Sunday, April 06, 2008

ကျောက်ဆောင် … ပင်လယ်…နှင့် မိန်းကလေး…



သူ့ ရင်ခွင်မှာ ဆော့ကစားနေကြတဲ့ လူတွေကို ကြည့်ပြီး ကြည့်နူးနေတုန်း “ ပင်လယ်ကြီးရေ… ကျွန်မ ရောက်လာပြန်ပြီ ” ဆိုတဲ့ နှုတ်ဆက်သံတိုးတိုးနဲ့အတူ သူ့ကိုချစ်သော … သူက ချစ်သော မိန်းကလေး သူ့ ဆီရောက်လာခဲ့ပြန်တယ်…။

ပင်လယ်- ကျောက်ဆောင်ရေ … မိန်းကလေး ရောက်လာပြီဟေ့…


( ကျောက်ဆောင်ရဲ့ ခြေထောက်ကို လှိုင်းနဲ့ တစ်ချက်ပုတ်လိုက်ရင်း စကားစလိုက်တယ်)


ကျောက်ဆောင်- အေးကွ … ဒီလထဲမှာ မိန်းကလေးလာမယ်ဆိုတာ ငါအာရုံရနေပြီးသားကွ… ဘယ့်နေ့မှန်းသာမသိတာ…


မိန်းကလေးတောင် အတော်ရင့်ကျက်လာပြီနော်… မှတ်မိသေးတယ်ကွာ…. ငါတို့ဆီကို မိန်းကလေး စရောက်လာတုန်းက ၁၅ နှစ်သမီးလေး… ဂါဝန်လေးနဲ့ ကျောပိုးအိတ်သေးသေးလေးလွယ်ထားတယ်…


သားအမိနှစ်ယောက်ထဲ သူများတွေနဲ့ လိုက်လာတာဆိုတော့ ကမ်းစပ်မှာပဲ ရေစိမ်ခိုင်းလို့ စိတ်ကောက်နေသေးတယ်လေ…


ဟုတ်ပ… နှုတ်ခမ်းကြီးစူပြီး စိတ်ကောက်နေတာလေ… ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲမှာ အမေကို စူပုတ် ကောက်ချိတ်နေတဲ့ပုံတွေချည်းပဲ…


အဲဒီတုန်းက ငါ့ကျောပေါ်တက်ပြီး ဓါတ်ပုံရိုက်တော့ မိန်းကလေးရဲ့ နေကာမျက်မှန်လေး ကျပျောက်သွားသေးတယ်နော်…


အေးကွာ… ငိုမဲ့မဲ့ ဖြစ်နေလို့ ငါရှာကြည့်ပါသေးတယ်… လှိုင်းတွေက အတော် အစအနောက် သန်တာကွ … ဒီနေ့ထိ ဖွက်ထားတယ်…


မိန်းကလေး … ငါတို့ဆီကို လာတဲ့နှစ်တွေထဲမှာ ဘယ်တစ်ခေါက်က အပျော်ဆုံး ဖြစ်မလဲ.. မှန်းကြည့်စမ်း… ပင်လယ်…


၂၀၀၂ က အပျော်ဆုံးဖြစ်မယ်… သေချာတယ်… အဲဒီတစ်ခေါက် သူအပျော်ဆုံးဘဲ…


သင်္ကြန်အတက်နေ့ကြီး … သူ့အမေရယ်… အစ်မ တွေရယ်… မိရယ်… လာတဲ့နှစ်မဟုတ်လား…


အဲဒီတုန်းက မိရယ်.. မိန်းကလေးရယ်… သောင်ပြင်ပေါ်မှာ .. ဆော့နေလိုက်ကြတာ … သဲတွေနဲ့ ပေပွနေတာပဲ …


ဗိသုကာကျောင်းသူတွေဆိုပြီး သဲအိမ်ဆောက်ကြတာလေ… ဟား..ဟား… အိမ်က ရေကူးကန်တောင်ပါသေး…


သောင်ပြင်ပေါ်မှာ ဟိုယိုင်… ဒီယိုင်နဲ့ စက်ဘီးစီးတော့ မိက လိုက်ထိန်းပေးရသေးတယ်


သောင်ပြင်ပေါ်မှာ အားပါးတရ ထိုင်ချပြီး အုန်းရည် ထိုင်သောက်နေကြတဲ့ ပုံလေး ခုထိ မြင်ယောင်နေသေးတယ်… ခုတော့ မိန်းကလေးက တန်ဖိုးကြီး အ၀တ်အစားတွေ သဲပေမှာ စိုးရိမ်တတ် နေပြီလား မသိဘူးနော် …


