သူတို့ က ကြက်စွပ်ပြုတ် သောက်ဦးမယ်တဲ့…..။ မညှာမတာ တောင်းဆိုရက်တယ်…..။ သောက်တဲ့သူက အားရှိတယ်……ချက်ရတဲ့ “လေးမ” က Flu ၀င်နိုင်တယ်…….။ “ကွတ်ကီ သူခိုး” တုန်းကတောင် Flu နဲနဲ ၀င်သွားလို့  တရက်လောက် အိပ်ရာထဲ လဲသွားသေးတယ်……။ ကြက်ငှက်တုပ်ကွေးက အရှိန်မသေ သေးဘူးလေ…….။ ဟိုတလောကဘဲ ပဲခူးမှာ ကြက်ခြံ ဘယ်နှစ်ခြံ ဆိုလား….ဘာဖြစ်လို့ ဆိုလားဘဲ…..( ကောလဟာလ ဆိုတော့ သိပ်မတိကျဘူးပေါ့) …..။ ဒါပေမယ့် မကြောက်ပါဘူး…..။ နွေတုန်းက ငှက်တွေ သေတာ စစ်ဆေးကြည့်လိုက်တော့ အပူရှပ် တာတဲ့……။ အခု ငှက်တွေ…ကြက်တွေ သေတာလည်း မိုးတွင်းဆိုတော့ ငှက်တွေ နှာစေးလို့  သေတာဖြစ်မှာပါ……။ အဲဒီတော့ မျက်စိညောင်းခံ….လက်ညောင်းခံပြီး တိုက်လိုက်ဦးမယ်….နောက်တခွက်……။
မျက်မမြင်ရဲ့ အကြံ
Charlie Boswell ဟာ အင်မတန်တော်တဲ့ မျက်မမြင် Golf ချန်ပီယံ တစ်ဦးပါ ။ National Blind Golf Champion ဆုကို ၁၃ ကြိမ်ရရှိခဲ့ပါတယ် ။ ၁၉၅၈ မှာ Ben Hogan Award ကို ရရှိခဲ့တဲ့အတွက် သူအလွန် လေးစားအားကျရတဲ့ Golf ချန်ပီယံ Ben Hongan က သူ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ တွေ့ ဆုံခဲ့ပါတယ် ။
Ben Hongan နဲ့ တွေ့ တဲ့အခါ Charlie က one round လောက် ဂေါက်အတူကစားချင်တဲ့ အကြောင်း မျှော်လင့်ချက်အပြည့်နဲ့  ကမ်းလှမ်းပြောဆိုခဲ့ပါတယ် ။ Charlie ရဲ့ အရည်အချင်းကို ကြားသိပြီး ၊ လေးစားပြီး ဖြစ်တဲ့ Hongon က Charlie ကိုဂုဏ်ပြုတဲ့ အနေနဲ့  အတူကစားဖို့  သဘောတူလိုက်ပါတယ် ။
Charlie : “ ကျွန်တော်တို့် ပိုက်ဆံကြေး ကစားရအောင်....”
Hongan : “ ဟာဗျာ.....ပိုက်ဆံကြေးတော့ မလုပ်ပါနဲ့ .....ဘယ်တရားမလဲဗျ....”
Charlie : “ အာ...ချပါဗျာ....တစ်ကျင်းကို ဒေါ်လာတစ်ထောင်ကြေး ကစားကြမယ်......”
Hongan : “ မကစားဘူးဗျာ......လူတွေက ကျုပ်ကို ဘယ်လိုထင်ကြမလဲ.....မျက်မမြင် အပေါ် အခွင့်ကောင်းယူတဲ့သူ လို့  အပြောမခံ နိုင်ဘူးဗျာ.....”
Charlie : “ အဲလိုမထင်ပါဘူးဗျာ.....လုပ်ပါဗျာ.....ကစားရအောင်.....တစ်ကျင်းတစ်ထောင်.....”
Hongon စိတ်မရှည်တော့....၊ “ပြီးရောဗျာ....ကစားမယ်.....ဒါပေမယ့် ခင်ဗျားသိထားဖို့ က ကျုပ်က အကောင်းဆုံး ကစားသွားမှာ.....လျှော့မကစားဘူး......”
Charlie : “ ကောင်းတာပေါ့.......ကျွန်တော်ကလည်း အဲဒီလိုမျိုးဘဲ ဖြစ်စေချင်တာ...”
Hongon : “ ဒါဆို နေရာနဲ့ အချိန်ကို ခင်ဗျားပြောဗျာ....”
Charlie က အလွန်ပိုင်နိုင်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်.......
“ ဒီနေ့  ည ၁၀ နာရီ” .......။ ။
( John Kanary ၏ Blind Ambition ကို “လေးမ” နားလည်သလို အကျဉ်းချုံး ဘာသာပြန်သည် )
စွပ်ပြုတ်တွေ အများကြီးထဲကမှ ဒီစွပ်ပြုတ်ကို ဘာလို့ တိုက်တာလဲ ဆိုရင်တော့.........“လူတွေဟာ ကိုယ့်အတွက် တကွက်တော့ ချန်ထားတတ်ကြတယ်” ဆိုတဲ့ အတွေးလေး ပေးချင်လို့ ပါ.......။ ဘယ်လိုလူမျိုးကိုမှ လျှော့မတွက်လိုက်ပါနဲ့ ......။ သူငယ်ချင်းတို့  လည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့  တစ်ကွက်ချန်ထားကြပါ........။ ။
Saturday, June 30, 2007
ကြက်…..စွပ်ပြုတ်
Posted by Layma at 5:37 PM 2 comments
Labels: Thinkings from story
Friday, June 29, 2007
ဗိသုကာ ကျောင်းသူဘ၀…အဲသလိုစခဲ့တယ်…
ဒိုင်ယာရီ စာမျက်နှာ (၇) ။ ။
“လေးမ” တို့ တုန်းက ပထမနှစ်ဖြေပြီးတဲ့ အချိန်မှာ ဗိသုကာလိုင်းလိုချင်တဲ့ သူတွေကို လျှောက်လွှာတင်ခိုင်းတယ်......။ တခြားမေဂျာတွေကတော့ ဒုတိယနှစ်ဖြေပြီးမှ လိုင်းခွဲတာ......(အခုတော့ ပထမနှစ် စတက်ကတည်းက မေဂျာခွဲ လိုက်ပြီ ).....။ ဗိသုကာဘာသာရပ်က စိတ်ဝင်စားဖို့ လိုတဲ့အတွက် အမှတ်နဲ့ မခွဲဘဲ ၀ါသနာပါတဲ့သူ လျှောက်ခိုင်းတယ်......။ တစ်နှစ်
နဲ့ တစ်နှစ်တော့ “မူ”ကမတူပါဘူး......။ အာခီမေဂျာကို အညံ့ဆုံးလူတွေပို့ ခဲ့ဖူးသလို အတော်ဆုံးလူတွေလည်း ရွေးချယ်ခဲ့ဖူးတယ်.......။
လူတွေ့ စစ်ဆေးပြီး အောင်မှရမယ်ဆိုလို့  ဆရာကြီး ဒေါက်တာလွင်အောင် ရေးတဲ့ “ဗိသုကာ ပညာနိဒါန်း” ကို အကြိမ်ကြိမ်ဖတ်ခဲ့ရတယ်.....( တစ်လုံးမှကို သဘောမပေါက်ဘူး )......။ အဆောင်မှူးမမက အာခီတက် ဆိုတော့ ဘာတွေလေ့လာထားရမလဲ မေးရတယ်.......Space ဆိုတာဘာလဲ......Form ဆိုတာဘာလဲ.....ဘယ်နှစ်မျိုးရှိလဲ ဆိုတဲ့ မေးခွန်းတွေနဲ့  တော်တော် ခေါင်းခြောက်ခဲ့ရတယ်......။ ပြီးတော့ ကဒ်ပြားပေါ်မှာ ပုံဆွဲ...၊ ကတ်ကြေးနဲ့  ညှပ်ပေးလိုက်ပြီး အဲဒါကို ပုံဘယ်နှစ်မျိုးပြောင်းလို့ ရလဲ ပြောင်းကြည့်ထားတဲ့......။ တော်ပါသေးရဲ့.....လူတွေ့  မစစ်ဖြစ်လို့ ........။ စစ်ရင် ကျမှာဘဲ.......။ ဒုတိယနှစ်မှာ အဆောက်အဦ ဒီဇိုင်းမထုတ်ရသေးဘူး........။ ပုံဆွဲနည်းနဲ့  ဒီဇိုင်း အခြေခံတွေဘဲ သင်ရတော့ တော်တော် စိတ်ဓါတ်ကျတယ်......။ ဒီလိုမှန်းသိရင် ပန်းချီသင်တန်း အရင်တက်ခဲ့ပါတယ်လို့  နောင်တရမိတာလည်း အကြိမ်ကြိမ်........။ သင်ရသမျှက ပန်းချီပညာနဲ့ မှမကင်းတာ........။ စသင်တဲ့နေ့ က ABCD နဲ့ 1234 ရေးရတာ......ည ၂ နာရီထိုးတယ်.....။ T-square ကိုပြောင်းပြန်ကိုင်ပြီး ဘောင်ခတ်လို့  ယောက်ျားလေးဆောင်မှာ အတင်းအုပ်ခံရသေးတယ်.......။ နောက်တနေ့  သင်္ချာတန်းသွားတော့
ဝိုင်းလှောင်ကြတယ်.......။ ( ယောက်ျားလေးတွေက မိန်းကလေးတွေထက်တောင် အတင်းပြောတတ်သေးတယ် ) ....။ ဗိသုကာဘာသာကို စသင်ရတာ ပျော်စရာကောင်းသလို လို နဲ့  စိတ်ညစ်ဖို့  ကောင်းတယ်........။ ဆရာကလည်းမရှိဘူး.....အဆောင်မှူးက မဟာဘွဲ့ အတွက် ရန်ကုန်မှာ Thesis သွားလုပ်တော့ “လေးမ” တို့ မှာ အမိမဲ့သား ရေနဲငါးလေးတွေလို.....အားကိုးရာမဲ့ခဲ့ရတယ်.......ရန်ကုန်ကဆရာတွေက အလှည့်ကျ လာသင်ကြတယ်......။ ရန်ကုန်ကဆရာ မလာတဲ့ အပတ်ဆိုရင် ဆိုင်ကယ်တစ်စီးနဲ့  မန်းလေးမြို့ ကိုပတ်ပြီသာမှတ်......။ ဆရာ မလာရင် ပျော်ခဲ့သမျှ အခုတော့ ငိုချင်စရာကြီး.......သင်ရိုးကုန်မသင်ခဲ့ရဘူး......မသိခဲ့ မတတ်ခဲ့....မသင်ခဲ့ ရတာတွေက အများကြီးဘဲ......။ ဆရာတွေကပြောတယ်.......ဗိသုကာဘာသာက စာများများဖတ်ဖို့ လိုတယ်တဲ့......ဖတ်ချင်လို့  library မှာရှာတယ်......ရှိပါတယ်လေ....နဲနဲပါးပါးပေါ့.....“ Love story in Harvard " ကိုကြည့်ရတဲ့အခါ “လေးမ” ဖြတ်သန်းခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူဘ၀နဲ့  နှိုင်းယှဉ်မိတော့......ဘယ်လိုရေးရမလဲ.....အဲလိုခံစားရတယ်....။ ကောင်းတာပေါ့...... ပြည့်စုံနေရင် ကြိုးစားနေရဦးမယ်...... အခုတော့ ကိုယ့်ဘာသာ အပျင်းကြီးပြီး စာမလုပ်တာကို ဟိုဟာလွဲချ...ဒီဟာလွဲချနဲ့  အကြောင်းပြလို့ ရတာပေါ့.........။ သင်ပေးတဲ့ ဆရာတွေကတော့ ကြိုးစားပမ်းစား စေတနာထားပြီးသင်ပေးကြတယ်......။ ရန်ကုန်ကလာရင် စာအုပ်တွေယူလာပေးတယ်.......။ ဆရာတွေ မပြန်ခင် မိတ္တူဆွဲထားရတယ်.....“မိ” နဲ့  နှစ်ဦးပိုင်စာအုပ်တွေက များလာတယ်......။ ဒီလိုနဲ့  ဆရာတွေကို ဘူတာမှာ သွားကြိုလိုက်.....ပြန်ပို့ လိုက်.....နဲ့  ဒုတိယနှစ် (ဗိသုကာ ပထမနှစ်) ကို ဂုဏ်ထူးနဲ့  (ကြုံတုန်းကြွားရတာ) အောင်မြင်ခဲ့ပါတယ်......။
