Sunday, December 21, 2008

အကြိုက်ဆုံးကဗျာ …

Tag မှ ပို့ စ်တင်တယ်လို့  ပြောရင်လည်း ခံရတော့မှာပဲ …။ ပို့ စ်တင်ရင် Tag Game ကို အရင်တင်တယ်လို့  ပြောရင်လည်း ကျေနပ်လျက်ပါပဲ…။ အဆက်ပြတ်နေတာ ကြာပြီဖြစ်တဲ့ ဘလော့ဂ်မှာ ပို့ စ်တင်ဖို့  စဉ်းစားမိတာနဲ့  မောင်မျိုး ရေးခိုင်းထားတာကို အရင်ရေးမိတယ်…။ အကြိုက်ဆုံးကဗျာ … ။


ခုချိန်ထိ လေးမ ဖတ်ဖူးတဲ့ ကဗျာ .. နှစ်သက်တဲ့ ကဗျာတွေ တော်တော်များပါတယ်… ။ ခုထိအာရုံထဲမှာ စွဲနေတဲ့ ကဗျာတစ်ပုဒ်ကို အကြိုက်ဆုံးကဗျာအဖြစ် ရွေးချယ် လိုက်ပါတယ်…။


အဲဒီကဗျာကတော့



ကြာချည်အလှပ် ကြည့်တချက်ရယ်နဲ့
ဆုံးသတ်တဲ့သံယောဇဉ်ကြောင့် အသည်းစိုင်ပြတ်ပြီပေါ့..
အဆိုးငယ်ငိုတေးနဲ့ ခြေဆွဲလို့တားမရအောင်
ခွန်းတုံ့မပြန် ငြိမ်သက်စံရင်း
ရာဟုကိုထွေးလို့ အိပ်ဟန်ဆောင်ခဲ့ရတယ်…

လို့  “ ယသော်ဓယာ” ရဲ့ ခံစားချက်ကို ကိုမျိုးဦးဥာဏ်က ဖွဲ့ သီထားတဲ့ “ ယသော်ဓယာ တမ်းချင်း”ပါ..။


ရာဟုကိုထွေးလို့ အိပ်ဟန်ဆောင်ခဲ့ရတယ်… တဲ့…။


မျက်စိထဲမှာ ဗုဒ္ဓ၀င် စာအုပ်ထဲက သိဒ္ဓတ္ထမင်းသား တောထွက်ခါနီး ခန်းစည်းလေးလှပ်ပြီး ယသော်ဓယာကို ကြည့်နေတဲ့ ပုံလေး… ယသော်ဓယာက ကျောခိုင်းထားတဲ့ပုံလေးကို မြင်ယောင်မိတယ်…။ ခြေဆွဲလို့  တားချင်လည်း ဘယ်ရမလဲ…။ မာရ်နတ်တောင် တားလို့ မရတာ… မိန်းမသားတစ်ယောက်ဖြစ်တဲ့ ယသော်ဓယာက သားလေးပွေ့ ပြီး အိပ်ဟန်ယောင်ဆောင်ရုံပဲ စွမ်းနိုင်ရှာ မပေါ့ ….။


အကြိုက်ဆုံးစာသား… စွဲနေတဲ့ စာသားလေးက ….


လွမ်းရုပ်မဖော်ရဲတဲ့ လင်ပစ်တဲ့နန်းမတော်ရယ်ပါ


ကောင်းလိုက်တဲ့ အသုံးအနှုန်း… စကားလုံး ကျစ်ကျစ်လစ်လစ်နဲ့  အင်မတန် အသက်ဝင်တယ်…။ ခင်ပွန်းသည် တောထွက်တရားကျင့်တာကို တငိုငိုတရယ်ရယ်နဲ့  လွမ်းပြနေလို့  ဖြစ်မလား…။ ဒါပေမယ့် ရင်ထဲမှာတော့ လွမ်းရှာမှာပဲ…။ လင်ပစ်တဲ့ နန်းမတော်တဲ့…။ နန်းမတော်ကြီးဆိုတာ အင်မတန် မက်မောစရာ နေရာပဲ… ချမ်းသာပြည့်စုံ…သြဇာကြီးလို့  မက်မော အားကျစရာ အနေအထားပေမယ့်… ယသောဓယာကတော့ လင်ပစ်တဲ့ နန်းမတော်ပါတဲ့…။ လင်ယောက်ျားရဲ့ ချစ်ခင်ဂရုစိုက်… ကာကွယ်စောင့်ရှောက်မှုခံရတဲ့ သာမန် ဆင်းဆင်းရဲရဲ မိန်းမ တစ်ယောက်နဲ့  တောင် မယှဉ်ဝံ့တော့အောင် ခံစားနေရတဲ့ နန်းမတော်ကြီး လို့  လေးမ ခံစားရပါတယ်….။


