Tuesday, November 04, 2008

သူမရဲ့ ...

သူမနဲ့  ကျွန်တော် ဒီနှစ်တွေမှာ နေ့ တိုင်းလိုလို တွေ့ ဖြစ်ကြတယ်… ။


သူမ အရမ်းနေမကောင်းဖြစ်နေချိန်… ခရီးဝေး ထွက်ချိန်ကလွဲရင် ကျွန်တော်တို့  ၂၄ နာရီမှာ အနည်းဆုံး တစ်နာရီလောက်တော့ ဆုံဖြစ်ကြတယ်…။


သူမက ကျွန်တော့်အပေါ် သံယောဇဉ်ကြီးသလို ကျွန်တော်ကလည်း သူမကို အမြဲတွေ့ ချင်နေမိတယ်…။


သူမ လား…


တော်တော်ဆိုးတဲ့ မိန်းကလေးဗျ… ။


ပညာရပ်က လွဲရင် ကျန်တာတွေ တော်တော် လုပ်ချင်တဲ့ မိန်းကလေး…။


ကျွန်တော်က သူ့ ကို ဒီအခြေအနေထက်ပိုတော်တဲ့ ပိုထက်တဲ့ မိန်းကလေး ဖြစ်စေချင်တာ… ။ စာလုပ်ရအောင်ပါလို့  ပြောတာလည်း မလုပ်ပြန်ဘူး…။ သူလုပ်ချင်တာ ပေးမလုပ်ရင် ကျွန်တော့်နား မကပ်တော့ဘူးတဲ့… မခေါ်တော့ဘူးတဲ့ ဗျာ …။


ကျွန်တော်လား…


နောက်ဆုံးတော့လည်း သူမ သဘောကို လိုက်လျောရတာပါပဲ… ကျွန်တော်က သူမ စိတ်ချမ်းသာနေတာကိုပဲ မြင်ချင်တဲ့သူကိုး…။


အဆော့ကလည်း မက်သားဗျ…


ကျွန်တော့်မှာ သူမ အတွက် ဂိမ်းမျိုးစုံကို စုဆောင်းပေးထားရတယ်… ။


သူမကြိုက်တဲ့ ဂိမ်းတွေ ဆော့ပေးနေရင် ကျွန်တော့်နားကကို မခွာတော့ဘူး…။


အပျင်းကလည်း ထူသဗျာ… မှတ်ဥာဏ်က မကောင်းရတဲ့ထဲ အပျင်းက လည်း ကြီးသေးတော့ ကျွန်တော့်မှာ သူမ ကိစ္စတော်တော်များများကို အလွတ်ကျက်ထားပေးရတယ်…။ သူမက မေးလိုက်လို့  ကျွန်တော်က ချက်ချင်းမဖြေနိုင်ရင်လည်း စိတ်တိုသေးတာ….။ ကြောက်ရ၏…။


သူမ သိချင်တာတွေကလည်း အများသား.. ။ ကျွန်တော် မသိတဲ့အရာတွေအတွက် သိတဲ့ သူတွေဆီ ခေါ်သွားပေးရသေး… ။ ခေါ်သွားတာ ကြာရင်လည်း သူမက ဆူဆောင့်ချင်ပြန်ရော …။ သူမ သူငယ်ချင်းတွေဆီ သွားချင်ရင်လည်း လိုက်ပို့ ရတယ် …။


သူမက စကားနည်းတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော့်ကိုတော့ သူမရဲ့ အတွေးတွေ … ခံယူချက်တွေ .. ခံစားချက်တွေ ပြောပြတတ်တယ်…။


ကျွန်တော်ကတော့ သူမရဲ့ ပြုံးလိုက်.. မဲ့လိုက်… ရယ်လိုက်.. မောလိုက်… လွမ်းလိုက်… ဆွေးလိုက်… စကားလုံးတွေ အတွက် နားထောင်သူ သက်သက်ပါပဲ …။


