Tuesday, May 20, 2008

ကြီးဒေါ်နှင့် offline

နာဂစ်က … မုန်းစရာကောင်းလိုက်တာ… ဟိုဂျာနယ်မှာရေးထားတာတော့ နာဂစ်ဆိုတာ ပန်းပွင့် လို့  အဓိပ္ပါယ်ရသတဲ့ …။ ပန်းပွင့်မို့ သာ တော်တော့တယ် … ဆင်ရိုင်းသာဆိုရင် မြန်မာပြည် တက်တက်ပြောင်မယ်… ။


ညည်းတို့ က သတင်းစာမှ မဖတ်ဘဲ … သတင်းစာထဲ မုန်တိုင်းတိုက်နေတာ ဧပြီလကတည်းကဆိုပဲ အေ့ …။ ညည်းတို့ က သတင်းစာဆို နာရေးလောက်ပဲ ကြည့်တာကိုး … ။ မိုးလေ၀သ သတင်းမဖတ်တော့ မသိဘူးပေါ့…။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်တာ... ။


ကြိုသိတဲ့သူတွေလည်း ဘာမှပြင်ဆင်မထားပါဘူး… ကြီးဒေါ်ရာ…။ ဘာတွေ ဘယ်လို ပြင်… ဘယ်လိုနေ …ရမယ်ဆိုတာ ဘယ်သူသိသလဲ…ပြော… ။ မုန်တိုင်းမှ မကြုံဘူးတာပဲ..ဟာပဲ..ဟာကို…။


အဲဒီညက မြန်မာ့ရုပ်မြင်သံကြားမှာ မိုးလေ၀သ သတင်းသေချာ နားထောင်ပါ လို့ .. ငါမပြောဘူးလား…။ ညည်းတို့က အမေကျော် ဒွေးတော်လွမ်းတဲ့ဟာတွေ … ။ ကုလားကားတွေ…တရုတ်ကားတွေ … ဘိုကားတွေ ပြတဲ့ 5 Movie ပဲ ကြည့်နေတာကိုး…။


MRTV ကြည့်ပါတယ်..ကြီးဒေါ်ကလဲ …။ “ နင်…၁၈ နှစ်ပြည့်ပြီလား…” ဆိုတဲ့ဟာ လာလို့တောင် အဖွားက “ငါဆို ၁၈ နှစ်ပြည့်ခဲ့တာ ၄ ကျော့တောင်ကျော်ပြီဆိုတော့ ၄ မဲ ပေးရမှာလား…”လို့ မေးလို့တောင် ရယ်ကြရသေးတယ်လေ…။


အေးလေ… ညည်းတို့  ကြည့်တယ်ဆိုတာ … ခဏလေ…။ ခဏကြည့်ပြီး… ပြန်ပြောင်းကြည့်တာ …။ ခုတော့ … ငါသတင်းကြည့်ချင်တယ်နော် … ။ ဟိုပြောင်း ဒီပြောင်းလုပ်ဖို့  မစဉ်းစားနဲ့ …။ ကယ်ဆယ်ရေးတွေ… နေရာချထားတာတွေ အလှူပစ္စည်းပေးတာတွေ … ငါကြည့်ဦးမယ်…။


ကြီးဒေါ်နော် … သူများလှူတာတွေ သွားရေကျမနေနဲ့ …။


တယ်… ညည်းစကားက ဘာတုန်း … အနှောင့်မလွတ်…အသွားမလွတ်နဲ့ …။ ကြည့်စမ်း…….သစ်ပင်တွေဆိုတာ ကုန်ပါရောလား… နောက်နှစ်နွေဆို အတော်ပူတော့မှာ …။ အပူကြောင့် လူတွေသေကြဦးမယ်…။


လူတွေလိုမျိုးသာ သစ်တစ်ပင်ခုတ်ရင်… ထောင်ဒဏ် ဘယ်နှစ်လ… ဒဏ်ငွေ ဘယ်လောက်ဆိုပြီး နာဂစ်ကို ဒဏ်တပ်လို့ရရင် ပိုက်ဆံတွေ အများကြီးရမှာနော်…။


