Monday, August 25, 2008

Blogger နဲ့  Reader ... internet ရင်ပြင်မှာ

တစ်ခုသော တနင်္ဂနွေ နေ့ တွင် ဘလော့ဂ်တစ်ခု ပိုင်ဆိုင်ထားသော ဘလော့ဂ်ဂါ တစ်ဦးနှင့် အင်တာနက်စာမျက်နှာများကို မွှေနှောက် ဖတ်ရှုသူ စာဖတ်သူတစ်ဦးတို့  အင်တာနက် ရင်ပြင်တွင် စကားလက်ဆုံကျလျက်ရှိသည် …။


Blogger … ဟာ ရီဒါကြီး.. မတွေ့ တာကြာပြီနော်.. နေကောင်းလား…


Reader … ကောင်းလို့  အွန်လိုင်းတက်တာပေါ့ … မတွေ့ တာကြာဆို မင်းတို့ ကို အမြင်ကတ်လို့ … ဘလော့ဂါတွေကို ကြည့်မရလို့  .. မင်းတို့ ဆီမလာတာကွ …


ဘာဗျ … ကျုပ်တို့ က ဘာလုပ်နေလို့ တုန်း


မာန်တက်နေလို့ပေါ့ကွ … မင်းတို့ က ဘလော့ဂ်ဂါဆိုပြီး မာန်တက်နေကြလို့ … ပေါ့ … Myanmar Blogger Society ဆိုပြီးတော့ ထောင်ထားတဲ့ ဂိုဏ်းမှာ ပွဲဆူသွားတာ မတွေ့ ဘူးလား… မတွေ့ တာမဖြစ်နိုင်ပါဘူး… မင်းကိုတောင် လက်လျားလက်လျား လာလုပ်တာ တွေ့ လိုက်သေးတယ်…။


ဘလော့ဂ်ဂါ မို့ လို့  မာန်တက်စရာ … ဘာအကြောင်းမှ မရှိပါဘူးဗျာ …။ ကျုပ်တို့ က စာရေးဆရာတွေလို စာမူခရတဲ့ သူတွေမှ မဟုတ်ဘဲ … ။ ကျုပ်တို့ မှာ အရည်အချင်း ပိုရှိနေပါတယ်လို့  လည်း မခံယူဝံ့ပါဘူးဗျာ … ကျုပ်တို့ ရေးသမျှက ကိုယ်တိုင်ရေး.. ကိုယ့်ဘာသာ အယ်ဒီတာလုပ်… ကိုယ့်ဘာသာ တီးဖြတ်… ဘယ်သူမဆို … ဘယ်အရည်အချင်းနဲ့  ပဲ ဖြစ်ဖြစ် ရေးချင်ရာရေးရင်း ဘလော့ဂ်ဂါ ဖြစ်နေကြတာပဲ … ဘာများ မာန်တက်စရာရှိသလဲ …။ လူကြိုက်များ … အများလက်ခံလို့  နာမည်ကြီးနေတဲ့ ဘလော့ဂ်ဂါ ကြီးတွေကတော့ ခြွင်းချက်ပေါ့.. နော…။


ခင်ဗျားလည်း ဒီဂိုဏ်းထဲ ၀င်ချင်ရင် ဘလော့ဂ်တစ်ခု လုပ်ပြီး ၀င်ပေါ့ …။ ဒါလေးများ ... စားနေသေးတယ်...။


မင်းတို့ ပဲ ဘလော့ဂ်ရှိတိုင်း ဘလော့ဂ်ဂါ မဟုတ်ဘူးဆိုကွ … ပို့ စ် ဘယ်နှစ်ခုရှိရမယ်… ဘာဖြစ်ရမယ်.. ညာဖြစ်ရမယ်… ဘာညာ … ဘာညာ.. ဆိုကွ …။


ဒါကတော့ ခင်ဗျား လွတ်လပ်ခွင့်ပါဗျာ … ခင်ဗျား ကြိုက်သလို ခံယူလို့ ရပါတယ်… ပို့ စ် တစ်ပုဒ်ထဲ ရေးပြီး ဘလော့ဂ်ဂါလို့  ခံယူလို့ လည်း ရတယ်… ဘယ်သူမှ တရားလာစွဲလို့  မရဘူး…။ ဟိုအမျိုးသမီးဆိုရင် ပို့ စ် ၂၀၀ ရှိနေတာတောင် ဘလော့ဂ်ဂါလို့  မပြောချင်ဘူး… တဲ့ … ဒါပေမယ့် ဘလော့ဂ်မှာ စာရေးသူ= ဘလော့ဂ်ဂါ ပဲလေ…။