အဲဒီတုန်းကလေ … ဘောကွင်းပေါ် ပက်လက်လှန်ပြီး လှိုင်းစီးလို့ … ကောင်းကင်ကြီးကို မော့ကြည့်ပြီး သီချင်းတွေ အော်ဆိုနေကြတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ငါအရမ်းပျော်တာပဲ… ။ လှိုင်းငြိမ်သွားရင်…“ လှိုင်းကြီးကြီး လာပါဗျို့… ” လို့ အော်ပြီး စိန်ခေါ်ကြသေးတယ်… ကြည့်ရင်း အရမ်းအသည်းယားလာလို့ လှိုင်းအကြီးစားလွတ်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်အောင်ကို လုပ်ပစ်လိုက်တာ…


မှောက်သွားတော့လည်း မဖြုံပါဘူး … ရေမွန်းနေတဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်နေလိုက်ကြသေး…


နောက်နှစ်… မိန်းကလေး လာတော့ ဘေးမှာ ကောင်လေးတစ်ယောက်ပါလာတယ်…


အင်း… မိန်းကလေးရဲ့ ဟန်းနီးမွန်းခရီးပေါ့ …. တို့ဆီလာတဲ့ ဟန်းနီမွန်းစုံတွဲအတော်များများက နှစ်ယောက်ထဲ လာတာများတယ်နော်…။ သူတို့ကျမှ အုပ်စုလိုက်ကြီး….


တကယ်ဆို အဲဒီတစ်ခေါက်က မိန်းကလေးရဲ့ ကမ်းခြေလာတဲ့ နှစ်တွေထဲမှာ အပျော်ဆုံးနှစ်ဖြစ်ရမှာ … ဒါပေမယ့် .. မိန်းကလေး မပျော်လိုက်ရရှာဘူး….


ဟား… ဟား… ဘယ်ပျော်ရမလဲကွ … မိန်းကလေးက အချစ်ကို သက်သေပြမှားတာကိုး…


ဟား … ဟား … ပင်လယ်စာမစားတဲ့ မိန်းကလေးကို “…ချစ်ရင် ဂုံးတစ်ကောင် စားပြပါ…” လို့ သူငယ်ချင်းတွေက တောင်းဆိုတော့ သတ္တိရှိရှိနဲ့ ဂုံးအဖတ်လေးတစ်ဖတ်စားပြလိုက်တာ… ဟား…ဟား… တစ်ညလုံး အန်လိုက် … ဗိုက်နာလိုက်နဲ့ နောက်တစ်နေ့ နေ့လည်အထိ အိပ်ရာထဲမှာ ခွေနေရတာလေ…


ကောင်လေးကတော့ ဘော်ဒါတွေနဲ့ အပြင်မှာ ပျော်လို့ပေါ့….


၂၀၀၆ သင်္ကြန်တုန်းကလည်း ကောင်လေး သူငယ်ချင်းတွေနဲ့ အတူရောက်လာသေးတယ်နော်…


အင်း …အခုအတူလာတဲ့ မိတ်ဆွေတွေနဲ့ပဲလေ…။


*****************



ဟေး ပင်လယ်… ကြည့်စမ်း… စောစောစီးစီး မိန်းကလေး တစ်ယောက်ထဲ ကမ်းစပ်ဆင်းလာပါလား… လက်ထဲမှာကင်မရာနဲ့ … ကျွတ်ကျွတ်အိတ်နဲ့….


