Tuesday, March 04, 2008

အိမ်မွေး တိရိစ္ဆှာန်များနှင့် အဖော်ပြုခြင်း ( ၁ )

တိရိစ္ဆာန်မွေးတာကို တချို့က ငရဲကြီး သည် ဟုဆိုသည်…။ တချို့က ကုသိုလ်ရသည်ဟု ပြောသည်…။ တချို့က အလုပ်မရှိ အလုပ်ရှာသည်ဟု မြင်သည်…။
လေးမ အတွက်တော့ စီးပွားဖြစ်လည်း မဟုတ်… ဖက်ရှင် တစ်ခု အနေနဲ့ လည်း မရည်ရွယ်ပါဘဲ… မတော်တဆ မွေးထားခွင့်ရခဲ့တဲ့ အကောင်လေးတွေနဲ့ ပျော်ရွှင်ခဲ့ဖူးပါသည်…။

လေးမ စောင့်ရှောက်ခဲ့ဖူးတဲ့ အကောင်တွေကတော့ ခွေး..ကြောင်..နဲ့ ငါးလေးတွေ …။ လက်ရှိတော့ အိမ်မှာ ခွေး ၃ ကောင် နဲ့ ငါး ကန် တစ်ကန် ( ၆ ကောင်ပဲ ကျန်တော့တယ် )…။


လေးမ နှင့်ပူစီကြောင်


လေးမ ငယ်ငယ်.. ၆ နှစ် အရွယ်လောက်က ကျောင်းသွားဖော်သူငယ်ချင်း ( မိုးရွာရင် ဖိနပ်အတူမျောခဲ့တဲ့ သူ ) အိမ်က ကြောင်သားလေး တစ်ကောင် လက်ဆောင်ရခဲ့တယ်…။ ကြောင်မကြီး သေသွားလို့ မိခင်နို့ငတ်ခဲ့ရတဲ့ကြောင်လေး… အိမ်ရောက်တော့ ၃ လ သားလောက်ပဲရှိဦးမယ်ထင်တယ်…။ အမေက နို့ဆီကို ရေနဲ့ ဖျော်ပြီး ကြောင်ကလေးကို တိုက်တယ်…။ နောက်တော့ အဲဒီတာဝန်ကို လေးမ ယူလိုက်တယ်… နို့ဆီကတော့ ကြောင်တစ်ဇွန်း… လေးမ တစ်ဇွန်း…။ ကြောင်ကလေးနဲ့  အတူဆော့ပြီး သိပ်ပျော်ခဲ့ရတယ်…။


ကြောင်မလေးက အရွယ်ရောက်တော့ အပြင်ထွက်လည်နေတာ ၄ ရက်လောက် ပြန်မလာဘူး…။ ဘယ်ရောက်လို့ ဘာဖြစ်သွားပြီလဲ .. မသိဘဲ … အရမ်း စိတ်ပူခဲ့ရတယ်… ဘယ်သူတွေ ဖမ်းပြီ သတ်စားလိုက်ပြီလဲဆိုပြီး သူများတွေကို စွပ်စွဲလိုက်… ကားကြိတ်ခံရပြီလားဆိုပြီး ပူပင်လိုက်နဲ့….။


နောက်တော့ ကြောင်က အိမ်ပြန်ရောက်လာတယ်… တစ်ကောင်ထဲမဟုတ်ဘူး… ဗိုက်ထဲမှာ အပိုကောင်လေးတွေနဲ့…။ တစ်နေ့ကျတော့ ပိတ်စရုပ်ကလေးတွေနဲ့ ဆော့နေတဲ့ လေးမနားကနေ ကြောင်က ဖြတ်သွားတယ်…။ လေးမကလည်း ထုံးစံအတိုင်း ကြောင်နားကပ်သွားပြီး ကြောင်မျက်နှာနား ပါးကပ်ပြီး “ မမချစ်တဲ့ ကြောင်လေးရေ..” ဆိုပြီး ကဗျာရွတ်သံနဲ့ သွားဖက်လိုက်တာ ကြောင်က ဖြတ်ကနဲ လက်သည်းနဲ့ လှည့်ကုတ်လိုက်တယ်…။ မျက်လုံးထောင့်စွန်းမှာ အစင်းလိုက် …။ စပ်သွားတာပဲ…။ ကံကောင်းလို့ မျက်အိမ်နဲ့ နည်းနည်းလေးကပ်လွဲသွားတယ်…။ မျက်လုံးကုတ်မိလို့ကတော့ ကန်းနေလောက်ပြီ….။ အဲဒီမှာ လေးမ ကြောင်တွေကို စိတ်နာသွားတော့တာပဲ…။ လူလူချင်းဆိုရင် ထပြီး နပန်းလုံး ကိုင်ဆောင့် ပစ်လိုက်ပြီ … ခုတော့ အားနွဲ့  တဲ့ကြောင်ဖြစ်နေတော့ ခပ်စိမ်းစိမ်း တစ်ချက်ကြည့်ပြီး ဇာတ်လမ်းက ပြတ်သွားတယ်…။ အမှန်တော့ ကြောင်က ဗိုက်နဲ့ ဆိုတော့ စိတ်မကြည်မလင် ဖြစ်နေတယ်ထင်ပါရဲ့…။


