Sunday, January 04, 2009
လမ်းဖောက်တဲ့အခါ
လူတွေဟာ အချိန်တန် အရွယ်ရောက်လာရင် လမ်းရိုးကြီးကို ငြီးငွေ့ လာကြတယ်…။တချို့ လူတွေက လမ်းသစ်ဖောက်ဖို့  သတ္တိကောင်းကြတယ်…။ တချို့ က သတ္တိမကောင်းပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းသစ်ဖောက်လိုက်ကြတယ်..။ တချို့ က လမ်းဖောက်ဖို့ အများကြီး စဉ်းစားဆဲ… စဉ်းစားမြဲ… ဒီလိုနဲ့  နှောင့်နှေး နေကြတယ်…။ တချို့ ကတော့ လမ်းသစ်ဖောက်ချင်ပေမယ့် လိုအပ်ချက်တွေ ပြည့်စုံဖို့ အတွက် ရုန်းကန်နေရတယ်..။ တချို့ ကတော့ လမ်းသစ်ဖောက်ဖို့  သတ္တိ မရှိသေးဘူး…။
သတ္တိရှိဖို့ လိုသလား… သိပ်လိုတာပေါ့.. တကယ်တော့ ပျော်စရာလို့  ထင်ရတဲ့ ဘ၀ သစ်တစ်ခုကို ဦးတည်တဲ့ အဲဒီလမ်းဟာ သိပ်ကိုကြောက်ဖို့  ကောင်းပါတယ်…။ မျှော်လင့်ထားပြီးသားဖြစ်တဲ့ အန္တရာယ်တွေရော… မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေရော လမ်းခရီးမှာ စောင့်နေကြတယ်..။  သာယာတဲ့ဘ၀ဆိုတဲ့ ဦးတည်တဲ့နေရာလည်းရှိတယ်… လမ်းညွှန်တွေလည်း ရှိတယ်…။ ဒါပေမယ့် ကိုယ်တိုင်ဖောက်ကြည့် လျှောက်ကြည့်တဲ့အခါ… ထင်သလောက်မလွယ်မှန်း သိလာရမယ်…။ ဦးတည်တဲ့ နေရာကို ဘယ်တော့ ရောက်မယ်… ဘယ်လို ပုံစံမျိုးနဲ့ ရောက်မယ်… ရောက်နေတဲ့ နေရာက တစ်သက်လုံး ဒီပုံစံပဲဖြစ်နေပါ့မလား.. ဘာကိုမှ ရေရေရာရာ မသိနိုင်တဲ့ စမ်းတ၀ါးဝါးလျှောက်ရမယ့် လမ်းကို ဖောက်တော့မယ်ဆိုရင် သတ္တိရှိရမယ်…။
လက်ထပ်တယ်ဆိုတာ အရင်းနှီးဆုံး တစိမ်းနှစ်ယောက် ပေါင်းစည်းခြင်း လို့ မှတ်ယူလိုက်ပါ…။ ရည်းစားဘ၀မှာ ဟန်ဆောင်လို့ ရပေမယ့် အိမ်ထောင်သည်ဘ၀မှာ ဟန်ဆောင်လို့  မရတော့ဘူး…။ သွေးမတော်သားမစပ် .. ကြီးပြင်းရာ အသိုင်းအ၀ိုင်းချင်းမတူတဲ့ တစိမ်းနှစ်ယောက်.. စိတ်တူကိုယ်တူ… ဖြစ်ဖို့ ဆိုတာ တော်တော်ကြီးကို ခက်ခဲတဲ့ အခြေအနေလည်း ဖြစ်တယ်…။ နှစ်ယောက်ထဲတင်မပြီးပြန်ဘူး.. သူ့ ဘက် ကိုယ့်ဘက်.. ဆွေမျိုး.. မိဘ.. မိတ်ဆွေ.. အပေါင်းအသင်း.. အများကြီး ပါဝင်ပတ်သက်နေမယ့် ပြဇာတ်တစ်ခုထဲကို ကိုယ်ရောက်သွားပြီလို့ သာ မှတ်လိုက်တော့ …။
၁။ မင်္ဂလာဦးသူသို့ 
စာရေးဆရာတွေ အများကြီးပါဝင်ရေးသားထားတဲ့ ၀တ္ထုတိုလေးတွေ.. စုထားတဲ့ စာအုပ်ဖြစ်တယ်…။ ဆုံးမစာ..ပညာပေးစာတွေ တကူးတက မဖတ်ချင်ရင် ဒီစာအုပ်လေးကို ဖတ်ပါ..။