အော်… ခရုလာကောက်တာကွ … မနေ့ညနေက .. မနက်စောစော ခရုထကောက်ရအောင်နော်လို့ ကောင်လေးကို ပူဆာနေသံကြားတယ်…


ကောင်လေးက မနိုးဘူးထင်တယ် … ကောင်လေးလည်း ဒုက္ခပဲ… စိတ်ကူးယဉ်တတ်တဲ့ … တစ်ခါတစ်ခါကဗျာဆန်ချင်တဲ့ မိန်းကလေးကို လက်ထပ်ထားရတာ … ကဗျာမဆန်ချင်တဲ့ သူ့အတွက် တစ်ခါတစ်ခါတော့ သိပ်စိတ်အနှောက်အယှက်ဖြစ်မှာပဲ…



ဟော…လာပြီ..လာပြီ…ငါ့နားရောက်လာပြီ…စကားပြောတော့မယ်ထင်တယ်…


ပင်လယ်ကြီးရေ … ညတုန်းက အိပ်မရလို့ ထွက်ကြည့်သေးတယ်… သိလား…


မှောင်မည်းပြီး လှိုင်းတွေက တ၀ုန်းဝုန်းနဲ့ ခေါ်နေလို့ ကြောက်လို့ ပြန်ဝင်သွားတာ…


ပင်လယ်ကြီးကတော့ အရင်အတိုင်း ပြာနေတာပဲနော် … ရေကလည်း ကြည်နေတုန်းပဲ … မနေ့က ရေစိမ်ရင်း ခရုငုံ့ရှာသေးတယ် … သိလား…


ပင်လယ်ကြီးထဲမှာ လှိုင်းစီးရတာ မ၀သေးဘူး… ဒါပေမယ့် ပြန်ရတော့မယ်…


သူ့ကို စိတ်ကောက်မလို့… သိလား… ဘာမှန်းလည်းမသိဘူး … ပင်လယ်ကိုလာပြီး မြို့မှာ ရတဲ့ဟာတွေ လာလုပ်နေတယ်…


စဉ်းစားကြည့်လေ… Tennis ရိုက်တာ …. အကြာကြီးအိပ်နေတာ ….swimming pool ထဲရေကူးတာ … အဲ့ဒါတွေက ကမ်းခြေကိုမလာလည်း မြို့မှာ လုပ်လို့ရနေတာပဲလေ…


ပင်လယ်ကြီးထဲမှာ လှိုင်းစီးတာ … ကမ်းစပ်မှာ ဖိနပ်မပါဘဲလမ်းလျှောက်တာ … မနက်စောစော ခရုကောက်ပြီး လတ်ဆတ်တဲ့လေကိုရှူတာ … သောင်ပြင်ပေါ်မှာ လှဲအိပ်တာ … အဲဒါတွေက မြို့မှာ မရနိုင်လို့ ဒီကို လာရတာလေ… ဟုတ်ဘူးလားလို့ …


“ … ရေ ”


“ လာပြီ…”


“ သွားပြီ..ပင်လယ်ကြီးရေ … တာ့တာ…”


ကြည့်ပါလား… အဲဒီမိန်းကလေး စပရင် မျက်နှာ… ခုနကတော့ ပြောနေလိုက်တာ.. စိတ်ကောက်ဦးမလို့တဲ့…


ခေါ်တော့လည်း ပြေးသွားလိုက်တာပြုံးနေတာပဲ…


မိန်းမတွေက ဒီလိုပဲ … သိရခက်တယ် … မာယာများတယ်… ပြောင်းလဲလွယ်တယ် …


ဒါကြောင့် ပင်လယ်နှင့်တူသောမိန်းမများတို့ … မြစ်တို့၏ မာယာတို့ဆိုပြီး ခိုင်းနှိုင်းကြတာနေမှာ…ဟား..ဟား…ကျောက်ဆောင်နှင့်တူသော မိန်းမများဆိုတာမရှိဘူးလေ…


အမယ်… ဂျူး ပြောတာ ဒီသဘောမဟုတ်ပါဘူးကွ… တော်ပြီ.. ဒီကိစ္စ နောက်မှ ဆွေးနွေးမယ်… ငါအခုပြောချင်တာက မိန်းမတွေကို


ကျောက်ဆောင်နဲ့တူသောမိန်းမများ လို့လည်း ပြောလို့ရတယ် … လောကဓံအလှည့်အပြောင်းကို မိန်းမတွေက ယောက်ျားတွေထက် ပိုပြီး ခံနိုင်ရည်ရှိကြတယ်… ကျောက်ဆောင်လိုပဲ ကြံ့ကြံ့ခံရင်ဆိုင်တယ်…ခင်ပွန်းအတွက်… သားသမီးအတွက်ဆိုရင် ဘယ်လောက်ပဲ လှိုင်းတွေကြမ်းပါစေ … မယိုင်လဲအောင် ရှေ့ကနေ မားမားမတ်မတ်ကာဆီးပေးတတ်ကြသေးတယ်…