နာဂစ်ကို ဒဏ်တပ်ဖို့စဉ်းစားနေသေးတယ်… နာဂစ်က ဒဏ်ခတ်သွားတာ မတွေ့  ဘူးလား…။


အမယ် … ဘာလို့ နာဂစ်က ဒဏ်ခတ်ရတာတုန်း …။


ညည်းတို့ အင်မတန် ခေါင်းမာတဲ့ဟာတွေမို့လို့ ဒဏ်ခတ်သွားတာလေ…။ ဓါတ်ကြိုးနဲ့မလွတ်တဲ့ သစ်ကိုင်းတွေ ခုတ်ဆိုတာ မခုတ်လို့ သူဝင်ရှင်းသွားတာလေ….။


စလောင်းတွေ ဖြုတ်ဆို …မဖြုတ်လို့ သူဝင်ဖြုတ်ပေးသွားတာလေ ….။


ဒါကတော့ … ကြီးဒေါ်ရယ်… အခွန်ဆောင်စရာမလိုတော့ဘူးဆိုလို့ မဖြုတ်တော့တာလေ…။


နောက်ပြီး… ရှိသေးတယ်… စကားတွေကို … ပြောကောင်းမှန်းမသိ…မပြောကောင်းမှန်းမသိ … ဘန်းစကားဆိုပြီး… လျှောက်လျှောက်ပြောကြတာ … ညည်းတို့ပြောပြောနေတာလေ … “ ဒီဇိုင်းးက လန်တယ်ကွာ .. လန်ထွက်နေတာပဲ..” ဆိုတာလေ…။ ခုတော့ လန်ထွက်ကုန်ပြီမို့လား … အမိုးတွေ ..။


အရင်တစ်ခါ “ သေပြီဆရာ..” ခေတ်စားတုန်းကလည်း ဗုန်းကွဲတယ်လေ …။


ဒါကြောင့် ရှေးလူကြီးတွေက ပြောတာ …“ စကားနောက် တရားပါ ” တဲ့ …။ စကားဆိုတာ ခေတ်စားတိုင်း သုံးလို့ ကောင်းတာမဟုတ်ဘူး…။


ခုခေတ်စားနေတဲ့ စကားက “ အချိန်နဲ့ တပြေးညီ..” တဲ့ ..။ ပြီးတော့ နာဂစ် ပြီးရင် ရာဂျစ်တဲ့ …။ ဆိုင်ကလုန်းပြီးတော့ တိုင်ဖုန်း တဲ့ ..။ လက်ဖက်ရည်ဆိုင်မှာ ပြောနေကြပြန်ပြီ …။


အဲဒါခက်တာပေါ့ … မဟုတ်ကဟုတ်က ဆို အလွန် ပြောချင်ကြတယ် …။ ဟိုနေ့ ကလည်း ငလျင်လှုပ်တော့မယ် ဆိုလို့ ငါ့မှာ အိမ်ပြန်ပြေးရတာ အမောတကောပဲ …။


ကောလဟာလ … အင်မတန် ဖြန့် ချင်တဲ့ဟာတွေမို့လို့ ဆက်သွယ်ရေးစနစ်အားလုံး ပြတ်တောက်သွားရင် ဘယ်လိုနေမလဲ…နေကြည့်ကြစမ်းဟယ်… ဆိုပြီး နာဂစ်က ပညာပေးသွားတာ…။ လျှပ်စစ်ပစ္စည်းအားကိုးလွန်းတဲ့ဟာတွေ လျှပ်စစ်မရှိရင် ရေသုံးဖို့တောင် အဆင်မပြေဘူးဆိုတာ သိအောင်လုပ်သွားတာ …။ မှတ်ကရော…။


ကြီးဒေါ်ကလည်း … အဲလိုမပြောပါနဲ့ ..။ ရွာတွေဆို…သနားစရာ…။ လူတွေ သေကြတာ အများကြီးပဲ …။


