Sunday, December 21, 2008

ယနေ့ရန်ကုန် ( ၂ )

ယနေ့ရန်ကုန် ( ၂ )


သူငယ်ချင်းရေ


ငါတို့ မြို့ မှာလေ …


သမိုင်းနဲ့  စကားပြောသူတွေအတွက်


နာဂစ်ဟာ ခေတ်တစ်ခေတ် ဖြစ်ခဲ့တယ်


နာဂစ် မတိုင်ခင်က …


နာဂစ်တုန်းက …


နာဂစ်ပြီးကတည်းက…။


သူငယ်ချင်းရေ


ငါတို့ မြို့ မှာလေ …


ရောင်းမကောင်းလို့ လား … ရောင်းကောင်းဖို့ လား


ဈေးပွဲတော်တွေ.. ပရိုမိုးရှင်းတွေနဲ့


ရာသီမစခင်က


ရာသီတုန်းက


ရာသီကုန်ကတည်းက …။


သူငယ်ချင်းရေ


ငါတို့ မြို့ မှာလေ…


Capital နဲ့ Ocean မှာ


promotion area တွေနဲ့  အမြတ်ထွက်နေချိန်


ဗိုလ်ချုပ်ဈေးက တစ်နာရီ ၂၀၀ နဲ့ 


အသက်ဆက်နေခဲ့တယ် … ။


သူငယ်ချင်းရေ


ငါတို့ မြို့ မှာလေ


ကန်တော်ကြီး ဘူဖေးပွဲကြီးထဲ


အဆိုတော် သရုပ်ဆောင် ဇာတ်မင်းသား အမယ်စုံလှတယ်


ကြိုက်တတ်ရင်တော့ ၀င်ကြေး ၃၀၀ …အပြင်


အပိုဆောင်းခဲ့ပေါ့ ...။


သူငယ်ချင်းရေ


ငါတို့ မြို့ မှာလေ ...


သားသည် မအေတွေက


နို့မှုန့် ထဲ မယ်လမင်း ပါတာလောက်တော့


ကျုပ်တို့ က အရေးမလုပ်ပါဘူး


ထမင်းရည်ထဲ အဆိပ်မပါတာဘဲ


စိတ်အေးနေရပါတယ်တဲ့…။


သူငယ်ချင်းရေ


ငါတို့ မြို့ မှာလေ ...


ပဲသမားတွေတော့


ခွက်ခွက်ကိုလန်လို့ 


နဖူးကွဲတဲ့သူနဲ


ဒူးပြဲတဲ့သူနဲ့ …။


သူငယ်ချင်းရေ


ငါတို့ မြို့ မှာလေ ...


အင်တာနေရှင်နယ် လေဆိပ်ကြီးက


ပွဲခင်းကြီးလို စည်ကားနေတာ


စီးပွားပျက်ရာသီ မစခင်က..


ရာသီတုန်းက..


ရာသီပြီးကတည်းက … ။


သူငယ်ချင်းရေ


ငါတို့ မြို့ မှာလေ ...


ဝမ်းရေးအတွက် လမ်းဘေးကလူတွေက


မာယာဗရပွနဲ့ 


ဘာသာဘာဝ ကျက်စားနေကြတာ


၂၀၀ရ မတိုင်ခင်က …


၂၀၀ရ တုန်းက …


၂၀၀ရ ပြီးကတည်းက…။ ။


မှတ်ချက်။ ။ ၂၀၀ရ နေရာတွင် နှစ်သက်ရာ ခုနှစ် အစားသွင်းနိုင်သည်…။


ဖွင့်ဆိုချက်


Capital = သာကေတမှ hypermarket


Ocean = ကိုးမိုင် တရုတ်သချိင်္ုင်းနေရာတွင် ဆောက်ထားသော supermarket


လမ်းဘေးကလူ = သူတစ်ပါးကို စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ချမ်းသာခြင်း၊ မေတ္တာတရား… ဘာမှမပေးနိုင်ဘဲ.. မိမိအတွက်သာ အားလုံးတောင်းခံနေသူ…။

16 comments:

Anonymous said...

ယနေ့ ရန်ကုန်က ခေတ်ပုံရိပ်တွေနဲ့ပါလား မိုက်တယ် ဒါမျိုး ဂျစ်ကန်ကန်အရေးသားတွေမဖတ်ရတာကြာပြီး ဟိဟိ :P ရန်စတာ ။

သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ …
သားသည် မအေတွေက
နို့မှုန့် ထဲ မယ်လမင်း ပါတာလောက်တော့
ကျုပ်တို့ က အရေးမလုပ်ပါဘူး
ထမင်းရည်ထဲ အဆိပ်မပါတာဘဲ
စိတ်အေးနေရပါတယ်တဲ့…။ ဒီစာပိုဒ်လေးဖတ်ပြီးတော့ ရင်ထဲမကောင်းဘူးး လမ်းဘေးက လူတွေကလည်းတောင်းလိုက်တာနော် အထက်မင်း ၃၇ ပါးထက်တောင်ဆိုးသေးတယ် ဒင်းတို့ ကို မြှောက်ရတာ ။ ကဲ တောပိုင်း တောင်ပိုင်တော့ကိုင်စမ်းပါ နာနာလေး ဒီတိုင်းပဲကြည့်နေတော့မှာလား မေတ္တာဝင်ပို့ခဲ့တယ် :)

Anonymous said...