ဒါဆို ငါတို့ရဲ့ မိန်းကလေးက ဘာနဲ့တူမလဲ …


မင်းနဲ့လည်းတူတယ် … ငါနဲ့လည်းတူတယ် …


မိန်းကလေးရေ နောင်နှစ်မှာလည်း မင်းကို ဆီးကြိုချင်ပါသေးတယ် … မင်းနဲ့တူတဲ့ နောက်ထပ် လူသားလေးတစ်ဦးနဲ့အတူပေါ့…. ခုတော့ပြန်ပေဦးတော့ …


ဟေ့…မင်းပြောတာ ကြားတယ်ထင်တယ်…မိန်းကလေး လှည့်ကြည့်တယ်… သူပြုံးပြသွားတယ်တွေ့လား…


ရှက်ပြုံးလေးကွ …


မဟုတ်ဘူး… အားမရှိတဲ့အပြုံး…


ဟာ….မင်းကလည်း



မင်း…နဲ့…ငါ…အပြုံးကို နားလည်ပုံချင်းမတူပါဘူးကွာ….။ ။


18 comments:

Anonymous said...

ဟီး..ဟိ.. နာအရင်ဆုံး comment ပေးရတယ်ကွ... :D

လေးမနဲ့တူသော လူသားလေး??? တကယ်ပြောတာလား..
လေးမက ငွေဆောင်ကိုခဏခဏ သွားရတာပဲ.. ပျော်စရာကြီး။ အမလည်း သွားချင်တယ်။ အမကတော့ မြန်မာပြည်က beach တွေကို ကြိုက်တယ်။ ဘယ်နှစ်ခါပဲ သွားရ သွားရ ရိုးသွားတယ်လို့ မရှိဘူး။ အခုရော မျက်မှန်နဲ့ပဲများတဲ့ပုံရိုက်လာသေးလား.. ?? :P

Anonymous said...

ရိုးရိုးအပျော်ခရီးလေးမှာ အတိတ် နဲ့ အနာဂတ် ကူးယှက်လို့ ...... ဖတ်ရတာ လွမ်းသလိုလို ပျော်သလိုလိုပဲ ။ ယောင်းမရေးလိုက်ရင် ဒီလိုမျိုးတွေ များတယ်နော် ။ ဒီတစ်ပုဒ်ရေးပုံ အတော်လေး စိတ်ကူးဆန်းတယ် ။ ဖတ်လို့ကောင်းလိုက်တာ ။ ပြီးတော့ ..... ရှက်ပြုံးလေးပဲ မြင်ပါတယ်ကွာ ။ နောက်တစ်ခေါက်ရောက်တဲ့အခါ ယောင်းမပုံတူလေးတွေလည်း ပါမှာကွ ။ ပင်လယ်ကြီးနဲ့ ကျောက်ဆောင်ကလည်း မျှော်နေကြမှာ ။
မင်းတို့ ငါတို့နဲ့ တူတဲ့ မိန်းကလေးက သူနဲ့တူတဲ့ လူသားလေးနဲ့ ပြန်လာတယ်ဝေး လို့ .... သူတို့ပျော်ကြမှာ ။
ဒီစာလေးဖတ်ကောင်းလို့ ကျေးဇူး ယောင်းမရယ် ...
p.s မအားဘူးနော် ... နောက်မှ ထပ်လာလည်မယ်ဟ ...

Anonymous said...

မမ..ရေအရေးအသားတွေကအရမ်းလန်းတယ်စိတ်ကူးယဉ်ဆန်တဲ့လက်တွေ့ ဘဝကမိန်းကလေး..မင်းနဲ့ တူတဲ့နောက်ထပ်လူသားလေးနဲ့ ပြန်လာမဲ့လမ်းကိုပင်လယ်ကြီးနဲ့ ကျောက်ဆောင်တွေကမျှော်နေကြမှာပါ... nice post.. :) :)

Anonymous said...