ငါက ဘလော့ဂ် မရေးချင်ဘူးကွ … စာဖတ်သူ သီးသန့် ပဲ လုပ်ချင်တာ…။ အဲဒီ topic မှာ ကြည့်ရင် မင်းတို့ က ငါတို့ စာဖတ်သူတွေကို ခွဲခြားခွဲခြား လုပ်ချင်တာ ရှင်းနေတာပဲ… မင်းတို့က အင်အားများတယ်ဆိုပြီး တစ်ယောက်ပြီး တစ်ယောက် ၀င်ပြောနေလိုက်ကြတာ… ။


ဒါကတော့ ရှင်းပါတယ်… ခေါင်းစဉ်ကြည့်ပါလားဗျ …. Myanmar Blogger Society လေ… ဘလော့ဂ်ဂါတွေများတာ ဘာဆန်းသလဲ…။ ကျုပ်သာခင်ဗျားနေရာမှာ ဆိုရင် ( ဘလော့ဂ်မရေးချင်ဘူးဆိုရင် ) http://myanmarbloggersociety.ning.com/ ဆိုတဲ့ ခေါင်းစဉ်ဖတ်ပြီး ငါ့နေရာမဟုတ်ပါဘူးလေ… ငါနဲ့ မဆိုင်ပါဘူး ဆိုပြီး ၀င်တောင်လာမှာ မဟုတ်ဘူး…။


ဒါကတော့ ငါတို့က မြန်မာပြည်သားတွေလေ… မြန်မာပြည်သားတွေ ဦးစီးပြီး မြန်မာပြည်သားတွေ စုဝေးနေတဲ့ နေရာတစ်ခုကို မြန်မာပြည်သားတစ်ယောက်အနေနဲ့  လာရောက်ပူးပေါင်းချင်တာပေါ့ဗျ…။ ဒါမျိုးချစ်စိတ်ဗျ…။ ပြီးတော့ ဖိတ်စာ ရောက်လို့ လာတာဗျ.. ငါ့သူငယ်ချင်း တွေက ဖိတ်စာပို့  လို့ ရောက်လာတာ…။ ရောက်လာပြီးမှ ငါတို့ ကို ကိုင်တွယ်မလေး ဘာလေးနဲ့  ... ခင်ဗျားတို့ က ဘာလဲဗျ …။


အေးဗျာ… ကျုပ်လည်း တကယ်တော့ ခင်ဗျားတို့ကို မရှိစေချင်လို့  ပြောတာမဟုတ်ပါဘူး…။ ခင်ဗျားတို့ လို အားပေးသူတွေနဲ့  အတူရှိနေရတာ ကျူပ်တို့ ကလည်း ပျော်ပါတယ်ဗျာ…။ Forum မှာ အသုံးအနှုန်းလေး နဲနဲ လွဲသွားတယ်လို့  ထင်ပါတယ်…။ ကျုပ်အထင်ကို ပြောမယ်ဗျာ … အထင်နော်… ဒီနေရာကို ဘလော့ဂ်ဂါလည်း မဟုတ်.. ရီဒါလည်း မဟုတ်ဘဲ နဲ့  ဗရုတ်ဗရက် လုပ်ချင်တဲ့ သူတချို့  ၀င်လာလို့  ဒီ topic ကို တင်တယ်လို့  ကျုပ်ထင်တယ်ဗျာ…။ မတော်တရော်ပုံတွေ တင်တဲ့ လူတွေ … အစိုးရ ငြိုငြင်အောင် လုပ်မယ့် သူတွေကို ကိုယ်တွယ်ဖြေရှင်းချင်တဲ့ သဘောပါတယ် လို့  ကျုပ် ယူဆသဗျာ …။


ဘလော့ဂ် စပေါ့ ဆိုတာ ပြည်တွင်းမှာ တရားဝင် တားမြစ်ထားတဲ့ နေရာတစ်ခုပါ …။ အဲဒါကို ခိုးဝင်ပြီး ရေးသားနေကြရတဲ့ ပြည်တွင်း ဘလော့ဂ်ဂါတွေရဲ့ ဘ၀ဟာ တကယ်တော့ မှောင်ခိုသမားတွေရဲ့ ဘ၀နဲ့ တူပါတယ်…။ အဲဒီတော့ ဒီနေရာ http://myanmarbloggersociety.ning.com/ ဟာ မှောင်ခိုသမားတွေနဲ့  မှောင်မခိုသမားတွေ ( မပိတ်ထားတဲ့နေရာက ရေးနေတဲ့ ဘလော့ဂ်ဂါတွေ) စုစည်းနေတဲ့နေရာ ဖြစ်နေပါတယ်..။ ဒီတော့ အစတည်းက အန္တရာယ်များတဲ့ နေရာတစ်ခုပါ...။ ပြည်တွင်းက ဘလော့ဂ်ဂါတွေ သတ္တိကောင်းကောင်းနဲ့  မ တည်ထားတဲ့http://myanmarbloggersociety.ning.com/ နဲ့  စီစဉ်သူတွေ ဘေးကင်းဖို့ ဆိုတာ သိပ်အရေးကြီးပါတယ်…။ ဒါကြောင့် အမှိုက်ကနေ မီးမလောင်ဖို့  အမှိုက်ဖွမယ့်သူတွေကို ကာကွယ်ဖို့  ကြိုးစားရင်း နားလည်မှုတွေ လွဲကုန်ကြတယ်လို့  ယူဆပါတယ်…။