၂။လက်ထပ်ထိမ်းမြားခြင်းအနုပညာ ( တင်မောင်မြင့် ( မြန်မာပြန်) )
စာအုပ်က နာမည် လှပေမယ့် ဖတ်ရတာ လေးမ တော့ သိပ်မကြိုက်လှဘူး…။
၃။ ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင်ချစ်ကြင်နေနည်း ( အတ္တကျော်)
တော်တော်လေး ပြည့်စုံတဲ့ စာအုပ်ပါ…။ ခေါင်းစဉ်ထဲကလိုပဲ ရန်ဖြစ်နည်းပါ ပါတယ်..။ ယောက်ျားနဲ့ မိန်းမဆိုတာ မတူ..မတူ..ဘယ်နေရာမှ ..မတူ လို့  ဒီစာအုပ်မှာ ရေးထားတယ်…။
၎။ ချစ်ဇနီး ချစ်လင် ( သာဓု )
နည်းလမ်းရေးထားတဲ့ စာအုပ်မဟုတ်ပါဘူး…။ ရသစာပေ.. အိမ်ထောင်ရေး..၀တ္ထုတစ်အုပ်ပါ… ။
၅။ အေးအတူ ပူအမျှ ( ဒေါ်ရီကြိန် )
ဆင်ခြင်စရာတွေ ပါဝင်ပါတယ်…။
၆။ အပေးအယူမျှပါစေ ( ဒေါ်ရီကြိန် )
အပေးရော… အယူရော.. မျှမျှတတ ဖြစ်ချင်ရင် ဖတ်ပါ..။
ရ။ ရာသက်ပန်ရွယ် မောင်နှင့်မယ် ( မင်းစည်သူ )
ဒီစာအုပ်အကြောင်း.. မေ့နေတယ်… ပြန်ဖတ်မှသတိရမယ်..။
၈။ ပျိုလေးရည်းစား မောင့်စိတ်ထားနှင့် မောင့်ရဲ့သက်ထား ပျို့ စိတ်ထား ( ဥမ္မာရီ .. မဟာဝိဇ္ဖာ လက္ခဏာ ပါရဂူ )
ဗေဒင်မယုံဘူးဆိုပြီး လစ်လျူမရှုသင့်တဲ့ စာအုပ်ပါ..။ တော်တော်လေး နီးစပ်တိုက်ဆိုင်တာ တွေ့ ရပါတယ်..။ ဘယ်ရာသီဖွားနဲ့  ဘယ်ရာသီဖွား ပေါင်းရင် ဘယ်လို အိမ်ထောင်ရေးမျိုးဆိုတာက စလို့ … ကိုယ့်ရဲ့ လက်တွဲဖော်ရဲ့ စိတ်နဲ့  သဘောသဘာဝ ကိုပါ အကြမ်းဖျင်း မှတ်သားနိုင်ပါတယ်…။ “တန်ဆေးလွန်ဘေး” ဆိုသလို … လိုသလောက်လေး ယုံကြည်မှတ်သားမယ်ဆိုရင် “ဆေး”  ဖြစ်မှာပါ…။ “ ဘေး” ဖြစ်လောက်အောင်တော့ ယုံကြည်စွဲလန်းစိတ်မထားပါနဲ့ …။
သူငယ်ချင်းရေ…
“ ဖုံကတ္တီပါမှာ စုံညီစွာ ထိုင်ရင်း လက်ဆက်ခဲ့ကြသလို ဘ၀ခရီးလမ်းကို မမောမပန်း မကြမ်းမတမ်းဘဲ လျှောက်လှမ်းနိုင်ကြပါစေ…”
P.S. အော်... မေ့တော့မလို့ ... ဟန်းနီးမွန်းခရီးကိုတော့ တစ်သက်စာ မမေ့နိုင်စရာတွေ အပြည့်ဖြစ်နေအောင် သေချာဖန်တီးခဲ့နော်...။
15 comments:
Anonymous said...
လမ်းသစ်ဖောက်တဲ့ အခါ အဆင်ပြေအောင် အခုတော့ မြက်ရှင်းတုန်း :P ဘော်လီဇာနဲ့ ကလော်ဖို့ ပိုက်ပိုက် စုနေတယ်ဗျ ။ ဟန်နီးမွန်းကိုတော့ ဘယ်ကို သွားရမလဲ စဉ်းစားအုံးမှ :)
ဖောက်ပြီးသား လမ်းကလေးမှာ ပျော်နေတဲ့ ခရီးသွားတစ်ယောက်က ဒီလမ်းကိုဆက်သွားမယ့် သူတွေအတွက်အမှာစကားလေး ပါးထားတာ ကျေးဇူးပါ လေ့လာမှတ်သားသွားပါတယ် ။
Anonymous said...