မလေးမ .. စာတွေ မဖတ်ရတာ ကြာလို့ လွမ်းနေတာ.. ဘယ်လိုပုံ သဲအိမ်တွေ ဆောက်ခဲ့သေးလဲ ?း-)
ခရုတွေကို တကယ် ကောက်ဖြစ်သေးလား.. ဘာလုပ်ခဲ့လဲဟင်.. ခရုရှိတဲ့ ကမ်းခြေကို မရောက်ဖူးဘူး..
ပျော်ဖို့ ကောင်းမှာပဲ . .

Anonymous said...

စိတ်ကူးလေးကောင်းတယ် လေးမရေ။ ဖတ်လို့ ကောင်းလိုက်တာ။ လေးမ၊ ကိုကောင်းကင်နဲ့ လေးမ jr လေးတို့ ထပ်သွားရင် ပင်လယ်နဲ့ ကျောက်ဆောင် ဘာတွေပြောကြ မလဲ ဆိုတာ စောင့်ဖတ်မယ် :)

Anonymous said...

လေးမ.....ပျောက်နေပါတယ်လို့ ကြည့်နေတာ
ငွေဆောင်မှာ သွားကဲနေတာကိုး D; မနာလိုတာဗျာ
ဟီး....ဟီး .....နာတို့အတွက် ဘယ်မလဲ ခရုလက်ဆောင်......

Anonymous said...

မမ လေး...
အရသာရှိရှိ ခံစားသွားတယ်။ သင်္ကြန်ရောက်ရင် ချောင်သာသွားလေ။ နောက်တစ်ခါ ကျောက်ဆောင်၊ ပင်လယ်နှင့် မိန်းကလေး ရဲ့ စိတ်ဝင်စားစရာလေး ဖန်တီးခဲ့နော် :)

Anonymous said...

အမယ် အမယ် ဒါကြောင့် ငွေဆောင်က ပြန်လာလာချင်း ပို့ စ်အသစ်မတင်နိုင်တာကို ကောင်းကင်ကြီးကို ချိတ်ကောက်နေတယ်ပေါ့ :P ကမ်းခြေအဖြစ်ပျက်လေးကို ရေးထားတာ စိတ်ဝင်စားဖို့ အရမ်းကောင်းတယ် နောက်နှစ်တွေလည်း စိတ်ကောက်စရာတွေမကြုံရပဲ ပျော်ရွှင်နိုင်ပါစေဗျာ ပင်လင်ကြီးနဲ့  ကျောက်ဆောင်ကြီးမှာတဲ့အတိုင်း နောက်နှစ်မှာ လူသားလေး တစ်ဦး (နည်တယ် ) ၂ ဦး :P နဲ့  သွားရောက် အပန်ဖြေနိုင်ပါစေ။

p.s ဘာမှလဲမပါဘူး တီကြွက် ကပ်စေးနှဲ ပေသီးတို့  အစ်မ မပြောရဘူးး

Anonymous said...

လူသစ်လေးကို မျှောနေတယ်ဗျာ ..
အဆင်ပြေပါစေ အစ်မလေးမရေ ..။

Anonymous said...

“မိန်းမတွေက ဒီလိုပဲ ..သိရခက်တယ် ..မာယာများတယ် ...ပြောင်းလဲလွယ်တယ်”
အဆင်ပြေပါစေ အစ်မလေးမ ။ ။

Anonymous said...

စကားပြောကို လူနဲ့ မဟုတ်ပဲ အတိတ်တွေပါ မြင်လာအောင် ရေးတတ်တဲ့ ငါ့အမ သိပ်တော်တာပဲ။
လှိုင်းတွေ ဖွက်ထားတဲ့ မျက်မှန်အစား ရေသဘင်မျက်မှန် အနက်ကြီး ဝယ်ပေးလိုက်မယ် :D နိုနဲ့ တစ်တစ်

Anonymous said...

ဗိသုကာကျောင်းသူ အမလေးမရေ..း) မှာလိုက်တယ်နော် အမလေးမနဲ့တူတဲ့ နောက်ထပ် လူသားလေးတစ်ဦးကိုပါမျှော်နေမယ်တဲ့ဗျ...ဟိဟိ

Anonymous said...

အဲဒီပင်လယ်ကြီးက လူသားလေးတစ်ဦး ကိုကြိုဆိုသလို... ဘလော့ဂ်လောက က သူငယ်ချင်းလေးတွေကလဲ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေပါတယ်။

Anonymous said...