ဟုတ်ပါတယ်အေ … ။ ငါကညည်းတို့ကို မြင်ပြင်းကတ်လို့ ပြောနေတာပါ …။ အိုးမဲ့အိမ်မဲ့တွေဖြစ် … မိသားစုဝင်တွေဆုံးရှုံးနဲ့  … ခြောက်ခြားစရာကြီးပါအေ … ။


တိုက်အိမ်တွေက အလွန်ဆုံးဖြစ်ရင် အမိုးလန်..ပြတင်းပေါက်ပြုတ် … ဒီလောက်ပဲဖြစ်တာ…။ သဘာဝတရားကြီးကလည်း မြေနိမ့်ရာလှံစိုက်တယ် နော် …။


ဒါနဲ့ လမ်းထိပ်က သစ်ကိုင်းပုံကြီး မရှိတော့ဘူးနော် ဒေါ်လေး…။


အေးလေ… ရဲဘော်တွေ လာရှင်းသွားကြတာလေ … အရေးဆို သူတို့ပဲ ထွက်ထွက်လာရတာ … ။ တစ်ခါသုံးကျွတ်ကျွတ်အိတ် လက်အိတ်လေး… တစ်ခါသုံးနှာခေါင်းအုပ်ပါးပါးလေးတွေနဲ့ …။ မိုးရွာလာတော့ အခက်အလက်မရှိတော့တဲ့ သစ်ပင်ငုတ်တိုကြီးအောက်မှာ ထိုင်လို့ …။ သနားစရာပါအေ …။


သနားစရာမဟုတ်ပါဘူး ကြီးဒေါ်ရယ်…။ လေးစားစရာပါ … ။ လေးမတို့ အဆင်ပြေအောင် သူတို့က ပင်ပင်ပန်းပန်း ( အမိန့်ကြောင့်ပဲဖြစ်ဖြစ် ..) လုပ်ပေးနေတာလေ…။


အလိုတော် … ဖြစ်ရပြန်ပြီ … ညည်းပဲ အမျိုးမျိုး …။


အော် … မုန်းစရာလုပ်တဲ့သူကိုမုန်းပြီး လေးစားစရာလုပ်တဲ့လူကို လေးစားတာပေါ့ ကြီးဒေါ်ရဲ့ …။ ဒါမှ လူပီသမှာပေါ့ … ။


အင်း… လူတွေဆိုတော့ လူပီသဖို့ကြိုးစားနေကြရတာပေါ့ ….။ ခုဆို နိုင်ငံတကာက လူပီသစွာ လူသားချင်း စာနာထောက်ထားတဲ့အကူအညီတွေ ပေးနေသလို တို့အစိုးရကလည်း လူပီသစွာ အကူအညီတွေလက်ခံရယူ နေပြီဆိုတော့ ၀မ်းသာစရာပဲ …။


ပြည့်အင်အားဟာ ပြည်တွင်းမှာရှိသလို ပြည်ပမှာလည်း ရှိနေတာပဲ နော် … ။


လေးမတို့လည်း လူပီသစွာ လူသားဆန်တဲ့ အလုပ်တွေလုပ်ရဦးမယ် … ။ ကဲ..ကဲ..မနက်ဖြန် ကွမ်းခြံကုန်းက ရွာတွေကိုဆင်းမယ့်အဖွဲ့ နဲ့ပေးဖို့ အ၀တ်တွေ ဆာလာအိတ်ထဲ ထည့်ကြရအောင် …။ ။

15 comments:

Anonymous said...