ဒီ -Post ကိုရေးတော့ ဆရာ့ကို သတိရတယ်......ဆရာ....ဆရာ.....တိုက်ပုံအင်္ကျီလေး ပုခုံးပေါ်တင်လို့ ......ပိန်ပိန်ပါးပါးနဲ့  ဆရာ့ကို သိပ်ကြောက်ခဲ့ရတယ်......ဆရာစလို့  ငိုခဲ့ရတယ်.....ဆရာထုလို့ နဖူးဖုခဲ့ရတယ်......ဆရာဆွဲခိုင်းတဲ့ ကနုတ်ပန်းတွေကြောင့် ၂ ရက်လောက် တရေးမှ မမှေးခဲ့ရဘူး.....။ ဆရာ....ဆရာ......ပေကြိုး တခွေပေးပြီး ဒီအဆောက်အဦကို တိုင်းပြီးဆွဲထားလိုက်......အဲဒါ Measure drawing ဘဲ ဆိုပြီး ပေကြိုး တခွေနဲ့  ထားပစ်ခဲ့တဲ့ ဆရာ......အခုလည်း အဆင်ပြေသလို နေရစ်ခဲ့ကြတော့ဆိုပြီး “လေးမ” တို့ ကို ထားခဲ့ပြန်ပြီ......။ ဆရာကတော့ “စ” မှာ.....ဘ၀သစ်မှာ ...... ပျော်နေပြီလားဆရာ....ပျော်ပါဆရာရယ်.....ဆရာပျော်ရင် တပည့် ၀မ်းမြောက်ပါတယ်.......။ ဆရာ့တပည့် တော်တော်များများလည်း ဆရာနဲ့ အတူ ရှိနေကြပြီနော်......။ နောက်ထပ်လည်း လာကြလိမ့်ဦးမယ်ဆရာ........။ ဆရာ့တပည့် “လေး” ကတော့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း အားလုံးကို လွမ်းနေပါ့မယ်.......ဆရာ......။ ။
Posted by Layma at 11:48 PM 1 comments
Labels: Link to the past
Wednesday, June 27, 2007
မျက်နှာပေါ်က အရောင်များ
မျက်နှာပေါ်က အရောင်များ (၁)
အရောင်လောကကြီးထဲမှာ နေထိုင်ကြတဲ့ “ လေးမ ” တို့  လူသားတွေရဲ့ မျက်နှာတွေမှာလည်း အရောင်တွေရှိကြတယ်……..။ သတိထားမိပါသလား……။ စိတ်ခံစားမှုကြောင့် မျက်နှာမှာ အရောင်တွေ ပြောင်းသွားတတ်တယ်……..။ အသားဖြူတဲ့ လူတစ်ယောက် ဒေါသထွက်နေရင် သူ့ မျက်နှာက အနီရောင်တောက်တောက်…….၊ အသားမည်းတဲ့ သူ ဒေါသထွက်ရင်တော့ အမည်းရောင်……..၊ မဟုတ်တာလုပ်ထားတာ လူမိသွားတဲ့ သူကတော့ ညိုပုပ်ပုပ်…….၊ ပီတိနဲ့  ရှက်ကိုးရှက်ကန်း ဖြစ်တဲ့ အခါ ပန်းနုရောင် ……..၊ ရှက်ဒေါသ ဖြစ်တဲ့အခါ အနီရောင် ( ဖျော့ဖျော့ )…….၊ သွေးပျက် စရာနဲ့  ကြုံတဲ့အခါ ဖြူဖျော့ဖျော့……..၊ အလိုမရှိတဲ့သူနဲ့  ဆုံတဲ့အခါ မျက်လုံးနဲ့  မျက်နှာထားက ခပ်စိမ်းစိမ်း…….. ။ ကျန်းမာရေးအခြေအနေ ၊ ရာသီဥတု နဲ့  တခြားအကြောင်း အရာတွေ ကြောင့်လဲ မျက်နှာ အရောင်ပြောင်းတတ်ပါတယ်……..။ ကျန်းမာရေး မကောင်းတဲ့အခါ နဂို အသားရောင်ရဲ့ ဖျောတောတောအရောင်……..၊ အရက်သောက်ထားတဲ့အခါ အနီ…….၊ နေပူရင် ပန်းသွေးရောင်…….နေပြင်းရင်တော့ အနီရောင်……၊ ငိုထားရင် အနီရောင်ပုပ်ပုပ်…….၊ ဒီလိုဘဲ ရယ်လွန်းရင်……ချမ်းလွန်းရင်……..မိုးရွာရင်…. ပျော်လွန်းရင်…... ။ ဘယ်ချိန်မှာ ဘာရောင်တွေ ပြောင်းကုန်တယ်ဆိုတာ မသေချာပေမယ့်…….. တစ်ယောက်နဲ့  တစ်ယောက် မတူနိုင်ပေမယ့်……. မျက်နှာပေါ် က အရောင်တွေ ပြောင်းလဲ နေတတ်တာကတော့ သေချာပါတယ်……။ ကိုယ့်မျက်နှာ ဘယ်အချိန်မှာ ဘာအရောင် ပြောင်းသွားလဲဆိုတာ သိချင်ရင်တော့ မှန်ရှေ့မှာ စမ်းသပ်ကြည့် လိုက်ပါ………( အပူလား…အအေးလား….အလင်းလား….အမှောင်လား ?) ။ ။
မျက်နှာပေါ်က အရောင်များ (၂)
( အမျိုးသားများ မဖတ်ရ )
အမျိုးသမီးတွေအနေနဲ့  ချစ်စဖွယ်ဖြစ်အောင် ၊ ဆွဲဆောင်မှုရှိအောင် ၊ ရင့်ကျက်သယောင်ထင်ရအောင် မျက်နှာမှာ အရောင်တွေ စပ်လို့ ရပါတယ်……..။ စကားပြောတဲ့ အခါ အသံအနိမ့်အမြင့် ပြောင်းလဲမှုမရှိဘဲ စာရွတ်သလို တသံတည်း ( monotone ) ပြောရင် နားထောင်လို့  မကောင်းသလို မျက်နှာ မှာလည်း တရောင်တည်း တသားတည်း သုံးထားရင် လှတယ်
လို့  ပြောလို့ မရပါဘူး……။ ( ဘာမှမလိမ်းထားဘဲ ရိုးရိုးလေးလှတယ် ဆိုတဲ့ သူတွေကတော့ မွေးရာပါ မျက်ခုံးနက်နက်….. မျက်လုံးနက်နက်…. နှုတ်ခမ်းရဲရဲလေးတွေ ရှိပြီးသားမို့  လှတာပါ )…..။ မျက်နှာမှာ monotonous မဖြစ်ရအောင် ပါး….မျက်လုံး….မျက်ခုံး နဲ့  နှုတ်ခမ်း တွေကို ဆေးရောင်လှလှ ခြယ်လိုက်ပါ…….။ ပါးနီဆိုလို့  အနီရောင်ရဲရဲ……ပန်းရောင်တောက်တောက်ကြီးကို ပြေးမမြင်လိုက်ပါနဲ့ …… သွေးအားကောင်းလို့  ပါးလေးတွေရဲနေတာလို့  ထင်ရစေမယ့် အရောင်မျိုးကိုဘဲသုံးပါ……။ ရမ်းသန်းမှန်းသန်းပြောရရင်တော့…….အသားဖြူရင် ပန်းရောင် ၊ ပန်းနှင်းဆီ ၊…….အသားညိုရင် အညိုရောင် ၊ လိမ္မော်ရောင် သုံးသင့်ပါတယ်……. မြန်မာအမျိုးသမီးအများစုကတော့ ၀ါဝင်းတဲ့ အသားအရည်ရှိတဲ့အတွက် ပန်းရောင်ကို လိမ္မော်ဖောက်ထားတဲ့ အရောင် သုံးသင့်တယ်လို့  ထင်ပါတယ်……..( အရောင်ရှာလို့ မရရင် နှစ်မျိုးလုံးဝယ်ပြီး စပ်သုံးပါ ) ။ အသက်အရွယ်နဲ့ ပြောရင်တော့ ဆယ်ကျော်သက်တွေက Baby pink လို့  ခေါ်တဲ့ ပန်းရောင်လေးနဲ့ ဆိုရင် ချစ်စရာကောင်းမှာ ဖြစ်ပြီး “လေးမ”
တို့ လို nearly 30 တွေကတော့ ရင့်ကျက်တည်ငြိမ်တဲ့ အသွင်ကိုဆောင်ဖို့  Rose ခေါ်တဲ့ ပန်းနှင်းဆီကို အညို ဖောက်ထားတဲ့ အရောင် (သို့ ) လိမ္မော်ညို ကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်…….။ မျက်လုံးကိုတော့ အ၀တ်အစားနဲ့  လိုက်ဖက်တဲ့ အရောင်ကို ရွေးလိုက်ပါ……ရွေးလိုက်တဲ့ အရောင်ကိုမှ အဖျော့ ၊ အလယ်အလတ် ၊ အရင့် ဆိုပြီး သုံးရောင်ကို မျက်လုံးမှာ သုံးပိုင်းပိုင်းပြီး ခြယ်လိုက်ပါ…….အသေးစိတ်တော့ မရေးတော့ဘူး……(ဆရာစားချန်လိုက်ဦးမယ်) ။ မျက်ခုံးကိုတော့ ဆံပင်အရောင်ထက် ဖျော့တဲ့ အရောင်သုံးပါ……မျက်ခုံးမဆွဲချင်ဘူး….. သဘာဝအတိုင်းဘဲ ထားမယ်ဆိုရင်တော့ ဆံပင်ကို အရောင်ဆိုးဖို့  လုံးဝ မစဉ်းစားပါနဲ့ …..။ နှုတ်ခမ်းကိုတော့ တချို့ က အ၀တ်အစားနဲ့ လိုက်တဲ့ အရောင်ဆိုးပြီး…..
တချို့ ကတော့ ကိုယ်နဲ့ လိုက်တဲ့ အရောင်ဘဲ ဆိုးကြပါတယ် ………။ ဆေးရောင်စုံ မိန်းကလေးဆိုတာ နားထောင်ရဆိုးပေမယ့် ကြည့်ရတာ လှပါတယ်…….။ သူများတွေကြည့်ဖို့  အလှပြင်စရာမလို ပေမယ့် ကိုယ့်ဟာကိုယ် စိတ်ချမ်းသာနေဖို့ ……ယုံကြည်မှုရှိနေဖို့ …… တက်ကြွလန်းဆန်းနေဖို့  အလှပြင်ခြင်း အနုပညာ ရှိသင့်ပါတယ်……..။ “ ပါးပြင်မှာ သနပ်ခါးလေးနဲ့  ချစ်စရာကောင်းလိုက်တာကွယ် ” ဆိုတာ ဆယ်ကျော်သက်တွေအတွက် ပြောတာပါ……….။ Over 25 ဆိုရင်တော့ ချစ်စရာကောင်းချင်မှ ကောင်းမှာပါ…..။ ။
( လေးမ စိတ်ရူးပေါက်ပြီး လျှောက်ရေးသမျှ……ဆုံးအောင်ဖတ်တဲ့ သူတွေအားလုံး စိတ်ရော…..လူရော….အရမ်းလှကြပါစေရှင်…….)