အန္တရာယ်များတဲ့ နေရာဆိုရင် မင်း… ဘာလို့ လာသေးတုန်း..။

ဒါကတော့ ( မပုံရိပ် စကား ငှားသုံးရရင် ) မိုက်ဖော်မိုက်ဖက်တွေက အဲဒီမှာ စုနေသကိုး…။ အဲတော့ ဘော်ဒါတွေ စုနေတဲ့ နေရာ ကျုပ်လည်း သွားပူးပေါင်းသပေါ့ဗျာ…။ ရယ်စရာပြောရရင် အကောင့်လုပ်ရင်းနဲ့ တော့ နာဇီတွေက ဂျူးတွေကို သတ်ဖို့  အစုလိုက်အပြုံလိုက် စုဝေးနေစေတဲ့ ရုပ်ရှင်ပြကွက်လေး မြင်မိသဗျာ… အစုလိုက် အပြုံလိုက်ကြီး စောင့်ကြည့်ခံရတော့မယ်လို့  …။


ဒါတော့ မင်းက စီစဉ်သူတွေရဲ့ စေတနာကို စော်ကားတာပဲ…။


စော်ကားတာ မဟုတ်ပါဘူးဗျာ … ရယ်စရာပြောတာပါ ဆိုနေဗျာ…။ ကျူပ်က အံ့သြ လေးစား ချီးကျူးမိတာပါ ….။ တကယ်တော့ ကျုပ်တို့ လို ရိုးရိုးသားသား လွတ်လွတ်ကင်းကင်း ရေးနေတဲ့ သူတွေ အဖို့  ဘာမှ စိုးရိမ်နေစရာမလိုပါဘူး… သို့ ပေမယ့်လဲ … သို့ ပေမယ့်ပေါ့ဗျာ… ပြည်တွင်းမှာ ဘလော့ဂ်ဂါဆိုတာနဲ့  ဆွေမျိုးတွေက မရေးဖို့ ပြောကြတယ်ဗျ …။ ကိုလင်းဦး တောင် ပို့ စ်မှာရေးထားသေးတယ်…။


ဒီလို အခက်အခဲတွေနဲ့  ဒီလိုကြောင့်ဆိုရင်တော့ ငါ လက်ခံနိုင်ပါတယ်…။ ကိုပီကေ ပြန်ဖြေထားတာတွေကလည်း သဘာဝကျပါတယ်…။



ဟုတ်ပါတယ်… ကိုပီကေ ပြန်ဖြေထားသလိုပါပဲ … blog reader တွေကို ဘလော့ဂ်ဂါတွေက အရမ်းကို တန်ဖိုးထားပါတယ်….။


အေး.. ဒါနဲ့  မင်းတို့  ဘလော့ဂ်ဂါတွေက အထာနဲ့  ဆိုကွ…။ ကိုပီကေ က ဒီလို ရေးထားလို ကျနော်တို့ ဘလော့ဂ်မှာ အထာတစ်ခုက ကိုယ်ပို့စ်တစ်ခု ရေးထားရင် သူများဆီ သွားလည်ပါတယ်။ ၀တ်ကျေတန်းကျေ လည်ရုံသက်သက်ဖြစ်ပြီး တချို့တော့လည်း တကယ်ကို စာဖတ်ချင်လို့ သွားလည်ကြတယ်။ ၀တ်ကျေတန်းကျေ သွားလည်ရတဲ့ အကြောင်းအရင်းက ငါလာလည်တယ်၊ မင်းလည်း ငါ့ဆီပြန်လာ ဆိုတဲ့ အထာလေး ပေးခဲ့တာပါ။ ဒါကြောင့် ဘလော့ဂါတချို့ ဒီအထာနဲ့ လည်ကြတယ်။ ”


အင်း… ဟုတ်လဲ … ဟုတ်တယ်… ဟုတ်လဲဟုတ်ဘူး … ။ ကျုပ်အနေနဲ့ ပြောပါဆိုရင်တော့ မဟုတ်ဘူး… ကျုပ်မှာ ပို့ စ်အသစ် ရှိရှိ မရှိရှိ ကျုပ် စိတ်ကူးတည့်ရာ လည်တာပဲ…။ ဒီိကိစ္စနဲ့ ပတ်သက်လို့  မလေးမ တောင် တစ်နေ့ ကပဲ ကိုပီကေ ဘလော့ဂ်ကို မသွားရဲဘူးလို့  ပြောနေသေးတယ်…။