အောင်မငီးး တီကြွက်ရဲ့ ပြန်တွေ့ ရလို့  ၀မ်းသာလိုက်တာ ဟီးး မုန်တိုင်း ၀င်တော့ စိတ်တွေပူးပြီး ညညအိပ်မရ သားကြွက်မှာ မျက်၇ည်နဲ့  အရက်ခွက်ဗျ ( အမေက မှာထားတယ် စိတ်ညစ်ရင် အရက်သောက်တဲ့ :P ) ပို့ စ်ထဲက အဖွားပြောတဲ့ စကားကို သဘောကျတယ် ၁၈ နှစ်ပြည့်လို ၄ ခါတောင်ဆိုတာလေ ။ သတင်းတွေကြည့်၇တာ ဟုတ်မှမဟုတ်တာ ဘယ်သူကကြည့်မှာတုန်း မနေ့ ညက လာသွားတဲ့ ဂျူမုံးကားက စိတ်ဝင်စားဖို့ ကောင်းသေးတယ်။

တီလေး အမြဲဘေးရန်ကင်းပါစေဗျာ ။

Anonymous said...

ွ့ကြီးတော်နဲ့ offline.....offline နဲ့ ကြီးတော်..အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ပိုစ့် လေးပါ..သေချာဖတ်သွားတယ်နော်..မမ..အဆင်ပြေပါစေရှင်...

Anonymous said...

အမကြီးရေ ပြန်လာပီဆိုလို့ ၀မ်းသာတယ်ဗျာ။ အစစအရာရာ ဘေးရန်ကင်းရှင်းပါစေ။ တတ်စွမ်းသမျှ လုပ်ကိုင်ကူညီပေးကြသူတွေအားလုံးကို တအားကျေးဇူးတင်ပါတယ်ဗျာ။ ဒါနဲ့ ကြီးတော်က တော်တော်စကားပြောကောင်းတာပဲဗျ :) အမလေးမကို တူလို့လားမသိ :P

Anonymous said...

ကြှးတော်ကြီးလဲ စကားပြောကောင်းတယ် တူမလေးလဲ စကားပြောကောင်းတယ် ၊ အားလုံးအဆင်ပြေတယ်နော် အစ်မလေးမ

Anonymous said...

သံယောစဉ် သံယောစဉ် ....
အနော်တော့ ပြတ်သလိုရှိနေပီဗျ ...။
အဆင်ပြေပါစေ အစ်မလေးမရေ ..။

Anonymous said...

ပြန်လာတာအတောင်ပံမပါလို့ တအားဝမ်းသာပါတယ်အမရေ…
ကြီးဒေါ်တူမလို့ရေးရတာရှည်လို့ ကြီးတူမလေးလို့ရေးမယ်နော်..
အရေးအသားအရမ်းကောင်းတယ် အားပေးတယ်အမရေ….
လောကဓံကို တည်ငြိမ်သော မနုသကာရီ နှလုံးဖြင့် ရင်ဆိုင်
နိုင်ပါစေ အမရေ..ဆုတောင်းပေးပါတယ်……

Anonymous said...

ခုမှပဲ ပြန်တွေ့ ရတော့တယ်ဗျို့ ။ အားလုံးအဆင်ပြေပါစေဗျာ။ လေးမဆီဆက်သွယ်ဖို့မေးလ်ရှိလားဗျ…ရှိရင်တဆိတ်လောက်….

Anonymous said...

မမလေးရေ... မတွေ့တာကြာပြီ..
ကျွန်တော်အိမ်က ဘေးအဖီနဲ့ ခြံပျက်သွားတယ်။ အိမ်မကြီးကတော့ ဘာမှမဖြစ်လို့ တော်သေးတယ်။ ရေတွေတော့ ရွှဲကုန်တာပေါ့။ ကံကောင်းတယ်လို့ ပြောလို့ ရတာပါတယ်။
ကျွန်တော်လည်း အလုပ်တွေ ရှုပ်နေတာနဲ့ မရောက်ဖြစ်ဖူး။
နောက်မှ ထပ်လာခဲ့မယ်.. မမလေးရေ... အားလုံး အဆင်ပြေပါစေနော်..

tzm

Anonymous said...

