုရားကို ပြီးအောင် သေချာဆက်တည်တာကို ကြည့်ရင် သိနိုင်တယ်…။ ဒီလို မင်းမြတ်တစ်ပါးရဲ့ သမိုင်းတွင်မယ့် ကျောက်စာ ( ရွှေစည်းခုံ ကျောက်စာ ) ရေးထွင်းရာမှာ ပါဝင်ခဲ့ရတဲ့အတွက် ကျုပ်ကိုယ်ကျုပ် သိပ်ကျေနပ်မိတယ်…။ ။


ဝန်ခံချက် ။ ။ ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ ရေးသားပြုစုသော “ ရွှေစည်းခုံ မွန် ကျောက်စာ ” ကို ကိုးကား ပါသည်။

14 comments:

Anonymous said...

အဟမ်း အဒေါ်ကြီးက အာခီ လား သမိုင်းသုတေသကပါလားခင်ဗျာ :P ဟားဟား တီကြွက်ရေးမှ သမိုင်းကြောင်းတွေသိပြီးး မင်းကြီးများ ဘုရား ဆိုတဲ့ ရာဇ၀င်ဇတ်ကားတွေ ပြန်ပြန်သိရနေလို့  ။

ဘယ်ဦးနှောက်ဖြင့် ပြည်သူတို့အား အာလူးတွေပေး / လက်ဝဲလက်ဖြင့် လူအပေါင်းတို့အား ပစ္စည်း ဥစ္စာအလစ်သုတ်မည်ဟု ယခု အနော်တို့  ဘ၀ရှင်မင်းတရားကီး မှ မိန့် ကြားတော်မူနေတယ်တဲ့ဗျ :)

Anonymous said...

စာလာဖတ်တယ် မလေးမရေ . ..
အဲဒီလို မင်းကြီးများ မိုးပေါ်က ပြန်ကျလာမလားလို့။
ကောင်းမှုတွေ သိပ်များသွားတော့လည်း လူ့ပြည်ကို ရောက်မလာကြတော့ဘူး ထင်တယ်။

Anonymous said...

အစ်မရေ. ဒီ စကားပြေလေး ဖတ်ရတာ. ဆရာ ချစ်ဦးညို ၀တ္ထုတွေ သွားသွား သတိရတယ်ဗျို့.... အစ်မသာ ၀တ္ထုရှည်ကြီးတွေ ရေးရင် အတော့်ကို ဖတ်ကောင်းမှာ သေချာတယ်ဗျ. :)

Anonymous said...

မမရေ..သမိုင်းအကြောင်းနဲ့ ပါတ်သတ်တာတွေစာရေးကောင်းတဲ့မမကိုအားကျတယ်..ပိုစ့်ကောင်းတွေမျှော်နေမယ်..

:)

Anonymous said...

အမလေးမရေ ညာဘက်ထောင့်က the posts I like best စာရင်းထဲ ဒီပို့လေးပါရေးထားပါလားလို့ တိုက်တွန်းခဲ့ပါတယ်။ စာမေးပွဲဖြေရင်းအမကြီးဆီလာလည်တာဗျ။ သိပ်ကောင်းတဲ့စာတပုဒ်ပဲဗျာ။ အားလုံးအဆင်ပြေပါစေ အမလေးမရေ :) :)

Anonymous said...

ကော့မန့်ပလပ်အင်လေး စမ်းကြည့်မယ် :)

Anonymous said...

ကျောက်ထွင်းသမား နေရာကနေတင်ပြသွားတဲ့ စိတ်ကူးလေးကို သဘောကျမိတယ် ၊ အစ်မလေးမ ပြန်ရေးလေ့ရှိတဲ့ ရာဇ၀င်တွေက မှတ်မိလွယ်အောင် ပြောပြလိုက်သလိုပဲ ၊
အားလုံးအဆင်ပြေပါစေ အစ်မလေးမ ။

Anonymous said...

အင်း.. ဒီလိုဘုရင်မျိုးလိုချင်လိုက်တာ မလေးရေ..
အခုတော့.... :(

Anonymous said...

လွမ်းအောင်ပုံပြောနေပြန်ပြီ။ အခုတော့ ကျွန်တော် တကယ်လိုချင်ပြီ။

Anonymous said...

ကောင်းတယ်။ ဗဟုသုတရတယ်။ အဲဒီလောက် မဟုတ်တောင် အဲလို ခပ်ဆင်ဆင်ဘုရင်မျိုးတွေ ရှိသင့်တာ...။

Anonymous said...

'ဒီပို့ စ်လေးတော်တော်မိုက်တယ်ဗျို့  မဂ္ဂဇင်းပို့ ဖို့ တောင်ကောင်းရဲ့ 

Anonymous said...

ချစ်မ
စုဖရားကတည်းက အမြဲစောင့်ဖတ်ခဲ့ရတာနော် မျက်လုံးထဲမှာ နန်းဝတ်နန်းစားတွေ ပြိုးပြိုးပျက်ပျက် နန်းဆောင်ခန်းမတွေနဲ့ ဘုန်းမီးနေလ တောက်ပမှုတွေ တရေးရေးမြင်လာရတယ် မမရဲ့စာက ဒီလိုဆွဲဆောင်မှုရှိတာလေ

Anonymous said...

ကချေသည်လို ဇာတ်လမ်းမျိုးလေးတွေ နောက်ပိုင်းကတည်းက မမလေးနဲ့ အပြန်အလှန်မပြောဖြစ်တာ ကြာပြီနော်။ ဒီတစ်ပုဒ်လည်း ဖတ်လို့ကောင်းတယ်။ မမလေးပြောင်းတဲ့လိပ်စာ မှတ်သွားတယ်နော်။

Anonymous said...

လေးမရေ.. အိမ်အသစ်မှာ comment ရေးလိုက်ပြီ။ သမိုင်းအကြောင်းကိုအခြေခံပြီး ရေးပြထားတာ ဖတ်လို့ကောင်းတယ် ။

“လက်ယာလက်ဖြင့် ပြည်သူတို့အား ထမင်းမုန့် ပေး၍ လက်ဝဲလက်ဖြင့် လူအပေါင်းတို့အား ပစ္စည်း ဥစ္စာအ၀တ်ပုဆိုးများ ပေးကမ်းလိမ့်မည် …။ သို့လျှင် ပြည်သူအပေါင်းတို့သည် အမိရင်ခွင် နေရသော သားငယ်ပမာ ချမ်းသာသုခနှင့်ပြည့်ဝကြ …….”

ဒီစာသားကို အကြိုက်ဆုံးပဲ။ အခုခေတ်နဲ့က ပြောင်းပြန်ကြီးဖြစ်နေလို့.. :)