ဘာလို့ လဲဗျ… ဗျို့  … လေးမရေ… ထွက်ခဲ့ပါဦး.. ။ ခင်ဗျား .. ကိုပီကေ ဘလော့ဂ် မလည်ရဲဘူးဆို….။


လေးမ… ဟုတ်တယ်… ကြောက်လို့ …။ လေးမက လည်မိရင် ကွန်မန့်  ချန်တတ်တယ်… တော်ကြာ ကပီကေကြီးက “ လေးမ ကျွန်တော့်ကို အထာ လာပေးသွားပါတယ်” လို့  ဘလော့ဂ် ရပ်ကွက်ကြီးမှာ ထအော်လိုက်ရင် ရှက်စရာကြီး…။ ပြီးတော့ ကြေးအိုးလေးက သတင်းရပြီး ထမီစွန်တောင်ဆွဲ… ( သို့ ) ဂျင်းဘောင်းဘီ မ ပြီး..“ ချစ်မ.. ချစ်မ… ဘာရုတ်တာရဲ… ဘာသဘောရဲ… သတ္တိချိရင် စီမီနာ လာတက်…စီမီနာရောက်မှ.. တစ်ယောက်ချင်း ဖိုက်မယ်” ဆိုလို့ ကတော့ ဘလော့ဂ်ရပ်ဝန်းမှာ ပွက်ပွက်ညံသွားတော့မှာ… အဲဒါကြောင့်… ။ ဒါပဲမို့ လား… ပြန်တော့မယ်…. ကျွန်မ မအားဘူး… ဂိမ်းဆော့နေရာက ထလာရတာ….။


လေးမက ကလေးလည်းမဟုတ်ဘဲ ဆော့နေပြန်ပြီ…


အမှန်တော့ ကြည့်ကောင်းအောင် ပြောသွားတာနေမှာပါ … သူက သူများအကြောင်းလဲ မပြောတတ်ပါ ဆိုပြီးတော့ စပ်မိစပ်ရာ အိမ်.. သွားသွားလည်ပြီး အတင်းအုပ်နေကျလေ…။ ကိုသင်္ကြန်ကြီးကလည်း အတင်းအုပ်မယ်ဆိုတာနဲ့  နားရွက်ကို ထောင်နေတာပဲ …။ ဒီကြားထဲ မဲဆောက် ကြွက် က လက်ဖက်ပန်းကန်လေးကိုင်ပြီး အနော် ကြောက်တယ်… အနော်ကြောက်တယ် ဆိုပြီး ပါးစပ်လေး အုပ်ပြီး ၀င်ဖွသေးတာ…။


အင်း.. မင်းတို့  ဘလော့ဂ်ရပ်ဝန်းကြီးက အဲဒီလို ပျော်စရာကောင်းလို့  ငါတို့ က ခင်မိနေတာ… စာမရေးချင်ပေမယ့် မင်းတို့ နဲ့  အတူ ရှိနေချင်တာဗျ…။


နားလည်ပါတယ်ဗျာ… ကျုပ်တို့ ကလည်း ခင်ဗျားတို့ ရှိနေတာကို တကယ်ကို လိုလားပါတယ်…။ စိတ်အခန့် မသင့်ဖြစ်ခဲ့တာလေးတွေ ရှိရင် ကျေတော့.. ချေလိုက်တော့ဗျာ…။ အရေးမတတ်တဲ့ စကားလေးတချို့ အတွက် အထအန ကောက်မနေကြစို့ရဲ့ …။ သွေးသားအရင်းကြီး ဖြစ်တဲ့ မိဘနဲ့  သားသမီးတောင် သဘောထားခြင်း မတိုက်ဆိုင်တာတွေ ရှိကြသေးတာပဲ….။ ဘာမှမတော်ကြတဲ့ လူတွေ ... တစ်ယောက်နဲ့  တစ်ယောက် အမြင်မတူနိုင်တာလေးကို သည်းခံသင့်ရင် သည်းခံပေးလိုက်ပါ…။ ဘလော့ဂ်ဂါ… ရီဒါဆိုတာ တကယ်တော့ ပညတ်ချက်တွေပါ…။ အားလုံးဟာ သချိုင်းကို ချီတက်နေတဲ့ ရုပ်နာမ်နှစ်ပါးနဲ့  ရဲဘော်ရဲဘက်တွေပဲ…။ မသေခင် ဆုံကြရတာ… ပျော်ပျော်ပါးပါးပေါ့နော…။ ။


ရည်ညွှန်းကိုးကား ။ ။ ဘလော့ဂါ မဟုတ်သူများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်



မှတ်ချက် ။ ။ ၂၀၀ မြောက်ပို့ စ်ပါ..။

17 comments:

Anonymous said...