လေးမရေ..
အရမ်းကောင်းပြီး ခေတ်မှီတဲ့ ပိုစ့်လေးတစ်ခုပါ။
မတွေ့ တာကြာလို့ စိတ်ပူနေတာ...
အားလုံး အဆင်ပြေပါစေနော်...

Anonymous said...

အမတို့ မိသားစု ဘေးအနရာယ်ကင်းလို့ စာပြန်ရေးတာကို ဝမ်းသာမိတယ်။ စာဖတ်ပီး ကြည်နူးပါတယ် ရီလဲရီမိတယ်။ ဒီလို တွေးပေးတဲ့အတွက် တကယ်ဝမ်းသာပါတယ်။ အမအရေးအသားတွေက ကောင်းဆဲပဲနော်။ မရေးအားလို့ဗျာ ရေးချင်စိတ် အရမ်းပေါ်လာမိတယ်။ ခုတော့ မျိုသိပ်ထားလိုက်အုံးမယ်။ စာမေးပွဲပိးမှ ဖောက်ချတော့မယ်း)

Anonymous said...

မရေးတာကြာပေမယ့် အရေးအသားကတော့ ပိုကောင်းလာတယ်ဗျို့။ post အသစ်တွေ စောင့်ဖတ်မယ်ဗျာ။ ဒီpost လေး ကောင်းတယ်ဗျာ။

Anonymous said...

ကောင်းတယ်ဟေ့..
ဒီတခါ ကွန့်မက်နောက်မှာဖတ်တာဟ...
အရမ်းကြိုက်တယ်...
ရီလည်းရီရတယ်...ထိလည်းထိတယ်...(heart)...
အဟီး....ကောင်းပ...အရမ်းကြိုက်ပ....
ရေးအုန်း...ဒီလိုstyle..နဲ့...

Anonymous said...

အတွေးကောင်း၊ အရေးကောင်းပဲဗျို့။ ကျန်းကျန်းမာမာ ရှိတယ်ကြားလို့ ၀မ်းသာမိပါတယ်ခင်ဗျာ။ :)

Anonymous said...

MY Cherry dream' friend
Thanks for your name

Anonymous said...

>သားကြွက် .. မျက်၇ည်နဲ့  အရက်ခွက်တဲ့ .. ရိုက်ချင်စရာ ကောင်းလိုက်တာ ...။
>စိုးမိုးလေး .. အဆင်ပြေ အောင်နေပါတယ် ညီမရယ်...။
>ညိမ်းညို ... ကြီးဒေါ်က လေးမကို အတုခိုးနေတာလေ...။
>တင့်ထူး .. တူအရီး နှစ်ယောက်လုံး စကားပြောကောင်းတယ်လို့  ပြောတာလား..။
>မျှားပြာ .. သိပါတယ်.. ပြတ်ပြီ ဆိုတာ ...။
>သီဟညိမ်း .. ကရင်လေး ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ..။
>nhn... ကိုညိုထက်ရေ ပြန်မှ တွေ့ ရပါတော့မလားလို့ ...။
>ကိုသန့်  .. ကိုသန့် ရေ.. ဆိုး၂ရွား၂ မဖြစ်တာ တော်သေးတာပေါ့ ...။
>မသက်ဝေ .. စိတ်ပူပေးတာ အရမ်း ၀မ်းသာတယ်...။
>ကျန်စစ် ... ဖောက်ချ မှာ အပြေးလာခဲ့တော့မယ်...။
>ကိုအညတရ ... ကျေးဇူးပါရှင် ...။
>မိ ... နင် ရယ်ချင်နေမယ် ဆိုတာ သိနေတယ်လေ ...။ ၀မ်းနည်းစာတွေ ကြားထဲ နည်းနည်း ပေါ့၂ ပါးပါး ဖြစ်အောင်လို့ လေ..။
>မှော်ဆရာ ... ၀မ်းသာတယ်ဆိုလို့  ၀မ်းသာတယ်...။
>မင်း ... တစ်ယောက်ယောက်နဲ့ များ မှားရေးတာလား.. ဟင်...။