Posted by Layma at 7:45 PM 4 comments
Labels: Analysis
Tuesday, June 26, 2007
အရောင်များ
အရောင်တွေကို ဘာလို့ မြင်ရတာလဲ….။ မျက်စိ ကြောင့်ဆိုရင် အဖြေကမှားပါတယ်……မီးပျက်တဲ့ညတွေမှာ အရောင်တွေကို မြင်နိုင်စွမ်းမရှိပါဘူး ….၊ သဘာဝ အလင်း (သို့ ) မီးလုံးမီးချောင်းတွေရဲ့ အလင်းကြောင့် မြင်ရတာပါ…..။ သိပ္ပံနည်းကျကျ ပြောရင်တော့…..အဖြူရောင် အလင်းမှာ ရောင်စဉ် (၇) ခု ( အနီ ၊ လိမ္မော် ၊ အ၀ါ ၊ အစိမ်း ၊ အပြာ ၊ မဲနယ်(ခရမ်းပြာ) ၊ ခရမ်း ) ပါတယ်…..။ အဲဒီအလင်းက အပိတ်မျက်နှာပြင်တစ်ခု ( transparent မဟုတ်ရ ) အပေါ် ကျရောက်တဲ့ အခါ အဲဒီမျက်နှာပြင်က
သူ့ မှာမရှိသေးတဲ့ အရောင်တွေကို စုပ်ယူထားလိုက်ပြီး သူ့ မှာရှိတဲ့ အရောင်ကို ပြန်လွှတ်လိုက်တဲ့ အတွက် မျက်စိက အရောင်တွေကို မြင်ရတာပါ…...။ ဒီသဘောတရားလေးကြောင့် အနီရောင်မျက်နှာ ပြင်ကိုကြည့်ရင် အနီရောင် ကိုမြင်ရတာပါ……။
အရောင်တွေဘယ်လို ရလာသလဲ…..။ မူလအရောင် ( primary color ) က သုံးရောင်ထဲပါ (အနီ…အပြာ…..အ၀ါ…)…..။ အနီ နဲ့  အ၀ါရောတော့ လိမ္မော် ၊….အပြာနဲ့ အ၀ါရောတော့ အစိမ်း….၊ .အနီနဲ့  အပြာ ရောတော့ ခရမ်း……ဒီလိုနဲ့ secondary color တွေရလာပါတယ်…..။ Primary နဲ့  secondary color တွေရောလိုက်တော့ ကြားရောင်လို့  ခေါ်တဲ့ tertiary hue (color) တွေရပြန်တယ်…….စိမ်းပြာ….စိမ်းဝါ ဆိုတဲ့ အရောင်တွေပါ…..။
အရောင်တွေကို ဒီလိုခွဲလို့ ရတယ်…….။ အနွေးရောင် ၊ အအေးရောင် ၊ လင်းတဲ့အရောင် ၊ မှောင်တဲ့ အရောင် ၊ ဆန့် ကျင်ဘက်အရောင် ၊ နီးစပ်ရောင်……။ Color wheel မှာ ၀င်ရိုးနှစ်ကြောင်း ဆွဲကြည့်ပါ……။ အ၀ါနဲ့  ခရမ်းကို ဆက်ထားတဲ့ Y ၀င်ရိုးရဲ့ ညာဘက် ( အနီရှိတဲ့ဘက်) က အရောင်တွေက အနွေးရောင် (အပူရောင် )……တခြားတဘက်က အအေးရောင်……။ စိမ်းပြာနဲ့  လိမ္မော်နီ ဆက်ဆွဲထားတဲ့ X ၀င်ရိုးရဲ့ အပေါ်ပိုင်း ( စိမ်း…၀ါ….လိမ္မော် ရှိတဲ့ အပိုင်း) က လင်းတဲ့ အရောင်တွေ……အောက်ဘက်ပိုင်းကတော့ မှောင်တဲ့ အရောင်တွေ…..။ Color wheel မှာ မျက်နှာချင်းဆိုင်ရှိနေတဲ့ အရောင်တွေက ဆန့် ကျင်ဘက် အရောင်တွေ…… ကပ်လျက်ရှိနေတဲ့ အရောင်တွေက နီးစပ်ရောင်တွေပါ……။
အရောင်တွေက ဘာတွေပေးသလဲ……။ အနွေးရောင်တွေက စိတ်ကို နိုးဆွပေးတယ်……တက်ကြွစေတယ်……။ အေးတဲ့အရောင်က စိတ်ကို ငြိမ်သက်စေသလို သက်တောင့်သက်သာ ရှိစေတယ်……နံရံတွေကို အအေးရောင်သုတ်ထားရင် အခန်းကို ကျယ်သယောင် ထင်ရစေတယ်။ လင်းတဲ့ အရောင်တွေက စိတ်ကိုပျော်ရွှင်စေတယ်…… အခန်းကို ပိုကျယ်တယ်လို့  ထင်ရစေတယ်……။မှောင်တဲ့ အရောင်တွေက အခန်းကို ကျဉ်းစေတယ်…….စိတ်ကိုဝမ်းနည်းစေတယ်…… လေးလံထိုင်းမှိုင်းစေတယ်……..။ ဒီဇိုင်းတစ်ခုမှာ နီးစပ်ရောင်တွေ တွဲသုံးထားရင် မျက်စိထဲမှာ အဆင်ပြေပြီး လိုက်ဘက်ညီတယ် လို့ ခံစားရမယ်…….ဆန့် ကျင်ဘက်အရောင်တွေ တွဲသုံးထားရင်တော့ ထူးခြားပြီး ဆွဲဆောင်မှုရှိတာကို တွေ့ ရမယ်…….။ ဒါတွေက သဘောတရားကို အကြမ်းဖျင်း ရေးပြတာ…….။ အရောင်တွေ တွဲစပ်သုံးတဲ့ အခါ ပညာနဲ့  မွေးရာပါ အာရုံခံစားမှု အနုပညာ ဟန်ချက်ညီအောင် အသုံးချနိုင်ပါမှ လှပတဲ့ ဒီဇိုင်းတွေရမှာ……။
အရောင်များနှင့် “လေးမ”…….။
ဒုတိယနှစ်မှာ ဒီ ရောင်စုံစက်ဝိုင်းကြီး ဆွဲရတော့ “လေးမနဲ့  မိ” မေမေ့ကို လက်ဆောင်စက်ဝိုင်း တစ်ခုပေးခဲ့ ကြသေးတယ်…..။ မေမေက အ၀တ်ဘီရိုမှာ ကပ်ထားပြီး အပြင်သွားခါနီးကျရင် ဘာနဲ့ ဘာနဲ့  တွဲဝတ်ရင်ကောင်းမလဲလို့  စက်ဝိုင်းကိုကြည့်ရတယ်လို့  ပြောတဲ့အခါ ဘ၀င်လေဟပ်ပြီး တော်တော်သဘောကျခဲ့ရတယ်…….။ တခါကတော့ မေမေ ဖယောင်းပုဆိုး
ဝယ်တဲ့အခါ ဒုတိယနှစ်ဖြေထားတဲ့ ဗိသုကာ ကျောင်းသူကြီး “လေးမ” က….“ အ၀ါလေးကလင်းတယ်….လင်းတဲ့အရောင်က အခန်းကို ပိုကျယ်စေတယ်….” လို့ ဆရာလုပ်မိတော့ “ လျှာမရှည်နဲ့ …..အပေအတေ ခံဖို့ အရေးကြီးတယ်…..ငါ….ခဏခဏ မသုတ်နိုင်ဘူး ” လို့  ငြင်းပယ်ခံခဲ့ရပါတယ်……. အဲဒီတော့မှ ဘယ်အရာမဆို အကောင်းနဲ့  အဆိုး ဒွန်တွဲနေတဲ့ အချက်ကို သတိပြု မိခဲ့ပါတယ်……။
ဗိသုကာ တော်တော်များများက ပန်းချီဆွဲတတ်ကြတယ်……၊ အရောင်ခြယ်တတ်ကြတယ်…..။ “ လေးမ” ကတော့ ပန်းချီမဆွဲ အရောင်မစပ်တတ်ဘူး……။ ဒါပေမယ့် အရောင်တွေ ဖတ်တတ်တယ်…..။ “ လေးမ ” ရဲ့ “ ကောင်းကင် ” ကို ဒီလို အရောင်ဖတ်ခဲ့တယ်……။
“ အဖြူမှာ အနီသန်း….၊ အစိမ်းက ရေးရေး ၊ ဖျော့သော အနက်နဲ့  ၊
အဖြူ အပြာ ညိုကာမှိုင်းလို့  အနက်တို့  ဆင့်တော့……၊
ပန်းသွေးရောင်ထ…..ကျွန်မကောင်းကင် လှနေသည် ။ ”
( သူများတွေကတော့ ဘာတွေရေးထားမှန်းသိမှာ မဟုတ်ဘူး…..ရေးတဲ့သူ တစ်ယောက်ထဲဘဲ သိတယ်…… အဲဒါလည်း ပညာဘဲ )
အရောင်တွေအကြောင်း သိသွားပြီဆိုတော့ ၀ါသနာပါရင် Blog မှာအရောင်တွေ စပ်ကြည့်ကြပါဦး……..ပြီးရင် အလည်ခေါ်….လာကြည့်မယ်……။ ။
Reference: Francis D.K.Ching , Interior Design
Posted by Layma at 6:01 PM 1 comments
Labels: Analysis, Architecture
Monday, June 25, 2007
စွပ်ပြုတ် နောက်တစ်ခွက်
ဒီနေ့  တနလာင်္နေ့  ဆိုတော့ အများစုက လုပ်ငန်းခွင်ပြန်ဝင်ကြရပြီ.....။ ကျောင်းတက်နေတဲ့သူတွေလည်း ကျောင်းပြန်တက်ရတယ်.....။ နားရက်ရတဲ့သူတွေလည်း မနက်ဖြန်ဆို အလုပ်ပြန်ဆင်းရတော့မယ်.....။ ဒီတော့ အားလုံးလန်းဆန်းသွားအောင် စွပ်ပြုတ်နောက်တစ်ခွက် အလကားတိုက်မယ်......။
ကွတ်ကီသူခိုး
တစ်ည လေဆိပ်တစ်ခုမှာ အမျိုးသမီးတစ်ယောက် လေယာဉ်စောင့်နေသည် ။ သူစီးရမည့်လေယာဉ်က နာရီပေါင်းများစွာကြာအောင် စောင့်ရဦးမည် ။ လေဆိပ်ကဆိုင်မှာ သူ စာအုပ်တစ်အုပ် ရှာသည် ။ ပြီး ကွတ်ကီ တစ်ထုပ်
ဝယ်ကာ တစ်နေရာမှာ ကျောက်ချထိုင်နေလိုက်သည် ။
စာအုပ်ကို သဲသဲမဲမဲ ဖတ်နေရင်းက သူတစ်ခု သတိထားမိလာသည် ။ ကြည့်စမ်း ။ သူမနံဘေးက လူသည် အတင့်ရဲလှချည်လား။ သူတို့ နှစ်ယောက်ကြားမှာ ရှိနေသည့် ကွတ်ကီထုပ်တွေထဲက ကွတ်ကီတွေ တစ်ခုလား နှစ်ခုလား နှိုက်ယူသည် ။ ပြောမနေချင်သည်နှင့် သူ မသိချင်ယောင်ဆောင်နေလိုက်သည် ။
အမျိုးသမီး စာဆက်ဖတ်သည် ။ ကွတ်ကီကိုလည်းမြုံ့ သည် ။ မကြာခဏ နာရီကိုလည်းကြည့်သည် ။ အတင့်ရဲလှသည့် ကွတ်ကီသူခိုးကြောင့် သူ့ အထုပ်ထဲရှိ မုန့် က လျော့သထက်လျော့လာသည် ။ နာရီစက် တချက်ချက် ရွေ့ သည်နှင့်အမျှ သူ့ စိတ်ကလည်း တိုသထက်တိုလာသည် ။ “ အင်း ၊ ငါလို သိပ်သဘောကောင်းတဲ့သူမို့ သာပေါ့ ၊ နို့ မို့  မျက်ခွက်ကို ပစ်ထိုးမိမှာ ၊” သူ့ စိတ်ထဲက ကျိတ်ရေရွတ်သည် ။
သူ့ စိတ်ထဲ ဘယ်လိုနေနေ ၊ ဟိုလူကတော့ ကွတ်ကီ တစ်ခု ကိုယ်နှိုက်လျှင် သူလည်းတစ်ခုနှိုက်သည် ။ အထုပ်ထဲ တစ်ခုတည်းကျန်သည့်အခါ ဒီလူဘာလုပ်မလဲ အမျိုးသမီး စောင့်ကြည့်သည် ။ ကြည့်စမ်း ၊ မျက်နှာမှာအပြုံးစစနှင့် ခပ်ဟက်ဟက် တစ်ချက်ရယ်လျက် သူ ကနောက်ဆုံး ကွတ်ကီကို ယူကာ နှစ်ပိုင်းပိုင်းသည် ။
ပြီး ၊ အမျိုးသမီးကို တစ်ပိုင်းပေးပြီး ၊ ကျန်သည့်တစ်ပိုင်းကို သူ စားသည် ။ “ ကြည့်စမ်းပါဦးတော် ၊ ဒီလူက ရဲတင်းရုံမက ရိုင်းလဲရိုင်းသေးတယ် ၊ ကျေးဇူးတင်တဲ့ အမူအရာတောင် တစ်စက်ကလေးမှ ပြဖော်မရဘူး ၊”
အမျိုးသမီးစိတ်မှာ ဒီလောက် ကြိတ်မနိုင်ခဲမရ အခံရခက်တာမျိုး တစ်ခါမျှ မကြုံဖူးခဲ့ ။ လေယာဉ်ခရီးစဉ် ခေါ်ပြီဆိုတော့မှ လွတ်ပြီ ကျွတ်ပြီဟုစိတ်ထဲ အများကြီးပေါ့သွားပြီး သက်ပြင်းချသည် ။ သူများကွတ်ကီ နှိုက်စားပြီး ကျေးဇူးတင်စကား တစ်ခွန်းမှမပြောသည့် အဲသည်လူကို တစ်ချက်မျှပင် လှည့်ကြည့်မနေဘဲ ကိုယ့်အိတ်တွေဆွဲပြီး လေယာဉ်ထွက်မည့် ဂိတ်ဆီ သူထွက်လာခဲ့သည် ။
လေယာဉ်ပေါ် ရောက်သည် ။ ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ပြီးခါနီးစာအုပ်ကို ဆက်ဖတ်ရန် အိတ်ထဲနှိုက်သည် ။ အဲသည်အခါကျမှ သူအကြီးအကျယ် အံ့အားသင့်ကာ ဟယ်ခနဲ ဖြစ်သွားရသည် ။ သူဝယ်လာသည့် ကွတ်ကီထုပ်က သူ့ ဆီမှာပဲ ရှိနေသည်။
“ငါ့ အထုပ်က ဒီမှာဆိုရင် ၊ ဟိုဟာက သူ့ အထုပ်ပေါ့ ၊ ” အမျိုးသမီး အကြီးအကျယ် စိတ်ဓါတ်ကျသွားသည် ။ “ သူ ငါ့ကို စားပါစေလို့  ပေးနေတာကိုး ၊ ” ဟိုလူ့ ကို သူအကြီးအကျယ် အားနာသွားသည် ။ ခုမှတော့ တောင်းပန်ဖို့ လည်း မဖြစ်နိုင်တော့ ။ သူမ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွားမိသည် ။ ခုတော့ သူမသာလျှင် သူတစ်ပါးမုန့် ကို နှိုက်စားသူ ၊ ကွတ်ကီသူခိုး ။
( ဆရာဖေမြင့်၏ နှလုံးသားအာဟာရ တတိယတွဲမှ ကူးယူသည် ။ မူရင်း-The Cookie Thief)
ဒါလေးဖတ်ပြီး ဒီအတွေးလေးတွေ ရခဲ့သည်......။ ထိုလူ ၏ စိတ်ဓါတ်လေးကို တော်တော်ချစ်သွားမိသည်.....။ “ ငါ့ ကွတ်ကီထုပ်ကွ ”
လို့ လည်းမကြေငြာ....... ၊ “မစားနဲ့ ” လို့ လည်းမပိတ်ပင်ဘဲ နောက်ဆုံးကျန်သည့် တစ်ခုကိုပင် တ၀က်ခွဲကျွေးနိုင်သော...... ၊ တစ်ဖက်သားအတွက် စဉ်းစားပေးသော.....၊ ငဲ့ညှာတတ်သော မေတ္တာ ပြည့်ဝသည့် စိတ်ဓါတ်လေးကို တော်တော် သဘောကျမိသည် ......။ အခြေအနေမှန်ကို သေချာမသိဘဲ ( မနောကံမြောက် ) အပြစ်တင်နေမိသော အမျိုးသမီးရဲ့ အဖြစ်ကလည်း ( တစ်ယောက်ထဲ ဒေါသတွေ ထွက်နေရတာ ) သနားစရာကောင်းသည် ......။ နှစ်ဦးစလုံး၏ မြိုသိပ်နိုင်စွမ်းကတော့ ချီးကျူးစရာကောင်းသည်......နိုင်ငံကြီးသားပီသသည် ဆိုတာ ဒါမျိုးလားဟုပင် တွေးမိသေးတော့သည်......။ လေဆိပ်တွင် ဟိုသည် ကြည့်၍ အချိန်မကုန်စေဘဲ စာအုပ်ဖတ်၍ စောင့်တဲ့အကျင့်လေးကတော့ အင်မတန် အတုယူသင့်တဲ့ အချက်လေးပါ......။
“လေးမ” ဖတ်မိသမျှ တွေးမိသမျှလေးတွေ သူငယ်ချင်းတို့ ကို ဝေမျှပြီးပါပြီ......။ ကွဲလွဲတဲ့ အတွေးလေးများရှိရင် မှတ်ချက်မှာရေးခဲ့ ကြပါ.......