မလေးမကတော့ လုပ်ပြီ။ အထာပေးတာ မဟုတ်ရပါဘူး..။ ပေးသွားတယ် လို့လဲ မထင်တတ်ပါဘူး။ ကိုယ့်အစ်မကို သိနေတာပဲဟာ။
ဒါကြောင့်များ အွန်လိုင်းမှာ ပျောက်နေတာလား။
သူငယ်ချင်းတွေနဲ့ အမြဲတမ်း စကားပြောနေဖို့ မအားတဲ့အခါ၊ အားလပ်ချိန်တွေ မတိုက်ဆိုင်တဲ့အခါ၊ . . ကိုယ့်ထင်ရာမြင်ရာတွေ အားလုံးကို ပြောပြချင်တဲ့အခါ.. ကိုယ့်ရင်ထဲက အရာတွေ ခံစားကြည့်စေချင်တဲ့အခါ.. အဲလို အရာတွေ များလာလို့ ဘလော့မှာ ရေးမိတာပါ။
ကိုယ်မအားလည်း အားတဲ့အခါ ကြည့်လိုက်ရင် သူငယ်ချင်းတွေ ရောက်လာတယ်။ ခြေရာလက်ရာ ချန်ခဲ့တယ် ဆိုတော့ ပျော်တယ်လေ။
ပြီးတော့ ကိုယ်ပြောခဲ့တာ သူတို့ မမှတ်မိရင်လည်း ပြန်ကြည့်လို့ ရတယ်လေ။
သူတို့လဲ မှတ်မှတ်ရရ ပြောချင်တာ ပြောခဲ့လို့ ရတယ်။
ပြီးတော့ ကိုယ့်ဘာသာ ဘာတွေလုပ်ခဲ့လဲ ပြန်သုံးသပ်လို့ ရတယ်။
ခံစားမှု တူတဲ့၊ မတူတဲ့၊ ရောင်စုံ သူငယ်ချင်း အသစ်တွေ ရလာတယ်။
. . . . တော်တော်တောင် များနေပြီ။
ဒီလောက်ပဲ လိုချင်ခဲ့တာပါ။

Anonymous said...

:)

Anonymous said...

ဆွေးနွေးထားတာ မိုက်တယ်ဗျို့  အဲ့ဒီအကြောင်းဖိုရမ်တွေမှာဖတ်ရပေမယ့် ၀င်မပြောတော့ပါဘူး တော့ပစ်ကိုတွေ့ ထဲက စိတ်ထဲကတော့တစ်မျိုးပဲ ။ ဖိုရမ်မှာ ၀င်မပြောရဲတော့ အွန်လိုင်းတက်တဲ့အခါ မက်ဆေ့လေးတင်လိုက်တော့ ပိုဆိုး( ဘလော့ဂါမဟုတ်သူများကိုယ်တွယ်မယ်တဲ့ ဘာကိုင်မှာလဲမသိဘူး) အဲ့လိုလေးတင်မိလိုက်တာ ဘာကိုင်ကိုင် ကိုယ့်အလုပ်မဟုတ်ဘူးလေ မဆိုင်ရင်အသာနေပေါ့တဲ့ အောင်မငီးဗျာ အနော်မျိုး သေသင့်ပါတယ် ကြောက်လို့ ကမန်းကတန်း ပြန်ပြောင်းလိုက်ရတယ် နောက်နေ့ကျ ဗီဇကနေမရ ( MBS သတ်ပွဲ ) ဆိုပြီးတင်လိုက်ပြန်ကော မင်းက ဘလော့ဂါမဟုတ်လို့ လားကွ ဒီလိုတော့မတင်သင့်ပါဘူး ဘာဘာညာညာတွေ တုံးတုံးတုံးနဲ့  တက်လာလိုက်တာ ကျနော့်မှာ (မှားလို့  ခင်ဗျ MBS ချစ်ကြည်ရေးပွဲ) ပါလို့  ပြန်ပြင်လိုက်ရတယ် :P။ ရီဒါတွေရှိမှ ဘလော့ဆိုတာ စည်တာပဲ ဘလော့မရေးပဲဖတ်နေတဲ့သူတွေရှိသား မလေးမ ဆီမှာဆို ကျနော်ဘလော့မရေးခင်ထဲက ရီဒါအနေနဲ့  ပို့ စ်တွေဖတ်နေကျ ။ကိုယ့်ကိုယ်ကို ဘလော့ဂါပါဆိုပြီး တစ်ခါမှလည်းစိတ်ကြီးမ၀င်ပါဘူး ကိုယ်ရေးနေဖို့  လောက်ပဲစိတ်ထဲထားတာ အထာနဲ့ ဆိုတာကိုတော့ လက်မခံပါခင်ဗျာ ဒါကတော့ ဘလော့ဂါ တစ်ယောက်ချင်းစီရဲ့ စိတ်ပေါ်မှာမူတည်မှာပေါ့ အထာကိုင်ချင်ရင် တစ်ပြားမှမရတဲ့ ဒီလိုနေရာမှာ မကိုင်ဘူး အထာကိုင်စရာနေရာတွေအများကြီး အဲ့လိုထင်မှာစိုးလို့  ကျနော့်မှာ အသစ်တင်ထားပါတယ် လာဖတ်ပါအုံးလို့ လည်းတစ်ခါမှမပြောဖူးဘူး ဆီပုံးမှာလည်း လင့်မထားခဲ့ဘူး ပျင်းလို့  ။သူ့ ဆီသွားရင် သူတင်ထားတဲ့ ပို့ စ်နဲ့ ဆိုင်တာပဲပြောခဲ့တယ် ။ကဲ...ပြောချင်တာတွေတော့များသား ပြောတော့ပါဘူးလေ :P
သချိုင်းကို ချီတက်နေတဲ့ ရုပ်နာမ်နှစ်ပါးနဲ့  ရဲဘော်ရဲဘက်တွေထဲကတစ်ယောက်ပါခင်ဗျာ...