သူမက ကျွန်တော့်ကို တခါတလေ အော်ငေါက် ရိုက်ပုတ်တတ်သေးတယ်…။


ကျွန်တော်လား… .. ဘာမှ ပြန်မလုပ်ပါဘူး… ငြိမ်ခံနေလိုက်တာပဲ .. ကိုယ့်အပြစ်နဲ့  ကိုယ်ကိုး… ကျွန်တော်က ဂဂျီဂဂျောင် အူတိအူကြောင် လုပ်နေတော့ သူမက စိတ်မရှည်ဘူးပေါ့…။


ဟင့်အင်း… မမုန်းပါဘူး.. ကျွန်တော်တို့  နှစ်ယောက် ဘယ်တော့မှ မုန်းသွားကြမှာမဟုတ်ဘူး..။


သေချာတာပေါ့….။


သူမက ကျွန်တော့် အပေါ် သံယောဇဉ်အတော်ကြီးတာ… ကျွန်တော့်ကို ယုံကြည်ချက်တွေ တပွေ့ တပိုက်ကြီးနဲ့  တရင်းတနှီး ဆက်ဆံနေရှာတာ… ။ တစ်ခါတစ်လေ ကျွန်တော် ငိုချင်တယ်… ကျွန်တော့်ကို အလုံးစုံ မယုံပါနဲ့  လို့  ကျွန်တော် အော်ပြောလိုက်ချင်တယ်…။ ဒါပေမယ့် သူမရဲ့ ဓါတ်ပုံတွေ … သူမနှစ်သက်တဲ့ သီချင်းခွေတွေကို ရင်မှာပိုက်ပြီး သူမခေါ်လိုက်တိုင်း အသင့်ဖြစ်နေဖို့ ပဲ ကျွန်တော် ကြိုးစားပါတယ်…။


အော်.. ဘာတော်လဲ… ဟုတ်လား… တော်စပ်ပုံလား…


သူငယ်ချင်းပါ … သူမက ကျွန်တော့်ရဲ့ သူငယ်ချင်း… ကျွန်တော်က သူမရဲ့ သူငယ်ချင်းပါ … ။


အော်.. ကျွန်တော်လား… ဘယ်သူလဲ… ဟုတ်လား…


ဟား… ဟား…


ကျွန်တော်က


သူမရဲ့






ကွန်ပြတာ … လေ... ။ ။

15 comments:

Anonymous said...

ဟားးးးးးးးးးးးးးးးးးးးး ထင်တယ်ဖြစ်ရမယ်..အရေးသားကတော့စွဲဆောင်တယ်....သူမနဲ့ ကျွန်တော်.....

Anonymous said...

မလေးမရယ်..မလေးမရယ်.....
ဘူလဲလို့စဉ်းစားလိုက်ရတာ...ကွန် ဖြစ်နေတာကိုးးးးး

Anonymous said...

တီကြွက်...မကြီးမငယ်နဲ့  ဂိမ့်ဆော့နေတယ်ပေါ့လေ ဆြာလည်း ခုတစ်လော ဂိမ်းပဲဆော့နေတယ်တဲ့ :P

Anonymous said...

အမလေးမကတော့လုပ်ချလိုက်ပြီ ဖတ်လာတာ mode အပြည့်နဲ့ စိတ်ထဲကတော့
အော်ငါနဲ့တော်တော်ဆင်တဲ့ ဇတ်လမ်းလေးပေါ့ အောက်ဆုံးလဲရောက်ေ၇ာ
သေစမ်းဟဲ နန္ဒီယ ဖြစ်တော့တာပဲ ဆေးတစ်ရူပေးပါရှင် မဟုတ်တော့ဘူးအမရ
ဆေးတစ်ရှင်ပေးပါရှူဖြစ်သွားတယ် mode ပျက်တယ်ဗျာ အဟီးးးးးးးး
အရေးကောင်းလိုက်တာ အမလေးမ ပို့စ်တွေဖတ်လို့ကောင်းတယ်

Anonymous said...

အထီးအမ ဘီလိုခွဲလိုက်ပါလိမ့် :P

Anonymous said...