“ လေးမ ” ရဲ့ နှလုံးသားလေးအားရှိသွားပြီ ဖြစ်လို့  လူအားရှိအောင် အိပ်ပါပြီ......။ ။ Good Night !!!
Posted by Layma at 9:31 PM 0 comments
Labels: Thinkings from story
Sunday, June 24, 2007
စွပ်ပြုတ် သောက်ကြမယ်…
Blog များကို အလည်ထွက်တဲ့အခါ ကြက်စွပ်ပြုတ် ( နှလုံးသားအာဟာရ )
မှီဝဲသူတွေ အတော်များတာ တွေ့ ရပါတယ်......။ ဒါကြောင့်လည်း အားပြည့်လန်းဆန်းတဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်နေကြတာထင်ပါရဲ့.....။ “လေးမ” လည်း ကြက်စွပ် ကြိုက်ပါတယ်.....။ ပြန်မမှီဝဲ ဖြစ်တာတော့ ကြာပြီ.....။ အခု English Blog မှာ post တစ်ခုရေးရင်း အဲဒီ post လေးနဲ့  ဆိုင်တဲ့ story လေး (နှလုံးသား အာဟာရ တတိယတွဲ ) မှ ကူးပေး လိုက်ပါတယ်......။ စိတ်အာဟာရ ဖြစ်စရာ စွပ်ပြုတ်လေးကို “လေးမ”
နဲ့ အတူတူ မြည်းကြည့်ရအောင်......
ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့ နေနိုင်မလဲ
ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီး ထွက်လာသည့် ဧရာမလုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း တံငါသည် တစ်ယောက်နှင့် တွေ့ သည်။
တံငါသည်က လှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာ ဆေးတံကိုခဲ၍ နေသည်။ သူ့ ပုံစံကို ကြည့်ကာ သူဌေးကြီး စိတ်ပျက်သွားပြီး ကရုဏာဒေါသောနှင့် မေးသည်။
“ မင်း ဘာလို့  ငါးဖမ်းမထွက်ဘဲ ဒီမှာ ထိုင်နေတာလဲ ၊”
“ မနက်အစောကြီးကတည်းကပဲ တစ်နေ့ စာ ဖမ်းလို့  ရပြီးပြီဗျ ၊ ” တံငါသည်က ဖြေသည်။ “ဟ၊ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား၊ ” “ ဖမ်းပြီးဘာလုပ်ရမှာလဲ၊ ” “ ထပ်ဖမ်းပြီးတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ ၊ ပိုက်ဆံ များများရရင် မင်းလှေမှာ စက်တပ်လို့ ရမယ် ၊ စက်နဲ့ ဆိုရင် ပင်လယ်ထဲ အဝေးကြီး ထွက်နိုင်မယ် ၊ အဲဒီမှာ ငါးပိုရမယ် ၊ အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင် မင်းနိုင်လွန်ပိုက်ဝယ်နိုင်မယ်၊ နိုင်လွန်ပိုက်နဲ့  ဖမ်းတော့ ငါးပိုရမယ်၊ ငွေပိုရမယ် ၊ လှေတစ်စီးက နှစ်စီး ဖြစ်လာမယ် ၊ အဲဒီခါ မင်းငါ့လို သူဌေးတစ်ယောက် ဖြစ်လာမှာပေါ့ကွ ၊ ” သူဌေးကြီးက ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည် ။ “ အဲဒီခါကျတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ ”
“ အဲဒီခါ မင်းငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့ နေနိုင်မှာပေါ့ကွ ၊ ”
“ သြ ၊ ကျွန်တော်က အခုကော ဘာလုပ်နေတယ် ထင်လို့ လဲ ၊ ”
( မူရင်းက How much is enough)
လင်ကွဲမယားကွဲ အဖြစ်ခံပြီး သူဌေးဖြစ်အောင် ကြိုးစားနေကြတဲ့ အချို့ 
အချို့ သော လုပ်ငန်းရှင်ကြီးများကို ဒီစွပ်ပြုတ်လေး တစ်ဇွန်းစီလောက် ဝေမျှလိုက်ချင်စမ်းပါဘိ.......။ ။
Posted by Layma at 1:41 PM 2 comments
Labels: Thinkings from story
Friday, June 22, 2007
Architect က ဒါတွေ ပေးတယ်.....
သူ…..လူ့ လောကထဲစရောက်တော့မည်…….အမေက သူ့ ကို ဆေးခန်းလေးတစ်ခုမှာ လူ့ လောက ထဲကို စတင်ဝင်ရောက် စေခဲ့တယ်…….သူနဲ့ အတူလာတဲ့ သူငယ်ချင်း တချို့ က ဆေးရုံမှာ….. တချို့ က သားဖွားခန်းမှာ…..တချို့ က အိမ်မှာ…….ဒီလိုနဲ့  လူ့ လောကထဲကို နေရာတစ်ခုကို အမှီသဟဲပြုလို့ သူတို့ ရောက်ခဲ့တယ်………။
သူ…..အဖေ့ရဲ့ တိုက်ခန်းလေးထဲမှာ ကြီးပြင်းခဲ့တယ်……။ သူ…..လေးနှစ်သားရောက်တော့ အမေက မူကြို ပို့ တယ်…….။ နောက်တော့ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ကျောင်းတွေမှာ သူ.....ပညာတွေ သင်ခဲ့တယ်.......။ နွေရာသီကျောင်းတွေပိတ်တော့ အားကစားရုံ မှာ ကာရာတေး သင်ရတယ်......ရေကူးကန်မှာ ရေကူးရတယ်......။ အဖေ အလုပ်အားတဲ့ ရက်တွေမှာ ကစားကွင်း ၊ ပန်းခြံ နဲ့  တိရစ္ဆာန်ဥယျာဉ် လိုက်ပို့ ပေးတယ်.......။ ဗဟုသုတ ရစေဖို့  ငါးပြတိုက် ၊ အမျိုးသားပြတိုက် စတဲ့ ပြတိုက်တွေလည်း ပို့ ပေးတယ်........။ သူ......တက္ကသိုလ် ရောက်တော့ ရည်းစား တစ်ယောက် ရတယ်.....။ မကြာခဏ Class လစ်ပြီး ကောင်မလေးနဲ့  ကော်ဖီဆိုင် ထိုင်တယ်.......ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်တယ်.........။ သူ.....ဘိုင်ချောင်နေတဲ့ အချိန်မှာ ကောင်မလေးက နာမည်ကြီး စားသောက်ဆိုင် တစ်ခုမှာ ထမင်းလိုက် ကျွေးခိုင်းတာ မကျွေးနိုင်လို့ သူ့ ကို ဖြတ်လိုက်တယ်......။ သူ.....convocation hall မှာဘွဲ့ ယူတော့ အဖေနဲ့  အမေမျက်နှာမှာ ပီတိတွေနဲ့ .........။ သူ......ရုံးတစ်ရုံးမှာ အလုပ်ရတယ်...... ပညာစုံပြီးရင် ကြင်ရာစုံဖို့  လိုတယ်ဆိုလို့ အမေပေးစားတဲ့ မိန်းမနဲ့ ခန်းမ တစ်ခုမှာ မင်္ဂလာဆောင်လိုက်တယ်......။ မင်္ဂလာဦး အထိမ်းအမှတ် အနေနဲ့ ဘိုးဘွားရိပ်သာ နဲ့  မိဘမဲ့ ကလေးများဂေဟာမှာ အလှူငွေ လှူခဲ့တယ်.....။ သူ.......Golf ရိုက်တတ်လာတယ်......စနေ ၊တနင်္ဂနွေ သူဂေါက်ကွင်းသွားတဲ့အခါ မိန်းမက shopping center/mall , super market တွေမှာ shopping ထွက်တယ်......။ အိမ်စရိတ် လုံလောက်အောင် ကြိုးစားရင်း သူ......ကြံတတ်ဖန်တတ်လာတယ်......။ “အစားမတော် တလုတ်” အတွက်ကြောင့် သူ......တရားရုံးမှာ တရားစွဲခံရတယ်..........။ သူ......ထောင် ( အမှားကိုသိ၍ အမှန်ပြင်နိုင်ရန် ထိန်းကျောင်းပဲ့ပြင်ပေးသော နေရာဟု ဆိုသည် ) ကျတယ်.........။ ထောင်ကျနေတုန်း မိန်းမက နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်.......။ မိန်းမကို လေဆိပ်လိုက်ပို့  ချင်လိုက်တာ......။ ထောင်ကလွတ်တော့ မိန်းမစုဆောင်းလာတာနဲ့  မိဘအမွေလေးတွေ စုပေါင်းပြီး Shop house လေးတလုံးဝယ် လိုက်တယ်.......။ အောက်ထပ်မှာ ဆိုင်ဖွင့်ပြီး အပေါ်ထပ်မှာ လူနေတယ်.......။ ဒီလိုနဲ့  သားသမီးတွေ ရလို့  လူလားမြောက်ကုန်ပြီ......။ သူ.....ဆံပင်ဖြူပေမယ့် သမီး အလုပ်လုပ်တဲ့ Hotel က Fitness center မှာ အမြဲကစားလို့  ကျန်းမာရေး ကောင်းတယ်........။ မိန်းမကတော့ ရိပ်သာ ခဏခဏ ၀င်တယ်......။ တနေ့ တော့.......Fitness center မှာ ဆုံတဲ့ မိတ်ဆွေတွေနဲ့  Bar မှာ သွားသောက်တယ်.......။ မိုးသောက်ယံမှာ ရုတ်တရက် ဦးနှောက်သွေးကြော ပျက်ပြီး သူ.......သေဆုံးခဲ့တယ်.....။ သချိုင်းမှာ သူ့ ကို ဂူသွင်းတယ် ( အရင်ကတည်းက ကိုရီးယားကား တွေကြည့်ပြီး အားကျလို့  ဂူလုပ်ပေးဖို့ မှာထားပြီးသား ) ......။ သူ......ဂူထဲမှာ ကျေနပ်စွာ အနားယူ နေတယ်.......။ ၃ ရက်လောက်နေတော့ သချိုင်းရွှေ့ ရမယ့်သတင်းကြားတယ်.......။ သေတာတောင် အရိုးမဆွေးသေးဘူး နေရာရွှေ့ ရမယ်ဆိုတော့ သူ.......တော်တော် စိတ်ဆိုးသွားတယ်......။ ဘယ်သူ့ ကြောင့်လဲ ဆိုတာ သူစုံစမ်းလိုက်တယ်......။ တရားခံကို သိလိုက်ရတယ်......။ အဲဒီညက......မြို့ သစ်ပုံစံ( Town Planning ) ဆွဲတဲ့ ဗိသုကာကြီးရဲ့ အိပ်ခန်းထဲကို သူဝင်သွားလိုက်တယ်........။ အိပ်ပျော်နေတဲ့ ဗိသုကာကြီးကို အားရပါးရ လည်ပင်းညှစ် လိုက်တယ်........။ မျက်လုံးပြူးကြီးနဲ့  ချွေးပြန်နေတဲ့ ဗိသုကာကြီးကို သူ့  မကျေနပ်ချက်တွေ ပြောပြီး အားရတော့ ပြတင်းပေါက်ကနေ ပေါ့ပေါ့လေး သူ ပြန်ထွက်လိုက်တယ်.......။ ပြန်အထွက်မှာ မနည်းအားယူပြီး ပြောလိုက်တဲ့ ဗိသုကာကြီးရဲ့ အသံကို သဲ့သဲ့ ကြားလိုက် ရတယ်..........။
“.......မင်း.....လူ....မှား.....နေ.....တယ်......” ။ ။
(လူသားတို့  မွေးဖွားချိန်မှ သေဆုံးချိန် အထိ ဗိသုကာတို့  ဖန်တီးသော လက်ရာများနှင့် ကင်းကွာ၍ မရပါ....)