ပုံ/
အထာမကိုင်သော ဘလော့ဂါ ငကြောင် :D

Anonymous said...

ပြောချင်တာတွေလည်းမမ မီနဲ့အစ်ကိုတော်တို့တော်တော်များများပြောပြီးသွားပြီ...

ကိုယ့်ထင်ရာမြင်ရာတွေ အားလုံးကို ပြောပြချင်တဲ့အခါ.. ကိုယ့်ရင်ထဲက အရာတွေ ခံစားကြည့်စေချင်တဲ့အခါ.. အဲလို အရာတွေ များလာလို့ ဘလော့မှာ ရေးမိတာပါ။

ဒါမမ မီနဲ့သဘောထားခြင်းတိုက်ဆိုင်တာ...
ဘလော့တစ်ခုလုပ်တယ်ဆိုတာကိုယ်ခံစားရတာလေးတွေရေးချင်ရုံသက်သက်ပါ..
ငါဘလော့ဂါဆိုပြီးလည်းတစ်ခါမှမာန်မတက်ဖူးဘူး..ဘလော့ဂါလို့လည်းမခံယူထားဘူး..
ဘလော့တစ်ခုလုပ်ဖြစ်တယ်။ခံစားချက်တွေဖွင့်အန်ဖို့.......... ဒါလောက်ပဲ.......
ဒါပေမယ့်ကိုယ့်ဘလော့ကိုလာလည်သူများရင်ပျော်တတ်တာတော့အမှန်ပဲ....
သူများဆီသွားလည်လို့အထာပေးတယ်ဆိုရင်လည်းလိုက်မလည်ရုံပေါ့........
အသစ်တင်ထားတယ် ဘာညာမကြော်ငြာဖူးဘူး.. ကြိုက်လို့သွားလည်တယ်..
အဆင်ပြေလားလာကြည့်တယ်... ပျောက်နေလားလာအော်တယ်.......
ခင်မင်ချင်စိတ်သက်သက်ပဲ......။
တစ်ခုတော့ရှိတယ်...... မွေးနေ့တို့.....ဘလော့အတွက်အမှတ်တရပို့စ်တို့တင်ရင်လိုက်ဖိတ်တယ်.....
ဘာသဘောမှမပါဘူး..... ကိုယ်တိုင်ရေးရမှာပျင်းလို့ဘာမှမရေးဖြစ်တဲ့နေ့တွေလည်း
သူများဘလော့တွေလိုက်ကြည့်ဖြစ်တာပဲ...... တွေ့လိုက်ပါသေးတယ်....
ဆီပုံးမှာသွားကြော်ငြာ... လင့်တွေပေးခဲ့.... ကြိုက်ကြိုက်မကြိုက်ကြိုက်. ကွန်မန့်တွေပေး ဒါတွေလည်းတွေ့မိသေးတယ်..... ပြောတော့ပါဘူးးးးး


သချိုင်းကို ချီတက်နေတဲ့ ရုပ်နာမ်နှစ်ပါးနဲ့  ရဲဘော်ရဲဘက်လေးတစ်ယောက်ပါဗျ....
ဝေလေး

p.s ရေးထားတာတွေ စကားလုံးသုံးနှုန်းထားတာတွေရိုင်းသွားရင်ခွင့်လွှတ်မမ.. ခံစားချက်တွေမျိုသိပ်ထားရတာများတော့လည်းပေါက်ကွဲသွားတယ်.... တောင်းပန်ပါတယ်

Anonymous said...

အစ်မက ဘာဂိမ်းတွေ ဆော့တာလဲ ... :)

Anonymous said...