ကျောက်ဆောင်နဲ့ တူသောမိန်းမတဲ့
အရမ်းကိုကောင်းတယ်နော်
ရေးထားတာလေး အရမ်းသဘောကြတယ်
နောက်ထပ်လူသားလေးတစ်ဦးနဲ့
နောက်နှစ်တွေမှာ ပင်လယ်ကြီးနဲ့ ကျောက်ဆောင်တွေဆီ အရောက်သွားပြီး
ပျော်ရွှင်ဖွယ်မိသားစုလေး ဖြစ်ပါစေ..

Anonymous said...

ကော်မန့်ရေးမလို့

ရေးလေ

နားလည်ပါ့မလား

လည်မှာပါ...

မင်းနဲ့ငါ ရေးပုံချင်းမတူပါဘူးကွာ..

ဟတ်ဟတ်ဟတ်...

ကောင်းတယ်ဗျာ. သိပ်ကောင်းတဲ့ အတွေးလေးတွေပဲ...

အားပေးနေမယ် လေးမရေ...

Anonymous said...

ဂွတ်ရှယ်၊ ဂွတ်တယ်ဗျာ။ ဗာသုကိလို့ မပြောရဘူး။

Anonymous said...

မိန်း ကလေး နဲ့ တူတဲ့ လူသားလေး နဲ့ လာတဲ့ အခါ
ကျရင် .......
ပင်လယ်.....ငါက သဲ လေးတွေပေါ်လှိုင်းလေးတွေ တင်ပေးမယ်
ကျောက်ဆောင် .......ငါက လှိုင်းကြိး တွေ မရိုက်ခတ်ရအောင်
ကာ ကွယ်ပေးမယ်

မင်းနဲ့ ငါ ဒီတခါတော့ သူတို့ကို မျှော်ပုံချင်းတူကျမှာပါကွာ


ပျော်ရွှင် ပါစေ ချစ်မ......
ဆန္ဒတွေ ပြည့်ဝနိုင်ပါစေ......

ချစ်ညီမငယ်....စုန်းမလေး

Anonymous said...

>မနုစံ ... လေးမနဲ့တူသော လူသားလေး??? တကယ်ပြောတာဟုတ်ဘူး... ချိတ်ကူးယဉ်ကြည့်တာ ...။ ငွေဆောင်ကိုခဏခဏ သွားတာဟုတ်ဘူး...။ ငပလီ ၂ ခါ .. ငွေဆောင် ၃ ခါ ...။ ၂ ခုလုံး ပင်လယ်၁ ခုတည်းပဲ လေ.. ။ မျက်မှန်နဲ့ပဲများတဲ့ပုံရိုက်လာဘူး ...။ ဦးထုပ်နဲ့  ... ပဲ ... များလာတယ်...။

>ယောင်းမ ... လေးမ လည်း လွမ်းသလိုလို .. ပျော်သလိုလို ... ရေးလို့ ကောင်းလိုက်တာ ..။ ယောင်းမ က ရှက်ပြုံးလေးပဲ မြင်ပါတယ်ကွာ ဆိုတော့ ကျောက်ဆောင်ကြီး နဲ့  အမြင်ချင်းတူတာ ပေါ့ ..။ မရဘူး ... မအားလည်း လာရမှာပဲ ...။

>စိုးမိုးသူ ... ညီမရေ .. စိတ်ကူးယဉ်ဆန်တဲ့လက်တွေ့ ဘဝကမိန်းကလေး. က မျှော်နေမယ့် သတင်းစကားကြားရလို့ အရမ်းပျော်တယ်တဲ့ ... သတင်းပေးတဲ့ စိုးမိုးလေးကို ကျေးဇူးတင်ပါတယ်တဲ့ ...။

>ရွှန်းမီ .. သဲအိမ် မဆောက်ခဲ့ ဘူး.. မီ လေးရေ ..။ ဓါတ်ပုံထဲက ခရုခွံတွေက လေးမ ကောက်ခဲ့တဲ့ ခရုတွေပါ ...။ သိပ်တော့မလှ ဘူး... ။ ငပလီမှာ ပို လှတယ်...။ မီ ... သွားရင် ငပလီ သွား..။