လေးမ ငယ်ငယ်ကတည်းက ယသော်ဓယာကို မိန်းမသားချင်း ကိုယ်ချင်းစာမိခဲ့တဲ့သူဖြစ်တဲ့အတွက် ဒီကဗျာကို အရမ်းနှစ်သက်မိပါတယ်…။ အပေါ်မှာရေးထားတာတွေက ကဗျာဖတ်ပြီး လေးမရဲ့ အမြင်ပါ…။ လေးမရဲ့ တစ်ဖက်သတ်အတွေးနဲ့  ကဗျာဆရာရဲ့ မူရင်း ခံစားချက်.. ရည်ရွယ်ချက်နဲ့  လွဲချော်ခဲ့သည်ရှိသော် ခွင့်လွတ်ပါ…။


နောက်ဆုံး ရလိုက်တဲ့ အသိကတော့… လောကကောင်းကျိုးအတွက်… စတေးခဲ့ရတဲ့ နှလုံးသားတွေကို မှတ်တမ်းတင်သင့်တယ်.. ဆိုတဲ့ အသိပါပဲ…။ ။



ယသော်ဓယာတမ်းချင်း



မေတ္တာသွန်းမြှား မယ်တော့အပါးနတ်ထံသွားအောင်
စွမ်းလွန်းအရှင်အများမြင်တယ်
တင်းတိမ်ကွယ် နှလုံးငယ်အရာဟောင်းကို
ရောင်မဲ့ ကိုယ်ပွားငယ်စူးနဲ့တွယ်လို့ အကျွန်ပဲသိတယ်….
ယှဉ်တွဲနှစ်ကိုယ် နန်းရိပ်ခိုလို့ ပျော်ခွင့် (၁၃)ရာသီက
ပုထုစဉ်နှမတွေးဝယ် တမတ်တာမျှမရှိဘူးရယ်..


ကြာချည်အလှပ် ကြည့်တချက်ရယ်နဲ့
ဆုံးသတ်တဲ့သံယောဇဉ်ကြောင့် အသည်းစိုင်ပြတ်ပြီပေါ့..
အဆိုးငယ်ငိုတေးနဲ့ ခြေဆွဲလို့တားမရအောင်
ခွန်းတုံ့မပြန် ငြိမ်သက်စံရင်း
ရာဟုကိုထွေးလို့ အိပ်ဟန်ဆောင်ခဲ့ရတယ်…


အနုငယ်ရှေးအစ ဆုထူးပန်ဘ၀ကတည်းက
ငါးခိုင်ကြာမျှဝေလို့ ပေးဆပ်မှုတွေနဲ့ချစ်ရသူပါမောင်..


သံယောဇဉ် အသင်္ချေ မမြင်နေစေတော့သခင်
ပစ္စုပ္ပန်မေတ္တာရဲ့ ငဲ့ကွက်တဲ့ နှုတ်ဆက်အနမ်းကို
ခံစားချင်စမ်းတယ်..


ခွန်းမသနိုင်တဲ့ ရိုင်းကြမ္မာငင် အံကြိတ်ရင်ခွင်
နှလုံးတခွင်မှာတော့ မျက်ရည်မိုးစွေမဆုံးတယ်..
တကြောသံသယာမျောဖော် ဆန္ဒလောက်သော်မျှအခွင့်မရသူ
ကန္တိကကိုကျောသပ်လို့ ပြောမထွက်တဲ့ဝမ်းနည်းမှုတွေနဲ့
အနော်မာဟိုဘက်ကမ်းမှာ နှလုံးကွဲကျန်ပါစေ
ရဲသွေးယို ခြေလှမ်းနဲ့ ဖ၀ါးထပ်ချပ်လိုက်ချင်တယ်…


တရိပ်ခို သယမ္ဘူလွတ်ကြောင်းကို
မခွာအတူရေစုံကမ်းလို့
ပန်းခြားအကြင်နာနဲ့ ပါရမီဝန်တော်ထမ်းလိုတယ်…
ဒွေးတော်အနမ်း အမောင်တမ်းသလို သွေးတော်ကိုဖြစ်ခံနိုင်ဘူး
ဆန္ဒတော်မျိုသိပ်လျက်နဲ့ တိတ်တိတ်လေး ကျန်ခဲ့ရတယ်..