မမ..
စိုးမိုးကတော့ကျောင်းပိတ်လို့ လျှောက်လည်နေတာ..
လည်ရင်းနဲ့ တွေ့ သမျှဂိမ်းကိုကစားနေတာ
တွေ့ ဆုံတဲ့ခဏတော့ပျော်ပျော်လေးပေါ့
အားလုံးအဆင်ပြေပါစေ..။

Anonymous said...

ထမီစွန်တောင်စွဲပြီးလိုက်လာတာ
ကွိကွိကွိ

ဟုတ်ပါတယ် ဘလော့ဆိုတာ ကိုယ်ပိုင်ဒိုင်ယာရီလေးတစ်ခုလိုပါပဲ.....ဒိုင်ယာရီဆိုတာ စာအုပ်မှာရေးရင် ကိုယ်တစ်ယောက်ထဲဖတ်ခွင့်ရှိတယ်လေ။ ဘလော့ကတော့ ကျွန်မအတွက် မလျှို့ဝှက်တဲ့ ဒိုင်ယာရီတစ်ခုလိုပါပဲ။ အတွေးတူ၊ အမြင်တူတွေ ၀င်ဆွေးနွေးမယ်။ ကွန်မန့်လေးတွေဝင်ပေးမယ်။ အသစ်မတင်နိုင်လဲ ဖတ်ချင်တာရှိရင် လိုက်လည်မယ်။ လိုက်ဖတ်မယ်။ ဟိုတစ်နေ့ကပဲ ကော်ဖီဆိုင်ထိုင်တော့ အစ်ကိုကြီးတစ်ယောက်က ဘာပြောလဲဆို နင်ဘလော့ရေးနေသေးလားတဲ့။ နင်တို့ဘလော့ဂါတွေ ကြော်ငြာထည့်ကြသေးလားတဲ့ ဆီပုံးမှာလေတဲ့။ သူပြောလိုက်တာ ရုတ်တရက်ရှက်သွားတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်တိုင်က ကုန်ပစ္စည်းမှမဟုတ်တာ။ ကိုယ်ရေးတဲ့စာကလဲ ကုန်ပစ္စည်းမဟုတ်တဲ့အတွက် ကြေငြာစရာ မလိုအပ်ဘူးလေ။ သူ့စာကိုယ်ဖတ်၊ ကိုယ့်စာသူဖတ်ရင်းနဲ့ အမြင်ချင်း ဖလှယ်တဲ့ သဘောတွေပါ။ ထားပါ။ ကဗျာတစ်ပုဒ်၊ စာတစ်ပိုဒ်ကို ရေးမိတယ်ဆိုရင် ရင်ဘတ်ထဲက ထွက်လာတဲ့စာတွေပါ။ ရင်ဘတ်ထဲကထွက်လာတာကို ရင်ဘတ်နဲ့ခံစားပေးတဲ့လူအားလုံးကို ကျေးဇူးတင်ရမှာပေါ့။ ချစ်မရင်ဘတ်ထဲက စာသားတွေကို ကောက်ထည့်တွားတယ်။

ဟတ်ဟတ်
လေးသွားလို့ သုံးထုလောက် ပြန်ချသွားတယ်။

Anonymous said...

Great ပဲ. Dialogue တွေကတော့... ဘလော့ဂ်လောက ကို သေသေချာချာနားလည်ဖို့ နှံ့နှံ့စပ်စပ်ကြိုးစားဦးမှ ရမယ် :)

200 မြောက်ပို့စ်ကို 2-ခါတိတိ အစအဆုံး ဖတ်ရှုသွားပါကြောင်း.

Anonymous said...

အဟေးဟေး ... (ကိုရင်ညိန်းထံမှ တရားမ၀င် ငှားရမ်းသုံးစွဲသည်)

အထာမဟုတ် ကဗျာတစ်ပုဒ်တော့ ရေးခဲ့တယ်။ ဒါပေမယ့် နှစ်ကြောင်းတည်း။

လေးမ၊ စီမီနာ တက်မယ်မလား။ တွေ့ကြသေးတာပေါ့။ ဟတ်ဟတ်။

Anonymous said...

လေးမရေ.. အထာပေးတာ ဟုတ်ဘူးနော်.. :P ညီမလေးကို ချစ်လို့ ခင်လို့ ဒီလို ရေးဟန်တွေကို သဘောကျလို့ ခိုက်လို့.. (ဟာ.. ရှုတ်ကုန်ပြီ..) လာအားပေးတာ။ အလကားစတာပါ လေးမရေ.. အမတို့က အပြင်မှာလည်း မမြင်ဖူးကြပါဘူးနော်.. ဒါပေမယ့် online ပေါ်ကနေ၊ ဒီ ဘလော့ခ်ကနေ ခင်မင်ရင်း သံယောဇဉ်ဖြစ်နေကြတာပါ။ စာအသစ်မရေးနိုင်ရင် နေမကောင်းဘူးလား ဘာများဖြစ်နေတာပါလိမ့်ဆိုပြီး စိုးရိမ် စိတ်ပူနေတတ်တာမျိုးပါ။ ကိုယ့်ဘလော့ခ်ကို လာပြန်လည်တော့လည်း ၀မ်းသာတာပေါ့ သဘောကျတာပေါ့.. ဟုတ်ဘူးလား။ မလာလည်တော့လည်း အော်..ကိုယ်စာရေးတာ မကြိုက်လို့ မလာဘူးပေါ့ ဒီလိုပဲ ရိုးရိုးတွေးပါတယ်..