----------------------------------------------------
Architect က ဒါတွေ design လုပ်ပေးရပါတယ်
1. Residential Buildings
2. Education
3. Health
4. Office
5. Transport
6. Commerce
7. Entertainment & cultural
8. Religion
9. Social welfarre
10. Landscaping
11. Interior design
12. Industrial design
13. Town planning & urban design
Posted by Layma at 7:35 PM 7 comments
Labels: Architecture
Thursday, June 21, 2007
ကိုယ့်ကုသိုလ်နဲ့ ကိုယ်……
Connection က အခုတလော ဘာဖြစ်နေမှန်းကို မသိဘူး ………. တော်တော်ဆိုးနေတယ် …….. ( ခုတလောဆိုတော့ အရင်ကကောင်းတယ်လို့  မထင်နဲ့ ……..) ။ ခုဟာက လွန်ကိုလွန်တယ်……. မပြောရဲလို့  ကြည့်နေတာကြာပြီ…….။ web page/ site တွေကို လိပ်ပေါ် တင်လွှတ်လိုက်ရင်တောင် မြန်မြန် ရောက်ဦးမယ် ……. download ဖို့ ဆို စိတ်တောင် မကူးရဲဘူး……။ Blog တွေလည်း များများ မလည်နိုငိဘူး …… Blog နှစ်ခုလောက် ခေါ်ထားပြီး ထမင်းအေးအေးဆေးဆေးစား……..စားပြီးတဲ့အချိန်ဆို ဖတ်လို့ ရပြီ …….။ အဆိုးဆုံးက Blog ကို log in လို့ မရတာဘဲ……..အိမ်ထဲ ၀င်လို့ မရလို့  အိမ်ရှေ့မှာ မတ်တပ်ရပ်နေရတဲ့ လူလိုဘဲ ခံစားနေရတယ် ……။ Blog ကိုမြင်နေရတယ်…… ၀င်လို့ မရဘူး………cbox ကိုမြင်နေရတယ်……..ဒါပေမယ့် cbox ထဲမှာ Internet Explorer cannot display the webpage ဆိုတာကြီးဘဲတွေ့  ရတယ်…….။ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ ၊ ၁၁ နာရီ လောက်ဆိုရင်တော့ connection က not so bad ........ အဲဒီတော့....... အိပ်ချိန်ပြောင်းရင် ကောင်းမလား ???……….နေရာပြောင်းရင် ကောင်းမလား???………
“ဟော…..cbox ထဲကစာတွေ မြင်ရပြီ……….ဘော်ဘော်တွေကို reply လိုက်ဦးမယ်……..ဟင် !!!…….. posting failed တဲ့……..” ။ ။
P.s. Connection ကြီးရေ........စိတ်တိုနေတုန်းရေးမိသွားတာနော်…….ရန်လုပ်ချင်လို့  ဟုတ်ဘူး….။ ကနောင်မင်းသား ကလှိုင်ထိပ်ခေါင်တင်ကို ပေးတဲ့ ရတုနဲ့ တောင်းပန်လိုက်ပါတယ်......“ လက်သုံးတော် ဓါးကိုမှ ယောင်မှားကာကိုင်.........သေစေလိုလို့  မဟုတ်ပါဘဲ.......”
Posted by Layma at 7:04 PM 2 comments
Labels: That's what I wanna say
Wednesday, June 20, 2007
ပျော်ခဲ့သည်.....(ဒု)
ဒိုင်ယာရီ စာမျက်နှာ (၆)။ ။ (ဒုတိယပိုင်း)
တန်ဆောင်တိုင်မှာ ရှမ်းအသင်းက ဦးစီးပြီး မီးပုံးပျံ တွေလုပ် ကြတယ်...... မိန်းကလေးဆောင် ၀င်းထဲ ရှမ်းအကနဲ့  လာဖျော်ဖြေကြတော့ အဆောင်မှူးမမ မှာ တံခါးလည်း ဖွင့်ပေးရသေး......မုန့် ဖိုးလည်း ပေးရသေး.......ယောက်ျားမရပါစေနဲ့ လို့ လည်း အော်ခံရသေး ( မုန့် ဖိုးပေးတာ နဲလို့ တဲ့) ........။ ကထိန်လှည့် တော့လဲ လိပ်ပြာပုံတွေ ဘာတွေ ချိုးပြီး အိုးစည်ဒိုးပတ်နဲ့  ကကြ ၊ ခုန်ကြ.........။ ရွှေတိုင်း (စစ်ကိုင်းတိုင်း) အသင်းရဲ့ “ရှင်ဥပဂုတ္တ ဖောင်မျှောပွဲ” ကလည်း တန်ဆောင်တိုင်မှာဘဲ........( ဟိုနေ့ က မှားရေးလိုက် မိတယ်).......ကျောင်းရှေ့က ၁၀ ပေမြောင်း ( ရေပေးဝေသောမြောင်း ) ထဲမှာ “ရှင်ဥပဂုတ္တဖောင်” နဲ့ အတူ ငှက်ပျောအူပေါ် ဆီမီးခွက်လေးတွေ တင်ပြီး မျှောကြရတာ........။ ၆နာရီ ကျော်ရင် အပြင်ထွက်ခွင့် မရှိတဲ့ အဆောင်သူတွေ အတွက် ဒီလိုနေ့ မျိုးဆို အထူးအခွင့်အရေး အနေနဲ့  ၈နာရီခွဲ လောက်အထိ အပြင်မှာနေလို့  ရတယ်...........။ ဒီဇင်ဘာ အားကစားလမှာတော့ ဘော်လီဘော ၊ ကြက်တောင် ၊ Table Tennis ၊လွန်ဆွဲပွဲ ၊ ဘောလုံး စတဲ့ပြိုင်ပွဲတွေမှာ အားပေးကြ.......ရန်ဖြစ်ကြ ရတယ်......... အထူးသဖြင့် ဘောလုံးပွဲ ..........၊ ယောက်ျားလေးတွေ ကန်တဲ့ ဘောလုံးအတွက်နဲ့  မိန်းကလေးတွေ မခေါ်နိုင် မပြောနိုင် ဖြစ်ကြရတယ်.........။ အဆောင်မှာ ပထမနှစ် နဲ့  ဒုတိယနှစ် စိတ်ဝမ်း ကွဲ .......ရန်ဖြစ်.....စောင်းပြော.......နောက်တော့ ပါချုပ်ရုံးရောက်.....၀န်ခံကတိထိုး.......။
ပြန်တွေး ကြည့်ရင်ရီစရာကောင်းသလိုရှက်စရာလည်းကောင်းတယ်.....။
မန္တလေး ဆောင်းက သိပ်အေးတာ......ဒါကြောင့် အချုပ်တန်းဆရာဖေက “ ချမ်းပုံမှာ ကမ်းကုန် ရစ်တာမို့ ....မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့” လို့  စပ်ဆိုခဲ့ တာဖြစ်မယ်.........။ ဒါပေမယ့် ဘယ်လောက် အေးအေး ......ဒီဇင်ဘာ ၂၅ ဆိုရင် ခရစ်ယန်ကျောင်းသားတွေက (ချင်းလူမျိုးများတယ်) အဆောင်ဝင်းထဲမှာ သီချင်းလာဆို ကြတယ်......။ “လေးမ” တို့  အဆောင်သူတွေကလည်း အနွေးထူထူဝတ်ပြီး ၀ရန်တာ မှာ ထွက်နားထောင်ကြတယ်........။ သီချင်းဆိုပြီးရင် သူတို့ ပါလာတဲ့မုန့် တွေပစ်ပေးတယ်........ “လေးမ” တို့ ကလည်း ရှိတဲ့မုန့် တွေ ပြန်ပစ်ပေးကြတယ်..........ကျောင်းသားဘ၀မှာ ဘာသာ၊ လူမျိုး ခွဲခြားမှုဆိုတာမရှိဘူး..........။ ပြာသိုတပို့ တွဲ.....ထမနဲထိုးတယ်...... ထမနဲချင်းအတူတူကို ဟိုအဆောင်၊ ဒီအဆောင် လဲစားကြတယ်.........။ ဘာပွဲမှမရှိတဲ့လမှာ ကျောင်းသားတွေ ငြိမ်ကုပ်ပြီးစာလုပ်နေကြမယ်လို့  ထင်ပါသလား..........လုံးဝမငြိမ်ပါ........။ ( ပြည်နယ် နှင့် တိုင်းအလိုက် ကိုယ့်ဘာသာ ဖွဲ့ ထားကြသော) ကိုယ့်အသင်းနဲ့ ကိုယ်မေမြို့ တက်ကြတယ်.........BE Fall မှာ ကျောင်းသားတယောက် ရေနစ်တော့ ပါချုပ်က မေမြို့ တက်ခွင့်ပိတ်လိုက်တယ်........အပျော်လွန်တော့လည်း အန္တရာယ်များတယ်........။မေမြို့  မတက်ရ တော့ တောင်တက်ကြတယ်........ကျောင်းနားမှာရှိတဲ့ ( မြခနောက် ၊ စိန်ခနောက် ၊ ပတ္တမြားခနောက် ၊ ထူးမဂူ ၊ ရွှေဟသာင်္ဂူ ၊ ၀င်္ကပါဂူ.....) တောင်တွေကို တက်ကြတာ........စားနပ်ရိက္ခာ ၊ ဖျော်ဖြေရေးဂစ်တာ........ အစုံအလင်နဲ့  တောင်တက်ကြတယ်..........။ ဒီလိုနဲ့ ......... စာမေးပွဲကြီး ရောက်လာတယ်..........စာမေးပွဲဖြေတော့လဲ ပျော်ပျော်ဘဲ.........သိသလောက်ဖြေ.........ရသလောက်ရေး.......၊
သူများလည်း ကိုယ့်လို မဖြေနိုင်ဘူးဆိုရင်......၀မ်းသာ..........။
ဒီလို.......ဒီလို........ပျော်ခဲ့ကြပါသည်.........။ ။
Posted by Layma at 9:00 PM 3 comments
Labels: Link to the past
Tuesday, June 19, 2007
မိုးတွေရွာရင်….
ဒီနေ့  မနက် အလုပ်သွားတော့ မိုးဖွဲလေးတွေ ကျနေတယ်……“မိုးရေထဲမှာ..” ဆိုပြီး post ရေးဦးမယ်လို့  စဉ်းစားထားတာ…..ပြန်ရောက်လို့  Blog ကို ကြည့်လိုက်တော့ ပုဂံသားက Tag ထားတယ်….ကျေးဇူးပါပဲ မောင်လေး ပုဂံသားရေ….ခုရေးနေတုန်းလည်း မိုးတွေ တ၀ုန်းဝုန်း ရွာနေတယ်…...
“ မိုးရွာရင် မိုးရေချိုးမယ်…..”
လေးနှစ်သမီး တုန်းက မိုးရွာရင် ….“ဖေဖေ” နဲ့  “လေးမ” မိတ်ပျောက်ရန်လို့  အကြောင်းပြပြီး မိုးရေ ထွက်ချိုးကြတယ်……သားအဖ နှစ်ယောက် မိုးရေထဲမှာ သီချင်းတွေ ဆိုကြတယ် …. မေမေ က လူမလာရင် “ဒုတ်” လာမယ်လို့ ထွက်အော်မှ အိမ်ပေါ်တက်ကြတာ…..။
“ မိုးကလေးစိုစို….ကလေးဘ၀ တေးကလေးကို….နှစ်ယောက်သား တို့ အော်ဟစ်ခဲ့တာ အပျော်ဆုံး ဘ၀တွေပါ…..”
သူငယ်တန်း ကျောင်းသူကြီး “ လေးမ” ရဲ့ မိုးရာသီကိုတော့ အိမ်နီးနားချင်း ကျောင်းသွားဖော် သူငယ်ချင်းနဲ့ အတူ ကဲခဲ့ကြတယ်…..ကျောင်းနံဘေးကမြောင်းထဲမှာ ဖိနပ်မျှောတယ်…. ရေစီးနဲ့  မျောပါသွားတဲ့ ဖိနပ်နောက်ကို ပြေးလိုက်….ဘယ်သူ့ ဖိနပ်က ရှေ့ရောက်လဲ ဆိုပြီးပြိုင်ကြရတာ…..အစက စက္ကူလှေ မျှောကြတာ….လှေက မိုးစက်တွေအောက် မှာ နစ်သွားတတ်လို့  မိုးတွင်းစီး ရာဘာဖိနပ်ကို လှေလုပ်ရတာ…..ဆော့လို့ အားရတော့ ခေါက်မုန့်  သည်ရဲ့ တဲလေးထဲမှာ အိမ်က အပိုထည့် ပေးလိုက်တဲ့ ၀တ်စုံကို လဲပြီး အိမ်ပြန်ကြတယ်…..။
“ မိုးကလေးညို လာရင်…..လွမ်းမျက်ရည်လေးလယ်……”
အလယ်တန်းရောက်တော့ မိုးရွာရင်…. ကျောင်းပြောင်းသွားတဲ့ သူငယ်ချင်းကို သတိရတယ်….( လေးမ တို့ ကျောင်းက မူလတန်းအထိဘဲ ယောက်ျားလေးလက်ခံတယ် )….မိုးရွာရင် မိုးစက်တွေ ထိုင်ကြည့် ရင်း တောင်တွေး မြောက်တွေး တွေးတတ်လာတယ်…..။ မိုးစက်လေးတွေက မြေကြီးပေါ် ရိုက်မိတဲ့ အခါ မင်းသမီးလေးတွေ ဂါဝန်ကားကားလေးနဲ့  ကနေသလိုဘဲ…..။ ဗွက်အိုင်ထဲကို မိုးစက်လေးတွေကျတဲ့ အခါ ပေါ်လာတဲ့ ရေ၀ဲလေးတွေက မင်းသမီးလေးတွေကို အကြို ထောက်တဲ့ ရေယဉ်လေးတွေလို့  စိတ်ကူးယဉ်မိပြန်ရော……။
အထက်တန်းရောက်တော့ မိုးရွာရင် စောင်ခြုံပြီးကွေးတယ်…..၀တ္ထု ဖတ်တယ်…..မှတ်မှတ်ရရ “ သူငယ်ချင်းလို့ ဘဲ ဆက်၍ခေါ်မည်ခိုင် ” ကိုဖတ်တဲ့နေ့ က မိုးရွာနေတယ်….. ဇာတ်လမ်းကလည်း “ခိုင်” ပျောက်သွားတဲ့ မိုးတွေရွာတဲ့ ညနဲ့  စထားတော့ ဖတ်ရတာ အရသာရှိမှရှိ……။ ဆရာမ မစန္ဒာရဲ့ “ဂျီဟောသူ” မှာ “ရန်ကုန်သူ နဲ့  ရန်ကုန်မိုး…အစိုး မရဘူး ” လို့ ရေးထားတော့ မကျေနပ်ဘူး…..။ ဒါပေမယ့် ဒီစကားမှန်ပါတယ်……မန္တလေးမိုးက ရွာမယ်ဆိုရင် ကြိုပြောတယ်….။ မန္တလေးမှာ မိုးရွာရင် class လစ်တယ်…..reason ကတော့ စက်ဘီး၊ ဆိုင်ကယ် စီးရခက် လို့ …..။ တက္ကသိုလ် ကျောင်းသူဘ၀မှာ သူများတွေအတွက်တော့ မိုးစက်တွေက ကဗျာတပုဒ်ဖြစ်ချင် ဖြစ်ခဲ့မယ်....“လေးမ” အတွက်တော့ ဇာတ်လမ်းမရှိ.......။
“ မိုးခြိမ်းသံတွေ ....ကြားလိုက်ရတိုင်း....အတိုင်းမသိ ၀မ်းမြောက်တယ်.......”