ဖြည့်ဆည်းနေကျအသင်္ချေ အခွင့်သွေအဆုံးသတ်မှာ
လွမ်းရုပ်မဖော်ရဲတဲ့ လင်ပစ်တဲ့နန်းမတော်ရယ်ပါ..
ခွင့်မကြုံအပြုံးနဲ့ငိုလို့ လမ်းဆုံးမှာရပ်ကျန်ခဲ့ဘူး
မောင်တောပျော်သလို နန်းတော်ကမယွင်းတူတယ်…


ရွှေပြည်တော်မြန်း လှမ်းတဲ့အ၀င်ခရီးမှာ
မောင့်ရိပ်တိုင်းလို မေတကိုယ်သာလျှင်ဖြစ်ချင်တယ်…
မောင်… အနေကဇာဂါထာကျူးတော့
အပါးက သာဓုခေါ်ခွင့်မရတာ တစ်သက်တာမျှမချိဘူးမောင် ။

8 comments:

Anonymous said...

အင်း ... ကဗျာ ကောင်းတယ်ဗျာ ။ ဆရာချစ်စံဝင်း ရေးတဲ့ ယသော်ဓရာ့ အလွမ်းဆိုတဲ့ စာအုပ်တောင် သွားသတိရမိတယ် ။
ရွေးချယ်ကောက်နူတ်ထားတာတွေနဲ့ ဆင့်ပွားအတွေးတွေကိုလည်း သဘောကျတယ်ဗျ ။

*87*

Anonymous said...

ပြန်ပေါ်လာလို့ ၀မ်းသာတယ် တီကြွက်ရေ့ ရေးပေးတာလည်းကျေးဇူးပါ Tag မှ ပို့ စ်တင်တယ်လို့  ပြောရင်လည်း ခံရတော့မှာပဲ ဆိုတော့ ခံပေတော့မ ပြောနဲ့ တော့ပဲ ဘာကြောင့်ပျောက်နေ ပျောက်နေ Tag လိုက်တာ အဆင်ပြေသွားတယ် :) မဖတ်ဖူးတဲ့ ကဗျာလေးတွေနဲ့ ဆိုလိုရင်းသရုပ်ဖော်ကွက်လေးတွေ မြင်သာသွားတယ် ။

Anonymous said...

ရွှေပြည်တော်မြန်း လှမ်းတဲ့အ၀င်ခရီးမှာ
မောင့်ရိပ်တိုင်းလို မေတကိုယ်သာလျှင်ဖြစ်ချင်တယ်…
မောင်… အနေကဇာဂါထာကျူးတော့
အပါးက သာဓုခေါ်ခွင့်မရတာ တစ်သက်တာမျှမချိဘူးမောင် ။
. . . .. .
နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပါပဲ..။
ရှားပါးကဗျာလေး ဖတ်ခွင့်ရလို့ ကျေးဇူးပါပဲ မလေးမ.။

Anonymous said...

အကြိုက်ဆုံး ကဗျာကောင်းလေး မျှဝေပေးတာ ကျေးဇူးပါ :)

Anonymous said...

အမရေ..ဒီကဗျာလေးကိုအခုမှဖတ်ဘူးတယ်..ကဗျာကောင်းလေးတွေဖတ်ခွင့်ရလို့ 
ကျေးဇူးပါ :)

Anonymous said...

ကဗျာလေးပြန်မျှဝေပေးလို့ ကျေးဇူးမလေးမရေ... ကျနော့်ထက် မလေးမက ပိုပြီး သရုပ်ဖော်ကောင်းတယ်ဗျာ... မလေးမ ၀တ္ထုကောင်းကောင်းရေးရင် ပေါက်မှာသေချာတယ်... MTU အကြောင်းကတည်းက မလေးမ လက်စွမ်းကိုသဘောပေါက်တယ်..

Anonymous said...

အင်း ကြွက်မီနဲ့ကြွက်မွန်က အကြိုက်ချင်းတူတယ်
အခုမှဒီကဗျာလေးကိုဖတ်ဖူးတာ
ယသော်ဓယာဘယ်လောက်ရင်ကွဲရမလဲဆိုတာ ကိုယ်ချင်းစာကြည့်စရာတောင်မလိုပါဘူး
တသက်သာမချိဘူးမောင် တဲ့
ဖတ်ခွင့်ရအောင်လုပ်ပေးတဲ့ မမလေးမကို ကျေးဇူးပါ

မင်းစိုး said...

အရမ်းကောင်းတယ်ဗျာ..ယသော်ဓယာတမ်းချင်းကဗျာလေးကိုကြိုက်တယ်..ယူသွားလိုက်ပြီနှော်..