၂၀၀..... ၃၀၀...... ၅၀၀..... ၁၀၀၀... ၁၀၀၀၀ ထိအောင်ရေးနိုင်ပါစေ.. ဆက်လက်အားပေးနေမှာပါ... :D

Anonymous said...

အားလုံးဟာ သချိုင်းကို ချီတက်နေတဲ့ ရုပ်နာမ်နှစ်ပါးနဲ့  ရဲဘော်ရဲဘက်တွေပဲ…။ မသေခင် ဆုံကြရတာ… ပျော်ပျော်ပါးပါးပေါ့နော…။ ။

အမလေးမရေ ဒီစာကြောင်း အကြိုက်ဆုံးပဲဗျာ။ ဒီစာကြောင်းတစ်ကြောင်းထဲကကို ကဗျာဆိုလဲဟုတ် နီတိဆိုလဲဟုတ် တော်တော်ကို ဟုတ်နေတာ ဂိုဏ်းချုပ်ကြီးရ :) :)
ကျန်တာတွေတော့ ကောင်းကောင်းမသိဘူးဗျာ။

Anonymous said...

အရှေ့ကအစ်ကိုတွေအစ်မတွေပြောသွားတော့ပြောစရာကျန်တော့ဘူး။ ရှိတာပဲပြောတော့မယ်။ အထာလားပေးသွားတယ်ဗျို့။ ကျွန်တော်ဘလောခ်လာခဲ့ပါ။ လာရင်တော့ဘာမှတွေ့မှာမဟုတ်...ပိုစ်အသစ်တွေမတင်ဖြစ်တာတော်တော်ကြာ။ :P (နောက်တာနော်တကယ်လာခိုင်းတယ်ထင်ပြီ မလာ့ချင်လာချင်နဲ့လာနေမှာဆိုးလို့) ကျွန်တော်ကတော့ MBS ကြီးကိုကျော်ခိုင်းလာတယ်ဗျို့။ ရောက်စတုန်းကတော့ပျော်ပါတယ်။ ကိုယ်ချစ်တဲ့ ဘလောခ်အသိုင်းအဝိုင်းလေးတွေ စည်းစည်းလုံးလုံးသိုက်သိုက်ဝန်းဝန်းလေးဆိုတော့။ နောက်ပိုင်းမှာ စိတ်ထင့်ပြီးမနေချင်တော့တာနဲ့ထွက်ခဲ့တာ။

Anonymous said...

ဘာပြောရမလဲ မသိဘူးဗျာ.. =) ရီပြလိုက်မယ် =) ကျွန်တော်ကတော့ သတ်ပွဲလို့ မမြင်ဘူး ဆွေးနွေးတာလို့ ပဲ မြင်တယ်.. =)

Anonymous said...

အတင်းအုပ်ထားတယ်ဆိုလို့ နားရွက်ကလေး ထောင်ပြီး ရောက်ရာအရပ်ကလာဖတ်တယ်။ ဒါပဲလားအတင်းက... :P

Anonymous said...

မျှမျှတတလေးရေးပေးထားတာတွေ့တော့လဲ ဟိုမှာ စိတ်ပျက်ထားတာတွေ ပြန်ပြေသွားရတယ်။ ကျနော်ခေါ်ခဲ့မိလိုက်တဲ့ ဒီနေရာမှာ ဒီလိုတွေ ဖြစ်နေလို့ မျက်နှာတောင်ပူသွားတာ။ တော်သေးတယ်။
ဒါနဲ့ ခုကွန်မက်ကို တွန်ခရုစ်စတိုင်လေးနဲ့ ရေးပေးသွားတာနော့ :D
သိပ်မပျောက်နေနဲ့အုံးနော် အမ။

Anonymous said...

အခုမှပဲ ဖတ်ဖြစ်တယ် အစ်မရေ...။ အရမ်းကောင်းတဲ့ ပို့စ်တစ်ခုပါပဲ။

Anonymous said...

Play Emperor Casino - Shootercasino
Play online casino featuring the most หารายได้เสริม popular games including roulette, blackjack, craps, 제왕 카지노 video poker, video poker, video poker, 인카지노 blackjack, baccarat,