>ကိုအတာ ... ဖတ်လို့  ကောင်းမှာ ပေါ့ ... ကို အတာကြီးလည်း စိတ်ကူးယဉ်နေတယ် မို့ လား ...။ ကိုအတာ ... ညီမလေး နဲ့  ဘေဘီလေး တွေ ကမ်းခြေ သွားကြမယ်လို့  အချည်ကြီး ကြံနေတာ မို့ လား... သိတယ်နော...။ :P

>ကိုအညတရ ... မနာလို ရှိနဲ့ ... ခရုလက်ဆောင် ...ပုံတင်ပေးထားတယ်... ယူသွားနော်...။

>အေးချမ်းသူ ... သိုးလေးရေ... ချောင်းသာတော့ မရောက်ဖူးသေးဘူး... သင်္ကြန်တွင်းဆို လူ သိပ်များတယ် ပြောတယ်...။ စိတ်ဝင်စားစရာလေးတွေ ဖန်တီးဖြစ်ခဲ့ရင် ပြောမယ်နော်...။

>သားကြွက်... မောင်လေး ထင်တာ လွဲပါတယ်ကွယ် ...။ ချိတ်ကောက်နေရင် ပို့ စ် ပို ရေးဖြစ်တယ်... ခုက ပြေလည်နေလို့  ကွန် ပြုတာ နား မကပ်တာလေ.. ဟဲ...ဟဲ ...။ ပေသီး တို့ အစ်မ ဆိုပေမယ့် ခရုခွံတော့ ပေးနိုင်ပါတယ်ကွယ်။။။

>မျှားပြာ ... ပြာပြာ ပြာပြာ နဲ့  ရိုက်သွားတာ ... မျှော နေတယ်တဲ့ ...။ မျှော်နေတယ် လုပ်ပါ ပြာယာခတ်ရယ်...။ ကျေးဇူးတင်ပါတယ်...။

>တင့်ထူး ... heart ထိနေတဲ့ အခါသမယ ဆိုတော့ ထိသွားတဲ့ စာသားလေးတွေ ဟိုင်းလိုက် လုပ်သွားတာ မို့ လား...။

>ကျန်စစ် ... ဂယ်ပြောတာလား... ဂယ် ၀ယ်ပေးမှာလား ... ဗုံးငွေ ဘယ်လောက်တောင် ရှိနေလဲ သိဘူး... တိုင်လိုက်ဦးမယ်...။

>အိမ်လေး .. ဟုတ်လား ... မှာ လိုက်လား ...။ ပါလာရင် ပြောမယ်လို့  ပြောလိုက်ပါနော်...။

>မသက်ဝေ ... ကြို ဆို တယ်ဆိုလို့  ၀မ်းသာပါတယ် ... ဒါပေမယ့် ကြို ဆိုဖို့  အချိန် မရောက်သေးပါဘူးရှင် ။။။

>နွေ ရေ ... အရမ်းကျေးဇူးတင်တယ်နော် ... နွေ.. ပေးတဲ့ ဆုကို လည်း ပြည့် ချင်ပါတယ် ..။

>ကိုရန်အောင် ...
အားပေးမယ်တဲ့..
ပေးလေ...
နားလည်ပါ့မလား..
လည်မှာပါ ...
မင်းနဲ့ ငါ ... အားပေးပုံချင်း မတူပါဘူးကွာ...။
ဟတ်..ဟတ် ... ကိုရန်အောင် ရေ ... သိပ်ကို ကျေးဇူးတင်ပါတယ်....။

>ကိုဟန်သစ် ... ဗာသုကိသီးစား ... အာချီ လိမ်းပြီး ဘွဲ့ ရလာတာပဲ ... ဂလောက်တော့ ရှိမှာပေါ့ ..။ ခွိ.. ခွိ ...။

>မိုးချစ်သူ ...
ပင်လယ်…..ငါက သဲ လေးတွေပေါ်လှိုင်းလေးတွေ တင်ပေးမယ်
ကျောက်ဆောင် …….ငါက လှိုင်းကြိး တွေ မရိုက်ခတ်ရအောင်
ကာ ကွယ်ပေးမယ်
မင်းနဲ့ ငါ ဒီတခါတော့ သူတို့ကို မျှော်ပုံချင်းတူကျမှာပါကွာ

စုန်းမလေး ဖြည့် စွက်သွားတဲ့ စာသားလေးတွေ ဖတ်ပြီး ချစ်မ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိတယ်..။ ကျေးဇူးပါ .. စုန်းမလေး...။