နောက်ပိုင်းတော့ ၀တ်ကျေတန်းကျေပဲ ဆက်ဆံတော့တယ်… ။ အရောတ၀င် မနေတော့ဘူး…။ ကြောင်လေးတွေ ပေါက်လာပြီးတော့လည်း ချစ်လို့မရတော့ဘူး…။ အိမ်ပြောင်းခါနီး ကြောင်တွေ အကုန်လုံး ဘုန်းကြီးကျောင်းပို့လိုက်တော့လည်း မငိုတော့ဘူး… ။ အိမ်ပြောင်းလာပြီးတော့လဲ ကြောင်ထပ်မမွေးတော့ဘူး…။ ဒီနေ့အထိ ကြောင်ကို လုံးဝ မမွေးတော့ဘူး….။ ကြောင်တွေနဲ့ မတော်တဆ ဆုံခဲ့ရင်တောင် သူတို့က လေးမကို မျက်လုံးစိမ်းကြီးနဲ့ ကြည့်နေတယ်လို့ ခံစားနေရတတ်တယ်…။ ဆိုက်ကို ၀င်သွားလားမသိဘူး… ကြောင်တွေကို ချစ်လို့မရတော့ဘူး …။ ကြောင်အနားကပ်လာမှာကို ကြောက်တယ်…။ ကြောင်မျက်လုံးက friendly မဖြစ်ဘူးလို့ ခံစားရတယ်…။ အဲဒီလိုနဲ့ ကြောင်မွေးတဲ့ ဇာတ်လမ်း တစ်ခန်းရပ်သွားတယ်…။ ။


P. S. မျှားပြာရဲ့ ကြောင်မလေး မီးမီး ..ကိုတော့ သဘောကျနေပြန်တယ်… ဓါတ်ပုံထဲက မြင်ရတာမို့ ထင်တယ်…။

9 comments:

Anonymous said...

ကြောင်မျိုးကိုရော ဘယ်လိုနေလဲ မျက်လုံးစိမ်းကြီးနဲ့ ကြည့်လိုက်သေးလားမမ မျှားပြာရဲ့မီးမီးကတော့ မွန်အမြင်အကပ်ဆုံးပဲ ဓာတ်ပုံထဲမှာမို့လားတော့ မသိဘူး ဟီးးးးးးးးးးးး

Anonymous said...

ကြောင်ကို...

ကျွေးကြ
ကြည့်ကြ
ကြောင်ကြ၊
ကြောက်ကြ၊

ကောင်းကွာ။

Anonymous said...

ကျွန်တော်ကျောင်းတောင်မနေရသေးတဲ့အရွယ် ငယ်ငယ်တုန်းက အဘွားကို အိမ်ကကြောင်မကြီးတစ်ကောင်ကို အတင်းသွားဖမ်းခိုင်းမိတယ်။ အဘွားကလည်း ကျွန်တော့်ကိုချစ်ရှာတော့ နောက်ကနေဖမ်းလိုက်တာပေါ့ ။ကြောင်ကကုတ်ထည့်လိုက်တာဗျာ ။ကျွန်တော့်အဘွားလက်မှာသွေးတွေကိုရဲပတောင်းခတ်သွားတာပဲ။
ကျွန်တော်လဲအဘွားကိုသနားသွားပီး နောက်ဆိုမပူဆာရဲတော့ဘူးဗျာ။ အခုမှ အပိုင်း(၁)ဆိုတော့ နောက်ဆက်တွဲတွေကို စောင့်မျှော်အားပေးနေပါတယ်ဗျို့။ ပျော်ရွှင်ချမ်းမြေ့ပါစေ အမကြီးခင်ဗျာ :)

Anonymous said...