သူမရေ သူ့ကိုရိုက်လားပုတ်လားတော့ မလုပ်ပါနဲ့ကွယ်
တော်ကြာသူနာတာရှည်ဖြစ်သွားမှ သူ့မှတ်ဥာဏ်တွေပျောက်ကုန်မှခက်စ်နေမယ်နော်
ကြားဖူးတာတော့ သူမှတ်ထားတာတွေပျောက်သွားရင် ကိုယ်ခံစားရတဲ့ stress က
အသည်းကွဲတဲ့ stress ထက်ကြီးမားသတဲ့နော်
သူ့ခမျာလည်း တနေရာနဲ့တနေရာသွားတာကြာပေမပေါ့ အဲဒီ့မှာက လမ်းပန်းဆက်သွယ်ရေးကကောင်းဘူးလေ ခွင့်လွှတ်လိုက်နော်
ဪ မမ ပြောစရာရှိတယ် မွန့်မေးလ်လေးအက်ထားပေးပါလား natthimilay@gmail ပါ
ပြီးရင် သူ့ကိုမွန့်ဆီလိုက်ပို့ခိုင်းပေါ့ နော်

Anonymous said...

ဘယ်သူလဲသိသွားတော့ ရယ်လိုက်ရတာ။ ဟုတ်သားပဲနော် ကွန်ပျူတာဆိုတာ အဲလိုကိုး :P ။ ရေးတတ်တယ် အစ်မရယ်။

Anonymous said...

မထင်မိဘူးဗျို့.. ကောင်းသဗျာ..။ ဘာညာဇတ်လမ်းလေးမှတ်နေတာ..။ :P

Anonymous said...

ဟဲ... စိတ်ဝင်တစားဖတ်နေတာ။ဘယ်သူများလည်းလို့ .... သူကိုးးး :P :P

Anonymous said...

ဖတ်ရင်းနဲ့ ဘယ်သူ့ကိုများပြောနေတာလည်းလို့.. နောက်ဆုံးကျမှ အရှိုက်ထိသွားတော့တယ်.. သူဆိုလို့ ကောင်းကင်ကြီးလားလို့ပေါ့.. ဟွန်း.. တော်တော်ဆိုး.. :P ညီမလေးက အဲဒီလို စာရေးကောင်းလို့ ခိုက်နေရတာ.. :D

Anonymous said...

ဘာမှသိပ် ထွေထွေထူးထူး ပြောစရာ မရှိဘူးဗျ။ တစ်ခုပဲ . "မိုက်တယ်" လို့. :D
ဒါကြောင့်လည်း မလေးမ ဖြစ်နေတာကိုး။

Anonymous said...

အစ်မလေးမရေ
ကျနော်ကတော့ ကွန်ပျူတာဆိုတာ ကြိုသိသဗျ :)
အဟီး မောက်စ်ကိုဆွဲချလိုက်တာ အရှိန်လွန်ပီး အောက်ဆုံးစာကြောင်းကို
အရက်ဖတ်လိုက်မိလို့ :P

Anonymous said...

:-) အရေးအသား ကောင်းတယ်နော.. မလေးမ..
ကိုကောင်းကင်ကြီး မနာလိုဖြစ်ပြီး လွှင့်ပစ်နေဦးမယ်။.. သတိထားဦး။
;-)

Anonymous said...

လေးမရဲ့ သူ နဲ့ ကျွန်တော်ရဲ့ သူမ ကို မိတ်ဆက်ပေးရမယ် ဟဲ.... :P

Anonymous said...

ချစ်မကတော့ တကယ်ပဲ။
တအားရေးတတ်ပ။
နားထောင်နေရင်း ကျွန်တော်ကို ခန့်မှန်းနေတာ။ ချစ်မရဲ့ ကောင်းကင်ကြီးလားလို့။ မဟုတ်လောက်ပါဘူး။ ဟုတ်လောက်ပါတယ်ဆိုပြီး တစ်ယောက်တည်း အတွေးတွေနဲ့ ချာလပတ်အီနေတာ။ နောက်ဆုံးကျမှ ကွန်ပူတာဖစ်နေတာကိုး။ ချီးကျူးတယ်ငါ့အစ်မရေ။