မလေးမ... ဦးသာဓုရဲ့ စာအုပ်ကို ဖတ်ဖူးတယ်။ သူ့ခေတ် သူ့အခါနဲ့ဆို ဆရာကြီး ဦးသာဓုက ခေတ်မီတယ်လို့ ဆိုရမှာပဲ။
Anonymous said...
ဒီအတွေးအမြင်လေးကောင်းလိုက်တာ အိမ်ထောင်သည်အမျိုးသမီးတိုင်းဟာ
လက်တွေ့တန်ဘိုးတွေကိုပဲကြည့်တတ်ကြတယ် အထူးသဖြင့်အရာရာကိုငွေနဲ့
တန်ဘိုးသတ်မှတ်ကြတဲ့လူကြီးတွေပေါ့ မိဘမေတ္တာလို့ဆိုရင်လည်းမမှားဘူး
အမလေးမ က တော့ လက်တွေ့တန်ဘိုးကိုအလေးထားသလို လူငယ်တွေရဲ့
ဘ၀တန်ဘိုးကလည်း အလေးထားတယ် ကျနော်အမြင်ပေါ့
လူငယ်တွေအတွက်ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်တွေကိုညွှန်းပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်အမလေးမ...
ကျနော့်အမြင်ကတော့တစ်ခုပဲ မတူညီတဲ့အရာကိုတူအောင်ညှိယူတာ အချစ်ပဲ
အိမ်ထောင်တည်မြဲခြင်းပဲ ......
သီဟညိမ်း
Anonymous said...
သူငယ်ချင်းရေ…
“ ဖုံကတ္တီပါမှာ စုံညီစွာ ထိုင်ရင်း လက်ဆက်ခဲ့ကြသလို ဘ၀ခရီးလမ်းကို မမောမပန်း မကြမ်းမတမ်းဘဲ လျှောက်လှမ်းနိုင်ကြပါစေ…”
ဒါလေးကတော့ လေးမအာဘော်လို့ လုံးဝပြောနိုင်တယ်
ကမ်းကြိုလာတဲ့ လက်တဖက်ကို လှမ်းခိုလိုက်ပါတယ်ဆိုတည်းက မမလေးမအာဘော်ကို ဟတ်ထိသွားတာ ခုထိပဲ ကမ်းကြိုမယ့်လူမရှိတော့ လှမ်းခိုလို့မရတာခက်စတာပဲ အောက်ကစာအုပ်တွေက ကြိုဖတ်ထားရင်ကောင်းမလားးးးး))))
Anonymous said...
လမ်းသစ်ဖောက်ဖို့ အလှမ်းဝေးနေသေးလို့လား မသိဘူး ၊ အစ်မအညွန်းပေးထားတဲ့ စာအုပ်တွေ လက်လှမ်းမမီသေးဘူး ၊ သွားရင်လာရင်း အွန်လိုင်းမှာ အဲဒီစာအုပ်တွေ မြင်မိရင် လက်တို့ဦးနော် အစ်မ :)
Anonymous said...
လမ်း သစ် မ ဖေါက် ချင် ကြ ဘဲ ရိုး သား လွတ် လပ် စွာ ဘ၀ မှာ ပျော် ရွှင် နေ ကြ သူ တွေ အ တွက် ရော ..???
Anonymous said...
နှစ်သစ်မှာ လမ်းသစ်ဖောက်သွားတဲ့ မလေးမ ရဲ့ သူငယ်ချင်း ပျော်ရွှင်ပါစေ..
အဲ့ဒီ စာအုပ်တွေ မီနဲ့ အလှမ်းဝေးနေဆဲ . . .
ရှာပေးပါ.. တွေ့ရင် ပြောပြပါ.. ဦးသာဓု ရေးတာကို ဖတ်ဖူးချင်တယ်=)
Anonymous said...
ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင်ချစ်ကြင်နေနည်းက ဖတ်ဖူးတယ်မမ၊ ဆရာသာဓုစာအုပ်လည်းဖတ်ဖူးတယ်... နှစ်ခုလုံးကြိုက်တယ်..။ အင်း.. အိမ်ထောင်ကျရင် စိတ်တူကိုယ်တူရှိဖို့က ရည်းစားဘ၀ကတည်းက တစ်ယောက်နဲ့တစ်ယောက် ဖုံးထားတာတွေ၊ ဟန်ဆောင်တာတွေမရှိမှဖြစ်မယ်နဲ့တူတယ်။ ဟီး.. နေ့အိပ်မက်ဆို ရေချိုးရင်း ဆပ်ပြာတိုက်ဖို့မေ့သွားတာကအစ တူတူနေရင် အိမ်အလုပ်ကို ဘယ်သူကဘာလုပ်ဖို့အထိ ပြောဖြစ်တယ်.... :P။ တချို့တွေက ရည်းစားဘ၀မှာဖုံးထားတာတွေ သိပ်များနေရင် အိမ်ထောင်သည်ဘ၀ကျ အဆင်မပြေဘူးထင်တယ်နော်။ နှစ်ဘက်မိဘဆွေမျိုးတွေကိစ္စကျ ညှိရမှာပေါ့နော်။ အရေးအကြီးဆုံးက နှစ်တွေကြာသွားရင် တစ်ယောက်နဲ့တစ်ယောက် မငြီးငွေ့သွားဖို့ နွေးနွေးထွေးထွေးရှိဖို့လိုမယ်ထင်တာပဲ...။ဟီး.. တိဝူး.. လျှောက်ပြောကြည့်တာ.. :P။
Anonymous said...