တော်တော်များများက မိုးခြိမ်းရင်ကြောက်တယ်.....လေးမ ကပျော်တယ်.....လက်စီးပြက်ရင် သိပ်သဘောကျတာဘဲ......။ မိုးသီးတွေကိုလည်း သဘောကျတယ်....တောင်ကြီးသွားတုန်းက ဟဲဟိုးလေဆိပ်ကနေ မြို့ ထဲကို အသွားမှာ မိုးသီးတွေ ကြွေလို့  ဆင်းကောက်သေးတယ်......။
မိုးသီချင်းတွေ...မိုးကဗျာတွေ.....မိုးဇာတ်လမ်းတွေ ဖွဲ့ ဆိုကြပေမယ့် လူတွေကမိုးကို သိပ်မချစ်ကြပါဘူး.....။ အတ္တသမားတွေကိုး.........။ “လေးမ” လည်းတူတူပါဘဲ....အပြင်သွားတဲ့ချိန်....အလုပ်သွားတဲ့ချိန်....အ၀တ်လှန်းတဲ့ချိန်....မိုးရွာရင် သိပ်စိတ်ဆိုးတယ်......။ ရေတွေကြီးလို့  ကားလမ်းတွေ ပိတ်ရင်ပိုဆိုးသေး......။ အိပ်တဲ့ အချိန်မိုးရွာရင်တော့ သဘောကျသလားမမေးနဲ့ .......။
ရေးနေတုန်း မိုးတိတ်သွားပြန်ပြီ.....။ “ရန်ကုန်မိုးနဲ့  ရန်ကုန် connection အစိုးမရဘူး ”.....။ Post ကိုမြန်မြန် အဆုံးသတ်မှ......။ ခုနေများ မိုးတွေရွာရင်............???? မိုးပက်တဲ့ ပြတင်းပေါက်တွေ လိုက်ပိတ်ရမယ်.....။ ။
Posted by Layma at 5:15 PM 6 comments
Labels: Seasonal Post, Tag
Sunday, June 17, 2007
ပျော်ခဲ့သည်......(ပ)
သီတင်းကျွတ်လပြည့်ည
ဒိုင်ယာရီစာမျက်နှာ (၆)။ ။ (ပထမပိုင်း)
အဆောင်မှာ မိဝေးဖဝေး နေရပေမယ့် “လေးမ” တို့ က ပျော်ပျော်ဘဲ.....။ ရောက်စတုန်းကသာ အိမ်သား တယောက်ယောက် မွေးနေ့  ဆိုရင်လွမ်း.....၊ သီတင်းကျွတ်ဆိုရင် အိမ်ပြန်ချင်....၊ စားမကောင်းတိုင်း ဖုန်းဆက်.....( မုန့် တွေမှာတာ)....၊ အိပ်မရတိုင်း စာရေး......။ နောက်တော့ အသားကျသွားလိုက်တာ အိမ်ကတောင် အဆက်အသွယ် မလုပ်လို့  စိတ်ပူရတယ်.....။ မပျော်ဘဲ နေပါ့မလား....ပွဲတွေကများမှများကိုး....။ မေဂျာလိုက် Fresher Welcome တွေလုပ်ကြတယ်.....အငြိမ့်တွေပါတယ်....ပြဇာတ်တွေပါတယ်...တေးသရုပ်ဖော်တွေ ပါတယ်.....(ရန်ကုန်သားနဲ့  မန္တလေးသူ ၊ ဘွေးတုပ် ၊ သျှောင်ပေစူး ဒါတွေက MTU ရဲ့ နာမည်ကျော် တေးသရုပ်ဖော်တွေ) ကျောင်းသားတွေရဲ့ model show ပါတယ်.....သီချင်းတွေပါတယ်....။ မင်းသားမင်းသမီး မပါဘဲ ကိုယ့်ကျောင်းသူ ကျောင်းသားတွေနဲ့ ချည်း ပွဲကျ နေကြတာ...။ တခါက“ဒွေး” ကျောင်းမှာ ဗီဒီယို လာရိုက်တယ်.... Mechanical welcome နဲ့  ဆုံလို့  ဖိတ်လိုက်တော့ သီချင်းလာဆိုပေးတယ်.....နာမည်ကြီး မင်းသားကို လက်ခုတ်တီးနေရပေမယ့် “ဒွေး” ဆင်းရင်တက်မယ့် ယောင်ပေစူးနဲ့  ပါးကွက် ကွက်ပြီး ပုဆိုးကို စလွယ်သိုင်းထားတဲ့ လေးခွ နဲ့  ကျောင်းသားတွေ ဆီပဲ မျက်စိကရောက်နေ ကြတယ်......။ Welcome ပြီးတော့ အဆောင်ရဲ့ annual dinner မှာ ပျော်ကြပြန်ရော.....ယောက်ျားလေးဆောင်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ ကျောင်းသားတွေကို သင်္ကြန်အကြို ရေလောင်း အိုးမဲသုတ်လွှတ်ရတာ အရသာရှိမှရှိ ( “လေးမ” ပါဘူး...သူများတွေ သုတ်တာ)....ရေများရေနိုင် မီးများမီးနိုင် ပေါ့.....။ လွတ်လပ်ရေးနေ့ ....ပြည်ထောင်စုနေ့ ဆိုရင် လည်း ထမင်းစားဆောင်ထဲမှာ ည ၁၂ နာရီလောက်အထိ တ၀ုန်းဝုန်းနဲ့  ကစားကြတာ.....။ သီတင်းကျွတ် ရောက်တော့ မီးထွန်းပွဲတော် ကျင်းပတာပေါ့.....တဆောင်လုံး မီးတွေထွန်းကြတယ်.....မီးပန်းတွေဖောက်ကြ ......မီးပုန်းပျံတွေလွှတ်ကြ........။ တန်ဆောင်မုန်း လပြည့်ည ကျတော့ အခန်းတကာ လှည့်ပြီး မုန့် လိုက်စားကြတယ်....တနှစ်ကတော့ သူငယ်ချင်း ဟဲဟိုးသူက တစ်ယောက် တစ်ရာစီ ကောက်ပြီး အသုတ်စုံ လုပ်ကျွေးတယ်......ပထမဆုံးကြုံတဲ့ တန်ဆောင်မုန်းညက “လေးမတို့  ရဲဘော်သုံးကျိပ်” က သရဲလိုလုပ်ပြီး လိုက်ခြောက်တယ်....မျက်နှာမှာပေါင်ဒါ အဖြူတွေ ပုတ်....၊ နှုတ်ခမ်းနီအနီ ရဲရဲ ကို နှုတ်ခမ်းသားထက်ပိုချဲ့ ဆိုး....၊ မျက်ခုံးမွှေး ဆွဲတံနဲ့  နဖူးနဲ့  ပါးမှာ ချုပ်ရိုးပုံစံဆွဲ ( child play ထဲကလို)......ဆံပင်စုတ်ဖွားနဲ့  လိုက်ခြောက်တာ.....သရဲလုပ်ရတာ မောသွားတော့ အခန်းကို ပြန်...တံခါးဂျက်ချပြီး အလုပ်ကြီးအကိုင်ကြီး လုပ်ရပြန်တယ်....ရောင်စုံတွေနဲ့  ကာတွန်းပုံတွေဆွဲ....ပေါက်ကရ စာတွေ ရေး.....သူများတွေ အိပ်ချိန်ကျမှ အခန်းတံခါးတွေမှာလိုက်ကပ်.....။ ပျော်မှပျော်ဘဲ....။ ။
P.s. နောက်မှ ဒုတိယပိုင်းမှာ ဆက်ပျော်တော့မယ်......အိပ်တော့မယ်.....
Posted by Layma at 9:45 PM 2 comments
Labels: Link to the past
အဖြူ.......
အဖြူ ဆိုသည်မှာ.......
အလွန်နှစ်သက်မိသော.....အကြိမ်ကြိမ်ပြန်ဖတ်မိသော...... ဂျာနယ်ကျော်မမလေး၏ “အဖြူ”......
စာမျက်နှာ ၉၅ မျက်နှာဘဲ ပါတဲ့ စာအုပ်လေးပါ.....ဒါပေမယ့် ဖတ်ပြီးတိုင်း ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်.....။ မဖတ်ဖူးတဲ့သူတွေ အတွက်အမြည်းလေး တင်ပေးလိုက်တယ်.....။
ခေတ်---လွတ်လပ်ရေးရဖို့  ကြိုးစားဆဲကာလ....
အဖြူ----ပြည်ထဲရေးဝန်ကြီး၏ သမီး.....
ကိုမြတ်စိုး----အဖြူနှင့် တိုင်းပြည် ကိုချစ်သူ....၊ တော်လှန်ရေးသမား.....
ကိုမြတ်စိုး နှင့် အဖြူ
“ .....ကိုမြတ်စိုးကို ချစ်ရမှာ အဖြူဖြင့် အင်မတန်မှ စဉ်းစားစရာကြီးဖြစ်နေပါပြီ....”
“ဘာပြုလို့ လဲ ဖြူက သိပ်ပြီး အရေးပါ အရာရောက်တဲ့ ဘုရင်ခံရဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ သမီး.....ကိုမြတ်စိုးကတော့ တော်လှန်မယ့် သူပုန်လောင်းမို့  စဉ်းစားဖို့ ....”
“ ....ကိုမြတ်စိုးကို ဖြူ သူပုန်လို့  မစွပ်စွဲရပါလား ၊ ကိုယ့်အမျိုး ကိုယ့်တိုင်းပြည်ကို အောက်ကျနောက်ကျ ဖြစ်နေတာကို သူများတွေနဲ့  ရင်ဘောင်တန်းဖြစ်အောင် မြှင့်ချင်တဲ့လူကို အဖြူ သူပုန်လို့  ဘယ်မှာ စွပ်စွဲနိုင်မလဲ၊ ......ကိုမြတ်စိုး အမျိုးကိုချစ်သလို ဖြူလဲ ချစ်ပါတယ်၊ သူများတိုင်းပြည်တွေကို မြင်ရလေလေ၊ အမျိုးကို ပိုပြီး သနားလေလေ ချစ်လေလေပဲ.......ဒါပေမယ့် အခု ကိုမြတ်စိုး အရေးမှာတော့ ဖြူ့ စိတ်ကို ဖြူ ပိုင်ပေမယ့် ဖြူ့  ခန္ဓာကိုယ်ကို ဖြူ့ အဖေ က ပိုင်နေတော့ အစိုးရကို တော်လှန်မယ့် အတိုက်အခံ ခေါင်းဆောင် တစ်ဦးကို ဖြူက စိတ်ရောကိုယ်ပါ အပ်နှင်းလိုက်တယ်လို့  အဖေပြည်ထဲရေးဝန်ကြီးရဲ့ နားကို ကြားဖို့  ရာတော်မတော် ဖြူ့  ဘက်ကလဲ ကြည့်ပြီးစဉ်းစား ပေးပါဦး.....”
အဖြူ နှင့် သူ့ အဖေ
“မြတ်စိုးဆိုတာ ဘယ်သူလဲ”
“ဖေဖေတို့  ကြော်ငြာထဲမှာထည့်တဲ့လူပါပဲ”
“....သူ့ အခြေ အနေ၊ အရည်အချင်း၊ အလုပ်အကိုင်ကကော”
“ အခြေအနေကတော့ သူ့ မိဘများက ရာဘာခြံ သူဌေးပါပဲ၊ ဒါပေမယ့် သူ့ ကို သားအဖြစ်က စွန့် ထားပါတယ်”
“....အရည်အချင်းကတော့ ကောလိပ်ကထွက်ပြီး ကျောင်းသားခေါင်းဆောင်ဘ၀နဲ့  ထောင်ခဏခဏကျ....”
“ သြော်.....ဒါက အရည်အချင်းလား”
“ အလုပ်အကိုင်ကတော့ နိုင်ငံရေး.....”
................................
အမြည်းဆိုတော့ ဒီလောက်ဘဲ ပေးမြည်းမယ်.....။ မြန်မာမှာဆိုရင် အဟောင်းဆိုင်မှာသွားရှာ.....၊ အဝေးက ဆိုရင် ebook မှာရှာ.....(တွေ့  ရင်ပြောဦးနော်).....။ ဒီ ၉၅ မျက်နှာကို ဖတ်ပြီး တွေးမိတာတွေကအများကြီး......ရသတွေလည်း စုံတယ်.....။ အဖြူ့ ကို ကိုမြတ်စိုး ပေးခဲ့တဲ့ စာ အဖြူ့ အဖေ လက်ထဲ ရောက်သွားလို့  သားအဖ နှစ်ယောက် အပြန်အလှန် ပြောကြတဲ့ အခန်းကို သိပ်ကြိုက်တာဘဲ.....။ စကားလုံးတွေက ပညာသား ပါတယ်....။ ဇာတ်သိမ်းခန်းကတော့ ရင်ထဲမှာ ဘာမှမရှိတော့သလိုလို.....ရင်ထဲမှာပြည့်ကျပ်နေလို့  အသက်ရှူ မ၀သလို ဖြစ်ကျန်ခဲ့စေတယ်.......။ ။
Posted by Layma at 8:00 PM 3 comments
Labels: Thinkings from novels
Saturday, June 16, 2007
ဝမ်းသာရမှာလား…၀မ်းနည်းရမှာလား???