မမ လေးမရေ ပထမဆုံး လာဖတ်တာပါ ခင်ဗျာ ။ ဒါပေမဲ့ ဒီကဗျာလေး ကိုတွေ့တာ နဲ့
ကွန်မန့်ပေးချင်လွန်းလို့ပါခင်ဗျာ ။

ရန်ကုန်ရဲ့ ခေတ်ပျက် ကြီးကို သရုပ်ဖော်ထားတာ ပြောင်မြောင်ပါတယ်ခင်ဗျာ ။
နောက်လည်း ဒီထက်ပြောင်မြောင်တဲ့ အရေးအသားတွေကို မျှော်လင့်လျှက် ................

Anonymous said...

ဖတ်သွားပါပြီ...ကြိုက်တယ်

Anonymous said...

နာဖျားနေဆဲ ရန်ကုန်မြို့ကြီးအကြောင်း လာဖတ်သွားပါတယ် ၊ ကဗျာထဲမှာ မမြင်တာကြာပြီဖြစ်တဲ့ ပုံရိပ်တွေ မြင်ယောင်သွားပါတယ် ။

Anonymous said...

ယနေ့ရန်ကုန် မှာ ...................................
နှစ်သက်ရာ ခုနှစ် အစားသွင်းနိုင်သည်…။ တဲ့လား ..... ။
အော် ... ရန်ကုန်ရယ် ...။
ကျေးဇူးဗျာ ။
မကြာခင် ကြုံတော့မှာပါ ရန်ကုန်ရေ ....... ။
*87*

Anonymous said...

ကဗျာထဲမှာ ပုံရိပ်တွေတွေ့ရတယ်ဗျာ.... သိပ်ကောင်းတဲ့လက်ရာပဲဗျာ.... ဖြေးဖြေးလေး ထုတ်ပြသွားတာ... တွေ့လိုက်ရတယ်..

Anonymous said...

လေးမရေ..ရန်ကုန်အကြောင်းရေးထားတာ ဖတ်သွားတယ်.. ဖတ်ရင်းနဲ့ စိတ်မကောင်းဘူး.. အမက တော့ ရန်ကုန်အကြောင်းကို အမြဲနားစွင့်နေမိတယ်.. သိလည်း သိချင်သလို ပြန်လည်း ပြန်ချင်တယ်..

Anonymous said...

မမရေ... ဘာစကားလုံးနဲ့ ကြိုက်တယ်လို့ပြောရမှန်းမသိတော့လို့ ကြိုက်တယ်လို့ပဲ ပြောလိုက်တော့မယ်နော်။ တအားကြိုက်တယ်။ တကယ်ကြိုက်တယ်။ အရမ်းကြိုက်တယ်။ :)

Anonymous said...

အဲဒီမြို့ကြီးထဲ ကို မွန်းကျပ်ကျပ် အတွေးတွေနဲ့ပဲ အလည်ရောက်သွားတယ်ဗျာ. .

Anonymous said...

ရိုးရိုးလေးနဲ့ ရင်ထဲကို ထိသွားစေတဲ့ ကဗျာလေးပါ။
ဘာတွေ လုပ်ပေးနိုင်ကြမလဲ။

Anonymous said...

အောင့်သွားတယ်..

Anonymous said...

ကျွန်တော်လည်း ရန်ကုန်ကို ပြန်ရောက်ပါပြီ...
မြင်ရတာတွေ့ရတာကတော့ ... ကဗျာထက်တောင်ပိုလားမသိဘူး...
ထပ်ဖြည့်ချင်လွန်းလို့ ဖြည့်သွားတယ်...
ကဗျာတော့မရေးတက်လို့...ဒီလိုပဲရေးခဲ့တယ်
" အင်းစိန်ပေါက်တောကနေ လှိုင်သာယာ မီးခွက်ဈေးကို သွားတဲ့ လမ်းမကြီးမှာလေ
မီးခွက်ဈေးနားရောက်ဖို့ ကားမှတ်တိုင် နှစ်မှတ်တိုင် လောက်အလိုမှာ
လမ်းကအရမ်းကိုကောင်းနေပါလားဗျာ...."
ကဗျာရှင်ရေ... ကဗျာ စပ်အပ်ပါအုံး ဗျာ...

Anonymous said...

AC နဲ့ BC လိုပဲ ဘီဖိုးနာဂစ်နဲ့ အာဖတာနာဂစ်လို့ တင်စားပြထားတာ အရမ်းမိုက်တာပဲ
ဒီလိုတွေးလို့ကို လေးမရယ်လို့ဖြစ်နေတာပေါ့ ဟုတ်လားမမ
မမလေးမအတွက်တော့ မြင်သမျှဟာ စာမျက်နှာပေါ်က ကဗျာဖြစ်နေတာပါပဲနော်
ဒါပေမယ့် ရန်ကုန်မှာစပ်တဲ့ကဗျာတိုင်းကတော့ အင်းးးးးးးးး

Anonymous said...

လေးမရေ ယနေ့ရန်ကုန် လာဖတ်သွားတယ်ဗျို့....လွမ်းလဲလွမ်းသွား မောလဲမောသွားရဲ့ဗျာ...

Anonymous said...

ပြောင်မြောက်လိုက်ပါပေ့အမရယ်
ကျွန်တော် ပြန်ပေါ်လာပြန်ပြီနောက်တစ်ခေါက် :)

Anonymous said...

အစ်မရဲ့ ကဗျာထဲကနေ
ရန်ကုန်ကို စိတ်မသက်မသာနဲ့ ချောင်းကြည့်သွားပါတယ်။

အဆင်ပြေပါစေ ဂိုဏ်းချုပ်ကြီးရေ :)