ပို့စ်ကောင်း တစ်ပုဒ် ဖြစ်မယ်... ဒါမျိုးတွေ စောင့်နေတာကြာပြီ. အစ်မတွေ ဆီက ဘယ်တော့များ အဲဒီလို ဘဝ အတွက် လမ်းညွှန်လေးတွေ ထွက်လာမလဲ လို့မျှော်နေတာ. :D
လောလောဆယ် Tick လုပ်သွားတယ်ဗျို့. အချိန်ရမှ သေသေချာချာ လာဖတ်ဦးမယ်. အစ်မရေ. :)
Anonymous said...
ကိုကြီးမှော်ဆရာလိုပဲ ပြောရတော့မယ် :)
ဒါမျိုးတွေ စောင့်နေတာ ကြာပီ :P
သေချာစွာ လေ့လာမှတ်သားသွားပါတယ် အစ်မလေးမရေ...
Anonymous said...
နားမလည်လဲနားလည်သလိုလုပ်ပီးဖတ်သွားတယ်... :P
Anonymous said...
လေးမပြောထားတဲ့ စာအုပ်တွေထဲက ဥမ္မာရီ စာအုပ်က လွဲရင် ကျန်တာတွေ အမ မဖတ်ဖူးဘူး.. စာအုပ်လမ်းညွှန်ဖတ်မိတော့ ဖတ်ကြည့်ချင်သေးတယ်.. ရန်ကုန်ပြန်ရောက်မှ ပြန်ရှာကြည့်ရမယ်.. :)
Anonymous said...
လေ့လာမှတ်သားပါတယ်..
နောင်တစ်ချိန်တွင်အသုံးဝင်မည်ဟု ယူဆပါသောကြောင့် :P
ဒီဝိုင်း (D'vine) said...
လေးမရေ..မတွေ့တာတောင်ကြာပြီ...
Unknown said...
ဒီစာကိုရေးရင်ဘယ်ကိုရောက်မယ်ဆိုတာမသိပါဘူးရှင့် လူကြီးတွေကိုသိစေချင်ပါတယ် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ ဖောင်းတောကြီး ဟင်းကဖိကျေးရွာ မှာလမ်းလာဖောက်ပါတယ် သရုပ်ဆောင်မင်းရဲဆက်လည်းပါပါတယ် လမ်းဖောက်တာအရင်ကဖောက်ပြီးသားလမ်းကိုမဖောက်ပဲ ၇ွာထဲလမ်းမှာဖောက်ပါတယ် ရွာထဲမှာဆိုတော့နွားလှည်းလမ်းကိုဖောက်တာပေါ့ ဒါပေမယ့် ရွာသားတစ်ယောက်ဖြစ်တဲ့စောကြာထွန်းမောင်လို့ခေါ်တဲ့တစ်ယောက်ရဲ့ကွမ်းခြံထဲကိုတောင်လမ်းဖောက်ပစ်လိုက်တယ် ကွမ်းပင်ရာကဏန်းနဲ့ချီပြီးဆုံးရှုံးသွားပါတယ် အခုအဲဒီအဘိုးကြီးအရမ်းကိုစိတ်ထိခိုက်နေပါတယ် ကွမ်းပင်တစ်ပင်ကိုသိန်းနဲံချီပြီးတန်တယ်လို့ကြားဖူပါတယ် ရာကဏန်းနဲ့ဆုံးပြီးတော့လျော်ကြေးလဲတစ်ပြားမှမပေးဘူး ၇ွာကကရင်ရွာပါ တောင်ယာလုပ်စားတာပါ ကွမ်းခြံနဲ့သက်မွေးဝမ်းကြောင်းပြုနေတော့ဒီလိုဆုံး၇ှုံးတာအရမ်းခံစားရပါတယ် တစ်ဆိတ်လောက်ကူညီပေးကြပါရှင်