ဟားးဟားး....လျှို့ ဝှက်ချက်ကိုအခုမှပြောခွင့်ရတော့တယ် တီလေးနဲ့  မျှားပြာရဲ့ကောင်းမှုကြောင့်သာ ကျနော်က ကြောင်မျိုးလို့  အမည်တွင်နေပေမယ့် ကျနော်က ဘယ်တိရိစ္ဆာန်ကိုမှ မချစ်တတ်ဘူးဗျ...။ ကြောင်လေးတွေကို တွေ့ ရင်တော့ ခဏပွတ်သပ်ကြည့် ဒီလောက်ပဲ သိပ်ပြီးမချစ်တတ်ဘူးး။
ဆက်ရန်ကိုမျှော်နေပါတယ်ဗျာ...........။
P.S.ပေါ်ဆန်းနဲ့ ပဲပြုတ်က စိတ်ကူးယဉ်တာပါ တကယ်မစားပါဘူးဗျ ဟားဟားး။

Anonymous said...

စိုးမိုးလဲ..ကြောင်ဆိုမချစ်ဘူး..ငယ်ငယ်ကကြောင်ကုတ်တာခံဘူးလို့ ...ပြီးတော့.....အပိုင်း (၂ )ကိုမျှော်နေမယ်...မမပျော်ရွှင်ပါစေနော်... :)

Anonymous said...

ကျွန်တော်လည်း တိရိစ္ဆာန်တွေကို သံယောစဉ်တော့ရှိတယ်၊ ဒါပေမယ့် ယုယုယယတော့ မရှိဘူးဗျ။ သူတို့ရဲ့ အရိုင်းစိတ်ကိုလည်း လန့်တယ်။ အိမ်မှာကိုယ်မမွေးပဲနဲ့ ရောက်လာတဲ့ ခွေး ၁ကောင်နဲ့ ကြောင် ၁ကောင်ကို မွေးဖူးတယ်၊ အခုတော့ သေကုန်ပါပြီ။ အခုလောလောဆယ်တော့ ခွေးမွေးချင်နေတယ်။ မြန်မာခွေးသန့်သန့်မွေးချင်တာ.. ပိုက်ပိုက်နဲ့တော့ မ၀ယ်ချင်ဘူး.. :D။ အိမ်မှာ

Anonymous said...

မီးမီးလေးပဲ သဘောကျနော..လူကို သွားသဘောကျလို့ကတော့
ငတ်မယ်..ငတ်မယ်။မွဲတေနေတာပဲ(ဖွခဲ့ပီ ) :P

Anonymous said...

ကြောင်နဲ့လက်ပွန်းတတီး မနေတတ်တော့
ကြောင်ကုတ်တာ မခံဖူးဘူး
အပိုင်း (၂)ကိုမျှော်နေမယ်
ပျော်ရွှင်ပါစေ အမလေးမ :)

Anonymous said...

နွေကတော့ ..ကြောင်ကို မချစ်ဘူး..
အိမ် မှာ ကြွက်ပြေးအောင်..
ကြောင်မွေးပါတယ်..
ကြောင် က..တီဗွီ အောက်တွေ ..
ဝင်ပြီး..အနံ့ အသက်တွေ .ထားခဲ့တော့..
တီဗွီ ကြည့်ရင်..ဟ..ဘယ်မှာ.လဲ..
ရှာပါဦး..အနံ့တွေ တော်တော့် ကို ဆိုးဆိုး..
ခွေးအကြီးကြီး တစ်ကောင်မွေးတော့..
ဲခြံတော့ လုံပါတယ်..
သယ်ရင်း တစ်ယောက် အိမ်လာ လည်တာ
ကိုက်လိုက်လို့.. အားနာလိုက်ရတာ..
ခြံပြင်.လွတ်သွားလို့ လိုက်ဖမ်းရတာ အမော
ခွေးကို အော်ပြီး လိုက်ဖမ်းရတာ..သူများတွေ လိုက်ကြည့်တာ .ရှက်တောင်ရှက်တယ်..ဟိဟိ
အပြင် ကလူတွေ ဆို..သွားနေရင်း နဲ့ ကြောက်လို့..
ရပ်နေ ကြရတာ..
နောက်တော့ ခွေး က သေ.သွားရော..
မရှိတော့လဲ..လွမ်းပြီး တော့..သနားမိတယ်..
မလေးမ ရဲ့ ကြောင်လေး.ကိုဖတ်ပြီးတော့
နွေလဲ သတိရမိ လို့.
အိမ်ကို လွမ်းနေပြီ....