လေးမတို့  နိုင်ငံမှာ မျက်စိပွင့် နားပွင့် ဖြစ်လာကြပြီ.....။ International School တွေလဲ ဟိုမှာ ဒီမှာ အပြိုင်အဆိုင်.....။ တတ်နိုင်တဲ့ မိဘတွေအတွက် မြန်မာကျောင်းထားမလား....international school ထားမလားဆိုတဲ့ မေးခွန်းက တော်တော် ဦးနှောက်စားစေတယ်..... ။ International School ထားရင် ကလေးကို လက်လွတ်လိုက်ရမယ်....မြန်မာကျောင်းထားရင် ကိုယ့်ကလေး ခေတ်နောက်ကျမယ်.....ဒီလိုတွေး ကြတယ်......။ နောက်ဆုံးတော့ ကလေးအတွက် ဦးစားပေးပြီး ရှိသမျှရင်းပြီး international school ထားလိုက်ကြတယ်......မြန်မာကျောင်းမှာတော့ အတန်းယူထားတာပေါ့...ညှိပြီးတော့လေ.....။ တချို့ ကျောင်း တွေမှာ မြန်မာစာကို နည်းနည်းသင်ပေးသေးတယ်.....တချို့ က လုံးဝ မသင်ဘူး......။ အဲဒီ ကလေးတွေ အတွက် မိဘတွေမှာ မြန်မာစာကို အိမ်မှာဆရာခေါ် ပြီး သင်ပေးကြ ရပြန်တယ်.....။ အင်္ဂလိပ်စာကို အရင်သင်လိုက်ရတဲ့ ကလေးက မြန်မာစာကို မသင်ချင်ဘူး......။ မြန်မာစာကခက်တာကိုး.....။ မူကြို ကို ဘိုကျောင်းထားပြီး ကျောင်းကြီးအပ်တော့ မြန်မာကျောင်း အပ်တဲ့ မိဘတွေ ဆို ပိုတောင် စိတ်ညစ်ရသေး......။ ကလေးက ဘယ်လိုမှ မပျော်တော့ဘူးလေ.....။ ငယ်ငယ်လေးနဲ့  အင်္ဂလိပ်လို ပြောနိုင် ရေးနိုင်တာ ၀မ်းသာ စရာပါ.....။ ဒါပေမယ့် ဘေးထွက် ဆိုးကျိုးတွေ ဖြစ်မလာအောင် မိဘတွေက ဂရုပြုသင့်ပါတယ်......။မြန်မာစာ မြန်မာ စကားကို အထင်မကြီးသော.....မြန်မာစာ မဖတ်တတ်သော....( ရွှေသွေးတွင် ရေးထားသော တာ့တာ ကို အသံမထွက်တတ်သော ၈နှစ်သားနှင့် ဆုံဖူးလို့ ပါ) ၊ ဘုရားရှိခိုး သင်၍ မရသော (ဣတိပိတော ဘဂ yellow ဟုမှတ်ထား ရသော ကလေးလည်း ရှိသည်) .......မရှိသော......မသိသော.....နားမလည်သော မြန်မာကလေးများ မဖြစ်စေချင်ပါ.....။ ကလေးသူငယ်များ၏ ဘ၀ အရေးကို ခဏအတွေးလေးနဲ့  မဆုံးဖြတ် ကြစေချင်ပါ........။ ။
Posted by Layma at 7:27 PM 4 comments
Labels: That's what I wanna say
Friday, June 15, 2007
အချစ်ဆုံး......မိ
ဒိုင်ယာရီစာမျက်နှာ (၅)။ ။
အဆောင်မှာ“မိ” နှင့် ဆုံသည်....ညီအစ်မလို ချစ်ခဲ့ကြသည်....၅ နှစ်လုံး အမြဲမခွဲဘဲ တွဲခဲ့ကြသည်.....။ “မိ” က ကျိုင်းတုံမှာမွေး ၊ ကျိုင်းတုံမှာကြီးတဲ့ တောင်ကြီးသူလေး......။ ရှမ်းစကားကောင်းကောင်းတတ်တယ်.....။ ဟထိုးသံ မပါတဲ့ အသံဝဲ၀ဲလေးကို စရင်းနောက်ရင်း ခင်သွားကြတာ.....။ အဆောင်မှာ ရှမ်းတွေက အများကြီး......။ သူတို့ ချင်း စကားပြောရင် ရှမ်းလိုပြောကြတယ်.....သူတို့  ပြောသမျှ ဘာမှနားမလည်ဘဲ မျက်လုံး ကလယ်ကလယ်နဲ့  နားထောင်နေရတာ မခံချင်လို့  “လေးမ” ရှမ်းစကားသင်ခဲ့တယ်......အလွန် အရေးပါတဲ့ စကား ၈ ခွန်းပြောတတ်တယ်.......။ ပထမနှစ်တုန်းက “လေးမ” နဲ့  “မိ” က တခန်းထဲ မဟုတ်ဘူး.....။ သူက“လေးမ” တို့  အပေါ်ထပ်မှာ.....။ သူ့  အခန်း ၀ရန်တာမှာ အဆောင်သူတွေထုံးစံ အတိုင်း မှန်သရဲ (glass spirit ) ခေါ် ပြီး ဗေဒင် မေးတဲ့ညကစပြီး ကြောက်လွန်းလို့  တယောက်ထဲ မအိပ်ရဲဘူးဆိုပြီး လေးမ ဆီရောက်လာတာ....( ငါ တော့ဖော်ကောင်လုပ်နေပြီ “မိ” ရေ) ။ ဒုတိယနှစ်မှာ အဆောင်မှူးကို ပြောတော့ ကျောင်းပြီးတဲ့ အထိတခန်းတည်း နေကြရတယ်.....။ စတွဲခဲ့တုန်းက ၃ ယောက်.....။ “မိ” ရဲ့ Dreamဆိုင်ကယ် ကို သုံးယောက်စီးပြီး ( လေးမ က အလယ်က) ကျောင်းတက်ခဲ့ကြတာ.....။ “လေးမ” တို့ ကို သင်္ချာဆရာက “ရဲဘော် သုံးကျိပ်” လို့  ခေါ်တယ်....။ နောက် မေဂျာခွဲတော့ မေဂျာတူတဲ့ “လေးမ” နဲ့  “မိ” ဘဲ အတွဲများတော့တယ်......။ Nick name လေးကတော့ရပါသေးတယ်....ချစ်လှစွာသော ဆရာမက “ပေတလူး နှစ်ကောင်” တဲ့........။ ( “မိ” ရေ......နင် ဟိုကောင်ကို ဆိုင်ကယ်နဲ့  ပွတ်ဆွဲလိုက်တာ YTU အထိသတင်းမွှေး တဲ့ အကြောင်း ငါထည့်မရေးပါဘူး......။ နင့်ကိုပေးတဲ့ ရည်းစားစာကို ငါတို့  ပေါက်ကရတွေ လျှောက်ရေး copy ၁၀ စောင်ကူးပြီး လျှောက်ကပ်တဲ့ အကြောင်းလဲ ချန်ခဲ့ တော့မယ်.....နင်ငါ့ကို စိတ်မဆိုး ရဘူးနော်....)
Posted by Layma at 7:09 PM 9 comments
Labels: Link to the past
Thursday, June 14, 2007
ပေးစာ....
မြန်မာဗိသုကာလက်ရာ ၊ ပုဂံဗိသုကာလက်ရာ အကြောင်းရေးရန် အကြံပေးလာသော သူငယ်ချင်းများသို့ ....
ပညာရပ်ဆိုင်ရာ...၊ သမိုင်း ဆိုင်ရာ တို့ ကို ရေးရသည်မှာ အခြားစာများကို ရေးသားရသည်နှင့် လုံးဝမတူပါ....။ ရေးသောသူ၏ အရည်အချင်း....၊ မှီုငြမ်းကိုးကားမည့် အထောက်အထားတို့ မှာ အလွန်အရေးပါ ပါသည်.....။ မြန်မာ့ ဗိသုကာပညာကို ဝေဖန်သုံးသပ်နိုင်ရန် များစွာပညာပြည့်ဝ နေရန်လိုအပ်ပါသည်.....။ လေးမ၌ ထိုသို့  သော အရည်အချင်းမျိုး မရှိသေးပါ.....။ ပြည့်စုံသော အထောက်အထားလည်း လက်ဝယ်မရှိပါ ......။ မှားယွင်းသုံးသပ်ခြင်း...၊ ရေးသားခြင်းများရှိ ခဲ့လျှင် လေးမ၏ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ ဗိသုကာ ဆရာကြီးများနှင့် အခြားသောဆရာ့ ဆရာကြီးများက ( ကရုဏာ ဒေါသောဖြင့် ) အပြစ်တင်ဆူပူကြိမ်းမောင်း ကြမည်ကို ကြောက်ရွံ့  လှပါသဖြင့် ( အခုလတ်တလော) မရေးနိုင်သေးပါ.......။
အထောက်အထား စုံလင်သော World Architecture ကိုတောင်မှ စိုးထိတ်သော စိတ်နှလုံးဖြင့် ရေးနေရပါသည်......။ ပညာရပ်ဆိုင်ရာ အယူအဆ အနည်းဆုံးသုံး၍ ဗဟုသုတဖြစ်ရုံသာ ရေးသားနေခြင်းဖြစ်ပါသည်......။
မြန်မာမှုဗိသုကာကို လေးမ အလွန်စိတ်ဝင်စားပါသည်.....။ ပုဂံရှိ လက်ရာများကိုလေ့လာ၍ မြန်မာ့လက်ရာကို ဖော်ထုတ်နိုင်သော ကျမ်းတစောင်ရေးသား၍ ဘွဲ့ လွန် ယူရန်လည်းစိတ်ကူးယဉ်ခဲ့ ဖူးပါသည်....။ သို့ သော် အကြောင်းအမျိုးမျိုးကြောင့် လေးမ၏ ပညာရေး ( only academic learning) ဆုံးခန်းတိုင်သွားသောကြောင့် လေ့လာနိုင်ခြင်း မရှိခဲ့ပါ.......။ တချိန်ချိန်မှာတော့ လေးမသိသမျှ ( ဝေဖန်ဆန်းစစ်မှုမပါဘဲ ဗဟုသုတအဖြစ်) သူငယ်ချင်းတို့ ကို ဝေမျှပါဦးမည်..........။ ။
Posted by Layma at 6:00 AM 0 comments
Labels: Architecture
Wednesday, June 13, 2007
ရေတံခွန်ပေါ်က အိမ်ကလေး......
Posted by Layma at 9:52 PM 2 comments
Labels: Architecture
Sunday, June 10, 2007
အဝေးတမြေမှ သားကောင်းများ
သူတို့  သွားကြသည်...
သူတို့  သွားကြလေပြီ...
အကြောင်း အမျိုးမျိုးကြောင့် သူတို့  သွားကြသည်...ရည်ရွယ်ချက်အမျိုးမျိုး ၊ ခံယူချက် အမျိုးမျိုးဖြင့် သူတို့  သွားကြသည်....။ သူတို့  ထဲမှာ လူတော်တွေပါသွားသည်.....လူကောင်းတွေပါသွားသည်....လူယဉ်ကျေးတွေပါသွားသည်.....လူပေလူတေတွေလည်းပါသွားသည်.....။
နာဆာအဖွဲ့  မှာမြန်မာပါသတဲ့....လကမ္ဘာတက်တဲ့အထဲ မြန်မာပါသတဲ့....အသက်ကယ်မယ့် အဖိုးတန် နည်းပညာတစ်ခု ကမ္ဘာကို ပေးလိုက်နိုင်တာ မြန်မာရူပဗေဒပညာရှင်တဲ့.....Australia က နာမည်ကြီး နှလုံးခွဲစိတ် ဆရာဝန်ကြီးက မြန်မာတဲ့.....America က....အရေးပြားအထူးကု ဆရာဝန်မကြီးက မြန်မာတဲ့.....နိုင်ငံခြား တက္ကသိုလ်တချို့ က ဆရာတချို့ ဟာမြန်မာတဲ့...... Los Angeles ရဲ့ projects တွေအတွက် architectural guidelines တွေရေးဆွဲပေးတာမြန်မာတဲ့ (ဆရာကြီး ဦးမျိုးမြင့်စိန်).....အများကြီးကျန်သေးတယ်....မရေးတော့ဘူး....( ၀မ်းနည်းပက်လက် ဖြစ်ကုန်မှာ စိုးလို့ ).....။
လူငယ်တွေ သွားကုန်ကြပြန်ပြီ.....( ရန်ကုန်စက်မှု တက္ကသိုလ် ဆရာကန်တော့ပွဲကို Singapore တွင်ပြုလုပ်ခဲ့သည်.....ဗိသုကာ သက်ကြီးပူဇော်ပွဲတွင် ကန်တော့မည့် လူငယ်များ နည်းလှသည်.....လူလတ်ပိုင်းတော့ အနည်းငယ်ရှိသည်......။)
Blog ရေးပြီဆိုတော့ Blog တွေလိုက်ဖတ်ကြည့်မိသည်….တွေ့  ရပြန်ပြီ…..အဝေးရောက်မြန်မာပြည်သားတွေ……ကဗျာတွေ ၊ စာတွေ ၊ အတွေးအခေါ်တွေ၊ အရေးအသားတွေ ကောင်းမှကောင်း…..။ သူတို့ …..သူတို့ တွေထဲမှာ…..တချို့ မြန်မာကို လွမ်းကြသည်….. တချို့  မလွမ်းကြ…..၊ တချို့ ပြန်လာချင်သည်….တချို့ မလာချင်ကြ…..၊ တချို့ ပြန်လာကြမည်….တချို့  မလာကြတော့……။ မည်သို့ ပင်ဖြစ်စေ…..မြန်မာပြည်မှာ မွေး…. မြန်မာပြည်မှာ ကြီးပြင်းပြီး မြန်မာပြည်မှာ နေထိုင်လျက်ရှိနေသော လေးမ ကတော့ မြန်မာတွေရဲ့(ဘယ်ကဖြစ်ဖြစ်) အောင်မြင်မှု တွေကို မြင်ရ ကြားရတိုင်း ဂုဏ်ယူဝမ်းမြောက် တတ်ပြီး အဆင်မပြေမှုတွေကို ကြားရတိုင်း ၀မ်းနည်းနေတတ်ပါသည်……။ လူကြီးတွေ ပြောတဲ့ အမျိုးကိုချစ်တဲ့စိတ် ဆိုတာ ဒါမျိုးဟုထင်ပါသည်……..။ ။
Posted by Layma at 11:05 PM 8 comments
Labels: That's what I wanna say
Thursday, June 07, 2007
စာသင်ခန်းမှာ...
ဒိုင်ယာရီစာမျက်နှာ (၄)။ ။
စာသင်ခန်း အကြောင်းစဉ်းစားမိတော့.....
အတန်းရှေ့မှာ အုပ်စုလိုက်ထိုင်ပြီး ကျောင်းသူတွေကို စတတ်တဲ့ ကျောင်းသားတွေ.....
(မကြားချင်ယောင်ဆောင်၊ မပြုံးမိအောင်ထိန်း...ခပ်တည်တည်ဆက်လျှောက်...ဒါမှအင်ဂျင်နီယာကျောင်းသူ...)
ခုံတွေ ၊ နံရံတွေပေါ်က ပိုင်ရှင်မဲ့ စာသားတွေ.....(အဲဒီတုန်းက ကျောင်းသားတွေ ခု online မှာဘယ်နှစ်ယောက် လက်ဆော့နေကြလဲ သိချင်စမ်းပါဘိ....)
အခန်းထဲမှာ ၀ဲပျံနေတဲ့ စက္ကူမြှားလေးတွေ......(အကြမ်းတွက်ရန် အသုံးဝင်သည်....)
သင်ပုန်းပေါ်က စာတွေ....ကဗျာတွေ.....ရန်ဖြစ်သံတွေ.....(ရန်ကုန်သား ပဲသိပ်များ....မကောင်းပြောလဲ အကောင်းထင်....ဖီလင်တွေတက် အိပ်ရေးပျက်....ဒီလိုစာလေးတွေပေါ့)
ဒီအကြောင်းတွေ စဉ်းစားမိတော့ ဘာရယ်မဟုတ်ဘူး.....ကောက်ခြစ်ခဲ့ဖူးတဲ့ (ဘယ်သူမှ မသိလိုက်တဲ့) ကဗျာ တပိုင်းတစလေးက မှတ်ဥာဏ်ထဲမှာ ၀ိုးတ၀ါးပေါ်လာတယ်.....
လေးမရယ်..... Blog ထဲမှာနေပါရစေဆိုလို့  ရေးချလိုက်တော့မယ်.....အဆုံးမရှိ အစမရှိ ဘာမှန်းလဲမသိတဲ့ စာတိုစာစလေးပါ..........။ ။
“တချိန်က...
ငါ့ရင်ကို လှုပ်ခတ်....ငါ့စိတ်ကို ထိထ်လန့် စေ...ခဲ့
သူ့ အပြုံးကို ငါငေး....သူ့ စိတ်ကိုတွေးရင်း ....နဲ့ 
ငါ့အာရုံ ပျက်ပြား....ငါ့နှလုံးသား ကြွေသွားခဲ့...................”
Posted by Layma at 9:11 PM 5 comments
Labels: Link to the past
Tuesday, June 05, 2007
Eiffel Tower
Posted by Layma at 8:21 PM 0 comments
Labels: Architecture
မီ.....မေ...မြူ.....
Posted by Layma at 8:00 PM 4 comments
Labels: Thinkings from novels
Monday, June 04, 2007
Sydney Opera House
Sydney ဆိပ်ကမ်းမှာ သဘောင်္ကြီး တစ်စင်း ရပ်ထားပါတယ်.....။ သဘောင်္ကြီးထဲမှာ ဂီတသံတွေနဲ့  စိတ်ဝင်စားစရာ ကမ္ဘာလေးတစ်ခု ရှိနေပါတယ်.......။ ထို့ ကြောင့် ထိုအရာကို Sydney Opera Houseဟုခေါ်ပါသည်....။ Architect Jorn Utzon ကလိမ္မော်သီးစားရင်း idea ရသွားတယ်ထင်ပါရဲ့.....။ အဖြူရောင်လိမ္မော်ခွံ အခြမ်းတွေနဲ့  Opera House ကိုပုံဖော်ထားပါတယ်.......။ အပေါ်စီးက ကြည့်ရင် သဘောင်္ကုန်းပတ်ပေါ်မှာ လိပ် အကြီး ၊ အငယ် ၊ အလတ် သုံးကောင်တင်ထားသလို ထင်ရတယ် (လေးမရဲ့ အမြင်ပါ)....။ ဘေးတိုက်ကြည့်ရင်တော့ ခရုခွံလိုလို ၊ လိမ္မော်ခွံလိုလို shell (အခွံတော့အခွံဘဲ) တွေနဲ့  ပုံသွင်းပုံဖော်ထားတဲ့ ရုပ်တုရုပ်ကြွ တစ်ခုလို ခံစားရပါတယ်.....။ Architect က Sydney ရဲ့ bridge ကွေးကွေးကြီးနဲ့  လိုက်ဖက်ညီအောင် harmony ဖြစ်အောင် curve shape သုံးဖို့  စဉ်းစားခဲ့ဟန်တူပါတယ်.....။ အလွန်ရိုးရှင်းတဲ့ curve line များ ၊ တစ်ခုနှင့်တစ်ခု ပုံစံတူသော shell များကို သုံးထားပေမယ့် design ကငြီးငွေ့  စရာမကောင်းဘဲ ဆွဲဆောင်မှုရှိနေတယ်....။ ဘာကြောင့်လဲ.....။ လူတွေဟာ အပြောင်းအလဲကို နှစ်သက်တယ် .......အမြင်အာရုံမှာ အပြောင်းအလဲလေး မြင်လိုက်ရမှ စိတ်ဝင်စားတယ် ဆိုတဲ့အချက်ကို Architect က ကောင်းကောင်းသိပါတယ်.....။ ဒါကြောင့် design မှာ အပြောင်းအလဲလေးတွေ ထည့်ပေးထားပါတယ်......။ Shell တွေရဲ့ size နဲ့  လားရာ direction တွေကိုပြောင်းထားပါတယ်.....။ Harmony with variety ပေါ့ရှင်.....။ ရွှေတိဂုံစေတီတော်ကို မြင်ရင် မြန်မာပြည်ဆိုတာ သိကြသလို Sydney Opera House ကလည်း Australia ကိုကိုယ်စားပြုတဲ့ Landmark တစ်ခုအဖြစ် အောင်မြင်ခဲ့တဲ့ Design ဖြစ်ပါတယ်........။ ။
Posted by Layma at 10:06 PM 2 comments
Labels: Architecture
သေခြင်း....
Posted by Layma at 9:15 AM 4 comments
Labels: Wondering
Saturday, June 02, 2007
အမှတ်တရ....
ဒိုင်ယာရီ စာမျက်နှာ (၃)။ ။
ကြုံခဲ့ဖူးသမျှ အောင်စာရင်းတွေထဲမှာ ပထမနှစ် အောင်စာရင်းထွက်တဲ့ညက အမှတ်တရ အဖြစ်ဆုံး.....။
အောင်စာရင်းကလည်း ည ၉ နာရီ ကပ်တယ်.....။ အဆောင်သူတွေ ဘယ်လိုလုပ် ကြည့်လို့  ရမလဲ....။လေးမတို့  က အောင်စာရင်းထွက်မှန်းလဲ မသိဘူး.....လက်ဖက်သုတ်စားပြီး စကားများနေကြတာ......။ည ၉ နာရီကျော်လောက်ကျတော့ bell သံတွေကြားရတယ်......။ ဂစ်တာလာတီးတာ သက်ဆိုင်သူတွေကို အချက်ပေးတယ်မှတ်နေတာ.....။ နောက်တော့ ဘယ်သူကတော့ Roll ဘယ်လောက်နဲ့ အောင်ပါတယ် ဆိုပြီး
ဆိုင်ရာလူကို သတင်းပို့ သံ ကြားရမှ အောင်စာရင်းထွက်မှန်း သိတယ်.......။ စားလက်စ လက်ဖက်သုတ် တောင် ဘယ်လို မျိုချလိုက်မိမှန်း မသိဘူး......၀ရန်တာကို ပြေးထွက်ပြီး ဘယ်သူမှန်းမသိတဲ့ အရိပ်တစ်ခုကို ခုံနံပါတ် ပြောပြီးကြည့်ခိုင်းရတယ်.....(တခြားအချိန်မှာသာ အဲလို ၀ရန်တာက လှမ်းအော်မိရင် အဆောင်မှူးမမရဲ့ ပါးစပ်အောက်မှာ သေလုမျောပါး ဒဏ်ရာရသွားမယ်) ။ Back row ကလူတွေက Front rowအခန်းရှင်တွေဆီ လာပြီး သတင်းနားထောင်ရတယ်.....။ လေးမတို့  အခန်းမှာလဲ လူတွေအများကြီး ...ရင်းနှီးတဲ့သူရော...မရင်းနှီးတဲ့သူရောပါတယ်....။ ခုံနံပါတ်တွေ ပြောပြီး အောင်စာရင်းကြည့်ခိုင်းကြတာလေ....။ “ခုံနံပါတ် မတွေ့  ဘူး” ဆိုလို့  ငိုတဲ့သူကငို......။ သွားကြည့်ပေးတဲ့ စေတနာရှင်တွေ ပြန်မလာတော့မှ အခန်းမှာ လူရှင်းပြီး နားရတယ်.....။
အောင်စာရင်း အကြောင်းရေးရင်း စာမေးပွဲ အကြောင်းက ခေါင်းထဲရောက်လာပြန်တယ်.....။
လေးမတို့  စာမေးပွဲဖြေရတာ ကူးချဖို့  မလိုဘူး....unseen ချည်းဘဲမေးလို့ လေ.....။ Open book ဖြေရမယ့် နေ့  ဆိုရင် စာအုပ်တွေ အိတ်နှစ်လုံးစာလောက် ယူသွားလဲ တပုဒ်မှ ကောင်းကောင်း မဖြေနိုင်ဘူး......။ လေးမ သိသလောက်တော့ စာကူးချ ၊ ခိုးချတဲ့ ဓလေ့ အဲဒီတုန်းက မရှိခဲ့ဘူး.......။ ထင်တာနော်.....။
Blog တစ်ခုမှာ အဝေးသင်စာမေးပွဲတွေမှာ စာကူးပွဲ ကြီးလို ဖြစ်နေတဲ့ အကြောင်းဖတ်လိုက်ရတော့
လက်ဖ၀ါးမှာ formula ရေးခဲ့မိလို့  ကျောင်းထုတ်ခံလိုက်ရတဲ့ senior အစ်ကိုတစ်ယောက်ကို သတိရမိပါရဲ့...။
Posted by Layma at 3:15 PM 0 comments
Labels: Link to the past
Friday, June 01, 2007
အဆောင်ရှေ့ကသီချင်းသံ.............
ဒိုင်ယာရီစာမျက်နှာ (၂) ။ ။
အဆောင်သူဖြစ်ရတာ ဂီတဖြင့် အိပ်စက်ရသော စည်းစိမ်ကိုရတယ်....။ အဆောင်နဲ့  ပတ်သက်တဲ့ သီချင်းတွေကို အခုထိ အမှတ်ရ နေသေးတယ်....။
“ကိုယ်ရည်ရွယ်ထားတာ တဆောင်လုံး......အဆောင်မှူးပါ မကျန်ဘူး.......”
“ အဆောင်က ထမင်းဟင်းတွေ စားမကောင်းရင် စိတ်မပျက်နဲ့ .....အတူနေရတော့မှမင်းကို ချက်ခိုင်း(ကျွေး)မှာ.......” ၊ “ သီဆိုနေမယ် မင်းအတွက် သီချင်းတွေ တညလုံးဘဲ ရှေ့က(အင်းယား) လမ်းမပေါ်မှာကွယ်.....” ၊
“ချစ်လေးရေ.....တံခါးဖွင့်တော့ကွယ်.....သောကဟူသမျှ....” ၊
“ ကြိုးစားလိုက်စမ်းကွယ်......master တန်းဝင် (ဒီတွေနဲ့ အောင်) ဖို့  ဆုတောင်းပေးတဲ့ သူတွေရှိတယ်.....” ။
စာမေးပွဲတွင်းဆိုရင် ပိုပျော်ဖို့  ကောင်းတယ်......။ ကျောင်းသားတွေက ည ၂ နာရီလောက် စာကြည့်ရင်း အိပ်ငိုက်လာရင် သီချင်းလာဆိုကြတယ်.....။ သူတို့  အိပ်ချင်ပြေလို့  ပြန်သွားတဲ့ အခါကျတော့ လေးမတို့ က အိပ်ငိုက်ပြီး ကျန်ရစ်ခဲ့ရော.......။
Posted by Layma at 9:58 PM 0 comments
Labels: Link to the past
2 comments:
Post a Comment